🥰 Chapter 109 ✅
အားလုံးကအသံကြားလိုက်သောကြောင့် အပြင်ထွက်ကြည့်လာကြသည်။ ဟယ်လီကော်ပတာ နှစ်စီးက တဖြည်းဖြည်း ကောင်းကင်မှချဥ်းကပ်လာသည်။
မင်လျိုရီလည်း ဟယ်လီကော်ပတာ၏အသံကြောင့်နိုးသွားသည်။ သူမ၏နှလုံးခုန်သံကမြန်နေပြီး အမြန် အရှေ့တံခါးသို့ ထွက်ကြည့်လိုက်သည်။
မိုးသက်လေပြင်းများကျနေချိန်၌ ဟယ်လီကော်ပတာက ကွင်းပြင်တွင်ငြိမ်သက်စွာ ဆင်းသက်လိုက်သည်။ လူအုပ်ကြားထဲ၌ စကားပြောသံများဖြင့်ပွက်လောရိုက်ကုန်သည်။ ဟယ်လီကော်ပတာ၌ ယောင်ကော်ပိုရေးရှင်း၏အမှတ်တံဆိပ်ကို အားလုံးတွေ့သွားပြီး မစ္စတာဟဲကို ဝိုင်းကြည့်လိုက်သော်လည်း မစ္စတာဟဲက မင်လျိုရီကိုသာကြည့်နေသည်။
ထင်ထားသည့်အတိုင်း ဟယ်လီကော်ပတာ၏တံခါးတစ်ချပ်ကပွင့်သွားပြီး ယောင်ကျိကျိုးက အထဲတွင် ထိုင်နေသည်။ သူကချက်ချင်းခေါင်းအကာဦးထုပ်ကို ချွတ်လိုက်သည်။ သူကနည်းနည်းဝေးသော နေရာတွင်ရှိနေသော်လည်း ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ကြောင့် လေထုဖိအားနည်းနေတာကို သူခံစားမိသည် ။
မစ္စတာဟဲက ချက်ချင်းပြောလာသည်။
" အားလုံးပဲ... ထိတ်လန့်မသွားကြပါနဲ့ ... ဘယ်လိုဖြစ်မလဲဆိုတာ အရင်ဆုံးကြည့်ကြတာပေါ့ "
ထို့နောက် မစ္စတာဟဲကထီးဖွင့်ကာ မင်လျိုရီကို ယောင်ကျိကျိုးရှိရာသို့ လိုက်ပို့ပေးသည်။
သူနောက်တစ်ဖန် အံ့အားသင့်သွားရပြန်၏ ။ ဥက္ကဋ္ဌ၏ကြောက်မက်ဖွယ်ကောင်းသောအမူအရာမျိုးကို သူသိပ်ပြီးမမြင်ဖူးပေ။ မစ္စတာဟဲက တိတ်တဆိတ်သာ ထီးကိုကိုင်ထားပြီး စကားပင်မပြောရဲတော့ချေ။ သူတစ်ခါတည်း ဥက္ကဋ္ဌ၏မြင်ကွင်းထဲမှပင် ပျောက်ကွယ်သွားချင်မိသည်။
သို့သော်လည်း မင်လျိုရီ၏ခြေလှမ်းများက ပိုပိုမြန်လာပြီး သူမကပြေးသွားလုမတက်ပင်။ ဥက္ကဋ္ဌ၏ မျက်နှာမှကြင်နာမှုမရှိသောအရိပ်ယောင်များကို သတိမထားမိဘဲ သူမက ဥက္ကဋ္ဌ၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
မင်လျိုရီက ယောင်ကျိကျိုးကိုဖက်လိုက်ပြီး သူမ၏ မျက်နှာကို သူ့ရင်ခွင်တွင်အပ်ထား၏ ။
" ရှင်ရောက်လာပြီပဲ "
ယောင်ကျိကျိုးက မေးလာသည်။
"မင်းကြောက်နေသေးလား "
မင်လျိုရီက သူ့ရင်ခွင်ထဲတွင် ခေါင်းခါပြနေပြီး သူမ၏ ဆံပင်များကလုံးထွေးနေသည်။ ယောင်ကျိကျိုး၏အန္တရာယ်များသောအမူအရာက ချက်ချင်းနူးညံ့သွားပြီး သူ၏ချောက်ချားဖွယ်ရာအငွေ့အသက်များကပါ ပျောက်ကွယ်သွားသည်။
" ဥက္ကဋ္ဌ... ကျွန်တော်တို့ ဘယ်လိုဆက်လုပ်သင့်လဲ"
မစ္စတာဟဲက မေးလာသည်။
