🥰 Chapter 110 ✅
သခင်မလေးက အန္တရာယ်ကင်းစွာ စားပွဲတွင်ထိုင်နေသည်ကို တွေ့ရသောအခါ သူတို့အားလုံးက ပြန်ပြီး တာဝန်ကိုယ်စီလုပ်ဆောင်နေကြသည်။
မင်လျိုရီလည်း စွတ်ပြုတ်ကိုအကုန်သောက်ပြီး ပန်းကန်ကိုဘေးဖယ်ကာ ယောင်ကျိကျိုးဘက်သို့တိုးသွားသည်။
" မိုးတွေက သည်းကြီးမည်းကြီးရွာနေတာ... ပြီးတော့အပူချိန်ကလည်း နိမ့်နေသေးတယ်... ရှင့်ဒူးခေါင်းနာနေသေးလား "
" ကိုယ်က အစကတည်းက မသန်မစွမ်းဖြစ်နေတဲ့သူပဲ... အဲ့ဒါကြောင့် သိပ်မခံစားရပါဘူး..."
ယောင်ကျိကျိုးက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
မင်လျိုရီက ယောင်ကျိကျိုး၏စကားကို ကြားပြီး ချက်ချင်းဒေါသထွက်လာသည်။ သူမ၏အသံကပင် ဒေါသဟန်ပါနေသည်။
" ရှင့်ခြေထောက်ကို ကောင်းကောင်းဂရုစိုက်ရမယ်လေ... ရှင်သေချာပေါက် တဖြည်းဖြည်းပြန်သက်သာလာမှာပါ "
သူမကပြောရင်း ယောင်ကျိကျိုး၏ဒူးခေါင်းပေါ်သို့ လက်တင်လိုက်သည်။ သူမ၏လက်များက ဂျင်းစွတ်ပြုတ်ရည်အစွမ်းကြောင့် အနွေးဓါတ်ရှိနေဆဲပင်။ သူမ ဒူးခေါင်းကို ထိတွေ့ကြည့်ပြီးနောက် ယောင်ကျိကျိုး၏ဒူးခေါင်းက အလွန်အေးနေတာကို မင်လျိုရီ ခံစားလိုက်ရသည်။ သူမကချက်ချင်းပဲ သူမ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ကာ ယောင်ကျိကျိုး၏ဒူးခေါင်းကို အနွေးဓာတ်ပေးလိုက်သည်။
" ရှောင်ဖန်း... သခင်လေးအတွက် စောင်သွားယူပေးပါအုန်း " မင်လျိုရီက ပြောလိုက်သည်။
" မဟုတ်ဘူး... ကိုယ်စောင်မလိုပါဘူး... အခုက နွေရာသီရဲ့ပူပြင်းတဲ့နေ့ပဲ... ကိုယ်က စောင်ဘာလို့ လိုမှာလဲ "
မင်လျိုရီက ပြန်မဖြေဘဲ ဒီအတိုင်းသာပြောလိုက်သည် ။
" ရှင်ခေါင်းငုံ့လိုက် "
ယောင်ကျိကျိုးက အလွန်ခေါင်းမာသည့်သူဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က သူ့မိန်းမနှင့် အလွန်ပူးပေါင်းနေသည်။ မင်လျိုရီက ယောင်ကျိကျိုး၏ခေါင်းကို ငြင်သာစွာပုတ်ပြီး ပြောလိုက်သည် ။
" လိမ်လိမ်မာမာနဲ့ ကျွန်မကို ပြောတာနားထောင် "
ယောင်ကျိကျိုး ပြောစရာစကားမဲ့သွားသည်။ သူမ၏ထိတွေ့မှုတွင် သူ့ခန္ဓာကိုယ်က အလိုအလျောက်နာခံသွားသည့်အလားပင်။
နွေရာသီတွင်စောင်ခြုံထားရခြင်းက လူတစ်ယောက်ကို အသုံးမကျသောပုံပေါက်သွားစေသော်လည်း သူ့မိန်းမက ပြောနေသည်ဆိုမှတော့ သူမ၏ဆန္ဒကို လေးစားပေးတာ ပိုကောင်းပေလိမ့်မည်။
စားပွဲတွင်ဟင်းလျာများအားလုံး အမြန်ခင်းကျင်းလာပြီး အားလုံးက မင်လျိုရီ အရသာရှိသည်ဟု ပြောဖူးသော ဟင်းလျာများဖြစ်သည်။ သူမက ပျော်ပျော်ရွှင်ရွှင်စားသုံးရင်း ထိုနေ့ကပွဲအကြောင်းကို အသေးစိတ်ပြန်ပြောပြနေသည်။ ယောင်ကျိကျိုးက ရံဖန်ရံခါသာ စကားလုံးအနည်းငယ်ဖြင့် ပြန်တုံ့ပြန်သည်။
ဗီလာတစ်ခုလုံးက တစ်မနက်ခင်းလုံး အုံ့မှိုင်းကာ အေးစိမ့်နေသည်။ သို့သော်လည်း သခင်မလေး၏ တက်ကြွသော အသံဖြင့် တစ်ဖန်ပြန်အသက်ဝင်လာသည်။
....
