ဤကဲ့သို့သော စာလုံးတစ်လုံးအတွက် ဝမ်နှစ်ဆယ် ဆိုသည်မှာ တကယ့်ကို အလွန်ကောင်းမွန်သော ဈေးနှုန်း ဖြစ်သည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူ၏ အလျင်အမြန် စာရေးနေပုံကို စောင့်ကြည့်နေပြီး အချိန်တိုလေးအတွင်းတွင် စာရွက်ပြည့်သွားသည်။
ဤစာရွက်ပေါ်တွင် စာလုံးပုံစံအသေးဖြင့် စကားလုံး သုံး၊လေးရာခန့် ရှိသည်... ဒီငွေရဖို့ အရမ်းလွယ်နေတာလား?
“ ဒါက ကောင်တီတရားသူကြီးပဲ! ” ဆိုင်ရှင်ဝေ့သည် ယန်ကျင်းဇီကို ချက်ချင်း လှမ်းပြောကာ သူကိုယ်တိုင်ကမူ ဒူးထောက်၍ အရိုအသေပြုလိုက်သည်။
“ လူကြီးမင်း။ ” ယန်ကျင်းဇီက စားပွဲနောက်မှ အမြန်ထွက်လာပြီး အရိုအသေပြုရန် အဆင်သင့်ဖြစ်နေသော်လည်း ကောင်တီအောက်ရုံးတရားသူကြီးကျူးက သူ့ကို လှမ်းဆွဲလာသည် : “ ယဉ်ကျေးနေဖို့ မလိုဘူး။ ”
“ ကျေးဇူးတင်ပါတယ် လူကြီမင်း! ” ယန်ကျင်းဇီက ပြောသည်။
“ မင်းက ယန်တလား? ” ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူ့ရှေ့မှ လူကို စိတ်ဝင်တစား ကြည့်နေသည်။
အရာရှိများသည် သူတို့၏ မွေးရပ်မြေတွင် အရာရှိများ ဖြစ်ခွင့်မရှိချေ။ ကောင်တီအောက်ရုံးတရားသူကြီးကျူးသည်လည်း တောင်ပိုင်းသား မဟုတ်ဘဲ မြောက်ပိုင်းသား ဖြစ်သည်။
မြောက်ပိုင်းသားများသည် အရပ်ရှည်သော်လည်း ယန်ကျင်းဇီကဲ့သို့ ထိုမျှအရပ်ရှည်သူများက အနည်းငယ်သာ ရှိသည်။ ထို့အပြင် ဤလူ၏မျက်နှာက ဓားတစ်ချောင်းကဲ့သို့ ပြတ်သားပြီး ဓားရှည်ပုံစံ မျက်ခုံးများက ဖြောင့်တန်းကာ အသားအရောင်က မည်းမှောင်၍ ကြမ်းတမ်းသော အငွေ့အသက် ရှိသည်။ အတိုဆိုရသော် ဤလူက စာသင်သားတစ်ဦးနှင့် မတူပေ။
“ *ချောင်မင်ရဲ့ နာမည်က ယန်ကျင်းဇီပါ။ အပြင်က လူတွေက ကျွန်တော့်ကို ယန်တလို့ ခေါ်ကြတယ်။ ” ယန်ကျင်းဇီက ဆိုသည်။
( *ချောင်မင် - အခြေခံလူတန်းစား/ နိမ့်ပါးသူ )
“ သတင်းကြားရတာထက် တွေ့မြင်ရတာက တကယ် ပိုကောင်းတာပဲ... မင်း စာရေးတာက အရမ်းကောင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး! ” ကောင်တီအောက်ရုံးတရားသူကြီးကျူးက ဆက်မေးသည် : “ ငါ သိချင်တယ်၊ မင်းရဲ့ဆရာက ဘယ်သူလဲ? ”
“ ချောင်မင်က သူ့ဘာသာ သင်ယူခဲ့ပါတယ်။ ” ယန်ကျင်းဇီက ဖြေသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူး : “ ... ” မင်းက ဒီလောက်ကောင်းတဲ့ လက်ရေးကို ကိုယ့်ဘာသာ သင်ထားတာလား?
