🥰 Chapter 107 ✅
အလှူအတန်းအဖွဲ့အစည်းမှလူများ ရောက်လာသောအခါ အချို့သောမိသားစုအဖွဲ့ဝင်များက ကြိုရောက်နေကြပြီး ကိုမာဝင်နေသောသူများကလည်း ဝှီးလ်ချဲပေါ်တွင်ထိုင်နေနိုင်ပြီဆိုတာကို တွေ့လိုက်ရသည်။ သူတို့အားလုံးက သပ်သပ်ရပ်ရပ်နှင့် ထိုင်နေကြပြီး အခမ်းအနားစတင်မှာကို စောင့်နေကြသည်။
ဟွမ်ကျင့်ထင်က ချက်ချင်းပဲအခမ်းအနားကို စတင်လိုက်သည်။ ကိုမာလူနာများ၏ ဆေးရုံဒါရိုက်တာက အထောက်အပံ့စာရင်းကို ရရှိသောအခါ မျက်ရည်ပင်ကျမိသည်။
ဒါရိုက်တာက ရင်ထဲပြည့်ကျပ်စွာဖြင့်ပြောလာသည်။
" မိသားစုအများစုအတွက်တော့ ကိုမာဝင်တာက အကြီးမားဆုံးဝန်ပိတာပဲ... လူတစ်ချို့က ရွေးချယ်စရာမရှိဘဲ လူနာတွေကို စောင့်ရှောက်ဖို့ အလုပ်ထွက်ရတယ်... အဲ့ဒါကလည်း မိသားစုရဲ့အခြေအနေကို ပိုဆိုးသွားစေတယ်... လူတစ်ချို့က သူတို့ဘာလို့ ဒါကို လုပ်ရသလဲဆိုတာကို နားမလည်နိုင်ပေမဲ့ ဒါကတကယ်တော့ မိသားစုနဲ့ချစ်ခြင်းမေတ္တာဆိုတာအဖိုးတန်ဆုံးအရာပဲ... ကျွန်တော်တို့ ဒီမှာအကူအညီတွေလိုအပ်နေတာကို ခင်ဗျားတို့မြင်နိုင်သွားတဲ့အတွက် တကယ်ပဲဝမ်းမြောက်မိပါတယ်... ခင်ဗျားတို့ရဲ့ ကြင်နာမှုတွေက ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အထောက်အပံ့ပါပဲ "
ထိုသို့ပြောပြီးနောက် ဒါရိုက်တာက အလှူအတန်းအဖွဲ့အစည်းကို ဦးညွှတ်အလေးပြုလာသည်။ မိသားစုအဖွဲ့ဝင်များကလည်း ကျယ်လောင်စွာ လက်ခုပ်သြဘာပေးကြသည်။ ဒါရိုက်တာ၏ စကားများက အလွန်စစ်မှန်ပြီး ဆိုလိုရင်းကိုထိမိစေသည်။ ကျန်ရှိနေသော အစီစဥ်များကို အဆောက်အအုံတွင် ဆက်လက်ကျင်းပခဲ့သည်။
မစ္စတာဟဲ ပါဝင်သော အပိုင်းကလည်းပြီးစီးသွားသည်။ သူက သခင်မလေး၏ခွင့်ပြုချက်ကို အကြည့်ဖြင့်မေးလာသည် ။ မင်လျိုရီလည်း ခေါင်းညိတ်ကာ သူ့ကို ထွက်သွားဖို့ခွင့်ပြုပေးလိုက်သည်။ မစ္စတာဟဲက ကားထဲတွင်ပြန်ထိုင်ကာ လက်ပ်တော့ဖွင့်ပြီး ကုမ္ပဏီကိစ္စတစ်ချို့ကို ကိုင်တွယ်နေသည်။
မင်လျိုရီ နှင့် ယိုလင်လင်နှစ်ယောက်လုံးက ပြုံးထားကျပြီး ချီးမွမ်းခြင်းကော်မစ်တီကလည်း သူတို့၏အလုပ်ကို စတင်လိုက်သည် ။ သူတို့က ကွက်ကီးအပြည့်ပါသောခြင်းကိုသယ်ကာ အခန်းတိုင်းကို ဝေပေးလိုက်သည်။
ပထမအခန်းတွင် လူနာရှင်များက အပြင်ထွက်နေပြီး ကောင်လေးကိုတော့ စားပွဲတွင်သာ အိမ်စာလုပ်ခိုင်းထားသည်။ မင်လျိုရီ နှင့် ယိုလင်လင်နှစ်ယောက်လုံးက ကောင်လေး၏ အနောက်တွင် ရပ်နေပြီး သူ့ကို အားပေးလိုက်သည် ။
