🥘 Chapter 50
ကြီးကျယ်ခမ်းနားသော နဂါးနက်ကလန်၏ မွေးနေ့ပွဲက သက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ မွေးနေ့ရှင်လေးက ပေါ်လာပြီး နဂါးငယ်လေးများနှင့် လူအသွင်ပြောင်းထားသော ကလေးများကို နောက်ဖေးခြံထဲသို့ ဦးဆောင် ခေါ်သွားလိုက်သည်။
ယဲ့လင်းက ကျောက်တုံးအိပ်ယာပေါ်တွင် ထိုင်လျက် မြေပုံတစ်ခုကို စူးစမ်းနေသည်။ အသေအချာနားမလည်သေးသော်လည်း အာကာသအက်ကြောင်းကိုသွားရမည့်လမ်းအား စိတ်အားထက်သန်စွာ အစီစဥ် ဆွဲနေခဲ့သည်။ ပထမဦးစွာ သူနဂါးဘုံ၏အဆုံးထိသွားရန်လိုအပ်ပြီး အကာသအက်ကွဲကြောင်းကို ရှာကာ ၎င်းအက်ကွဲကြောင်းထဲသို့ ဝင်လိုက်ပြီးနောက် နဂါးငယ်လေးကို ရှာနိုင်သည့် တစ်ခုတည်းသောစားသောက်ဆ်ိုင်ဖြစ်သည့် သုံးထောင်စားတော်ဆက်သို့ ရောက်ရှိမည် ဖြစ်သည်။
"ယဲ့လင်း! ယဲ့လင်း!"
ထွန်ထွန်စက်ကို သူ့နောက်ကျောသို့ ကပျာကယာ ဖွက်ထားလိုက်ပြီး တံခါးပေါက်မှ ကျောက်တုံးအကြီးကြီးကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ထိုအသံ မှာ သူ့အစ်ကို ယဲ့လန်၏အသံပင်ဖြစ်သည်။
တုံ့ပြန်မှုမရသောအခါ အပြင်ဘက်မှ လူကဆက်လက် အော်ဟစ်နေသည်။
"ယဲ့လင်း မင်းအထဲမှာရှိနေတာ ငါသိတယ်နော်...အဖွားငါ့ကိုပြောလိုက်တယ်...ဒီနေ့က ငါ့မွေးနေ့လေ အပြင်ထွက်ပြီး ပါဝင်မဆင်နွှဲဘူးလား..."
ငါ့ခြေထောက်ကို ပါဝင်ဆင်နွှဲလိုက်!
မနှစ်က ယဲ့လန်မွေးနေ့တွင် သူအရိုက်ခံရပြီး အကြေးခွံအနည်းငယ်ပင် ကျွတ်ထွက်သွားသည်ကို ယဲ့လင်းမှတ်မိနေသေးသည်။ ထို့ကြောင့် အချိန်အတော်ကြာသည့်တိုင်အောင် နာကျင်နေခဲ့ရသည်။ ယနေ့သည် ယဲ့လန်၏မွေးနေ့ပွဲ ဖြစ်ပြီး သူက ပို၍ပင် အနိုင်ကျင့် နှိပ်စက်လာမည်မှာ အသေအချာပင်။ သူ(ယဲ့လင်း)သေချာပေါက်အပြင်သို့ မထွက်ချင်ပေ...
ယဲ့လင်း အသံတစ်ချက်မှ မထွက်ရန်နှင့် အပြင်လည်းမထွက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူကလန်အတွင်းရှိ ယဲ့လန်၏နေရာကို လျှော့တွက်မိသွားသည်။ နဂါးငယ်များကြားတွင် အရည်အချင်းအရှိဆုံးဖြစ်သောကြောင့် မျိုးနွယ်စုခေါင်းဆောင်မှ တားမြစ်ထားသော နေရာများအပြင် အခြားနေရာအားလုံးအား ယဲ့လန်က လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိသည်။
ထို့ကြောင့် ဖြတ်သွားသော အစေခံတစ်ယောက်အား ယဲ့လန်ပြောသည်ကို သူကြားလိုက်ရသည်။
"ငါ့အတွက် ဒီကျောက်တုံး ဖယ်ပေး...အထဲမှာ နဂါးတစ်ကောင်တည်းရယ်...ယဲ့လင်းတစ်ခုခုဖြစ်သွားမှာငါစိုးရိမ်တယ်..."
