Part 74
"ချီကျန်းကျန်းက အရမ်းသတ္တိရှိလွန်းတာမဟုတ်ဘူးလား။ သန်း၂၃၀တန် လည်ဆွဲအတုကို ထုတ်ဝတ်ရဲတယ်။"
"ပြောရရင် ဒီအတုကအစစ်နဲ့တူသား၊ အရမ်းစျေးကြီးတဲ့ပုံပေါက်တယ်။ စျေးပေါတဲ့ပုံမပေါ်ဘူး။"
"ချီကျန်းကျန်းက လူတွေအများကြီးရှေ့ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'လိုမျိုး တန်ဖိုးကြီးတဲ့ပစ္စည်းကို အတုလုပ်ပြီး ဆွဲရဲတာ တော်တော်းလေးတုံးတာပဲ။"
"ဒါက ရှုကျားဟုန်တို့ အဒေါ်ရဲ့collectionထဲကလေ။ သူ့ကို ဖော်ဖို့ ပြောနေတာပဲ မဟုတ်ဘူးလား"
"ဒီတစ်ခါတော့ သူအရမ်းအရှက်ကွဲနေပြီ။ ငါတောင် သူ့အစားရှက်တယ်။"
…
ချီကျန်းကျန်းသည် ဘာမှပြန်မပြောသလို သူမ၏အမူအရာမှာလည်း အသက်မဲ့ပုံပင်။ သူမ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပေမယ့် သူမအတွေးထဲနစ်ဝင်နေသည်ကိုတော့ ခံစားနေရပါသည်။
သူမရဲ့ အတုကိစ္စကအပေါ်ခံလိုက်ရတာတောင် အတွေးထဲနစ်ဝင်နေသေးတယ်ပေါ့။
ဝမ်စီစီသည်လည်း ထိတ်လန့်သွားပြီး နှုတ်ခမ်းကိုကိုက်ကာ ချီကျန်းကျန်းကို မသိစိတ်မှ ကာကွယ်ပေးခဲ့သည် "ရှုကျားဟုန်၊ ချီကျန်းကျန်း ဘာဝတ်ဝတ် နင်နဲ့ဘာဆိုင်လို့လဲ။ ဒါက ငါ့မွေးနေ့ပွဲနော်၊ ပြဿနာလာရှာနဲ့။"
"စီစီ စိတ်မဆိုးပါနဲ့၊ ဒီကိစ္စက ကျားဟုန်တို့ အဒေါ်ရဲ့ ကုမ္ပဏီနဲ့လည်း ဆိုင်တယ်လေ။ ဒါကြောင့် သူကနည်းနည်း စိတ်ပူသွားတာ၊ နင် နားလည်ပေးလိုက်ပါ။ ကျားဟုန်၊ နင်ရောပဲ။ ဒီကိစ္စကို နှစ်ယောက်တည်း သီးသန့်ပြောလို့လည်း ရနေတာပဲကို။"
အန်းချင်ယုက အခြေအနေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားနေပုံဖြင့် ရှင်းပြသည်။
ဝမ်စီစီပင် သူမ၏စကားထဲတွင် မှားယွင်းသော တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ၊ ပြဿနာကို ချောမွေ့သွားအောင် ဖြေရှင်းပေးနေသည်ဟု ထင်လိုက်သည်။
ဒါပေမယ့် ရှုကျားဟုန်သည်တော့ ကြားလိုက်သည်နဲ့တပြိုင်နက် နားလည်သွားခဲ့ပြီး သူမဟာ ပိုလို့တောင် ရဲရင့်လာပြီး ရှေ့ကို တိုးလာခဲ့သည်။
"စီစီ ငါ ဒီတစ်ခါတော့ ချီကျန်းကျန်းကို သေချာပြောမှ ဖြစ်တော့မယ်။ ငါ့အဒေါ်တို့ရဲ့ collectionတွေကို အတုလုပ်တာက ပေါ့သေးသေးကိစ္စမဟုတ်ဘူး။ ဒါက လက်ဝတ်ရတနာလုပ်ငန်းမှာ အရမ်းကိုညစ်ပတ်တဲ့ ကိစ္စပဲ။ ငါ'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ရဲ့တန်ဖိုးကို သေချာရှင်းလင်းပြီးတော့ အဲဒါက ငါ့အဒေါ်ရဲ့လက်ဝတ်ရတနာကုမ္ပဏီ လက်ထဲမှာရှိနေသေးတယ်ဆိုတာကို လူတိုင်းသိစေရမယ်။"
ဤစကားကို လွန်စွာမှ ဖြောင့်မတ်စွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝမ်စီစီသည် တဆတ်ဆတ်တုန်ရီလာပြီး ခဏကြာအောင် သူမ မည်သို့ ချေပရမည်ကို မသိခဲ့ပေ။
ရှုကျားဟုန်၏ အဒေါ်မိသားစု၏ လက်ဝတ်ရတနာလုပ်ငန်းသည် အလွန်ကြီးမားသည်။ ရှုကျားဟုန်၏မိသားစုမှာ သိပ်အရည်အချင်းမပြည့်မီသော်လည်း သူမသည်လည်း ဒီအသိုင်းအ၀ိုင်းတွင်ရှိနေပါသေးသည်၊ အခုချိန်တွင် သူမသည် သူမ၏အဒေါ်ဘက်မှ ရပ်တည်ပေးချင်နေတာကြောင့် သူမ ဘာပြောနိုင်ပါ့မလဲ။