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယုံကြည်ရန် ခက်ခဲနေသော်ငြား လီ Xiucai နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည် : “ အရာရှိမင်း၊ ဆရာယန်မှာ တွေ့မြင်ပြီးရင် မမေ့တော့တဲ့ ပါရမီ ရှိတယ်! ”
“ သူ ဖတ်ဖူးတဲ့ဟာဆိုရင် သူက အမှားအယွင်း မရှိဘဲ ကောင်းကောင်းရေးနိုင်တယ်! ”
“ အရာရှိမင်း၊ မင်း သူ ကြည့်ဖို့ စာလုံးနည်းနည်း ရေးပြလို့ရတယ်! ”
…
ပြီးခဲ့သည့်မျက်စိတမှိတ်အတွင်းတွင် လီ Xiucai နှင့် အခြားသူများသည် ယန်ကျင်းဇီကို သဘောကျသွားကြပြီး သူ့ကို “ဆရာ” ဟု ခေါ်ကြသည်။
ပညာရှိတစ်ဦးက အခြားသူများထက် အနည်းငယ်သာ သာလွန်လျှင် လူတိုင်းက သူ့ကို မနာလိုဖြစ်နေနိုင်လောက်သော်ငြား သူက အခြားသူများထက် များစွာသာလွန်နေပါက လူတိုင်းက မျှော်ကြည့်ရုံသာ တတ်နိုင်သည်။
ယန်ကျင်းဇီဟာ သူတို့ မျှော်သာကြည့်နိုင်သည့် လူများထဲတွင် ပါဝင်သည်။
သူတို့က ထိုသို့ပြောသည်ကို ကြားသော် ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယန်ကျင်းဇီကို ချက်ချင်းပင် စာလုံးအနည်းငယ် ရေးပြခဲ့သည် : “ ငါ ရေးသလောက် မင်း ကောင်းကောင်းရေးနိုင်သလား? ”
ယန်ကျင်းဇီသည် တုပရေးသားခြင်း၌ အတော်ဆုံး ဖြစ်သည်။ သူသည် အတိအကျ တူညီသော စကားလုံးများကို ချက်ချင်း ရေးပြလိုက်သည်။ ၎င်းတို့က ပို၍ပင် အားကောင်းသေး၏။
ကောင်တီအောက်ရုံးတရားသူကြီးကျူး : “ ... ”
Jinshi စာမေးပွဲကို သုံးနှစ်တစ်ကြိမ်သာ ဖြေဆိုနိုင်ပြီး တစ်ကြိမ်လျှင် လူဦးရေ နှစ်ရာ သို့မဟုတ် သုံးရာကသာ Jinshi အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ Jinshi တစ်ဦး ဖြစ်သော သူသည်လည်း အနည်းငယ် မာနကြီးသည်။ အခြားသူများကို မဆိုနှင့်၊ ဤသုံ့ကူကောင်တီ၏ Xiucai နှင့် Juren တို့ကိုပင် သူက ဂရုမစိုက်ပေ။
သူတို့ရဲ့ ဘဝတစ်သက်လုံးမှာ Jinshi စာမေးပွဲကို မအောင်မြင်တဲ့ ပညာရှိတွေ ဘယ်နှယောက်တောင် ရှိလိုက်သလဲ?
ယခုမူ သူသည် ယန်ကျင်းဇီကို တွေ့လိုက်ရသည်... ဤလူက Tongsheng တစ်ဦးပင် မဟုတ်သေးသော်လည်း သူသည် အထင်မသေးရဲပေ။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် အခြားကိစ္စများကို ချက်ချင်း မေးကြည့်သည်။
ဤရက်များ၌ ယန်ကျင်းဇီသည် စာမေးပွဲအတွက် လိုအပ်သော စာအုပ်များအားလုံးကို ကူးယူကာ မှတ်သားခဲ့ပြီးဖြစ်သည်။ သူသည် စာအုပ်ဆိုင်များတွင် ဝယ်ယူနိုင်သော မှတ်စုများအနည်းငယ်ကိုလည်း ဖတ်ရှုထားသည်။
ထို့ကြောင့် ကောင်တီအောက်ရုံးတရားသူကြီးကျူးက ထိုမေးခွန်းများကို မေးမြန်းသောအခါတွင် သူက ၎င်းတို့ကို ဖြေနိုင်သော်ငြား အဖြေမှာ သာမန်သာ ဖြစ်သည်။
ဤအသိပညာမျိုးက သူ့လက်ရေးနှင့် တကယ်ပင် မထိုက်တန်ချေ... ကောင်တီအောက်ရုံးတရားသူကြီးကျူးက မေးသည် : “ မင်း စာလေ့လာတာ ဘယ်လောက်ကြာပြီလဲ? ”
“ လအနည်းငယ်လောက် လေ့လာခဲ့ပါတယ်။ ” ယန်ကျင်းဇီက ပြန်ဖြေသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူး : “ ... ”
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ဖြည်းညှင်းစွာ မေးလိုက်သည် : “ ဘာလို့ မင်းက ရုတ်တရက် စာလေ့လာချင်ရတာလဲ? ”