ယဲ့လင်းအိပ်ယာပေါ်မှ လျင်မြန်စွာ ခုန်ထလိုက်ပြီး ကျောက်တုံးကို ထိတ်ထိတ်ပျာပျာ အော်ပြောလိုက်သည်။
"မဟုတ်ဘူး! မဖွင့်လိုက်နဲ့! ငါ့ကျောက်တုံးကို မဖယ်ပစ်နဲ့..."
သို့သော်ငြား ကျောက်တုံးကရွေ့သွားဆဲဖြစ်ပြီး ရုတ်တရက် ယဲ့လန်၏ ရှင်းလင်းသောအသံနှင့်အတူ အလင်းရောင်စူးစူးများက အထဲသို့ဖြာကျလာခဲ့သည်။
"ယဲ့လင်း ငါဝင်လာပြီနော်..."
........
ကျိုးလုံ၏ မွေးနေ့ပွဲပြီးနောက် သူ့တွင် လုပ်စရာတစ်ခုရှိသည် ဟူသော မက်ဆေ့ချ်တစ်စောင် ချန်ခဲ့ကာ လူတိုင်းကို စိတ်မပူရန် အာမခံခဲ့သည်။ အများဆုံး လဝက်အတွင်းမှာ ပြန်လာခဲ့မည်ဟု ပြောခဲ့သည်။
သူတို့စိတ်ပူနေကြသော်လည်း ကံကောင်းသည့်အချက်မှာ ထွန်ထွန်စက်မှတစ်ဆင့် အဆက်သွယ် လုပ်နိုင်သေးသည်။ သူဘယ်သွားသည်နှင့် ဘာလုပ်သည်ဆိုသည်ကို ထုတ်မပြောသည်မှလွဲ၍ အခြားသောမေးခွန်းများကို ရှင်းရှင်းလင်းလင်း ဖြေပေးခဲ့သည်။
သို့သော်ငြားလည်း ဤအဖြေလေးများသည် ကျိုးလုံကို ရှာဖွေရန် အကူအညီများစွာ မရပေ။
ထွန်ထွန်စက်၏ အခြားတစ်ဖက်တွင်ရှိသော ကျိုးလုံ အသံမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ ပိုင်ရှန်းကျစ်နှင့်တုလင်လင်က ထို့ထက် ပိုမစပ်စုတော့ပေ။ ပျောက်နေသောသူကြောင့် သူတို့အလုပ်များ အနည်းငယ်ပိုရှုပ်လာသော်လည်း စားသောက်ဆိုင်တွင် ကြိုတင်ချိန်းဆိုသည့်စနစ်နှင့် စတင်ကတည်းက သူတို့နှစ်ယောက်တည်း အချိန်ပိုဆင်း၍ အလုပ်များကို သေချာစီမံခန့်ခွဲနိုင်ခဲ့သည်။ ထို့အတွက် ပိုင်ရှန်းကျစ် တုလင်လင်၏လုပ်အားခကို အချိန်အာကာသဒင်္ဂါး 10,000 မှ 15,000 အထိ တိုးပေးခဲ့သည်။
ဆိုင်ကျော်ကြားလာသည်နှင့်အမျှ ထွန်ထွန်စက်နှင့် နေ့စဥ် စာရေးလိုက် ဆော့ကစားလိုက် လုပ်နေကြသော ကလေးလေးနှစ်ယောက်နှင့်အတူ ဘဝက နွေးထွေးအေးချမ်းသာယာ၍ နေသည်။ သို့သော်ငြား ကမ္ဘာသုံးထောင်ကို ဝင်ရောက်ရန် နည်းလမ်း ရှာမတွေ့သေး၍ ပိုင်ရှန်းကျစ် စိုးရိမ်ပူပန်နေဆဲပင်။ ကလေးလေးနှစ်ယောက်တွင် တစ်ခုခုဖြစ်ကာ အဝေးသို့ရောက်သွားလျှင် ပြန်ခေါ်ရန်ပင် မှီလိုက်မည် မဟုတ်သည်ကို တွေးတောကာ စိတ်ဖိစီးနေရသည်။
ကလေးတွေကို ပြုစုပျိုးထောင်ရတာက လွယ်မနေဘူး...
