အပိုင်း ၇၃
Viewers 26k

Part 73


"ဒီနေ့သူက စီစီရဲ့မွေးနေ့ပွဲမှာအရမ်းလှအောင်ပြင်လာတာ၊ ရိရန်ကို ဖျား​ယောင်းချင်နေတာ မဟုတ်ဘူးလား" ရှုကျားဟုန်သည် အနည်းငယ်မနာလိုသောအသံဖြင့် ထပ်ပြောလာသည်။


သူ့ဘေးမှ အခြားသူငယ်ချင်းသည်လည်း လှောင်ပြောင်စွာ "ဝမ်ရိရန်က သူနဲ့စေ့စပ်ပွဲကိုဖျက်ထားတာတောင် သူက လာရဲသေးတယ်နော်။"


ဝမ်ရိရန်ကို ကြိုက်​​နေသော မိန်းကလေးများသည် များပြားပေမဲ့ ဝမ်ရိရန်သည် အန်းချင်ယုကိုသာသဘောကျသည်။ သူတို့သည် အရင်တုန်းက ချီကျန်းကျန်းကို ဒုက္ခပေးတတ်ကြပေမဲ့ အကြောင်းတစ်ခုခုကြောင့် အန်းချင်ယုကိုတော့ ကောင်းမွန်စွာဆက်ဆံခဲ့ကြပါသည်။


"စီစီကလည်း ဘာလို့ ရုတ်တရက်ကြီး သူနဲ့ ဆက်ဆံရေးကောင်းလာတာလဲ။ သူတို့နှစ်​​ယောက်​က အရင်က ရေနဲ့မီးလို မတည့်​ကြဘူးမလား။ စီစီဆို ချီကျန်းကျန်းကို နေ့တိုင်းဆဲဆိုနေခဲ့ပြီးတော့ အခုကျ ပြန်အဆင်ပြေသွားတယ်…" ရှုကျားဟုန်၏ပါးစပ်သည် တွန့်သွားသည်။


အန်းချင်ယု၏မျက်လုံးများတွင် အရိပ်အယောင်တစ်ခုဖြတ်သန်းသွားသည်။ ခဏအကြာတွင် သူမသည် အသံကျယ်ကျယ်ဖြင့် "ချီကျန်းကျန်း ဒီနေ့ အရမ်းလှနေလိုက်တာ… သူအိမ်ကနေထွက်ပြေးသွားခဲ့တာတောင် ဒီလိုလှတဲ့အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကို တတ်နိုင်သေးတယ်။ သူ့လည်ပင်းနားက လည်ဆွဲကိုကြည့်၊ တစ်ချက်ကြည့်လိုက်တာနဲ့ စျေးအတော်ကြီးမဲ့ပုံ…"


သူမ၏သူငယ်ချင်းများစွာသည် လှမ်းကြည့်လိုက်ကြသည်။


"ဟင်?" ရှုကျားဟုန် အံ့အားသင့်သွားသည်။


"ဘာ​ဖြစ်လို့လဲ?" အန်းချင်ယုသည် သူမကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။


ရှုကျားဟုန်က သူမရဲ့ပါးစပ်ထောင့်ကို မြှောက်ပင့်လိုက်ပြီး သရော်လှောင်ပြောင်မှု အပြည့်နဲ့ "ဟားဟား၊ ဒီချီကျန်းကျန်းက ​​တကယ့်ကို သနားစရာပဲ​နော်၊ အတုတောင် ဝတ်ရဲတာ မယုံနိုင်စရာ။ သူ့လည်ပင်းပေါ်က လည်ဆွဲကို ငါသိတယ်၊ တော်တော်လေးအစစ်နဲ့တူသားပဲ။"


အန်းချင်ယု၏နှုတ်ခမ်းမှအပြုံးသည် အနည်းငယ် ကျယ်​ပြန့်လာသည်။ တင်းမိသားစုနဲ့ အန်းမိသားစုဟာ ကျိကျိတက် မချမ်းသာပေမယ့် သူမသည် ငယ်ငယ်လေးကတည်းက အဆင့်အတန်းမြင့်မြင့် နေချင်ခဲ့တာကြောင့် အဖိုးတန် ကျောက်မျက်ရတနာတွေနဲ့ ဖက်ရှင်များကို လေ့လာခဲ့ပါသည်။


