အပိုင်း၁၀၈
Viewers 11k

🥰 Chapter 108 ✅


မင်လျိုရီက ယိုလင်လင်ပြောတာကို ကြားပြီး ချက်ချင်းထရယ်မိတော့သည်။ သူမက ဆက်ပြောလိုက်သည်။


" လင်လင်ရေ... လျှောက်တွေးမနေနဲ့ ... ဒါက ငါ့ယောက်ျားရဲ့ ကုတ်အင်္ကျီပဲ... သူက ငါ့ကိုစိတ်ပူလို့ သူ့ရဲ့အတွင်း ...  မစ္စတာဟဲကို သူ့ကိုယ်စားငါ့ကိုစောင့်ရှောက်ခိုင်းထားတာ "


မင်လျိုရီက သူ့ရဲ့ပုံစံအမှန်ကိုရော သူ့ယောက်ျားရဲ့အလုပ်ကိုပါ မဖော်ထုတ်ချင်သေးပေ။ သူမက သူ့ကိုပင် သူ့ယောက်ျား၏အတွင်းရေးမှူးဟု ခေါ်မိမလို ဖြစ်သွားသေးသည်။


မစ္စတာဟဲက ဘာမှဝင်မပြောပေ။ သူက ယိုလင်လင်ကို ခေါင်းညိတ်ပြကာ နောက်သို့သာပြန်ဆုတ်သွား၏။ 


ယိုလင်လင်က သိချင်စိတ်ဖြင့်မေးလိုက်သည် ။ 


" နင့်ယောက်ျားက တကယ်ပဲဘာအလုပ်လုပ်တာလဲ... သူက သူ့ဘေးကလူတွေကို စိတ်ရှိသလို အမိန့်ပေးနိုင်တာလား "


မင်လျိုရီက ပြုံးကာပြောလိုက်သည် ။ 


" အဲ့ဒါက လျှို့ဝှက်ချက်ပဲ "


မိုးကသည်းလာတာနှင့်အမျှ ဆေးရုံဒါရိုက်တာလည်း အရေးပေါ်အခြေအနေ၌ ကန်တင်းတွင်အားလုံးအတွက် စားသောက်ဖို့ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။


" သူတို့ရဲ့မေတ္တာတွေကို ပြသဖို့ လာရောက်ကြတဲ့ အဖွဲ့အစည်းကလူတွေကို ကျွန်တော်ဒီအတိုင်း ဗိုက်အဆာခံပြီး ထားလို့မဖြစ်ဘူး "


ဟွမ်ကျင့်ထင်က အားလုံး၏အမြင်ကိုမေးပြီးနောက် အားလုံးကအစားအသောက်များကို လူနာနှင့်မိသားစုအဖွဲ့ဝင်များကို အရင်ဆုံးပေးဖို့သဘောတူလာသည် ။ သူတို့ကတော့ ခဏလောက်စောင့်လိုက်ရလည်းအဆင်ပြေသည်။


မစ္စတာဟဲက အဆောက်အဦးထဲသို့မဝင်ခင် ဒရိုင်ဘာကို တောင်အောက်ဆင်းသည့်လမ်းတစ်လျှောက် တစ်ချက်စစ်ဆေးဖို့ ပြောလိုက်သည်။ ခဏအကြာမှာပဲ ဒရိုင်ဘာကပြန်ရောက်လာသည်။


" ကျွန်တော်တို့အချိန်တိုအတွင်း ပြန်မသွားနိုင်မှာဘဲ စိုးရိမ်မိတယ် "


ဒရိုင်ဘာကပြောလိုက်သည်။


" အနောက်ဘက်ကရွာမှာဆို အပျက်အစီးတွေပိုများတယ်လို့ကြားထားတယ်... အိမ်တွေတော်တော်များများမြုပ်ကုန်ပြီး ဒဏ်ရာရထားတဲ့သူတွေလည်း အများကြီးရှိတယ်... အဲ့ဒီရွာကို ကယ်ဆယ်ရေးအဖွဲ့တော့ ရောက်သွားပြီ"


ထိုစကားကြားပြီးနောက် အားလုံး၏နှလုံးသားကနာကျင်သွား၏ ။


ဟွမ်ကျင့်ထင်နှင့်ဒါရိုက်တာက လူများအနားယူနိုင်ရန် လွတ်နေသောအခန်းများကိုခွဲဝေပေးသည်။ ကန်တင်းကလည်း အားလုံးအတွက်ဆန်ပြုတ်များပြင်ဆင်ပေးပြီး သူတို့အခန်းသို့လာပို့ပေးသည်။