****
နောက်ထပ် ပိတ်ရက်တစ်ရက်ပါပင်။
ကလေးလေးနှစ်ယောက်က မီးဖိုချောင်ရှိစားပွဲခုံပေါ်တွင် စာရေးနေကြသည်။ ပိုင်ရှန်းကျစ် နေ့လည်၌ သုံးထောင်စားတော်ဆက်ကို တစ်ကြိမ် ရှာဖွေကြည့်လိုက်သေးသည်။
ထုံထုံနက်ဝေါ့ထဲ ကမ္ဘာသုံးထောင်ကို ဘယ်လိုဝင်ရောက်ရမည်ဆိုသည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မရှာတော့ဘဲ ပိုင်ရှန်းကျစ် သူ့အာရုံများကို သုံထောင်စားတော်ဆက်ထံသို့ ပြောင်းလဲလိုက်သည်။ ကမ္ဘာသုံးထောင်နှင့် ဟွားနိုင်ငံအကြား တစ်ယောက်ယောက်ကသာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့လျှင် ယေဘုယျအားဖြင့် ၎င်းသည် သုံးထောင်စားတော်ဆက်ပင် ဖြစ်လိမ့်မည်။
(T/N- ဆိုလိုတာက သုံးထောင်စားတော်ဆက်ကနေတစ်ဆင့်ပဲသွားနိုင်မှာ ဆိုင်က ကြားခံနေရာ တစ်ခုလို့ပြောချင်တာပါ)
သူ စုံစမ်းရန် လျိုချင်းရှန်ကိုပင် ခေါ်လိုက်သေးသည်။ ဝူထုန်လမ်းရှိ အိမ်များမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က ဆောက်ခဲ့ခြင်းဖြစ်ကာ သုံးထောင်စားတော်ဆက်ကိုလည်း ထိုအချိန်ကပင် ဆောက်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်သားများနှင့် ပတ်သတ်၍ ထူးထူးခြားခြားမရှိခဲ့ဘဲ သာမာန်အလုပ်သမားများသာ ဖြစ်သည်။
အဆောက်အဦးနှင့်ပတ်သတ်သော အမှားမရှိ၍ သုံးထောင်စားတော်ဆက်ထဲရှိ ပစ္စည်းများပေါ်သို့ ပိုင်ရှန်းကျစ် အာရုံစိုက်လိုက်သည်။ အထူးသဖြင့် အစားအစာများ လတ်ဆတ်အောင် သိုလှောင်ထားသောအခန်းငယ်လေးဖြစ်သည်။ သူ ကြမ်းပြင်နှင့် နံရံကြွေပြားများကိုပါ တစ်လက်မချင်း အသေးစိတ်
စေ့စေ့စပ်စပ် စစ်ဆေးခဲ့သော်လည်း မည်သည်မှ မတွေ့ခဲ့ပေ။ ယနေ့ နားရက်ဖြစ်နေ၍ အပြင်ဘက်ဧရိယာကို အဓိကထားကာ စစ်ဆေးနေချိန်တွင် ရုတ်တရက် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။
ဖုန်းထုတ်ပြီး ခေါ်သူကို ကြည့်လိုက်ရာ လျိုချင်းရှန်ဖြစ်သည်။
" ဟယ်လို ချင်းရှန်...ဘာဖြစ်လို့လဲ..."
ပိုင်ရှန်းကျစ် ဖုန်းကိုင်လိုက်သည်။
ဖုန်းတစ်ဘက်ရှိ လျိုချင်းရှန်အသံက အားရဝမ်းသာဖြစ်နေကာ
"ချင်းရှန် ဟီး ဟီး ဟီး...ငါကောင်မလေးရသွားပြီ!"
