အပိုင်း၁၁၁
Viewers 11k

🥰 Chapter 111 ✅


ယောင်ကျိရန်သည် ဘေးနားမှလူများအား တိတ်တိတ်လေး မေးမြန်းခဲ့ပြီးနောက် ယောင်ကျိကျိုး၏ လုပ်ရပ်များအားလုံးသည် မင်လျိုရီအတွက်မှန်း သိသွားခဲ့သည်။ 


ယောင်ကျိရန်ဆီမှ ပြန်ယူသွားခဲ့သော ၃ မီလီယမ်သည်လဲ မင်လျိုရီကြောင့်ဖြစ်ပြီး ယခုလဲ သူမပိတ်မိသွားတာကြောင့် ကယ်ဆယ်ဖို့ထွက်ခွာသွားလေပြီ။ 


ယောင်ကျိရန်က မင်လျိုရီသည် ယောင်ကျိကျိုးအတွက် စက်ဆုပ်ဖွယ်ရာကောင်းသည့်လူဖြစ်မည်ဟုထင်ခဲ့သော်လည်း ယောင်ကျိကျိုးက သူမကို အလွန်တန်ဖိုးထားခဲ့သည်။ ယောင်ကျိရန်လဲ ရွေးချယ်စရာမရှိဘဲ သူမကိုအလေးထားဆက်ဆံရတော့သည်။ 


ယောင်ကျိရန်၏ရက်စက်သည့်မျက်လုံးများသည် နာမည်‌ကောင်း၀င်ယူရန် နည်းလမ်းကိုစဉ်းစားနေစဉ် ဘေးပတ်လည်အား လိုက်ကြည့်လိုက်သည်။ 


ဒုတိယနေ့တွင်တော့ မျှော်မှန်းထားသည့်အတိုင်း ယောင်ကုမ္ပဏီ၏ စတော့ဈေးများသည် တဟုန်ခြင်းမြင့်တက်လာခဲ့သည်။ ဥက္ကဌကို ပြန်လာခဲ့ဖို့ စိတ်အားထက်သန်သည့် အော်ခေါ်သံများကလဲ ကျယ်သထက်ကျယ်လောင်လာကြသည်။ 


တစ်ချိန်တည်းမှာပဲ weibo တွင် ရှာဖွေမှုအများဆုံးဖြစ်နေသည့် သတင်းတစ်ခုတက်လာသည်။ 


[ ချိုက်ရီရှီးမှ နွေးထွေးစွာအားပေးစကားပြောကြား ] 


ထိုပို့စ်အောက်တွင်တော့ ငွေဖြင့်၀ယ်ထားသည့် ကွန်းမန့်များစွာရှိနေလေသည်။


[ သဘာ၀ဘေးအန္တရာယ်ကျနေချိန် အားပေးပေးတဲ့အတွက် ချိုက်ရီရှီးကို ကျေးဇူးတင်ပါတယ် ] 


ချိုက်ရီရှီးက ထိုအောက်တွင်စာပြန်ထားသည်။ 


[ ကျွန်မ ဒီအချိန်မှာ ရှင်တို့ရဲ့ကျေးဇူးတင်စကားကို မယူဝံ့ပါဘူး ရှေ့တန်းကနေ တိုက်ခိုက်ပေးကြတဲ့ ရဲရင့်တဲ့သူရဲကောင်းတွေကို ကျေးဇူးတင်ပါတယ် ယောင်ကုမ္ပဏီကိုလဲ ကျေးဇူးတင်ရမှာပေါ့ ယောင်ကျိရန် ရှင်ကအကောင်းဆုံးပဲ ] 


ထိုသို့စာပြန်ပြီးနောက် သူမက weibo တွင် နောက်ထပ်ပို့စ်တစ်ခုကို တင်လိုက်သည်။ 


[ အားလုံးကိုမိတ်ဆက်ပေးဖို့မေ့တော့မလို့...ကျွန်မကောင်လေးက ယောင်ကျိရန်လေ ယောင်အစည်းအရုံးရဲ့ လက်ထောက်ဥက္ကဌပေါ့ ]


ချိုက်ရီရှီးနှင့်ပတ်သက်၍ နောက်ထပ်သတင်းတစ်ပုဒ်ထပ်တက်လာပြန်သည်။ 


[ ချိုက်မိသားစုရဲ့ အမွေဆက်ခံသူနှင့် ယောင်အဖွဲ့အစည်း​၏လက်ထောက်ဥက္ကဌတို့ကြားတွင် ခိုင်မာသည့်ဆက်နွှယ်မှုရှိနေ ] 


အဖြစ်မှန်ကိုမသိသေးသော လူများသည် ထိုပို့စ့်အောက်တွင် မှတ်ချက်များပေးလာကြသည်။ 


[ ကောင်းမွန်တဲ့ ကုမ္ပဏီကလက်ထောက်ဥက္ကဌနဲ့ စာရေးဆရာမ အချောအလှလေး ငါဒီအားကြီးတဲ့အတွဲဘက်က လောင်းလိုက်ပြီဟေ့ ]