ချီကျန်းကျန်း၏လည်ပင်းရှိလည်ဆွဲသည် ကြည့်လိုက်သည်နှင့်ပင် ရိုးရှင်းသည့်ပုံမပေါ်ချေ။ တကယ့်လက်ဝတ်ရတနာအစစ်ဆိုလျှင် စျေးကြီးမှာသေချာသည်။ သူမသည် ဘယ်လိုလုပ် ဒီလိုဈေးကြီးတဲ့ လက်ဝတ်ရတနာတွေကို ဝယ်ဖို့ ပိုက်ဆံရှိမည်နည်း။


ဒီလိုလက်ဝတ်ရတနာမျိုး ချီကျန်းကျန်းမှာလည်း မရှိခဲ့ဖူးပေ။


"သွားမယ်၊ ပွဲကြည့်ရအောင်။"  ရှုကျားဟုန်သည် အန်းချင်ယု၏လက်ကို ဆွဲကာ ပြုံးရင်း ချီကျန်းကျန်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။


ချီကျန်းကျန်းသည် မုန့်စားနေပါ​သည်။  ဒီနေ့က ဝမ်စီစီရဲ့ မွေးနေ့ဖြစ်တာကြောင့် ကိတ်မုန့်အမျိုးအစားပေါင်းများစွာရှိ​နေသည်။ ပြီးရင် ပွဲ၏အဓိကဖြစ်သည့် ကိတ်အကြီးကြီးတစ်လုံးကိုလည်း လှီးဖြတ်ဦးမည်ဖြစ်သည်။


ဝမ်စီစီသည် သူမဘေးတွင် ထိုင်နေသည်။


ဒီညက သူမ၏မွေးနေ့ပွဲဖြစ်တာကြောင့် လှည့်ပတ်သွားလာနေရမည်ဖြစ်ပေမဲ့ ဘာကြောင့်လဲမသိ ချီကျန်းကျန်း၏ ဘေးတွင်သာ ထိုင်နေချင်သည်။


သူမဘေးတွင် လူများစွာ ဝိုင်းနေပြီး စကားပြောနေကြကာ ချီကျန်းကျန်းသည်တော့ ကိတ်မုန့်သာစား​နေပြီး စကားမပြောဖြစ်ရင်တောင် ချီကျန်းကျန်းရဲ့ဘေးမှာသာ ထိုင်ချင်နေခဲ့ပါသည်။


"ဟားဟား၊ ငါလည်းအဲ့လိုထင်တာပဲ။" ဝမ်စီစီက သူမကို လာဂုဏ်ပြုတဲ့လူများကို ပြုံးပြလိုက်သည်။


ချီကျန်းကျန်းက ကိတ်မုန့်စားပြီးသွားချိန်တွင် ရေဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ​ရေကို နှစ်ခွက်​လောက် သောက်လိုက်သည်။


ဒီအခိုက်အတန့်တွင် အနောက်တွင်လူများစွာပါလာသော ရှုကျားဟုန်သည် အန်းချင်ယုကို လက်ဆွဲထားကာ လမ်းလျှောက်လာသည်။ သူတို့မျက်နှာပေါ်က အပြုံးတွေကို ကြည့်လိုက်ချိန် ကောင်းသောရည်ရွယ်ချက်ဖြင့်မဟုတ်သည်ကို နားလည်လိုက်သည်။


ဝမ်စီစီသည် စကားဝိုင်းကို ရပ်တန့်ကာ မျက်မှောင်ကြုတ်ပြီး သူတို့ကို ကြည့်လိုက်သည်။


"ချီကျန်းကျန်း နင့်လည်ပင်းပေါ်က ဆွဲကြိုးက အရမ်းလှတာပဲနော်။" သူမနှင့် အသက်အရွယ်တူသည့် အမျိုးသမီးတစ်ဦးက ပြောလိုက်တယ်။


ချီကျားဟုန် ဝတ်ကျေတန်းကျေ ခေါင်းညိတ်လိုက်သည်။


စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလိုက်တာ။


"အဟက်..." ရှုကျားဟုန်က ပေါ့ပါးစွာ ရယ်လိုက်သည်။


"ဘာဖြစ်လို့လဲ။" အန်ချင်ယုသည် စိတ်ရှုပ်ထွေးနေသော အသံဖြင့် မေးလိုက်သည်။


"ကျားဟုန်၊ နင်ဘာကိုရယ်နေတာလဲ။ ​ဝေ​ဝေက ချီကျန်းကျန်းကို ဆွဲကြိုးလှတယ်ဆိုပြီး ချီးကျူးလိုက်တာလေ။ ဘာလို့ရယ်နေတာလဲ။"