ပိုင်ရှန်းကျစ် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ရယ်မောလိုက်သည်။
"ဂုဏ်ပြုပါတယ်ကွာ..."
လျိုချင်းရှန် တခစ်ခစ် ရယ်မောလိုက်သညိ။
"ကောင်းပြီ ဒါဆို...ငါမင်းကိုအနှာင့်အယှက် ပေးလိုက်ဦးမယ်...မင်းငါတို့ကို ချက်ကျွေးချင်လား..."
ပိုင်ရှန်းကျစ် တိုက်ရိုက်ပြောလိုက်သည်။
"သေချာတာပေါ့...မင်းဘာစားချင်လဲပြောလိုက်... ဟင်းပွဲနည်းနည်းလောက်ချက်တာက ပြဿနာမရှိပါဘူး...ဒါပေမဲ့ စားပွဲဝိုင်းစာအနည်းငယ်လောက် ချက်ရတာကျ တခြားကိစ္စ ဖြစ်သွားပြီနော်..."
လျိုချင်းရှန် မြန်မြန် ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး အဲ့လိုမဟုတ်ဘူး...ဟင်းလျာနည်းနည်းလောက်ကတင် လုံလောက်ပါပြီ...လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကမှ ငါနဲ့ရှောင်လင်း စတွဲတာလေ...အဲ့ဒါ သူ့သူငယ်ချင်း နည်းနည်းလောက်ကို ညစာ ဖိတ်ကျွေးချင်လို့...ငါစားဖူးသမျှထဲမှာ မင်းနေရာကအကောင်းဆုံးပဲ... အဲ့ကြောင့် မင်းဆီကဟင်းလျာတစ်ဝိုင်းလောက် မှာမလို့...စိတ်မပူပါနဲ့ ဒီနေ့က မင်းပိတ်ရက်မို့ ငါနှစ်ဆပေးမယ်..."
ပိုင်ရှန်းကျစ် ပြုံးလိုက်သည်။
"ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး...မင်းကောင်မလေး ရသွားတယ်ဆိုတော့ ဒါကိုဂုဏ်ပြုပွဲလို့မှတ်လိုက်..."
လျိုချင်းရှန် အလျင်အမြန် ငြင်းလိုက်သည်။
"မလုပ်နဲ့ မလုပ်နဲ့..."
ပိုင်ရှန်းကျစ် ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်...မင်းတို့အားလုံး ညနေမှ လာမှာလား...ငါအဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်မယ်..."
လျိုချင်းရှန် တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ...အချိန်မှီ အရောက်လာခဲ့မယ်..."
ဖုန်းချလိုက်ပြီးနောက် ကလေးလေး နှစ်ယောက်ကသူ့အားကြည့်နေကြသည်။
"ဦးလေး...ဒီည လူတွေလာမှာလား..."
ပိုင်ရှန်းကျစ် သူတို့ခေါင်းလေးအား ပွတ်လိုက်သည်။
"အင်း..သူက ဦးလေးသူငယ်ချင်းတစ်ယောက်လေ...
မင်းတို့အရင်က သူ့ကိုတွေ့ဖူးတယ် ဦးလေးလျိုချင်းရှန်..."
ကလေးလေးနှစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက် လျိုချင်းရှန်ကို တကယ် တွေ့ဖူးသည်။ ယခင်က သုံးထောင်စားတော်ဆက်တွင် နေသောကြောင့် ဝူထုန်လမ်းက လူများကို လုံးဝရှောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ပိုင်ရှန်းကျစ်က သူတို့ကို လူတွေ့၏အမြင်မှာ ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် လူတွေက ရှောင်လုံ၏ ဦးချိုများကို မမြင်နိုင်ဘဲ ရှောင်လု၏ အစိမ်းရောင် မျက်လုံးနှင့် ဆံပင်များအတွက်လည်း သွေးနှောကလေး ဖြစ်သောကြောင့်ဟု ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။ ထို့ကြောင့် ဝူထုန်လမ်းမှ လူများက ကလေးနှစ်ယောက်အကြောင်း သိကြပြီး ကလေးနှစ်ယောက်ကလည်း ဆိုင်သို့ မကြာခဏလာလေ့ရှိသော လျိုချင်းရှန်အား သဘာဝကျကျပင် မြင်ဖူးသည်။
လျိုချင်းရှန်၏ တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ပိုင်ရှန်းကျစ်က ကလေးနှစ်ယောက်အား အပေါ်ထပ်၌ စောင့်နေရန် ပြောလိုက်သည်။ တံခါးပိတ်ကာ ကုန်ပစ္စည်းများဝယ်ရန် စျေးသို့ သွားလိုက်သည်။ ဟွားနိုင်ငံရှိ စတိုခန်းထဲ၌ သိုလှောင်ထားသောအစားအစာများနှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမှ ရှာမတွေ့သော်လည်း ဆမ့်ကျင်ဘက်အားဖြင့် လျိုချင်းရှန် မိသားစု၏ ကျန်းမာရေးမှာ တိုးတက် ကောင်းမွန်လာခဲ့သောကြောင့် အာကာသအကွဲကို သုံးဖို့မလိုအပ်လျှင် မသုံးတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဖြတ်သန်းသွားလာရန် လိုအပ်သော အကာသအကွဲများ ကမ္ဘာပေါ်တွင် မရှိပေ။
အိမ်၌ ကလေးများရှိနေ၍ ပိုင်ရှန်းကျစ် လျင်မြန်စွာ ကုန်ပစ္စည်းများ ဝယ်ယူလိုက်သည်။ စားပွဲတစ်ဝိုင်း၌ အများဆုံးလူ ၁၀ ယောက်ထိဆံ့ပြီး ကြက်၊ ဘဲ၊ ငါး၊ ဝက်၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်များပါ ဝယ်ယူလာခဲ့သည်။ ဆိုင်သို့ မြန်မြန်ပြန်လာပြီး ကလေးနှစ်ယောက်ကို အောက်ထပ်သို့ ဆင်းလာခိုင်းလိုက်သည်။ သုံးနာရီ ထိုးခါနီးပြီဖြစ်ပြီး အချို့ဟင်းများက ပြုတ်ရန် လိုသေးသဖြင့် စတင်ပြင်ဆင်လိုက်သည်။
ကုန်ပစ္စည်းများ ဝယ်စဥ်ကတည်းက အစားအသောက်စာရင်းကို သူ့စိတ်တွင်း၌ စီစဥ်ထားပြီးဖြစ်သည်။ ဝက်ဗိုက်သားနှပ်ပွဲကြီးတစ်ပွဲ၊ ရေနွေးငွေ့နှင့် ပေါင်းထားသော ဝက်နံရိုးတစ်ပွဲ၊ မုန်လာဥချဥ်နှင့်ဘဲစွပ်ပြုတ်၊ ကြက်သားကို ဂျင်း ကြက်သွန်နီ အစရှိသဖြင့် ရော၍ပြုတ်ပြီး အလွှာလိုက်လှီးထားသော ကြက်ပေါင်းတစ်ပွဲ၊ ကြက်သွန်မြိတ်နှင့် ရောကြော်ထားသော အမဲသားမွှေကြော် တို့ကိုလုပ်မည် ဖြစ်ပြီး ဝယ်လာသောငါးသည်တော့ သာမာန်ငါးကြင်းသာဖြစ်၍ ချက်လိုက်မည်။ အဓိကဟင်းလျာအနေနှင့် ပြည့်စုံသွားပြီ ဖြစ်၍ အရံဟင်းအတွက်မူ ဂေါ်ဖီနှင့် တို့ဖူးစွပ်ပြုတ်၊ ကမာဆော့စ်နှင့်ဆလတ်ရွက်မွှေကြော်ပင်။ စားပွဲဝိုင်းကို ဤဟင်းများဖြင့် တည်ခင်းမည်ဖြစ်သည်။