“ လူကြီးမင်း၊ ကျွန်တော် တစ်နေ့မှာ ကောင်တီရောက်နေတုန်း ဝေ့လင်းရှိူ့ကို ကယ်တင်ခဲ့တယ်။ သူက ကျွန်တော့်ကို စာပေအကြောင်း ပြောပြခဲ့ပြီး ကျွန်တော် စာဖတ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ” ယန်ကျင်းဇီက ဆိုသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယခင်က ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့အကြောင်းကို မေ့လျော့သွားခဲ့သည်။ ယခု သူက ယန်ကျင်းဇီ၏ စကားကို ကြားလိုက်ရပြီးနောက် မနေနိုင်ဘဲ မေးမိလိုက်၏ : “ မင်းနဲ့ ဝေ့အိမ်ရဲ့ သခင်လေးတို့က... ”
“ လူကြီးမင်း၊ ချောင်မင်က မတရားခံရတာပါ! ” ယန်ကျင်းဇီက ဆက်ပြောသည် : “ အဲဒီနေ့က ချောင်မင်းက ဝေ့သခင်လေးနဲ့ အသိပညာ ဆွေးနွေးဖို့ သွားခဲ့ပါတယ်။ ကျွန်တော် လုံးဝ မထင်မိခဲ့ဘူး၊ နေ့လယ်နေ့ခင်းကြီးမှာ ရုတ်တရက်ကြီး လူတစ်ယောက်က ပြေးဝင်လာပြီး ကျွန်တော်တို့က လူ့စည်းကမ်းချိုးဖောက်တဲ့ တစ်ခုခုကို ပြုလုပ်ခဲ့တယ်လို့ ပြောပြီးတော့ ကိုယ်ရေးကိုယ်တာ အပြစ်ပေးဖို့အတွက်လည်း ကျွန်တော်တို့ကိုလည်း ဖမ်းဆီးခဲ့တယ်။ ချောင်မင်းက ဝေ့သခင်လေးကို ခေါ်ပြီး ထွက်ပြေးဖို့ပဲ တတ်နိုင်ခဲ့ပါတယ်... ”
ဤနေရာသို့ ရောက်ရှိခါစက ယန်ကျင်းဇီတွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိသောကြောင့် သူက အလွန်တည့်တိုးဆန်ခဲ့သည်။ သူသည် ဝေ့လင်းရှိူ့ အရိုက်မခံရစေရန်အတွက် ဝေ့လင်းရှိူ့ကို အဝေးသို့သာ ခေါ်သွားချင်ခဲ့၏။
ယခုမူ သူသည် စာအုပ်များစွာကို ဖတ်ပြီးပြီဖြစ်ရာ ကိစ္စများက ထိုမျှမရိုးရှင်းကြောင်းကို သိထားသည်။
ထိုကိစ္စများအနက် ဝေ့လင်းရှိူ့သည် ဆိုးရွားသော ဂုဏ်သတင်းကို တကယ် ရရှိသွားလျှင် ၎င်းက သူ့အနာဂတ်ကို များစွာ အနှောင့်အယှက်ပေးလိမ့်မည်ဖြစ်သည်။
တချို့ကိစ္စများကို ဖုံးကွယ်ထားရန် လိုသေးသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးက ယုံကြည်ခြင်း ရှိ၊မရှိကို ဘယ်သူကမှ မသိချေ။ သူက ဤသို့ပြော၏ : “ အဲ့လိုကိုး။ တကယ်ပဲ၊ / *လူသုံးယောက်တည်းနဲ့ ကျားတစ်ကောင်ကို ဖန်တီးနိုင်တယ်။ / ကောလာဟလတွေက လူတွေကို ထိခိုက်စေတာပဲ! ”
လီ Xiucai နှင့် အခြားသူများကလည်း တုံ့ပြန်ခဲ့ကြသည်။
ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့က ဝေ့အိမ်မှ ထွက်ခွာသွားသောအခါတွင် အလွန်များသော ပစ္စည်းများကို ယူသွားကြပြီး အလျင်စလို ထွက်ပြေးလာသည်နှင့် မတူချေ... အကုန်လုံးက ကောလာဟလတွေပဲ!
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယန်ကျင်းဇီကို စကားများစွာ ပြောပြီးမှ ပြန်သွားခဲ့သည်။ သူသည် ယန်ကျင်းဇီက ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်လည်း လိုလားသည်။ သိသာထင်ရှားစွာပင် သူ့တွင် ယန်ကျင်းဇီအပေါ်၌ အမြင်ကောင်း ရှိနေသည်။ ထို့အပြင် သူ့စကားများနှင့်ဆိုလျှင် ယန်ကျင်းဇီက ကောင်တီစာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုနိုင်လိမ့်မည်ဖြစ်ပြီး အတားအဆီး မရှိတော့ချေ။
ဝေ့လင်းရှိူ့အတွက်မူ... ယန်ကျင်းဇီမှာ နောက်ထပ်အကြံ ရှိသေးတယ်!
ကောင်တီအောက်ရုံးတရားသူကြီးကျူး ထွက်သွားပြီးနောက် ယန်ကျင်းဇီသည် သူ ရေးခဲ့သော စကားလုံးများကို ရေတွက်ကာ လီ Xiucai နှင့် အခြားသူတို့သည်လည်း ငွေပေးချေကြသည်။
ယနေ့တွင် သူတို့သည် လက်ရေးလှများကို ဝယ်ယူချင်ကြသဖြင့် ငွေတုံးများကို ယူဆောင်လာခဲ့ကြ၏။
ကျသင့်ငွေ ပေးချေရန်အတွက် ငွေသုံးဖို့မှာ အဆင်မပြေချေ။ ယခုအချိန်တွင် ငွေအရောင်က ကွဲပြားပြီး လဲလှယ်နိုင်သော ကြေးပြားများ၏ ပမာဏကလည်း ကွဲပြားသည်။ ၎င်းတို့ကို ချိန်ဆရန်လိုအပ်သည်...