"ဟုတ်တယ်၊ ငါလည်း ချီကျန်းကျန်းရဲ့လည်ဆွဲက အရမ်းလှတယ်လို့ထင်တာပဲ၊ ကြည့်လိုက်တာနဲ့ကို စျေးကြီးမဲ့ပုံပေါ်တယ်။"


"ဟားဟားဟား၊ ချီကျန်းကျန်း နင့်လည်ဆွဲကိုဘယ်မှာဝယ်ခဲ့တာလဲ"


"ဟုတ်တယ်၊ ငါတို့လည်း ဝယ်ချင်လို့။"



အားလုံးက တစ်ချိန်တည်းမှာ စကားပြောနေကြပြီး ရုတ်တရက် တက်​ကြွ​သော လေထု​ဖြစ်သွားတယ်။


ထိုနေရာ၌ လူများစုဝေးလာကြပြီး အမျိုးသားများအုပ်စုသည်လည်း ရောက်လာကြသည်။ ဝမ်ရိရန်ပင် မှုန်ကုပ်ကုပ်မျက်နှာဖြင့် ဆွဲ​ခေါ်ခံလာရသည်။


ချီကျိုးချန်သည် ချီကျန်းကျန်းကို လူတွေဝိုင်းရံလိုက်သည်နှင့် တပြိုင်နက် ရောက်လာသည်။


"အဟက်" ချီကျန်းကျန်းက မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။


သူမတို့ပတ်ဝန်းကျင်က လူများသည် အံ့အားသင့်သွားကြပြီး သူမကို မရှက်ဘဲ ကျယ်လောင်စွာ ရယ်မောဖို့ကို မမျှော်လင့်ထားခဲ့ကြပါဘူး။


ဝမ်စီစီသည်လည်း ထိတ်လန့်သွားသည်။


ချီကျန်းကျန်းသည် ခေါင်း​ကိုစောင်းပြီး ဝမ်စီစီအား "သူတို့က လူရွှင်တော်တွေနဲ့တူတယ်လို့ မထင်ဘူးလား။ ဟာသတွေလုပ်နေကြတဲ့ အဓိကလူရွှင်တော်နဲ့ လက်ထောက်လူရွှင်တော်တွေနဲ့ တူသလားလို့။"


"ဟားဟား" ဝမ်စီစီသည် သူမ၏ လက်ထဲမှ ဝိုင်ခွက်ကို မှောက်သွားနီးပါးပင်။


"နင်" ရှုကျားဟုန် ဒေါသထွက်သွားသည်။


အန်းချင်ယုက သူမကို ဆွဲလိုက်ပြီး သူမ၏အေးစက်သော လက်ချောင်းများက ရှုကျားဟုန်၏ လက်မောင်းကို ထိလိုက်ချိန် ချက်ချင်းပင် သူမ၏ အသိများပြန်ဝင်လာခဲ့သည်။


ချီကျန်းကျန်းနဲ့ ရန်​ပြိုင်ဖြစ်စရာ မလိုပါဘူး၊ သူက နောက်ပိုင်းကျ အရှက်ကွဲရမှာပဲဟာကို။


ရှုကျားဟုန်သည် တည်ငြိမ်သွကာ "အိုက်ရား၊ ချီကျန်းကျန်းရဲ့ လက်ဝတ်ရတနာတွေက အရမ်းစျေးကြီးတာပေါ့။ ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတာ၊ လိုချင်ရင်တောင် ဝယ်လို့မရဘူး။"


"အမ်... အဲ့လောက်တောင်လား။" တယောက်ယောက်က ချက်ချင်းပင် ထပြောသည်။


ရှုကျားဟုန်သည် ရှေ့သို့ တိုးလာပြီး ချီကျန်းကျန်း လည်ပင်း​ပေါ်​ရှိ လည်ဆွဲကို စိုက်ကြည့်ကာ သူမ၏ အသံသည် လူတိုင်းကြားနိုင်လောက်အောင် ပြတ်သားနေပြီး...


“ဟုတ်တာပေါ့၊ ဒါက ငါ့အဒေါ်ရဲ့လက်ဝတ်ရတနာ ကုမ္ပဏီက တန်ဖိုးအကြီးဆုံးcollectionလေ။ "နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်" လို့ခေါ်တယ်။ ဒါက ကမ္ဘာပေါ်က ဈေးအကြီးဆုံး နီလာတွေနဲ့ လုပ်ထားပြီးတော့ နီလာတစ်ခုချင်းစီတိုင်းက အရည်အသွေးအရမ်းမြင့်ပြီး အရွယ်အစားလည်းတူတယ်။ ဒီလိုလည်ဆွဲကို ဖန်တီးရတာ အရမ်းခက်တယ်။ ဈေးကောင်းကောင်းသာမရရင် ရောင်းမှာမဟုတ်ဘူး။ အရင်နှစ်တုန်းက ကမ္ဘာ့လက်ဝတ်ရတနာပြပွဲမှာ ပြခဲ့ပါတယ်။ အဲ့အချိန်တုန်းကတောင် ပေါက်စျေးက သန်း၂၃၀ ရှိတယ်..."