သူ့စိတ်ထဲတွင် ဟင်းလျာများ ချက်ပြုတ်ရမည့် အဆင့်များကို အဆင့်ဆင့် တွေးတောလိုက်ကာ ဓါးကို ကောက်ကိုင်၍ စတင်ချက်ပြုတ်တော့သည်။
----------------------------
လျိုချင်းရှန်၏ ကောင်မလေးအမည်မှာ ကျိုးလင် ဖြစ်ပြီး S မြို့ရှိ အနုပညာကောလိပ်မှ ဘွဲ့ရခဲ့သည်။
လက်ရှိ၌ ထရိန်နင် အဖွဲ့အစည်းတစ်ခု၌ အချိန်ပိုင်းဆရာမတစ်ယောက်အနေဖြင့် အလုပ်ဝင်လျက်ရှိပြီး လျိုချင်း၏ ပန်းချီဆရာမအဖြစ် တွေ့ဆုံခဲ့သည့် နေရာလည်း ဖြစ်သည်။
သူတို့နှစ်ယောက်၏ တွေ့ဆုံမှုက သာမာန်သာ ဖြစ်ပြီး မြင်မြင်ချင်းအချစ်ကဲ့သို့သော စိတ်လှုပ်ရှားစရာများ မရှိခဲ့ပေ။ လျိုချင်းရှန်က ထူးထူးထွေထွေ ချောမောနေခြင်းမရှိဘဲ ကျိုးလင်သည်လည်း ထူးထူးခြားခြား လှပနေသည်မျိုး မဟုတ်ချေ။ သူတို့နှစ်ယောက်ကဲ့သို့ သာမာန်ရုပ်ရည်သာရှိသော သူများအဖို့ ဘဝ၌ ဒရာမာဆန်ဆန် အချစ်ဇာတ်လမ်းမျိုး ဖြစ်လာနိုင်စရာအကြောင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များ ကြီးထွားလာပြီး အချစ်ဆိုသောအရာ ပေါ်ပေါက်လာခဲ့ခြင်းသာ ဖြစ်သည်။
သူမက ဆင်းရဲသော မိသားစုအခြေနေမှ လာသူဖြစ်ပြီး အာဏာမရှိသော မိသားစုတစ်ခုမှ သာမာန်စရိုက် လက္ခဏာရှိသော ကလေးတစ်ယောက်သာလျှင် ဖြစ်သည်။ သူမ၌ သိမ်ငယ်စိတ် အနည်းငယ်ရှိပြီး ရှက်တက်ကာ အကျင့်စရိုက်မှာ မဝံ့ရဲပေ။ ထို့ကြောင့် လတ်တလောတွင် အချိန်ပိုင်း ပန်းချီဆရာမတစ်ယောက် အနေဖြင့်သာ လုပ်ကိုင်နေရခြင်း ဖြစ်သည်။ လစာ မမြင့်မားသော်လည်း သူမအလုပ်ကို နှစ်သက်နေဆဲဖြစ်သည်။ ထိုနေရာတွင် သူမအတွက် အရေးပါသော အခြားသူနှင့် တွေ့ဆုံရမည်ဟု မထင်ထားခဲ့ပေ။
လွန်ခဲ့သောရက်အနည်းငယ်က သူတို့နှစ်ယောက်စတင် တွဲခဲ့ကြသည်။ ကျိုးလင်က ဟန်ဆောင်ရာတွင် မတော်သောကြောင့် သူမစပ်တူငှားသောအခန်းထဲသို့ ပြောင်းသွားချိန်တွင် သူမအခန်းဖော်များက သူမ S မြို့မှ ဒေသခံကောင်လေးတစ်ယောက်နှင့် ချစ်သူဖြစ်နေမှန်း သိသွားကြသည်။
ထို့ကြောင့် သူတို့အား ညစာလိုက်ကျွေးပါရန် သူမအား စနောက်ကြတော့သည်။ သူမ အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့သော်လည်း သူတို့က သူမစကားအား လစ်လျူရှုကာ ဆက်လက် တိုက်တွန်းနေဆဲပါပင်။ အဆုံး၌ လျိုချင်းရှန်အား ထိုအကြောင်း ပြောပြရန် ဖုန်းခေါ်လိုက်သည်။ မူလက သူပါ သူမနှင့်အတူ ပူးပေါင်း၍ ငြင်းဆန်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်စွာပင် သူက(လျိုချင်းရှန်က) အဆင်သင့် သဘောတူလိုက်သည်။
သဘောတူထားသည့်နေ့ရောက်သောအခါ သူမ အဝတ်အစားများလဲ၍ အခန်းဖော်နှစ်ယောက်နှင့်အတူ ထွက်လာခဲ့သည်။ လှေကားထစ်မှ ဆင်းလျှင်ဆင်းခြင်း လမ်းနံဘေး၌ ရပ်ထားသော Mercedes Benz ကားကိုတွေ့လိုက်ရသည်။ အခန်းဖော်တစ်ယောက် ဖြစ်သော အိုက်ကျားယွင်က ပြုံးကာ ပြောလိုက်သည်။
"ငါ့ကောင်လေးက ငါ့ကိုခေါ်ဖို့ ရောက်နေပြီ...နင်တို့ငါနဲ့လိုက်လို့ရတယ်..."