ငွေပေးချေရန်ကိုပင် အများကြီး အားထုတ်ကြရသည်။
ငွေရရှိပြီးနောက် ယန်ကျင်းဇီသည် ပစ္စည်းဝယ်ရန် စျေးသို့သွားခဲ့သည်။
သုံ့ကူကောင်တီရှိ စားသောက်ဆိုင်များသည် ချက်ပြုတ်ထားသော အစားအစာများကိုလည်း ရောင်းချသည်။ အကျော်ကြားဆုံး ဟင်းလျာများမှာ ကြက်ကင်နှင့် ဘဲကင်နှပ်တို့ ဖြစ်ကြသည်။ ယန်ကျင်းဇီသည် တစ်မျိုးလျှင် ခြောက်ကောင်စီ ဝယ်ယူပြီး ဝိုင်အချို့ကိုလည်း ဝယ်ယူကာ လောင်းကစားဝိုင်းသို့ ထပ်သွားသည်။
သူသည် သူ၏ ညီငယ်ဟောင်းများကို ဝိုင်ပေးခဲ့ပြီး ကြက်ကင်ငါးကောင်နှင့် ဘဲကင်နှပ်ငါးကောင်တို့အပြင် ပြန့်ကြဲနေသော ငွေတုံးအပိုင်းအစ ခုနစ်စ၊ ရှစ်စတို့ကို ချန်ထားခဲ့သည်။
မကြာမီ သုံ့ကူကောင်တီ၌ သတင်းအချို့ ပျံ့နှံ့လာသည်။
“ မင်းတို့ ကြားပြီးကြပြီလား? ဝေ့မိသားစုရဲ့ သခင်လေးက ယန်တနဲ့ ကိစ္စရှိလို့ အိမ်ကနေ နှင်ထုတ်ခံရတာ မဟုတ်ဘူး။ ”
“ ဝေ့သခင်မက မူလဇနီး ထားခဲ့တဲ့ ဒီသားကို သည်းမခံနိုင်လို့ နှင်ထုတ်ဖို့ ကြံစည်ခဲ့တာတဲ့! ”
“ ဘယ်သူက အဲ့လိုကိစ္စကို သူတို့အိမ်မှာ လုပ်မှာလဲ ပြီးတော့ နေ့လယ်ခင်းကြီးမှာ... ”
“ ငါ ကြားတာတော့ ဝေ့လင်းရှိူ့ရဲ့ အမေဘက်က ဦးလေးဖြစ်သူက အရာရှိတစ်ဦး ဖြစ်ခဲ့တယ်ဆိုပေမယ့် အခု တစ်ခုခုဖြစ်သွားလို့ ဝေ့မိသားစုက သူ့ကို ဖယ်ရှားချင်နေတာတဲ့! ”
… ...
ထိုကောလာဟလများသည် အလွန်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသည်။
အထူးသဖြင့်... ဝေ့သခင်လေးက ပညာမတတ်ဘူးလို့ သူတို့က အမြဲပြောခဲ့ကြတာမလား? သို့ရာတွင် ယခုတလော ကျောက် Xiucai က ဝေ့လင်းရှိူ့ဟာ အရည်အချင်းရှိပြီး ထက်မြက်သည်ဟု အမြဲပြောနေသည်။ ထို့အပြင် ဝေ့လင်းရှိူ့ မေးမြန်းသော မေးခွန်းများမှာ ဖြေဆိုရန် ခက်ခဲလွန်းသောကြောင့် နောက်ဆုံးတွင် ကျောက် Xiucai သည် အခြားပညာရှင်များထံသို့ သွားမေးမြန်းခဲ့သည်။
ဝေ့မိသားစု၏ စကားများမှာ ယုံကြည်ဖွယ်ရာမရှိကြောင်း တွေ့မြင်နိုင်သည်။
ထို့ကြောင့် ဝေ့လင်းရှိူ့သည် အပြင်ထွက်လာသောအခါတွင် လူအများက စာနာသော အကြည့်များဖြင့် သူ့ကို ကြည့်နေကြသည်အား တွေ့လိုက်ရသည်။
ဝေ့လင်းရှိူ့ : “ ... ” ဘာဖြစ်နေကြတာလဲ?
ဝေ့လင်းရှိူ့ကို ပို၍ပင် အံ့အားသင့်စေသည်မှာမူ ထိုညတွင် ယန်ကျင်းဇီက မမျှော်လင့်ထားလောက်အောင် ရက်ရောနေပြီး ကြက်သားတစ်ဝက်နှင့် ဘဲသားတစ်ဝက်တို့ကိုပင် ထုတ်၍ သူနှင့် မျှဝေလာခြင်းဖြစ်သည်။
“ အစ်ကိုယန်၊ မင်း ငွေအများကြီး ရှာခဲ့တာလား? ” ဝေ့လင်းရှိူ့က မေးလိုက်သည်။ ယန်ကျင်းဇီက ငွေသုံးရင် တကယ် ချွေတာတာ!