ယောင်ကော်ပိုရေးရှင်း၏ ဟယ်လီကော်ပတာများက အကြိမ်အနည်းငယ်လောက် ကူးလိုက်သန်းလိုက်ဖြင့် ဝန်ထမ်းများကုန်သည်အထိ ပို့ဆောင်ပေးသည်။ ယောင်ကျိကျိုး၏ညွှန်ကြားချက်အောက်တွင် သူတို့က မီးသတ်သမားများကို ကူညီပေးရန်ပြန်လာပြီး ရဲတပ်ဖွဲ့ဝင်များကိုလည်းကူညီကာ လူများကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့သည်။
မင်လျိုရီက စားသောက်ပြီးနောက် ရေချိုးလိုက်သည် ။ ထို့နောက် ယိုလင်လင်နှင့် ဟွမ်ကျင့်ထင်ထံမှ သတင်းရလိုက်သည်။
ယိုလင်လင်က သူမကိုပထမဆုံးစာပို့လာသောသူ ဖြစ်သည် ။
' လျိုရီ ... ဒီတစ်ကြိမ် ငါ့မှာနင်ရှိနေတာ တကယ်
ကံကောင်းတာပဲ... ငါအိမ်ကို အန္တရာယ်ကင်းကင်းပြန်ရောက်ပြီ... နင့်ယောက်ျားက အရမ်းခန့်ညားတာပဲ... ငါအဲ့ဒါကို အကြိမ်ပေါင်း တစ်သိန်းလောက်ပြောနိုင်တယ် '
ထို့နောက် ချက်ချင်း ဟွမ်ကျင့်ထင်က မက်ဆေ့ချ်ပို့လာသည်။
' လျိုရီ... အဖွဲ့အစည်းကလူတွေအကုန်လုံး မြို့ကို ပြန်ရောက်ပြီ... နင်နဲ့ယောင်မိသားစုကို တကယ်ကျေးဇူးတင်ပါတယ်... ငါကျန်တာတွေကို ဆက်ကိုင်တွယ်လိုက်ပါမယ်... နင်လည်း စောစောနားတော့လေ '
မင်လျိုရီက အားလုံး၏မက်ဆေ့ချ်ကို တစ်စောင်ချင်း ပြန်လိုက်ပြီး ဝေးပေါ်(weibo)ကိုကြည့်လိုက်သည်။ သူမ လူမှုကွန်ယက်စာမျက်နှာကို ဖွင့်ကြည့်လိုက်တာနှင့် ယောင်ကော်ပိုရေးရှင်းက လူရှာဖွေမှုများနေတာကိုတွေ့လိုက်ရသည်။
[ယောင်ကော်ပိုရေးရဲ့ဟယ်လီကော်ပတာက ကယ်ဆယ်ရေးနေရာကို အမြန်ဆုံးရောက်လာတယ်]
[ယောင်ကော်ပိုရေးရှင်းက တိတ်တဆိတ်ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ပေးနေတယ်]
ယောင်ကော်ပိုရေးရှင်းမှလူများလည်း ဥက္ကဋ္ဌကလူတွေကိုကယ်ဖို့ ဟယ်လီကော်ပတာလွှတ်ပေးလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့၏လှုမှုဆက်သွယ်ရေးဌာနက ချက်ချင်းအလုပ်များသွားပြီး လိုအပ်တာတွေကို ပြင်ဆင်ရတော့သည်။
ကုမ္ပဏီဘက်က နောက်တစ်နေ့မနက်တွင် ယောင်ကော်ပိုရေးရှင်း၏အစုရှယ်ယာများ စတော့ခ်ဈေးကွက်တွင် ထိုးတက်သွားလိမ့်မည်ဟု ခန့်မှန်းထားပြီး ဌာနများအားလုံး တစ်ဖန်အလုပ်ကို စတင်လိုက်ကြသည်။
....