ဘေးတွင်ရပ်နေသော ဝမ်ရိရန်သည် ချီကျန်းကျန်းကို လေးနက်စွာစိုက်ကြည့်နေပြီး သူ့အမူအရာသည် စိတ်ရှုပ်ထွေးနေပုံပေါ်နေသေးသော်လည်း ထိုစိတ်ရှုပ်ထွေးမှုများထဲတွင် ဖော်မပြနိုင်သော ပျော်ရွှင်မှုအရိပ်အမြွက်တစ်ခုပါ ပါရှိနေသည်။
ကြည့်လေ၊ မင်း ဝမ်ယွီနဲ့ အတူရှိချင်နေပေမဲ့ သူ့ဆီကဘာရနိုင်လို့လဲ။
နေ,နေတဲ့အိမ်က တခြားသူရဲ့အိမ်ဖြစ်ပြီးတော့ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေတောင် အတုဖြစ်နေတယ်။ ဈေးပေါတာတောင် မဟုတ်ဘဲ အတုတဲ့လား။
ချီကျိုးချန်က သူ့နှုတ်ခမ်းတွေကို ခပ်ဖွဖွကိုက်လိုက်ကာ ချီကျန်းကျန်းကို ကြည့်ရင်း သူ့စိတ်ထဲတွင် အနည်းငယ် ငြီးတွားလိုက်သည် ။
ချီကျန်းကျန်း ဘယ်လိုလုပ် အဲ့လောက်တုံးမှာလဲ။ သူမသိလို့များလား။"
သူ မသိတာ ဖြစ်နိုင်တယ်!
သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချီကျန်းကျန်းကို ကာပြောပေးတော့မည်ဖြစ်သည်။
အတုဆိုတာမသိလို့ဆိုပြီး ပြောလို့ရတာပဲ။ ဒါကဆင်ခြေ ပုံစံပေါက်ပေမဲ့ သူ့ကိုတာဝန်ယူခိုင်းဖို့ထိတော့ မလုပ်ခိုင်းလောက်တော့ဘူး။
ချီကျိုးချန် ရှေ့သို့ရွေ့လာသည်ကို အန်းချင်ယုသည် သတိပြုမိပြီး သူသည် ချီကျန်းကျန်းဘက်မှ ကာပြောပေးတော့မည်ကို သိလိုက်သဖြင့် ချက်ချင်းပင် "ကျားဟုန်၊ နင်နားလည်မှုလွဲနေတာများလား။ အစ်မကျန်းကျန်း ဝတ်ထားတာက 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်' အစစ်လည်းဖြစ်နိုင်တာပဲလေ။"
"ဟားဟားဟား" တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'သည် သန်း၂၃၀တန်ကြေးရှိသည်ဖြစ်ပြီး သူမသည် ဘယ်လိုလုပ် သက်တော်စောင့်မပါဘဲ လူအများကြီးရှေ့ ပေါ့ပေါ့ပါးပါး သွားလာနေမည်နည်း။
"ဟမ့်၊ ငါနင့်ကိုအထင်လွဲမိတာလို့ သူများတွေမပြောအောင် ငါ့အဒေါ်ကို ဖုန်းဆက်ပြီး မေးပြမယ်။" ရှုကျားဟုန်သည် စကားဆုံးသောအခါတွင် ချက်ချင်းပင် သူမ၏ဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ပြီး စပီကာကို ဖွင့်လိုက်သည်။
ဝမ်စီစီနှင့် ချီကျိုးချန်တို့သည် သူမကို တားချင်ခဲ့သော်လည်း ရှုကျားဟုန်သည် ပိုမြန်သွားခဲ့သည်။ နှစ်ကြိမ်တိုင်တိုင် မြည်ပြီးနောက် တခြားဘက်က ဖုန်းဖြေလာသည်။
သူတို့နှစ်ယောက်သား နှုတ်ခမ်းကိုပိတ်ပြီး ဘေးချင်းယှဉ်၍သာ ရပ်နေနိုင်ပါတော့သည်။
အခြားတစ်ဖက်မှ လူလတ်ပိုင်းအမျိုးသမီးအသံသည် အနည်းငယ်ခက်ထန်နေပြီး "ဘယ်သူလဲ"
"အန်တီ၊ သမီးကျားဟုန်ပါ။" ရှုကျားဟုန်၏အသံသည် ချက်ချင်းပင် ပျော့ပျောင်းသွားကာ သူမ၏မျက်နှာပေါ်တွင်လည်း ဖားယားသော အပြုံးတစ်ခုပေါ်လာသည်။
"ဘာလဲ။ ဘာကိစ္စရှိလို့လဲ။" မစ္စရှူ၏ သဘောထားသည် အဆင်ပြေသော်လည်း အလွန်သိမ်မွေ့ခြင်းမရှိပေ။
ရှုကျားဟုန်က ချီကျန်းကျန်းကို ကြည့်ကာ မေးကို အနည်းငယ် မြှောက်လိုက်ပြီး "ဒီလိုပါ အန်တီ။ အန်တီ့မှာ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'လို့ ခေါ်တဲ့ သန်း၂၃၀တန် လက်ဝတ်ရတနာတစ်ခု ရှိတယ်လေ..."