အခြားအခန်းဖော် တစ်ယောက်ဖြစ်သော ကျန်းကျန်းက အနီးသို့ တဖြည်းဖြည်းမောင်းလာသော BMW ကိုညွှန်ပြကာ ပြောလိုက်သည်။
"မလိုဘူး...ငါ့ကောင်လေးလည်း ဒီရောက်နေပြီ..."
အိုက်ကျားယွင်က BMW ကို သာမာန်ကာလျှံကာ တစ်ချက်ကြည့်ပြီး ကျိုးလင်းကိုကြည့်လိုက်သည်။
"ရှောင်လင် နင်ငါနဲ့လိုက်ချင်လား..."
ကျန်းကျန်းကလည်း ဝင်ပြောလာသည်။
"ရှောင်လင် ငါ့ကားထဲမှာလည်း နေရာလွတ်တယ်..."
ကသိကအောက်ဖြစ်စွာ ကျိုးလင်သူမဖုန်းကို ယမ်းပြလိုက်သည်။
"နင်တို့နှစ်ယောက် ဘာလို့ အရင်မသွားလိုက်တာလဲ...လိပ်စာက ဝူထုန်လမ်းမှာ... စျေးဆိုင်ထဲက လမ်းအပြင်ဘက်မှာ ကားရပ်လို့ရတယ်...ငါ့ကောင်လေးက လမ်းမှာရောက်နေပြီရယ်..."
အိုက်ကျားယွင် လှောင်ပြုံး ပြုံးလိုက်သည်။
"ကောင်းပြီလေ...အဲ့ဆို ငါအရင်သွားနှင့်မယ်...နင်နဲ့
နင့်ကောင်လေးလည်း မြန်မြန်လာသင့်တယ်!"
ကျန်းကျန်းက နောက်ထပ် ဘာမှမပြောတော့ဘဲ ကားထဲဝင်ကာ ထွက်သွားတော့သည်။ နှစ်ယောက်လုံးအဝေးသို့ မောင်းသွားသည်ကို ကြည့်လိုက်ပြီး သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ သူမနှင့် အခန်းဖော်နှစ်ယောက် ဆက်ဆံရေးက သိပ်မကောင်းလှချေ။ သူတို့အားလုံး၌ အလုပ်ရှိသော်လည်း တူညီသော စာမျက်နှာပေါ်တွင် မဟုတ်မှန်း ထင်ရှားလှသည်။
(T/N- အလုပ်ရှိတာခြင်းတူပေမဲ့ အခြေအနေခြင်းကွာတာကိုပြောတာပါ)
လျိုချင်းရှန် စိတ်အားထက်သန်စွာ သဘောတူ၍သာမဟုတ်ပါလျှင် သူတို့၏စီစဥ်မှုကို လက်ခံလိမ့်မည် မဟုတ်ပေ။ သို့သော် ယခု ဤသို့ ဖြစ်လာခဲ့ပြီး ယနေ့ညကို ဖြစ်နိုင်သမျှ မြန်မြန် ကုန်လွန်သွားဖို့ မျှော်လင့်သည်။
သုမထိုသို့ တွေးနေချိန်တွင် လျိုချင်းရှန်ရောက်လာလာခဲ့သည်။ သူ့ကို တွေ့သောအခါ သူမဆူလိုက်သည်။
"ဒါတွေအားလုံး ရှင့်အမှားတွေချည်းပဲ..."