ယန်ကျင်းဇီသည် သူ၏ စာလုံးတစ်လုံးလျှင် ဝမ်နှစ်ဆယ်ကို ချက်ချင်း ပြောပြပြီး ကောင်တီအောက်ရုံးတရားသူကြီးနှင့် ယနေ့တွေ့ဆုံမှုအကြောင်းကိုလည်း ဆက်ပြောပြကာ နောက်ဆုံးတွင် ပြောသည် : “ လာမယ့်နှစ်လအတွင်း စာမေးပွဲအတွက် ပြင်ဆင်ဖို့ အာရုံစိုက်ကြရအောင်။ ငါတို့ ရလဒ်ကောင်း ရရမယ်! ”
ဝေ့လင်းရှိူ့ တောင့်တင်းသွားသည် : “ ငါ့အဖေက မျိုးရိုးစဉ်ဆက်ထဲက ငါ့နာမည်ကို ဖယ်တော့မှာ... ငါ... ” ဝေ့မိသားစုက တကယ် ထိုသို့လုပ်လျှင် သူသည် စာမေးပွဲခန်းမသို့ လုံးဝ မသွားနိုင်တော့ပေ။
“ မင်း စိတ်မပူနဲ့၊ သူ မလုပ်ဘူး။ ” ယန်ကျင်းဇီက ပြောသည်။
နာမည်ဖယ်ရှားခြင်းကို ဝေ့လင်းရှိူ့၏ ညီက ပြောပြခဲ့သော်လည်း ဘိုးဘွားခန်းမသည် ဖွင့်ချင်တိုင်း ဖွင့်ရနိုင်သော တစ်စုံတစ်ရာ မဟုတ်ချေ။
ယေဘူယျအားဖြင့် ပြောရလျှင် နှစ်ကုန်သောအခါတွင် မိသားစုတိုင်းသည် ဘိုးဘွားခန်းမကို အတူတကွ ဖွင့်ကြမည်ဖြစ်ပြီး မိသားစုတွင် ကလေးများ ပိုများလာလျှင် သို့မဟုတ် အမျိုးသားတစ်ဦးက ဇနီးတစ်ဦးနှင့် ထိမ်းမြားထားလျှင် ဤလူများ၏ နာမည်များကို မျိုးရိုးစဉ်ဆက်ထဲသို့ ထည့်သွင်းမည်ဖြစ်သည်။
ဝေ့မိသားစုက ဝေ့လင်းရှိူ့ကို ဖယ်ရှားမည်ဟု ပြောသော်ငြား ၎င်းကို ဆောင်ရွက်ရန် အချိန်မရှိသေးချေ — နှစ်ကုန်မှာ / ဘိုးဘေးပူဇော်ဖို့ / ဘိုးဘေးခန်းမကို ဖွင့်တဲ့ အချိန် မရောက်သေးဘူး!
ကောလာဟလများ ပျံ့နှံ့သွားသောအခါ... ဝေ့မိသားစုတွင် ဝေ့ကျီယွမ်၏မိသားစုသာမက အခြားလူများလည်း ရှိပြီး ထိုလူများက ဝေ့လင်းရှိူ့ကို ထုတ်ပယ်ရန် သေချာပေါက် သဘောမတူလောက်ချေ။
နောက်တစ်နေ့တွင် ဝေ့လင်းရှိူ့ကို ကျောက် Xiucai ထံသို့ ပို့ပြီးနောက် ယန်ကျင်းဇီသည် ခုတင်များအပါအဝင် ပစ္စည်းများစွာကို သွားဝယ်သည်။
အရမ်းသနားစရာကောင်းတယ်၊ သူ့မှာ အရင်က ခုတင် မရှိလို့ တံခါးရွက်ပေါ်မှာပဲ အမြဲအိပ်ခဲ့ရတယ်! ကံကောင်းစွာဖြင့် အိပ်ရာခင်းများနှင့် မွေ့ရာခင်းများစွာတို့ကို ဝေ့လင်းရှိူ့၏အိမ်မှ ရွှေ့လာခဲ့သည်။ သူသည် နောက်ပိုင်းတွင် စောင်တစ်ထည်ကို ဝယ်ယူခဲ့သဖြင့် သူတို့နှစ်ယောက် မအေးခဲတော့ပေ။
ဤအရာများအပြင် အမှန်ပင် သူသည် ငွေသုံး၍ စာသင်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ရန် သူ့အတွက် အဝတ်အစားအနည်းငယ်ကိုလည်း ဝယ်ယူခဲ့သည်။
အစကမူ သုံ့ကူကောင်တီမှ ကုန်သည်များသည် ယန်ကျင်းဇီကို တွေ့သောအခါတွင် “ငါတော့ ကံမကောင်းဖြစ်တော့မယ်၊ ငါ ဒီလူကို တွေ့ရတာ မယုံနိုင်ဘူး” ဟူသော အမူအရာကို ဝတ်ဆင်ထားခဲ့ကြသည်။ သူတို့သည် ယန်ကျင်းဇီက ပစ္စည်းများ ဝယ်ရန်အတွက် သူတို့အိမ်၏ စီးပွားရေးသို့ မလာဖို့ မျှော်လင့်ခဲ့ကြ၏။ သို့သော် လအနည်းငယ် ကုန်ဆုံးပြီးနောက် အခြေအနေ ပြောင်းလဲသွားသည်။ သူတို့က ယန်ကျင်းဇီကို တွေ့သောအခါ ပြုံးရယ်လျက် နှုတ်ဆက်ကြသည်။
