Part 79
ဝမ်စီစီသည် တစ်ညလုံးပွဲမလုပ်ချင်တာကြောင့် ချီကျန်းကျန်းနှင့် ဝမ်ရိရန်ထွက်သွားပြီးနောက် မွေးနေ့ပွဲသည် ပြီးဆုံးသွားခဲ့သည်။
အန်းချင်ယုနှင့် ရှုကျားဟုန်တို့ အတူတူ ပြန်သွားခဲ့ကြပြီး ဝမ်စီစီသည် သူတို့ကို တံခါးအထိ တမင်လိုက်ပို့ပေးလိုက်သည်။
"စီစီ နင်ငါတို့နဲ့မတွေ့တာကိုကြာနေပြီ၊ ခုတလော ဘာတွေလုပ်နေတာလဲ" သူငယ်ချင်းတစ်ယောက်က မေးလိုက်သည်။
ဝမ်စီစီက ခေါင်းခါလိုက်ပြီး "ဘာမှမလုပ်ပါဘူး၊ ဒီတိုင်း အပြင်ထွက်ချင်စိတ်မရှိလို့။"
ဘယ်အချိန်က စတင်ခဲ့သည်လဲမသိ၊ သူမသည် သူတို့နှင့် လျှောက်လည်ဖို့ထပ် ချီကျန်းကျန်းနှင့်ပင် စကားများချင်သေးသည်။ သူတို့သည် သူများအကြောင်းအတင်းတုပ်ရင်တုပ်၊ မတုပ်လျှင် ကြွားဝါနေကြတာချည်းပင်။
"နောက်နေ့ကျ လျှောက်လည်ကြမယ်လေ။" ရှုကျားဟုန် ပြုံး၍ပြော လိုက်သည်။
သူမ ယနေ့ညတွင် အရှက်ကွဲခဲ့ရတာကြောင့် ဒီအသိုင်းအဝိုင်းထဲတွင် ဆက်လက်ရပ်တည်နိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။
"တွေ့ကြတာပေါ့။" ဝမ်စီစီက ဒီစကားဖြင့်သာ ပြန်ဖြေလိုက်သည်။
အဲဒီနောက်မှာတော့ သူမဟာ တခြားသူတွေကို ပို့ဖို့ ထွက်သွားတော့သည်။
အန်းချင်ယုနှင့် ရှုကျားဟုန်တို့သည် ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
"စီစီ ပြောင်းလဲသွားပြီ၊ အခုဆို သူနဲ့ ချီကျန်းကျန်းတို့ ဆက်ဆံရေးက တကယ်ကောင်းနေပြီ..."
အန်းချင်ယုသည် အစမှအဆုံးအထိ တည်ငြိမ်သော မျက်နှာထားဖြင့်သာနေခဲ့ပြီး စကားတစ်ခွန်းမှမပြောပေ။
သူမ အရင်က တွေးခဲ့ဖူးတဲ့ကိစ္စများက ချီကျန်းကျန်း အက်ဆီးဒန့်ဖြစ်ကာ နိုးလာပြီးနောက် အမှန်တကယ်ဖြစ်လာသည့်ပုံပင်။ ချီမိသားစု၊ ဝမ်စီစီ၊ ဝမ်ရိရန်၊ အရာအားလုံးသည် ချီကျန်းကျန်းဆီသို့ သွားနေကြပြီ...
သူမ လက်သီးဆုပ်လိုက်ပြီး သူမ၏လက်သည်းများသည် လက်ဖဝါးထဲသို့စိုက်ဝင်ကာ သွေးများပင်အနည်းငယ်ထွက်လာသည်။
သူမ အရင်ကတော့ အချိန်ယူရမည် တွေးခဲ့မိသည်။ သူမ ဝမ်မိသားစုထဲသို့ လက်ထပ်ကာ ဝင်ချင်လျှင် ဝမ်ရိရန် သူမအား ချစ်ခင်မြတ်နိုးစေရန် ကြိုးစားရမည်၊ သို့မှသာ ဝမ်မိသားစုထဲတွင် နေရာတစ်ခုရလိမ့်မည်ဖြစ်သည်။
ဒါပေမဲ့ အခုချိန်မှာတော့ သူမလောနေရပေ ပြီ။ သူမသာ နောက်ထပ် နှောင့်နှေးနေမည်ဆိုပါက ဝမ်ရိရန်ကို လက်ထပ်ရန်မှာ အလွန်ခက်ခဲလာလိမ့်မည်ဟူသော အတွေးဝင်နေပြီ...