ယောင်ကျိရန် လက်သီးတင်းတင်းဆုပ်ထားမိသည်။ သူကအလှူအတန်းပွဲများစွာကို လုပ်ဆောင်ခဲ့သော်လည်း တစ်ခုမှအကျိုးမရှိလာပေ။ သို့သော် ယခုတွင်တော့ ယောင်ကျိကျိုး၏ပထမဆုံးလုပ်ဆောင်ချက်ကပင် ကုမ္ပဏီကိုလူပြောများသွားစေသည်။
....
ဆုံးဖြတ်ချက်ပြတ်သားသော ယောင်ကျိကျိုးကထိုအချိန်တွင်ရေချိုးနေပြီး သူ့မိန်းမက သူ့ကိုလှဲနေဖို့သာ ပြောလာသည်။
မင်လျိုရီက အိမ်အကူများအားလုံးကို ထွက်သွားဖို့ အချက်ပြလိုက်သည်။ သူမကယောင်ကျိကျိုး၏ ဒူးခေါင်းနှင့်မျက်လုံးတစ်ဝိုက်ကို နှိပ်နယ်ပေးရင်း လက်ဖဝါးတွင်ချွေးအေးများပင် တစ်စက်စက်ကျလာသည်။ နှိပ်နယ်ပြီးသွားသည့်နောက် ယောင်ကျိကျိုးက သူမ၏လက်ကို ယူကာနမ်းလိုက်သည်။
" အချစ်.... မင်းက ကိုယ့်ရဲ့ကံကောင်းစေတဲ့ကြယ်လေးပဲ "
ယောင်ကျိကျိုးက ပြောလာသည်။
" ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး... ရှင့်ရဲကြင်နာမှုကြောင့်သာ ပြန်ခံစားခွင့်ရတာပါ "
....
ချီးမွမ်းခြင်းကော်မစ်တီ၏ကွက်ကီးများကို စားသုံးခဲ့ရသော ကိုမာမိသားစုအဖွဲ့ဝင်များက လက်တလောတွင် သူတို့ပိုပြီးကံကောင်းလာတာကို ခံစားမိကြသည် ။
ကောင်လေးက သူ့အိမ်စာကိုပိုပြီး သေသေချာချာလုပ်လာပြီး စာမေးပွဲတွင် ပထမနေရာကိုရခဲ့သည်။ သူက အလုပ်များနေသည့်မိသားစုဝင်များဆီမှပင် ချီးမွမ်းခံရသည်။ အလုပ်ကြိုးစားနေရသော သူ့မိသားစုဝင်များ၏ မျက်နှာတွင်လည်း ရှားပါးသော အပြုံးတွေပေါ်လာသည်။
နောက်ထပ် မိသားစုအဖွဲ့ဝင်တစ်ယောက်က အလုပ်တွင် ပြဿနာကြုံနေရသည်။ ကွက်ကီးကို စားပြီးနောက် သူ့စိတ်ထဲတွင် ရုတ်တရက် အကြံရလာပြီး အထက်လူကြီးများ သဘောကျလောက်မည့် အကြုံပြုချက်ကို တင်သွင်းနိုင်ခဲ့သည်။
ကိုမာလူနာ မိသားစုဝင်တစ်ယောက်က အလုပ်အပ်နှံသူများကို မသိမ်းသွင်းနိုင်ဖြစ်နေချိန်တွင် ရုတ်တရက် အလုပ်အပ်နှံသူများက စိတ်ပြောင်းသွားပြီး စာချုပ်တွင် လက်မှတ်ထိုးကာ ကွက်ကီးစားသုံးခဲ့သောထိုမိသားစုအဖွဲ့ဝင်ကို ဘောနပ်စ်အများအပြားလည်းပေးခဲ့သည်။၎င်းက သူတို့အိမ်ရှိ အခက်အခဲများကိုလည်း ယာယီ ပြေလည်သွားစေသည်။
ထိုသို့ကံကောင်းသွားသော သူများ၏စိတ်ထဲတွင် သူတို့အားအပြုံးနှင့်ပြောခဲ့သော ယိုလင်လင် နှင့် မင်လျိုရီကို ပြန်တွေးမိကြသည်။
" ဒီကွက်ကီးလေးတွေက ရှင်တို့ကိုကံကောင်းခြင်းတွေ ယူဆောင်လာပေးလိမ့်မယ် "
မိသားစုအဖွဲ့ဝင်များက သူတို့အမှန်တကယ် ကံကောင်းလာတာကို မတွေးဘဲ မနေနိုင်ကြပေ ။
🥰