ဤသည်ကား ဤလောက၏ ထုံးစံပင်။ လူကောင်းတစ်ဦးက မကောင်းမှုတစ်ခုကို ရုတ်တရက် လုပ်မိလျှင် သူ့အပေါ်၌ ထားရှိသော လူအများ၏ ထင်မြင်ချက်ကို ပိုဆိုးသွားစေသည်။ သို့သော်ငြား လူဆိုးတစ်ယောက်က ပိုမိုကောင်းမွန်သည့်ဘက်သို့ ရုတ်တရက် ပြောင်းလဲလျှင်... လူတိုင်း၏ သူ့အပေါ် အထင်အမြင်က မြန်မြန်ဆန်ဆန် တိုးတက်သွားနိုင်သည်။
ယန်ကျင်းဇီသည် ယခုတလော မည်သည့်ပစ္စည်းကိုမှ အကြွေးဖြင့် မဝယ်ခဲ့ဘဲ မူလပိုင်ရှင်မှ အကြွေးတင်ထားသော ငွေများကိုလည်း ဆက်တိုက်ပြန်ပေးခဲ့ပြီး အချို့ကုန်သည်များကို နှစ်သက်စေခဲ့သည်။
“ ဆိုတော့ ယန်တက တကယ် ပိုကောင်းလာတာလား? ”
“ မကြာသေးခင်က သူ ငါ့ဆီကို ပစ္စည်းလာဝယ်သေးတယ်။ ပစ္စည်းအကုန်လုံးကို ငွေပေးချေသွားတယ်။ ”
“ သူက တကယ်ပဲ အဲ့ဝေ့သခင်လေးနဲ့ ဘဝကို ကောင်းကောင်းနေဖို့ စီစဉ်နေတာလား? ”
“ မဟုတ်တာတွေ မပြောနဲ့။ ဝေ့သခင်လေးနဲ့ ယန်တတို့မှာ ဘာဆက်ဆံရေးမှ မရှိဘူးလို့ ငါ ကြားထားတယ်။ ”
“ ယန်တက အခုတလော စာလေ့လာနေတယ်လို့ လူတွေ ပြောနေကြတာ ငါ ကြားလိုက်တယ်... ”
… ...
အမျိုးစုံသော သတင်းများ ပျံ့နှံ့သွားချိန်တွင်မူ ဝေ့မိသားစုမှ တစ်စုံတစ်ဦးသည် ဒေါပွနေလေ၏။
ဝေ့လင်းရှိူ့ကို မောင်းထုတ်ပြီးနောက် ဝေ့ကျီယွမ်သည် စာသင်ကြားရန် ဖူချန်သို့ ပြန်သွားခဲ့ပြီး မကြာသေးမီကမှ နှစ်သစ်ကူးအတွက် ပြန်လာသည်။
သူသည် မူလက တွေးထင်ခဲ့သည်မှာ သူ၏ အကြီးဆုံးသားက အိမ်မှနှင်ထုတ်ခံရပြီးနောက် ဆင်းရဲတွင်းနက်ကာ တစ်နေ့ သေဆုံးသွားလျှင်ပင် မဆန်းချေဟုပင်။ ရလဒ်ကမူ...
ဒီကောင်လေးက ကောင်းကောင်းနေနေပြီး ကျောင်းတောင် တက်နေတာလား?
ပြီးတော့ ကျောက် Xiucai က သူ့ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံတွေနဲ့ ချီးကျူးသေးတာလား?
ကောလာဟလများကလည်း ပျံ့နှံ့နေသည်... ဝေ့ကျီယွမ်အတွက် စိတ်မဆိုးရန် ခက်ခဲသည်။
အဘွားကြီးနှင့် ဝေ့သခင်မတို့ကလည်း ဒေါသထွက်နေကြသည်။ ဝေ့လင်းရှိူ့သာ အိမ်မှာ ရှိလျှင် သူတို့က ၎င်းကို စီမံနိုင်ဦးမည်။ အခု ဝေ့လင်းရှိူ့က အိမ်မှာ မရှိမှတော့ သူတို့ ဘာသွားလုပ်ကြမှာလဲ? သူတို့သည် ပွဲလမ်းသဘင်များကို တက်ရောက်ရန် အပြင်ထွက်သည့်အခါမှသာ ဝေ့လင်းရှိူ့က ဝတ္တရားမကျေပွန်ဟု ပြောနိုင်သည်။
“ မင်းရဲ့ အကြီးဆုံးသားက အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ သူက ထိမ်းမြားမင်္ဂလာတောင် မပြုရသေးဘူး... သူ့ကို ဝတ္တရားမသိတတ်ဘူးလို့ ပြောရအောင် သူက မင်းတို့ကို ရိုက်နှက်လို့လား၊ ဒါမှမဟုတ် မင်းတို့ကို ကျိန်ဆဲလို့လား? ”
“ ဒီအရွယ်မှာ လူတိုင်းက စာလေ့လာနေကြတာမလား၊ ဘယ်ဝတ္တရားမကျေပွန်တဲ့ကိစ္စတွေကို လုပ်နိုင်လို့လဲ? ”
“ စကားမစပ် တခြားလူတွေရဲ့ ကလေးတွေက အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်မှာ ဇနီးစရှာနေကြပြီ။ မင်းတို့ကတော့ အရင်ကတည်းက သူ့ကို လုံးဝ မစိုးရိမ်ခဲ့ကြဘူး။ ”