" ဟယ်လီကော်ပတာအနောက်ထဲမှာ အထောက်အပံ့ပစ္စည်းတွေရှိတယ်... အဲ့ဒါတွေကို အထဲသယ်သွားဖို့ လူတွေစီစဥ်လိုက်... ဟယ်လီကော်ပတာတစ်စီးက လူဆယ်ယောက်ကို ပြန်သယ်သွားနိုင်တယ်... ဒါကြောင့် လိုအပ်တဲ့သူတွေကို စီစဥ်ပေးလိုက်.. ငါနဲ့ငါ့မိန်းမ အရင်ဆုံးထွက်မယ် "
မင်လျိုရီက ချက်ချင်းပဲ ယိုလင်လင်ကိုလှည့်ကြည့်လိုက်သည်။ ယိုလင်လင်က လူအုပ်ကြားထဲတွင်ရပ်ကာ လက်ဝှေ့ယမ်းပြလာပြီး မင်လျိုရီကို မြန်မြန်ထွက်ခွာဖို့ အချက်ပြနေ၏ ။ ထိုမှသာ မင်လျိုရီက ယောင်ကျိကျိုးနှင့်အရင် ထွက်သွားသည်။
မကြာခင်တွင် ဟယ်လီကော်ပတာက ယောင်ကော်ပိုရေးရှင်း အဆောက်အဦး၏ခေါင်မိုးထပ်၌ ဆင်းသက်လိုက်သည်။ ကောင်းမွန်စွာလေ့ကျင့်ပေးထားသော လုံခြုံရေးအစောင့်များက ချက်ချင်းရောက်ရှိလာပြီး ယောင်ကျိကျိုးကို ဝှီးလ်းချဲပေါ်သို့ ရွှေ့ပေးလိုက်သည်။ နှစ်ယောက်က သီးသန့်ဓါတ်လှေကားဖြင့် ကားပါကင်အထပ်သို့ ဆင်းသွားပြီး ကားဖြင့် အိမ်ပြန်လိုက်ကြသည်။
မင်လျိုရီက လုံးဝမကြောက်ခဲ့သော်လည်း ယခုတစ်ခေါက်တွင်တော့ သူမ ရုတ်တရက် ဘေးအန္တရာယ်ကြားရှင်သန်ရေးနှင့်ပတ်သက်ပြီး တွေးမိသွားသည်။ ဟွမ်ကျင့်ထင်၏ဆုံးဖြတ်ချက်မှန်သွားတာ ကံကောင်းသည်ဟုဆိုရမည်။ သူတို့သာ ထိုအချိန်က ထွက်ခွာလာခဲ့လျှင် ဘတ်စ်ကားကလည်း မြေပြိုတာနှင့်တိုးပြီး အကျိုးဆက်များကို တွေးကြည့်လို့ပင် မရနိုင်လောက်ပေ။
ဟယ်လီကော်ပတာပေါ်တွင်ရှိနေချိန်က သူတို့စကားပြောဖို့ အဆင်မပြေသော်လည်း ကားထဲရောက်လာချိန်တွင်တော့ ယောင်ကျိကျိုးကို သူမ စကားပြောနိုင်သွားသည်။
ဤအချိန်တွင် မင်လျိုရီကချွဲနေသောပုံစံဖြင့် ပြောလာသည်။ သူမကယောင်ကျိကျိုးကို ဆုပ်ကိုင်ထားပြီး လုံးဝလွှတ်မပေးပေ။
" ရှင် ကျွန်မကို လာကယ်မယ်ဆိုတာသိသားပဲ"
မင်လျိုရီက ပြောလိုက်သည်။
ယောင်ကျိကျိုးကလည်း မင်လျိုရီကိုပြန်ဖက်လာပြီး သူ့စိတ်ထဲတွင်တော့ခံစားချက်များပြည့်နေသည်။ သူ ကိုမာအခြေအနေ၌ ရှိနေချိန်တွင် သူ့မိန်းမက အန္တရာယ်နှင့် ကြုံတွေ့နေလျှင်တောင် သူဘာမှမလုပ်ပေးနိုင်ပေ။ ကံကောင်းစွာဖြင့် သူ့မိန်းမက သူ့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့သလို ၊ နောက်ဆုံးအခိုက်အတန့်တွင်တော့ သူလည်း သူမ၏ဟီးရိုးဖြစ်လာ၏။
ယောင်ကျိကျိုး ဘာမှမပြောတာကို တွေ့ရသောအခါ မင်လျိုရီက သူ့ကိုပို၍တင်းတင်းဖက်ထားပြီး နူးညံ့စွာ ပြောလိုက်သည်။
" ရှင့်ကိုစိတ်ပူအောင် လုပ်မိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ် "
ယောင်ကျိကျိုး၏ အသံကတော့အက်ရှနေဆဲပင်။