- သူမဘက်က အရင်စပြောရမယ်။
ချီကျန်းကျန်း ဘယ်လောက်ပင် လှည့်ကွက်များပြုလုပ်ပါစေ၊ သူမသည်သာ ဝမ်ရိရန်နှင့် လက်ထပ်ရမည်ဖြစ်ပြီး ဝမ်မိသားစု၏ အနာဂတ်အိမ်ရှင်မသည် အန်းချင်ယုပဲ ဖြစ်လိမ့်မည်။
ချီကျန်းကျန်း ထွက်သွားပြီးနောက် ချီကျိုးချန်တွင် အတွေးတစ်ချို့ရှိနေကာ ချီယန်နဲ့ စကားပြောဖို့ အမြန်အိမ်ပြန်ခဲ့သည်။
"ဒီနေ့ မွေးနေ့ပွဲမှာ ပျော်ခဲ့ရဲ့လား" ချီယန်က မေးလိုက်သည်။
သူ့ဘေးက တင်းယီကျွင်းကလည်း စိုးရိမ်တကြီးဖြင့် "သားအစ်မကိုတွေ့ခဲ့လား။ သူဘယ်လိုလဲ။ ပြန်လာမယ်တဲ့လား။"
ဒီတစ်ခါတော့ ချီယန်က "ဟမ့်"ဟူ၍နှာမမှုတ်တော့ဘဲ ချီကျိုးချန်၏အဖြေကိုစောင့်နေသည်။
ချီကျိုးချန် ခေါင်းယမ်းပြလိုက်သည်။
ချီယန်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားပြီး ဒေါသထွက်နေသော အသံဖြင့် "မလာဘူးဆိုလည်း အပြင်မှာနေပလေ့စေ။ သူ့တစ်သက်လုံး ပြန်မလာတော့ဘူးလားဆိုတာ ငါကြည့်ကြည့်ဦးမယ်။"
တင်းယီကျွင်းသည် မျက်ခုံးကို တွန့်ကာ သက်ပြင်းချရင်း "ကျွန်မ မနက်ဖြန်ကျ ကျန်းကျန်းနဲ့ စကားသွားပြောကြည့်ဦးမယ်။"
"သူ့ကိုသွားရှာလဲဘာရမှာလဲ။ တံခါးက ဒီမှာရှိနေတာလေ၊ သူကိုယ်တိုင် ပြန်လာရမှာပေါ့။"
ချီယန်က ဒေါသထွက်နေသေးသောကြောင့် တင်းယီကျွင်း ဘာမှမပြောနိုင်တော့ပေ။
ထိုအချိန်တွင် ချီကျိုးချန်က "အဖေနဲ့ အမေ၊ သူအပြင်မှာအဆင်ပြေနေတာပဲ၊ နေခိုင်းလိုက်ပါ။ သူချီအိမ်မှာထပ် အပြင်မှာ ပိုပျော်တယ်လို့ ကျွန်တော်ထင်တယ်…"
ဒီအသိက သူ့ကိုစိတ်မသက်မသာဖြစ်စေပေမဲ့ တကယ်လည်း ချီကျန်းကျန်းသည် အပြင်မှာ ပိုပျော်နေတာပင်။
သူမရဲ့အပြုအမူ၊ စကားတိုင်းသည် ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ယုံကြည်မှုအပြည့်ရှိနေသည်ဆိုတာ သိသာသည်။
သူမသည် ပိုပြုံးလာပြီး ပိုအကြောက်အလန့်ကင်းမဲ့လာကာ ချီအိမ်တုန်းကလို အမြဲလက်သီးကိုဆုပ်ထားပြီး ဒေါသထွက်နေတတ်သော သူမနှင့် မတူတော့ပေ။
တခါတရံ ချီကျန်းကျန်း ချီအိမ်မှာ ရှိခဲ့တဲ့အချိန်နဲ့ လက်ရှိကို ယှဉ်ကြည့်မိတဲ့အခါ ချီမိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်ခဲ့တုန်းက သူမအတော်လေး ခံစားခဲ့ရတာကို သူသိလိုက်ရသည်။
ဒါ့ကြောင့် သူမချီမိသားစုကနေ ထွက်သွားခဲ့တာများလား။
ချီယန်နှင့် တင်းယီကျွင်းသည်လည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
ခဏကြာတော့ သူတို့စိတ်တွေ ရှုပ်ထွေးသွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
ထိုအချိန်၌ ချီကျိုးချန်က "အဖေ့ကို ပြောပြရမယ့် ကိစ္စတစ်ခုရှိသေးတယ်။"
"ဘာလဲ..." ချီယန်သည် ပါးစပ်ကိုဖွင့်ကာပြောလိုက်သော်လည်း မျက်လုံးများမှာတော့ မှင်သက်နေသေးသည်။
ချီကျိုးချန်ပြောတဲ့ သူမသည် အိမ်မှာထက် အပြင်မှာ ပိုပျော်နေတယ် ဆိုတဲ့အချက်ကို သူတွေးနေမိသေးသည်။
"ဝမ်ယွီက မရိုးရှင်းဘူး" ချီကျိုးချန်က ပြောလိုက်သည်။
ဒီလိုဆွေးနွေးတာ ဒါပထမဆုံးအကြိမ်မဟုတ်သလို ဝမ်ယွီအကြောင်းကို သူတို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ဖူးတယ်။
ချီယန်က ချက်ချင်းပင် အသိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ "ဝမ်ကျင်းစန် စုံစမ်းပြီးပြီ။ ဝမ်ကျင်းအိမ်ရာကအိမ်က ကျန်းယွဲ့ရဲ့အိမ်တဲ့။ ငါတို့တွေးတာ မှားသွားတာ။"
အခြေခံအားဖြင့်၊ ဝမ်ယွီသည် မျက်နှာများလွန်းသောလူမဟုတ်သော်လည်း ချီကျန်းကျန်းကို ကျေနပ်စေရန် အခြားသူ၏အိမ်ကို ငှားရမ်းခဲ့သည်။
ချီကျိုးချန်က သူ့ခေါင်းကို ခါလိုက်သည်၊ "အဖေ၊ ကျွန်တော် သူက တစ်ခုခုမှားနေတယ်လို့ အမြဲ ခံစား နေရတာ။ အစ်မက အခု ဝမ်ယွီနဲ့ အပြင်မှာ နေနေတာ။ သူ့မှာ သူငယ်ချင်းတွေလည်းမရှိဘူး၊ ဆွေမျိုးတွေကိုလည်း သွားမရှာဘဲနဲ့..."