…
သုံ့ကူကောင်တီတွင် လူအချို့သည် ဝေ့မိသားစုနှင့် ဆက်ဆံရေးကောင်း ရှိပြီး အချို့က ဝေ့မိသားစုနှင့် ဆက်ဆံရေးမကောင်းချေ။ ဝေ့လင်းရှိူ့၊ ဤလူ... အပြင်ဘက်မှ သာမန်လူများသည် ဝေ့လင်းရှိူ့က ကောင်းကောင်းမွန်မွန် စားသောက်နေရသည်ဟု တွေးကြပြီး သူ့ကို ဝေ့မိသားစုက နှစ်သက်ပုံပေါ်သည်ဟု ထင်ကြသည်။ သို့သော် သူတို့က ထိုသို့မတွေးပေ။
သူတို့သည် အပြင်သွားချိန်၌ ဝေ့သခင်မအိုကြီးနှင့် ဝေ့သခင်မတို့က ဝေ့လင်းရှိူ့အကြောင်း ပြောသည်ကို တစ်ခါမှ မကြားဖူးခဲ့ချေ။
ဝေ့လင်းရှိူ့သည် အသက်ဆယ့်ရှစ်နှစ် ရှိပြီးဖြစ်သော်လည်း သူတို့က သူ၏ တစ်သက်တာ ကိစ္စများကို လုံးဝ မစိုးရိမ်ကြ။
ဝေ့လင်းရှိူ့နှင့် ယန်တတို့တွင် ကိစ္စအမှား ရှိလျှင်တောင်မှ... သူတို့ရဲ့ ကလေးတွေမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ပြီး သူတို့က ဒီလောက်ကြီးတဲ့ ဆူညံသံကို လုပ်နိုင်မှာလဲ? ဝေ့လင်းရှိူ့က ဤသို့အပြောခံရသည်မှာ ဝေ့မိသားစုက သူ့ကို ဂရုမစိုက်ခြင်းကြောင့်မှန်း ထင်ရှားသည်။
ဝေ့သခင်မအိုကြီးက အလွန်ဒေါသထွက်ကာ စကားမပြောနိုင်တော့ပေ။
ဤအချိန်အတောအတွင်းတွင် အနီးအနား ကောင်တီတွင် ဝမ်းနည်းပူဆွေးမှုကြောင့် မွေးရပ်မြေသို့ ပြန်လာသော ကျိုးသခင်ကြီးသည် နောက်ထပ် နှုတ်ခွန်းစကား အနည်းငယ်တို့ကို ရရှိခဲ့သည်။
ဤရက်များတွင် လူမည်မျှက ကျိုးသခင်ကြီးကို နှုတ်ခွန်းစကားများ ပို့ခဲ့ကြကြောင်း မသိတော့ချေ။ ၎င်းတို့အနက် Juren နှင့် Xiucai တို့လည်း ပါဝင်ကြသည်။ ကျိုးသခင်ကြီးသည် စိတ်ရှုပ်နေလေသည်။
ကံကောင်းသည်မှာ ထို Xiucai တို့ကို သူသည် တွေ့ဆုံရန် တိုက်ရိုက်ငြင်းဆိုနိုင်ခြင်း ဖြစ်သည်။
“ ဘယ်သူ ရောက်နေတာလဲ? ” ကျိုးသခင်ကြီးက မေးသည်။
ကျိုးမိသားစု၏ အစေခံများက မသိရှိကြောင်း ဖြေကြားသောကြောင့် ကျိုးသခင်ကြီးသည် နှုတ်ခွန်းဆက်စာကို ဖွင့်လိုက်သည်။
ဖွင့်ပြီးနောက် ကျိုးသခင်ကြီး အံ့အားသင့်သွားသည်။
နှုတ်ခွန်းဆက်စာမှာ ပါတဲ့ စကားလုံးတွေ... ဒီလက်ရေးက အရမ်းကောင်းလွန်းတယ်!
“ ဒီ... ဒီ... ကောင်းလိုက်တဲ့ လက်ရေး! ” ကျိုးသခင်ကြီးက ပြောသည် : “ ဧည့်သည်ကို အထဲမြန်မြန်ဖိတ်ခဲ့ကြ! လက်ဖက်ရည်ကောင်းကောင်းလည်း လာပို့ကြဦး! ”
ကျိုးသခင်ကြီးသည် နှုတ်ခွန်းဆက်စာကို ကိုင်ထားပြီး လက်မလွှတ်ပေ။ သူသည် ၎င်းကို ချက်ချင်း ကူးယူချင်နေသော်ငြား နှုတ်ခွန်းဆက်စာ လာပို့သူကို တွေ့ချင်သေးသည်... သူသည် လက်ထဲမှ နှုတ်ခွန်းဆက်စာကို ချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်စေရန် နောက်ထပ်နှုတ်ခွန်းဆက်စာကို ဖွင့်ကြည့်လိုက်သည်။
ထို့အပြင် ဤလူများက အတူလာကြသည်။ သူသည် ရောက်လာသူများ၏ စိတ်ကို အမြဲကြည့်လေ့ရှိသည်။
ရလဒ်ကမူ...