" ကလေး... မင်းရဲ့လက်ရေးက တော်တော်လှတာပဲ... မင်းရဲ့မိသားစုကတော့ မင်းအတွက်ဂုဏ်ယူနေမှာပဲနော် "
ယိုလင်လင်က ပြောလိုက်သည်။
ကောင်လေး၏မျက်နှာက အနည်းငယ်နီမြန်းသွား၏။ သူ့မိသားစုရှိ လူတိုင်းက နေ့တိုင်းလိုလိုအလုပ်များနေရသည်။ သူတို့က အလုပ်ကတစ်ဖက်၊ အိပ်ရာထဲလဲနေသောမိခင်ကိုပြုစုရနှင့် အလုပ်များနေသည်။ သူ့ကို တစ်ယောက်ယောက် ချီးကျူးမပေးတာ အလွန်ကြာနေပြီး သူကရှက်ရှက်ဖြင့် ခေါင်းသာယမ်းလိုက်သည်။
မင်လျိုရီက ထပ်ပေါင်းပြောလာသည်။
" မင်းက တော်တော်လေးလည်း နာခံတာပဲ... မင်းက တိတ်တိတ်လေးပဲ အိမ်စာလုပ်နေပြီး ဘယ်သူမှတောင် မင်းကို စောင့်ကြည့်ပေးဖို့မလိုဘူး... မင်းက မိဘတွေ စိုးရိမ်စရာမလိုတဲ့ ကလေးပဲ ။ "
ယိုလင်လင်က ဆက်ပြောလာ၏ ။
" မင်းရဲ့အမေကလည်း မင်းကြောင့်ဂုဏ်ယူနေလောက်တယ်... သူမသာနိုးလာပြီး မင်းဘယ်လောက်တော်သလဲဆိုတာကို တွေ့သွားရင် သူမက မင်းကိုပွေ့ဖက်ထားလောက်တယ်..."
" အဲ့ဒါအမှန်ပဲ..."
မင်လျိုရီကပြောလိုက်သည်။
" မင်းအရွယ်ရောက်လာတဲ့အခါ မင်းကတကယ်အင်အားရှိတဲ့လူတစ်ယောက် ဖြစ်လာမှာ... မင်းက ပိုက်ဆံတွေအများကြီးလည်း ရှာနိုင်ပြီး မင်းအမေနဲ့ မိသားစုအတွက် အရသာရှိတဲ့အစားစာတွေလည်း ဝယ်ပေးနိုင်မှာ "
နှစ်ယောက်က အချိန်အတော်ကြာ ချီးမွမ်းပေးလိုက်သည်။ ကောင်လေး၏မျက်လုံးများက အနည်းငယ်စိုစွတ်နေပြီး ခပ်တိုးတိုးပြောလာသည်။
" အဲ့ဒါအမှန်ပဲလား... ဒါပေမဲ့ သူတို့ပြောတာတော့ မေမေကနိုးလာတော့မှာမဟုတ်ဘူးတဲ့... ဒါကြောင့် ကျွန်တော်တို့ မိသားစုတွေ မျှော်လင့်ချက်မရှိတော့ဘူးတဲ့...."
"မဟုတ်တာ... အစ်မသူငယ်ချင်းကိုသာ ကြည့်လိုက်"
ယိုလင်လင်က ပြောလာသည်။
" သူမရဲ့ယောက်ျားကလည်း အရင်ကကိုမာအခြေအနေပဲလေ... အခုသူသတိရလာတာတောင် သိပ်မကြာသေးဘူး "
မင်လျိုရီလည်း ခေါင်းညိတ်ကာပြောလိုက်သည်။
" အဲ့ဒါအမှန်ပဲ... မျှော်လင့်ချက်ရှိပါသေးတယ်... မင်းက မိသားစုရဲ့ယောက်ျားသားတစ်ယောက်ပဲ... ပြီးတော့ မိသားစုရဲ့မျှော်လင့်ချက်ပဲ... တကယ်လို့ တစ်ယောက်ယောက်ကသာ မင်းကိုထပ်ပြီး မကောင်းပြောလာရင် သူတို့ကိုဒီလိုပြောပစ်လိုက်... မကောင်းတာပြောတဲ့သူတွေမှာသာ မျှော်လင့်ချက်ဆိုတာမရှိတာလို့ "
ယိုလင်လင်က ကွက်ကီးဘူးကိုကောင်လေး၏လက်ထဲသို့ ထည့်ပေးပြီး ပြောလိုက်သည် ။
" လိမ္မာတဲ့ကလေးတွေ အကုန်လုံးကဆုချခံရတယ်... ဒီကွက်ကီးလေးတွေက မင်းကို ကံကောင်းခြင်းတွေယူဆောင်လာပေးမှာပါ ပြီးတော့ဒါကိုမင်းအမေနဲ့ မိသားစုကိုလည်းမျှပေးလို့ရတယ်"