ထိုနေရာတွင် အစားအသောက်ရှားပါးသော်လည်း သူတို့က အချိန်တိုင်းလိုလို တောင်ပေါ်သို့သွားတိုင်း ဆန် ၊ ဂျုံ နှင့် ဆီများဝယ်သွားတတ်သောကြောင့် စားစရာအတွက် စိတ်ပူစရာမလိုပေ။ 


အပြင်ဘက်ရှိရာသီဥတုက တဖြည်းဖြည်းပိုပြီး အုံ့မှိုင်းလာသည်။ နေ့လည်ခင်း ကောင်းကင်က မှောင်အတိပြီးလို့နေသည်။ မိုးက လျှပ်စီး၊ မိုးကြိုးများနှင့်အတူ ကောင်းကင်အပြည့်ချိန်းနေ၏ ။ သဘာဝ၏စွမ်းအားက အားလုံးကို သက်ပျင်းချစေပြီး သစ်ရွက်များကလည်း လေပြင်းနှင့်တူ မြောလွင့်နေတော့သည်။ 


အားလုံးတည်ငြိမ်သွားချိန်မှာပဲ နောက်ထပ်သတင်းဆိုးကရှိလာပြန်၏ ။


ဘုံပိုင်ခေါင်းမှကျသောရေက အဝါရောင်များအဖြစ်ပြောင်းသွားပြီး နောက်ကျိနေသည်။


....


မင်လျိုရီ မနက်က ထွက်လာတုန်းကတော့ သူမ နေ့လည်ပြန်လာပါမည်ဟု ပြောခဲ့သည်။ သို့သော်လည်း သူမကရုတ်တရက် မိုးစဲသည်အထိ စောင့်ပြီးမှ ပြန်လာမည်ဟူသည့် မက်ဆေ့ချ်ပို့လာပြီး သူမဆီကနေ နောက်ထပ်ဘာသတင်းမှထပ်မရတော့ပေ။ 


ယောင်ကျိကျိုးကမစ္စတာဟဲကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်ကြည့်သော်လည်းမရပေ။ သူက သတင်းကို အာရုံစိုက်ပြီးနောက် သူ့မျက်နှာကပို၍ဖြူဖျော့လာ၏။


ထင်ထားသည့်အတိုင်း မိုးသက်လေပြင်းကအဆက်မပြတ်ကျရောက်နေခြင်းကြောင့် တောင်ပေါ်တွင် မြေပြိုမှုများဖြစ်ပွားနေပြီး အိမ်တော်တော်များများလည်း မြုပ်ကုန်သည်ဟု သတင်းကတင်ပြထားသည်။ 


လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓါတ်အားတို့ကလည်း အလုပ်မလုပ်တော့ပေ။ 


ယောင်ကျိကျိုး အနည်းငယ် စိတ်ပူသွားသည်။ သူက ချက်ချင်း ဖုန်းကိုကောက်ကိုင်ကာ သူ၏ အဆက်အသွယ်များအားလုံးကို ခေါ်ဆိုလိုက်သည် ။


....


ပြန်လည်ထူထောင်ရေးစင်တာ၌ သူနာပြုများက ဖယောင်းတိုင်ရှာပြီး အခန်းတိုင်းကိုဝေမျှပေးလာသည်။ မှောင်မည်းနေသော အဆောက်အဦးထဲတွင် ဖယောင်းတိုင်အများအပြားကို ထွန်းညှိထားရသည်။


မစ္စတာဟဲက အလွန်တည်ငြိမ်နေသည်။ သူက မင်လျိုရီနှင့် နှစ်မီတာအကွာတွင်ရှိနေပြီး သခင်မလေး၏လုံခြုံရေးကို အဆက်မပြတ်စောင့်ကြည့်နေသည်။ တစ်ချိန်တည်းတွင် မစ္စတာဟဲက သခင်မလေးကို ဂရုတစိုက်လေ့လာနေသည်။ သူသိရသလောက် ဥက္ကဋ္ဌ ကိုမာ မဝင်ခင်က သခင်မလေးနှင့် ရင်းနှီးမှုမရှိပေ။


အထူးသဖြင့် သခင်မလေး၏နောက်ခံက အကောင်းကြီးမဟုတ်။ သူမက ပညာရေးနောက်ခံကောင်းမရှိသလို၊ စိတ်ကြီးသောစရိုက်မျိုးလည်းရှိသည်။ သူမက မကြာခဏအော်ဟစ်တတ်ပြီး ဒေါသတကြီးဆဲရေးတတ်သေးသည်။ ယောင်မိသားစုတွင်တော့ သူမက စိတ်ရူးပေါက်နေသောသူဟု ပြောလို့ရသည်။