လျိုချင်းရှန် ကားရပ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မျက်နှာကို ထိလိုက်သည်။
"ဘာမှားလို့လဲ.."
ကျိုးလင် သူ့ကို မျက်နှာထားတင်းတင်းဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ လျှပ်စစ်စကူတာ၏ အနောက်ဘက်ကို တိုက်ရိုက်ဝင်ထိုင်လိုက်သည်။
နောက်ထပ် ရှင်းပြဖို့ဖိအားမပေးတော့ဘဲ ဤကိစ္စကိုဘေးသို့ ပို့ထားလိုက်တော့သည်။ သူ့ကောင်မလေးနှင့် အတူရှိနေရခြင်းသည် ပြိုင်ပွဲကိုအနိုင်ရသည်ထက်ပင် ပိုစိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းသည်။
လျှပ်စစ်စကူတာအား တစ်လမ်းလုံးစီးလာခဲ့ပြီး ဝူထုန်လမ်းအနီးသို့ ရောက်ခါနီးတွင် ယာဥ်ကြောပိတ်ဆို့နေသည်နှင့် ဆုံသွားသည်။ ထိုအချိန်၌ လျှပ်စစ်စကူတာ၏ အသုံးဝင်မှုကြီးက ချက်ချင်းပင် သိသာထင်ရှားလာခဲ့သည်။ Sedan ကားများ မသွားနိုင်သော နေရာလွတ်လေးများအား လွယ်လွယ်ကူကူ တိုးဝင်သွားလျက် လျှပ်စစ်စကူတာလေးက ဘယ်ညာကွေ့ဝိုက်သွားကာ ယာဥ်ကြောပိတ်ဆို့နေသည်ကို လွယ်ကူစွာ ဖြတ်ကျော်လာခဲ့သည်။ ယာဥ်တန်းရှည်ကြီးက ခရုများကဲ့သို့ ဖြည်းညင်းစွာ ရွေ့နေချိန်တွင် သူတို့၏စကူတာလေးက အံ့ဩစရာကောင်းစွာပင် ထွက်လာခဲ့သည်။
လျိုချင်းရှန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ရှောင်လင် တွေ့လား...ကားဘယ်လောက်ကြီးကြီးကြီး သေးသေးလေးတွေကို မယှဥ်နိုင်တဲ့နေရာ ရှိတယ်..."
ကျိုးလင်လည်း ရယ်ချင်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး နောက်ခုံ၌ထိုင်ကာ လျိုချင်းရှန်၏ အဝတ်ကိုဆွဲလျက် မရပ်မနား တောက်လျှောက် ရယ်မောနေခဲ့သည်။
သူတို့နောက် ကားတန်းရှည်ကြီးထဲက အနက်ရောင် Mercedes-Benz က ရုတ်တရက် စကားပြောလာခဲ့သည်။
"အဲ့ဒါ မင်းအခန်းဖော် မဟုတ်ဘူးလား..."
အိုက်ကျားယွင် သူမခေါင်းကိုမော့ကြည့်ကာ ချက်ချင်း လှောင်ပြုံး ပြုံးလိုက်သည်။
"Tsk..လူဆင်းရဲလေးပဲ...ဒေသခံဆိုလို့ ပိုက်ဆံရှိမယ်ထင်ထားတာကို..."
သူမကောင်လေးက သူမစကားကို အံ့သြသင့်မသွားခဲ့ဘဲ ရယ်မောကာ
"S မြို့ကဒေသခံတွေထဲတောင် လူဆင်းရဲတွေ ရှိသေးတယ်လေ...သူတို့အားလုံး ဘယ်လိုလုပ်ချမ်းသာမှာလဲ..."
ထိုအချိန်မှာပင် သူတို့နှစ်ဦးလုံး မကြာခင် ကြုံရမည့်စုဝေးပွဲကို အထင်သေးသွားကြသည်။
🥘