" အချစ်... ကိုယ်တကယ် စိုးရိမ်သွားတာ"
သူတို့အိမ်သို့ရောက်သောအခါ မင်လျိုရီ အလွန်ဗိုက်ဆာနေတော့သည်။ သူမက ကျောက်ချမ်းချက်ပြုတ်တာကို စားချင်နေမှန်း ယောင်ကျိကျိုးသိသောကြောင့် သူကစာဖိုမှူးကို အစားအသောက်နှင့် ဂျင်းစွတ်ပြုတ်ရည် အသင့်ပြင်ထားဖို့ညွှန်ကြားထားသည်။
မင်လျိုရီနှင့်ယောင်ကျိကျိုးက အဝတ်အစားလဲကာ စားပွဲတွင်ထိုင်ပြီး စားသောက်ရန်အသင့်ဖြစ်နေသည်။ ရှောင်ဖန်းက အရင်ဆုံးမင်လျိုရီကို ဂျင်းစွတ်ပြုတ်ရည်ချပေးပြီး သူမကိုပူနေတုန်း သောက်ဖို့ပြောလာသည်။ မင်လျိုရီကလည်း နည်းနည်းချင်း သောက်လိုက်သည်။
အနည်းငယ်မျှသောက်ပြီးနောက် ရှောင်ဖန်းက သူမဘေးတွင် စောင့်ကြည့်နေတုန်းဆိုတာ သိလိုက်ရသည်။မင်လျိုရီလည်း သိချင်စိတ်ဖြင့် မေးလိုက်သည် ။
" ဘာလို့ ကျွန်မကိုကြည့်နေတာလဲ... သခင်လေးကိုလည်း တစ်ခွက်ပေးလိုက်လေ... ဒီလိုရာသီဥတုမှာ သူ့ခြေထောက်တွေလည်း မသက်မသာဖြစ်နေမှာပဲ... အအေးဒဏ်ကို ကာကွယ်ဖို့ စွတ်ပြုတ်နည်းနည်းလောက်သောက်လိုက်လေ "
ရှောင်ဖန်း၏ မျက်နှာကချက်ချင်းဖြူဖျော့သွား၏။ သူမက သခင်မလေးကိုသာတွေးမိပြီး သခင်လေးကိုတော့မေ့သွားသည်။
ကံကောင်းစွာဖြင့် သခင်လေး၏အမူအရာက ပုံမှန်သာဖြစ်သည်။ ရှောင်ဖန်းက ချက်ချင်း မီးဖိုချောင်သို့သွားကာ ယောင်ကျိကျိုးအတွက် နောက်ထပ်စွပ်ပြုတ်တစ်ပန်းကန် ယူလာသည်။ မင်လျိုရီက ထမင်းစားခန်းထဲတွင် အလုပ်ရှုပ်နေသော အိမ်အကူများကို ကြည့်ကာမေးလိုက်သည် ။
" ဘာလို့ အကုန်လုံး ဒီနေရာမှာရောက်နေတာလဲ "
" သခင်မလေး... အားလုံးကသခင်မလေး တောင်ပေါ်မှာ ပိတ်မိနေခဲ့တာကို သိကြတယ် "
ရှောင်ဖန်းက အသံတိုးတိုးဖြင့်ပြောလာသည်။
" သူတို့အားလုံး စိုးရိမ်နေခဲ့ကြတာ... သခင်လေးက သခင်မလေးကို သွားကယ်တယ်ကြားတော့ ဘယ်သူမှ ထိုင်မနေနိုင်ကြတော့ဘူး... သခင်မလေး အိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်လာရဲ့လားဆိုတာ သူတို့က ကိုယ်တိုင်လာကြည့်ကြတာ "
မင်လျိုရီက ပြုံးကာခေါင်းငုံ့ပြီး စွတ်ပြုတ်ဆက်သောက်လိုက်သည်။
အမြဲတမ်းတည်ငြိမ်နေသော ကျောက်ချမ်းပင်လျှင် ယောင်ကျိကျိုးအတွက် ချိုးရေပြင်ဆင်ပေးနေတုန်း အပြင်ပြေးထွက်လာပြီး သခင်မလေးတကယ်ပြန်ရောက်လာပြီလားဆိုတာကို လာကြည့်သည်။
မီးဖိုချောင်ထဲမှ ထွက်ခဲသော ကျန်းချွမ်ပင်လျှင် ကျန်ရှိနေသေးသော စွတ်ပြုတ်ကိုစားပွဲသို့ ကိုယ်တိုင်ယူလာပေးပြီး သခင်လေးနှင့်သခင်မလေးတို့အတွက် ထပ်ထည့်ပေးလာသည်။
🥰