ချီယန်က သူ့စကားကို နားစိုက်ထောင်နေ၏။
"ဒီနေ့ည အစ်မ ပွဲကို ဝတ်လာတဲ့ လည်ဆွဲက ယွမ်သန်း၂၃၀ ရှိတဲ့ မင်းဖုလက်ဝတ်ရတနာကုမ္ပဏီက လည်ဆွဲတဲ့။ သူတို့ မနေ့ကမှရောင်းလိုက်တာကို အစ်မက ဒီနေ့ဝတ်လာတယ်။" ချီကျိုးချန်အသက်ပြင်းပြင်းရှူလိုက်သည်။
ချီကျန်းကျန်းက လည်ဆွဲကို ဘယ်ကရတယ်ဆိုတာ မပြောပေမယ့် အဲ့ဒါကို ဝမ်ယွီ သူမကို ပေးခဲ့တာ ဖြစ်နိုင်သည်ဟု ချီကျိုးချန်ထင်သည်။
စကားဆုံးသောအခါ ချီယန်နှင့် တင်းယီကျွင်းနှစ်ယောက်စလုံး အသက်ကို ရှုရှိုက်လိုက်ကြသည်။
"ဖေဖေ၊ ဝမ်ယွီက ဘာကို ဖုံးကွယ်ထားတယ်ဆိုတာ မသိပေမယ့် အခု သဲလွန်စတွေအားလုံးက သူက မရိုးရှင်းဘူးဆိုတာပြနေတယ်။"
ခေတ္တနားပြီးနောက် ချီကျိုးချန်က "အဖေ၊ ဝမ်ယွီက ဝမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးဆိုပေမဲ့ သူ့ဆီမှာ ဝမ်မိသားစုအပေါ်အငြိုးရှိနေတယ်။ သူသာ တကယ် သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး လူတိုင်းဆီကလျစ်လျူရှုခ့ရပြီး အလှောင်ခံရတဲ့ ဝမ်ယွီလို ဟန်ဆောင်နေတယ်ဆိုရင်ရော။ ဝမ်မိသားစုက အခုတလော အကျိုးအမြတ်တွေအများကြီးရနေတယ်မလား၊ အဲ့အကြောင်း သေချာတွေးလိုက်ရင် ကြောက်စရာကောင်းလာတယ်။"
သူတို့မတွေးနိုင်လောက်မည့် အသေးစိတ်အချက်အလက်များစွာရှိခဲ့သည်။ သူသည် ဝမ်ယွီသည် မရိုးရှင်းနိုင်ကြောင်း အကြိမ်ကြိမ် ခံစားခဲ့ရသည်။
တစ်ကြိမ်၊ နှစ်ကြိမ်သာဆိုလျှင် တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း သုံး၊လေးကြိမ်ဆိုရင်ရော။
ထို့အပြင် ဝမ်မိသားစုသည် မကြာသေးမီက အရမ်းတိုးတက်လာခဲ့ပြီး မယုံနိုင်လောက်အောင်ပင် ချောချောမွေ့မွေ့ဖြစ်နေခဲ့သည်။
လျိုမိသားစု ပြိုလဲသွားချိန်တွင် သူတို့သည် အဖတ်ဆယ်ရန် ကြိုးစားရမည်ဖြစ်သော်လည် ပရောဂျက်လုပ်ငန်းက နားမလည်နိုင်စွာပင် တစ်စုံတစ်ဦးက ကူညီပေးနေသကဲ့သို့ ချောမွေ့နေခဲ့သည်။
အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေတာ မယုံနိုင်စရာပင်။
ဝမ်ကျင်းစန်က ဒီတလောတွင် အရမ်းကိုအောင်မြင်နေပြီး ဝမ်မိသားစုသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ချီမိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင်လည်း ချီမိသားစုကိုလည်း ပိုမိုဖိအားပေးလာခဲ့သည်။
ရုတ်တရက် သူတို့၏ အရှိန်အဟုန်တွက် တွန်းအားတစ်ခု ရှိပြီး သူတို့၏အရှိန်ကို ထိန်းချုပ်၍မရဖြစ်နေပုံပေါ်လေသည်။
xxxxxxx