[ သူမက အရမ်းအရည်အချင်းရှိတော့ ဒီလှပတဲ့ချိုက်ရီရှီးဟာလဲ ချမ်းသာတဲ့မိသားစုရဲ့ မျိုးဆက်ဆိုတာ မေ့သွားတယ် ]


[ ကျယ်မေ့တို့ ငါအခုလေးတင် လက်ထောက် ဥက္ကဌယောင်ကျိရန်က ပရဟိတအများကြီးလုပ်ဖူးတာ သိခဲ့ရတယ် ] 


[ ရိုလိုက်တာဟယ် ] 


ယောင်ကျိရန်နှင့်ချိုက်ရီရှီးတို့ ၀ယ်ယူခဲ့သော hot search သည် ယခုအချိန်တွင် အောင်အောင်မြင်မြင်နှင့် လူတိုင်း၏အာရုံစိုက်မှုကိုရယူနိုင်ခဲ့ပြီး ယောင်အဖွဲ့အစည်းမှစေလွှတ်ပေးခဲ့သည့် ကယ်ဆယ်ရေးသည် ယောင်ကျိရန်၏အမိန့်လို့ ထင်အောင်ပြုလုပ်နိုင်ခဲ့သည်။


ချိုက်ရီရှီးကလဲ ထိုအခွင့်အရေးကိုအသုံးချပြီး ထင်ပေါ်ကျော်ကြား‌မှုဖြင့် သူမ၏အသစ်ထွက်ထားသော စာအုပ်ရောင်းအားကို ထိပ်ဆုံးသို့ရောက်အောင် ပြုလုပ်ခဲ့သည်။ 


ယောင်ကျိကျိုးက ဥက္ကဌဖြစ်သော်လည်း သူဒဏ်ရာရပြီးနောက် ယောင်ကွေသည် ကုမ္ပဏီ၏အရေးကြီးသည့်ဆုံးဖြတ်များကို ချမှတ်ပေးရသည့်သူဖြစ်လာခဲ့သည်။ ကျန်အရေးမကြီးသည့် ကိစ္စများကိုတော့ ယောင်ကျိရန်နှင့်သာ လွှဲထားခဲ့သည်။


ယောင်ကျိကျိုးသည် သတိပြန်ရလာသော်လဲ အမြင်အာရုံကွယ်နေတာကြောင့် အလုပ်ပြန်လုပ်ဖို့ရာ မဖြစ်နိုင်သေးပေ။ သို့သော် ထိုအချိန်တွင် ယောင်ကျိကျိုးသည် သေးငယ်သည့် ငွေပမာဏကိုအသုံးပြုပြီး ကုမ္ပဏီ၏ရှယ်ယာဈေးများနှင့် အမြတ်ငွေများကို မြင့်တက်အောင်‌‌‌ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ဘုတ်အဖွဲ့၀င် ဒရိုက်တာများသည် ယောင်ကျိကျိုး အလုပ်ပြန်လုပ်ဖို့ရာအတွက် စိတ်အားထက်သန်နေကြသည်။ 


ဘာကြောင့်ဆို ယောင်ကျိကျိုး မရှိသည့်အချိန်တွင် ယောင်ကွေ၏ ဆုံးဖြတ်ချက်များသည် ပိုမိုရှေးရိုးဆန်ပြီး အမြတ်များကတည်ငြိမ်နေခဲ့သည်။ ယောင်အဖွဲ့အစည်းသည် ပိုမိုကြီးထွားရမည်ဖြစ်ပြီး သူတို့အတွက် အခွင့်အလမ်းများများနှင့် အပြောင်းအလဲများ လိုအပ်သည်။ 


သို့သော်လည်း ယောင်ကျိရန်၀ယ်ယူထားသည့် မှတ်ချက်များကြောင့် ယောင်ကျိရန်နှင့်ချိုက်ရီရှီးတို့ စတင်ကျော်ကြားလာချိန်မှာတော့ ဘုတ်အဖွဲ့၀င်များ၏ သဘောထားများက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ 


အခုယောင်ကျိရန်က နာမည်ကြီးသွားတော့ ပြည်သူတွေကို အမှားပြု၍မရတော့ပေ။ မဟုတ်ရင် အားလုံးရဲ့ရှေ့မှာ သူ့မျက်နှာသူဖြတ်ရိုက်သလို ဖြစ်သွားမှာပေါ့။ 


သူတို့အားလုံးသည် ယောင်အဖွဲ့အစည်း၏ အဖွဲ့၀င်များဖြစ်ကြပြီး ကုမ္ပဏီနှင့်ရှယ်ယာဈေးများကို အကျိုးပြုနေသ၍ ယောင်ကျိရန်ဖြစ်ဖြစ် ယောင်ကျိကျိုးဖြစ်ဖြစ် သူတို့အတွက်ကတော့အတူတူပင်ဖြစ်သည်။ 