ဘုန်း...


ဗုံးကျဲခံလိုက်ရသလိုပင်။ မွေးနေ့ပွဲရှိလူတိုင်းသည် ချမ်းသာကြကာ တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို တွေ့ဖူးကြသည်။ ယွမ်ထောင်ချီပေးရသော ပိုက်ဆံအိတ်တစ်လုံးကို ဝယ်သည်မှာ သူတို့အတွက် သာမာန်သာဖြစ်ပြီး သန်းပေါင်းများစွာတန်သော လက်ဝတ်ရတနာများလည်း အိမ်တွင်ရှိကြပါသညလ။


ဒါပေမဲ့ သူတို့ဘယ်လောက်ဘဲ ချမ်းသာပါစေ၊ ကျိကျိတက်ချမ်းသာသူများ မဟုတ်ကြသေးပါ။


ငယ်ရွယ်သောအမျိုးသမီးများသည် သူတို့၏ သူငယ်ချင်း မွေးနေ့ပါတီသို့သွားချိန်တွင် သန်း၂၃၀ တန်သော လည်ဆွဲကို မဝတ်ဆင်နိုင်ကြသေးပါ။


ဒါဆို... ချီကျန်းကျန်းရဲ့လည်ပင်းက လည်ဆွဲက အစစ်ဟုတ်နိုင်ပါ့မလား။


ရှုကျားဟုန်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ငါအရင်အပတ်က အဒေါ်အိမ်သွားခဲ့တုန်းက သူတို့ ဒီလည်ဆွဲအကြောင်း ပြောနေတာကို ကြားခဲ့သေးတယ်။  အဒေါ်က သေသေချာချာ သိမ်းထားတယ်တဲ့။ ချီကျန်းကျန်း၊ နင်အိမ်ကထွက်ပြေးလာပြီး ပိုက်ဆံလိုနေတယ်ဆိုတာ ငါတို့အားလုံးသိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ် အတုကိုတောင် ဝတ်နိုင်ရတာလဲ။"


"ဟားဟားဟား"


တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာ ရယ်မောကြသည်။


သူတို့သည် အန်းချင်ယုနှင့် ဆက်ဆံရေးကောင်းသည်ဖြစ်စေ ပုံမှန်ဆက်ဆံရေးသာဖြစ်စေ အခုအချိန်တွင်တော့ ချီကျန်းကျန်းကို လှောင်ပြောင်စွာ ကြည့်နေခဲ့​ကြသည်။


သူတို့အတွက် အတုဝတ်တာက စျေးပေါတဲ့ အဝတ်တွေဝတ်တာထက် ပိုရှက်စရာကောင်းသည်။


ပြီးတော့ သူမ အတု၀တ်ချင်တယ်ဆိုရင်တောင် သန်းအနည်းငယ်​လောက်သာတန်သော လည်ဆွဲကိုသာ ဝတ်သင့်ပါတယ်၊ ဒါဆို လူတွေက ဒီအကြောင်းကို သေချာပေါက်ကြီး ထုတ်ပြောကြမယ်မဟုတ်ပေ။ ဒါပေမယ့် ချီကျန်းကျန်းကတော့ သန်း၂၃၀တန် လက်ဝတ်ရတနာကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားခဲ့တာဆိုတော့။


တစ်ယောက်ယောက်က ဖော်လိုက်မည်ကို သူမ မကြောက်ဘူးလား။


ရှုကျားဟုန် မပြောခင်က သူမလည်ပင်းပေါ်က လည်ဆွဲသည် အတုဟု သူတို့ တကယ်ကို မထင်ထားခဲ့ပါဘူး။ နီလာများအားလုံး၏ တန်ဖိုးသည် အလွန်မြင့်မားသည်။ ထိုကဲ့သို့နီလာများသည် ပုံမှန်အားဖြင့် collectionများတွင်သာရှိတတ်​ကြပြီး သိပ်မမြင်ဖူးကြချေ။


ဒါ့ကြောင့် သူတို့သည် ဒါကို မမှတ်မိတာဖြစ်ပါသည်။


xxxxxxxx