“ ဒီ... ဒီ... ” ဒီနှုတ်ခွန်းဆက်စာရဲ့ စကားလုံးတွေက အရင်နှုတ်ခွန်းဆက်စာလိုပဲ ကောင်းတယ်! လက်စွပ်များတွင် ထူခြင်းနှင့် ပါးခြင်း ရှိသကဲ့သို့ တစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင်လက္ခဏာများ ရှိနေကြသည်။
ကျိုးသခင်ကြီးသည် ရုတ်တရက် တစ်ခုတွေးမိပြီး ကျန်နှုတ်ခွန်းဆက်စာများကို ယူဖတ်ကြည့်သည်။
ကျန်ရှိတဲ့ နှုတ်ခွန်းဆက်စာတွေပေါ်က စကားလုံးတွေကလည်း ထပ်တူ ပြောင်မြောက်တယ်!
ဤနှုတ်ခွန်းဆက်စာများ၏ လက်ရေးလှများက ကွဲပြားသွားသော်ငြား ၎င်းတို့အားလုံးက ပြောင်မြောက်သော လက်ရာများ ဖြစ်သည်။ ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ဤနှုတ်ခွန်းဆက်စာများ၏ ရေးသားသူများဟာ သုံ့ကူကောင်တီမှ Xiucai များသာ ဖြစ်ကြသည်။
သူသည် အချိန်အကြာကြီးကြာအောင် သူ့မွေးရပ်မြေကို ပြန်မလာဖြစ်ခဲ့ပေ။ ဘေးအိမ်က သုံ့ကူကောင်တီရဲ့ Xiucai တွေ အရမ်းတော်နေပြီလား?!
°°°
ဘွဲ့ထူးများနှင့် ဇာတ်ကောင်များ ~
1. Jinshi ( အဆင့်မြင့်ပညာရှင် ) - ကောင်တီအောက်ရုံးတရားသူကြီးကျူး
2. Gongshi ( ဂုဏ်သရေရှိပညာရှင် )
3. Juren ( ထောက်ခံချက်ရရှိသူ ) - ဝေ့ကျီယွမ်
4. Xiucai ( ကျောင်းသားအဖွဲ့ဝင် ) - ကျောက် Xiucai နှင့် အစရှိသူတို့
• Linshi ( ထိပ်ဆုံးရလဒ်ရရှိသူ ) - လီ Xiucai
5. Tongsheng ( စာသင်သားပေါက်စ ) - ဝေ့လင်းယွမ်
[ အသံထွက်ကတော့ ကျင်းရှီ၊ ကုန်းရှီ၊ ဂျူရန်၊ ရှို့ချိုင်၊ လင်းရှီ၊ ထုံရှန်း ဖြစ်လိမ့်မယ်။ Lorene လည်း နည်းနည်းပဲ အသံထွက်တတ်တာ >.< ]
“လူသုံးယောက်တည်းနှင့် ကျားတစ်ကောင်ကို ဖန်တီးနိုင်သည်” ဟူသော တရုတ်ဓလေ့သုံးစကားသည် ရှေးယခင်ခေတ်မှ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော တရုတ်ဧကရာဇ်တစ်ဦး၏ ဇာတ်လမ်းကို ဆိုသည်။
ဤဧကရာဇ်ငယ်သည် အကျင့်ပျက်မှူးမတ်များ၏ စကားများ၊ မြှောက်ပင့်ပြောဆိုမှုများနှင့် ကောလာဟလများကို ယုံကြည်သည်။ သူ၏ အနည်းငယ်သော သစ္စာရှိမှူးမတ်များထဲမှ တစ်ဦးက အတွေ့အကြုံမရှိသော ဧကရာဇ်ကို မည်သို့သင်ပေးရမည့်အပေါ် အစီအစဉ်တစ်ခု တွေးမိ၏။ နေ့ရက်တိုင်းတွင် ဤမှူးမတ်က လမ်းများတွင် လျှောက်သွားနေသော ကျားတစ်ကောင်ကို တွေ့မြင်ရသည်ဟု လူတစ်ဦး တိုင်ကြားကြောင်း လျှောက်တင်သည်။ ပထမဆုံး ဤအကြောင်း ပြောသည့်အချိန်တွင် ဧကရာဇ်သည် မယုံကြည်ပေ။ ဒုတိယအကြိမ်တွင် သူသည် သံသယဝင်လာသည်။ တတိယအကြိမ်တွင် သူက ယုံကြည်သွား၏။ သူသည် ၎င်းကို စစ်ဆေးကြည့်ရာ မဟုတ်မှန်ကြောင်း သိရှိသွားသည်။ ဤအခိုက်တွင် ဧကရာဇ်ကို အဖော်ပြုနေသော သစ္စာရှိမှူးမတ်က သူ့ဘက်သို့လှည့်၍ လျှောက်တင်သည် : “ အရှင်မင်းကြီး၊ ကောလာဟလတွေရဲ့ ဘေးအန္တရာယ်ကို ယခု တွေ့ရှိနိုင်ပါပြီလား? အသင်က လမ်းပေါ်မှာ ကျားတွေ ရှိတယ်ဆိုတာကို သူစိမ်းသုံးဦး လျှောက်တင်တာနဲ့တင် ယုံကြည်ခဲ့ပါတယ်။ ”
ဧကရာဇ်သည် သူ့သင်ခန်းစာကို သင်ယူပြီး မယုံကြည်ခင် စစ်ဆေးစုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။