ယောင်ကျိရန်သည် ကောင်းမွန်သည့်ပုံရိပ်ရှိသူဖြစ်ပြီး ကျော်ကြားသည့်အတွက် ဥက္ကဌနေရာကိုရာထူးတိုးသင့်ကြောင်း ဒါမှမဟုတ် အနည်းဆုံးတော့ ယောင်

အဖွဲ့အစည်း၏ မျက်နှာထွက်ပြရမည့်လူဖြစ်သင့်ကြောင်း ပြောကြသည့်သူများပင်ရှိသည်။ ဘာပဲဖြစ်ဖြစ် ယောင်ကျိကျိုးက စီးပွားရေးပွဲအားလုံးကိုမှမတက်ရောက်နိုင်ပဲလေ။ 


ထပ်ပေါင်းအနေဖြင့် မည်သူမှသတိမထားမိခင်တွင် ယောင်ကျိရန်သည် ကျေးဇူးတင်လွှာကို လက်အောက်အလုပ်သမားများထံ ပေးပို့ပြီးသားဖြစ်သည်။ 


[ ယောင်အဖွဲ့အစည်းကို ကူညီအားဖြည့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် မင်းတို့ရဲ့ ကြိုးစားမှုမပါဘဲ ဒီနေ့လိုအောင်မြင်မှုမျိုးကို ရယူနိုင်မှာမဟုတ်ပါဘူး အခုကစပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရှေ့ကိုဆက်လျှောက်ကြပါစို့။....မှ ယောင်ကျိရန် ]


ထိုအရာသည် ကျေးဇူးတင်လွှာတစ်စောင်သာဖြစ်သော်လည်း မိတ်ဆက်စာတစ်စောင်နှင့်ပိုတူသည်။ ယောင်ကျိရန်သည် စာရိတ္တကောင်းမွန်ကာ လှပပြီးချမ်းသာသည့်မိန်းကလေးနှင့် လက်ထပ်ပြီး ယခုတွင်လဲ ဥက္ကဌနေရာသို့ ဆက်ခံလိုက်ပြီး သူ့ဘ၀ရဲ့ အထွတ်အထိပ်သို့ရောက်ရှိနေဟန်ရေးသားထားသည်။ 


ထင်ထားသည့်အတိုင်းပင် တစ်ယောက်ယောက်သည် ထိုစာကို ဖြန့်လိုက်ပြီး အရှိန်ကိုထိပ်ဆုံးသို့ရောက်အောင် မြှင့်တင်ပေးလိုက်တော့သည်။


....


ဗီလာတွင်တော့ ယောင်ကျိကျိုးသည် အတွင်းရေးမှူး၏တင်ပြချက်များကို နားထောင်နေခဲ့သည်။ 


ယောင်ကျိရန်၏ နာမည်ကောင်း၀င်ယူမှုနှင့် ဘုတ်အဖွဲ့၀င်များ၏ စိတ်၀င်စားမှုကို ယူသွားသည့်အပေါ် ယောင်ကျိကျိုးသည် အလွန်ကိုတည်ငြိမ်နေခဲ့သည်။ 


စီးပွားရေးလောကသည် စစ်မြေပြင်ဖြစ်ပြီး အလိမ်အညာများ၊ ကောလာဟလများ၊ဇာတ်ကွက်များနှင့် ပြည့်နှက်နေသည်။ ယောင်ကျိကျိုးသည် ထိုသို့သော ညစ်ပတ်သည့်လှည့်ကွက်များကို ကျင့်သားရနေပြီဖြစ်သည်။ 


"သူက ဥက္ကဌဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူး" 


ယောင်ကျိကျိုးက နှာခေါင်းရှုံ့လိုက်သည်။


"ဒါပေမဲ့ ဆုံးဖြတ်ချက်တချို့ကိုတော့ ချနိုင်ပါသေးတယ်" 


ယောင်ကျိကျိုးသည် မပြောခင် ခဏမျှစဉ်းစားပြီးပြောလိုက်သည်။


"ရှန်ဟိုင်းက ပရောဂျက်တစ်ခုက အရေးကြီးတယ် သေချာဆုံးဖြတ်ဖို့လိုတယ်...အဲဒါကို သူ့ကိုလွှဲလိုက်ပြီး ပေးပျော်ခိုင်းလိုက်" 


ဆွေးနွေးပြီးနောက် ယောင်ကျိကျိုးသည်  တည်ငြိမ်ကာ စိတ်အေးလက်‌အေးဖြင့် ထွက်သွားခဲ့သည်။ ကျန်သည့်ကိစ္စများကတော့ သူအလျင်မလိုပါ တစ်ကြိမ်ကိုတစ်လှမ်းသာ သူလှမ်းမည်ဖြစ်သည်။



🥰