"အာ၊ မင်းက 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'အကြောင်း မေးချင်လို့လား။ အန်တီ မနေ့က ရောင်းလိုက်ပြီ၊ အခုအန်တီ့ဆီမှာမရှိတော့ဘူး။" အခြားတစ်ဖက်မှ မစ္စစ်ရှုက သူမပြောမည့်စကားကို နှောင့်ယှက်လိုက်သည်။
ရှုကျားဟုန်သည် အံ့အားသင့်သွားပြီး အသံစူးစူးဖြင့် "ရှင်!? တကယ်ကြီးရောင်းလိုက်ပြီလား။"
"ဟုတ်တယ်၊ မနေ့ကပဲ ရောင်းလိုက်တာ" မစ္စစ်ရှုသည် နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက် ရောင်းလိုက်သည်ကိုတွေးရင် သိသိသာသာပင် ပျော်ရွင်လာသည်။
ထို့ကြောင့် သူမသည် နောက်ထပ်စကားအနည်းငယ်ထပ်ပြောခဲ့သည်၊
"ဝယ်တဲ့လူက ကျောနောက်ကိုကြိုးနဲ့ဆင်ထားတဲ့ အပြာရောင်ဂါဝန်ရှည်နဲ့လိုက်တာ လိုချင်တယ်ဆိုပြီးလာရှာတာ။ ပြီးတော့ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို မြင်ပြီး ချက်ချင်းသဘောကျသွားတယ်၊ သူလိုချင်တဲ့ပုံပဲဆိုပြီးဝယ်သွားတယ်လေ။ ကျစ်၊ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'က ဘယ်အဆင့်အတန်းမြင့်တဲ့ပွဲမှာ ပေါ်လာမလဲမသိ...."
စပီကာကြောင့် အသံသည် အလွန်ကြည်လင်ပြတ်သားပြီး လူတိုင်းကြားနိုင်သည်။
လူတိုင်းသည် ပါးစပ်အနည်းငယ်ပွင့်လာကြပြီး ချီကျန်းကျန်း၏ အပြာရောင်ဂါဝန်ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည်။
သူပြောခဲ့သည်နှင့် အံကိုက်ဖြစ်နေသည်ကို သူတို့ မယုံနိုင်ကြပေ။
သူမ၏လည်ပင်းပေါ်ရှိ ဆွဲကြိုးသည် တကယ်ကို 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ဖြစ်သည်။ သန်း၂၃၀တန်ဖိုးထိရှိသော နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်။
သူတို့မျက်လုံးမှာပြဿနာရှိသွားတာလား၊ ဒါမှမဟုတ် ဦးခေါင်းမှာ ပြဿနာရှိသွားတာလား။
အဆင့်အတန်းမြင့်ပွဲမှာ ပေါ်လာမယ်တဲ့လား။
မဟုတ်ဘူး။ ဒါက သာမန် မွေးနေ့ပွဲတစ်ခုသာသာတင်။
ရှုကျားဟုန်သည် ချက်ချင်းပင် နဖူးပေါ်မှ ချွေးအေးများ ထွက်လာကာ တုန်ယင်နေသောအသံဖြင့် "အန်တီ၊ ဘယ်သူဝယ်ခဲ့တာလဲဆိုတာ သိလားဟင်…"
"ဒါက အန်တီတို့ ဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်၊ မင်းမေးသင့်တဲ့ကိစ္စမဟုတ်ဘူး။ အန်တီအလုပ်များနေတယ်၊ နောက်ခါ ဘာကိစ္စမှမရှိဘူးဆိုရင် ဖုန်းမခေါ်နဲ့။" ဝယ်သူအကြောင်းကို ရှုကျားဟုန် မေးမြန်းတာကို ကြားတော့ မစ္စစ်ရှုက ချက်ချင်း စိတ်ဆိုးသွားပြီး သူမရဲ့အသံက လေးနက်သွားပါသည်။
ပြောပြီးတာနဲ့ ချက်ချင်းပင် ဖုန်းချသွားတယ်။
ဖုန်းမှ"ပီပီပီ" အသံမြည်ပြီးနောက်၊ နောက်ထပ် ဘာသံမှထပ်ထွက်မလာတော့ပေ။
အခုချိန်တွင် တစ်နေရာလုံးတိတ်ဆိတ်နေသည်။
သူတို့အားလုံးသည် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို ဝတ်ထားသော ချီကျန်းကျန်းကို ထိတ်လန့်သောအမူအရာဖြင့် ကြည့်နေကြသည်။
xxxxxx