သို့သော် ဥက္ကဋ္ဌသတိရလာကတည်းက သူမအပေါ်ဆက်ဆံပုံများက ပြောင်းလဲသွားသည်။ သူ့လေသံက စိုးရိမ်မှုများအပြည့်နှင့် သူမအပေါ် အလိုလိုက်မှူများက မစ္စတာဟဲပင်ရှော့ခ်ရသွားခဲ့ရသည်။


အတွင်းရေးမှူးပင်လျှင် သူမ၏ပြောင်းလဲမှုများကို သတိထားမိပြီး ယခုပွဲကိုပင် သူမကရှိုးပြဖို့သက်သက်တက်ရောက်ခြင်းဖြစ်မည်ဟု သူထင်ခဲ့သည်။ ထိုအတွေးက အစောပိုင်း ဒါရိုက်တာ မိန့်ခွန်းမပြောခင်ထိပင်။ သူမက မျက်ရည်ပင် ကျမလိုဖြစ်လာပြီး ရှိုးပြဖို့ရောက်လာခြင်းမဟုတ်ကြောင်း မစ္စတာဟဲကို သေချာသွားစေသည်။ 


ဤကဲ့သို့ အရေးပေါ်အခြေအနေနှင့် ကြုံရသည့်အခါ သခင်မလေး ဘယ်လိုတုံ့ပြန်မလဲဆိုတာ မစ္စတာဟဲ သိချင်မိသည်။ 


မင်လျိုရီက လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကွက်ကီးများ လုပ်ဖို့အတွက် အလုပ်ရှုပ်နေခဲ့သည်။ ယခုတော့ သူမရုတ်တရက် အနားယူနိုင်ပြီး အရမ်းပင်ပန်းနေသလို ခံစားရသည်။ သူမကလင်လင်ကိုလည်း ဒီအကြောင်းပြောပြလိုက်သည်။ သူမက လင်လင်၏ ဘေးရှိအိပ်ယာလေးတွင် လှဲနေပြီး အေးချမ်းစွာ အိပ်လိုက်သည်။


မင်လျိုရီက အလွန်တည်ငြိမ်နေပုံပင်။ မင်လျိုရီသာမက အားလုံးကလည်း စိတ်အေးလက်အေးဖြစ်နေ၏။


လျှပ်စစ်ဓာတ်အားပြတ်တောက်သွားချိန်၌ အရင်ဆုံးပြေးဝင်လာသူက မစ္စတာဟဲဖြစ်သည်။ သူတို့အားလုံးက ထိုကဲ့သို့ အခြေအနေမျိုးနှင့် မကြုံတွေ့ဖူးသည့်အတွက် အားလုံးအလန့်တကြားနှင့်စိုးရိမ်နေမှာကို သူပူပန်မိသည်။ သို့သော်လည်း ဤနေရာရှိလူများအားလုံးက မုန်တိုင်းကြီးများကို ဖြတ်သန်းခဲ့ဖူးကြောင်းကိုတော့ မစ္စတာဟဲ မသိလိုက်ပေ။


သတင်းဆိုးများက တစ်ခုပြီးတစ်ခုပေါ်လာသော်လည်း အားလုံးကတည်ငြိမ်နေ၏။ အသက်အန္တရာယ်စိုးရိမ်ရသောအခြေအနေမျိုးမရှိဘဲ အားလုံးက အစီစဥ်တကျ သူတို့အလုပ်သာ သူတို့လုပ်နေကြသည်။ ယိုလင်လင်က သူမ၏ပေါင်းသင်းတတ်သော အရည်အချင်းကိုသုံးကာ အားလုံးကိုဂိမ်းတစ်ချို့ကစားဖို့ခေါ်ပြီး အာရုံလွှဲလိုက်သည်။ 


ပတ်ဝန်းကျင်ရှိလေထုကိုကြည့်ကာ မစ္စတာဟဲလည်း မပြုံးဘဲမနေနိုင်တော့ပေ။ သူက ယောင်ကော်ပိုရေးရှင်းအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့ပြီး ဒီနေ့လိုစိတ်အေးလက်အေးရှိရသောနေ့မျိုး မရခဲ့တာ အတော်ကြာပြီဖြစ်သည်။ 


ညနေခင်းခုနှစ်နာရီအချိန်ခန့်တွင် အပြင်ဘက်၌ ဟယ်လီကော်ပတာ၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။



🥰