မင်လျိုရီက ကောင်လေး၏ နား,နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။
" တကယ်လို့ မင်းနောက်ကျရင် ဝမ်းနည်းတာဖြစ်ဖြစ် ပြဿနာကြုံနေရတာဖြစ်ဖြစ် ငါတို့ကိုသာဆက်သွယ်လိုက်... ငါတို့ကမင်းအတွက် သေချာပေါက် ဖြေရှင်းပေးမယ်"
နှစ်ယောက်လုံးက ကောင်လေးကိုပွေ့ဖက်ပေးလိုက်သည် ။ ဒါက သူ့ကို အလွန်ပဲနွေးထွေးသွားစေ၏။ အစ်မကြီးနှစ်ယောက်က နတ်သမီးလေးတွေလိုပဲဟု သူခံစားလိုက်ရသည်။ သူသာအရွယ်ရောက်လာလျှင် အစ်မကြီးနှစ်ယောက်လို နွေးထွေးနိုင်အောင်လုပ်ရမည်ဟု တိတ်တဆိတ်ကျိန်ဆိုလိုက်သည်။
ချီးမွမ်းခြင်းကော်မစ်တီအတွက် အရာအားလုံးက ချောမွေ့နေသည်။ သူမတို့နှစ်ယောက် သွားလိုက်သည့်အခန်းတိုင်း ရယ်သံများပျံ့လွင့်လာသည်။
နေ့လည်မရောက်ခင်မှာပင် ရုတ်တရက် မိုးကသည်းကြီးမည်းကြီးရွာချလာသည်။
နေ့လည်တွင်ပြန်ဖို့စီစဥ်ထားသော အလှူအတန်းအဖွဲ့အစည်းက မိုးတိတ်သည်အထိစောင့်ဖို့ ဆုံးဖြတ်လိုက်သည် ။
သို့သော်သူတို့ နောက်ထပ်ကြားလိုက်ရတာက မိုးစဲသွားသည့်သတင်းမဟုတ်ဘဲ သတင်းဆိုးဖြစ်နေလိမ့်မည်ဟု မည်သူမှမျှော်လင့်မထားပေ။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်ရှိတစ်ခုတည်းသောလမ်းက မြေပြိုပြီးလမ်းပိတ်သွားသည်။ ထို့ကြောင့် တောင်ပေါ်ရှိ ဆက်သွယ်ရေးနှင့်လျှပ်စစ်ဓါတ်အား အားလုံးလည်း ပြတ်တောက်သွားသည်။
ကံကောင်းစွာဖြင့် ပြန်လည်ထူထောင်ရေးစင်တာက တောင်ပေါ်တွင် တည်ရှိနေသောကြောင့် အန္တရာယ်တော့ မရှိပေ။
မစ္စတာဟဲက ကားထဲတွင်ထိုင်နေသည်။ အဆောက်အဦထဲ၌ မီးအလင်းရောင်မရှိတော့တာကို တွေ့လိုက်ရသောအခါ သူကချက်ချင်းပဲ သခင်မလေးကို ရှာဖို့ထွက်သွားသည်။ သူမ အဆင်ပြေတာကိုတွေ့ရမှသာ သူစိတ်သက်သာရာရသွားသည်။
မစ္စတာဟဲက ဥက္ကဋ္ဌ အမိန့်ပေးလိုက်သည့်အတိုင်း ကုတ်အင်္ကျီကို ယူလာခဲ့သည်။ သခင်မလေးကြောက်နေမှာကို စိုးရိမ်သောကြောင့် သူက သူမအား ဥက္ကဋ္ဌ၏ကုတ်အင်္ကျီကိုခြုံပေးလိုက်သည် ။
ဒါကိုကြည့်ပြီး ယိုလင်လင်ပင်ကမျက်ခုံးမြင့်သွားသည်။ သူမကချက်ချင်းပဲ ရှေ့တိုးကာပြောလိုက်သည် ။
" မစ္စတာ... ရှင်တို့ကုမ္ပဏီကလှူဒါန်းမှုမှာပါဝင်ပေးတဲ့အတွက် ကျွန်မတကယ်ပဲဝမ်းမြောက်မိပါတယ်... ဒါပေမဲ့ လျိုရီမှာကခင်ပွန်းရှိပြီးသားပါ... ရှင်အကြောင်းအရင်းမရှိဘဲ သူမအပေါ် အရမ်းကောင်းပေးဖို့ မလိုပါဘူး"
🥰