ယန်ကျင်းဇီသည် ကျိုးသခင်ကြီးအကြောင်းကို ဘာမှမသိပေ။
ထိုနေ့တွင် လီ Xiucai နှင့် အခြားသူတို့အတွက် စာရေးသားပြီးနောက် ကောင်တီအောက်ရုံးတရားသူကြီးကျူးက “ပစ္စည်းများဟာ ရှားပါးသောကြောင့် အဖိုးထိုက်တန်သည်” ဟု အထူးတလည် ပြောပြသွားသည်။ ၎င်းက အဓိပ္ပာယ်ရှိသည်ဟု ယန်ကျင်းဇီ ထင်သည်။ သူ့လက်ရေးကို တစ်လုံးလျှင် ဝမ်နှစ်ဆယ်ဖြင့် ဆက်လက်ရောင်းချမည့်အစား သူသည် နှစ်သစ်ကူး အကြိုပစ္စည်းများနှင့် အခြားတို့ကို ဝယ်ယူရန်အတွက် ဆိုင်ရှင်ကို အနားယူရက် သုံးရက် တောင်းလိုက်သည်။
ဝေ့လင်းရှိူ့ကလည်း ခွင့်တောင်းခဲ့သည်။
သူ ခွင့်တောင်းသောအခါ ကျောက် Xiucai က စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလေသည်။
ကျောက် Xiucai ၏ မိသားစုနောက်ခံမှာ ပျမ်းမျှဖြစ်ပြီး သူ၏ စာမေးပွဲအဆင့်ဟာလည်း သာမန် ဖြစ်ကာ သူသည် ဆရာကောင်းတစ်ဦး ရရှိရန် ကျရှုံးခဲ့သည်... ဒေသတွင်းစာမေးပွဲကို ဖြေဆိုပြီးနောက် သူသည် ဆက်လက်ရှေ့ဆက်ရန်မှာ သူ့အတွက် ခက်ခဲကြောင်း သဘောပေါက်သွားပြီး Juren စာမေးပွဲကို ချက်ချင်း လက်လျှော့လိုက်သည်။
နှစ်များကြာလာသည်နှင့်အမျှ သူ့တွင် စာသင်ခြင်းမှအပ ဘာမှလုပ်စရာမရှိသောကြောင့် သူသည်လည်း ဆက်လက်သင်ယူနေသည်။ သူသည် ယခင်အသိပညာများကို မမေ့လျော့သေးသော်ငြား သူ့အဆင့်ဟာ တကယ်ပင် ပျှမ်းမျှသာ ဖြစ်သည်။
အနည်းဆုံးတော့ ယခုလက်ရှိတွင် ဝေ့လင်းရှိူ့က မေးခွန်းတချို့ကို မေးမြန်းထားပြီး သူသည် မဖြေနိုင်တော့ပေ။
တစ်ခါတစ်လေကျရင် ဝေ့လင်းရှိူ့က သူ တစ်ခါမှ မဖတ်ဖူးတဲ့ စာအုပ်တွေကိုတောင် ပြောဖူးတယ်!
ဤတပည့်မျိုးကို လက်ခံထားရခြင်းဟာ တကယ့်ကို နာကျင်ပြီး ပျော်ရွှင်စေနိုင်သည်... ကျောက် Xiucai သည် စဉ်းစားပြီး သူ၏ အတန်းဖော်ဟောင်းများထံသို့ အရှက်မရှိ သွားကာ စာပေအကြံဉာဏ်များ မေးမြန်းသည်။ စကားမစပ်တွင် ဝေ့လင်းရှိူ့အကြောင်း စကားအနည်းငယ်ကိုလည်း ကြွားဝါပြောဆိုခဲ့သည်။
ကျောက် Xiucai ချီးကျူးနေသော ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီထံမှ ဖိအားပေးခံရပြီး စာအုပ်ရွတ်ဆိုနေရသည်။
တရုတ်နှစ်သစ်ကူးသည် နောက်ဆယ်ရက်အကြာနားတွင် ဖြစ်ပေလိမ့်မည်။ ယခုတလောတွင် ရှင်းအန်းကျေးရွာမှ အိမ်ထောင်စုများစွာသည် ဝက်များကို သတ်နေခဲ့ကြသော်လည်း ယန်ကျင်းဇီကမူ ရိုးရှင်းစွာပင် ဝက်တစ်ကောင်ကို သွားဝယ်ခဲ့သည်။
ဝက်ခေါင်းကို ဆားနယ်ထားပြီး တရုတ်နှစ်သစ်ကူးကာလတွင် ဘိုးဘေးပူဇော်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ဝက်အသားအတွက်မူ... ဝက်တစ်ဝက်ကို ဆားနှပ်ထားပြီး ဖြည်းဖြည်းချင်း စားသည်။ ကျန်တစ်ဝက်ကို နှစ်ပိုင်းခွဲပြီး ယန်ကျင်းဇီသည် ရှေ့ခြေများကို အိမ်တွင် စားရန် ချန်ထားသည်။ သူသည် ကျန်ရှိသော ဝက်နောက်ခြေများကို ကောက်ယူလိုက်သည်။
ယန်ကျင်းဇီ ဝက်ကို ဆားနယ်နေစဉ်တွင် ဝေ့လင်းရှိူ့က သူ့အနားတွင် စာရွတ်ဆိုနေသည်။ ယခု ယန်ကျင်းဇီ၏ အပြုအမူများကို တွေ့ရသော် သူက စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည် : “ အစ်ကိုယန် ဘာလုပ်နေတာလဲ? ”
“ ငါ့အမေကို အသားသွားပို့ပေးမလို့။ ” ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ကြည့်သည် : “ မင်း ငါနဲ့ လိုက်လို့ရတယ်။ ”
“ ကောင်းပြီ။ ” ဝေ့လင်းရှိူ့က ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်ပြီးနောက် ယန်ကျင်းဇီ၏ စကားကို ကြားလိုက်ရသည် : “ မင်း စာဆက်ရွတ်ပါ။ အမှားရှိရင် ငါ မင်းကို သတိပေးမယ်။ ”
ဝေ့လင်းရှိူ့သည် လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် ကျမ်းစာများကိုသာ ဖတ်ခဲ့ပြီး ဗုဒ္ဓကျမ်းဂန်မျိုးစုံကို အများအပြား ကူးယူခဲ့သည်။ သူသည် စကားလုံးတိုင်းကို သိရှိပြီး အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်သော်လည်း ပြန်လည်မရွတ်ဆိုနိုင်ပေ...
ထို့ကြောင့် ယခု ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို နေ့တိုင်း စောင့်ကြည့်ပြီး စာအုပ်ကို အလွတ်ကျက်စေသည်။
ဝေ့လင်းရှိူ့ : “ ... ”
ယန်ကျင်းဇီသည် ဝက်ခြေကို ကိုင်ဆောင်လျက် ရှေ့မှ လမ်းလျှောက်နေပြီး ဝေ့လင်းရှိူ့က စာအုပ်တစ်အုပ်နှင် နောက်မှလိုက်ကာ စာရွတ်ဆို၍ လမ်းလျှောက်နေသည်...
ရှင်းအန်းကျေးရွာမှ လူများသည် မအံ့ဩကြပေ။
ရွာမှ ကလေးများသည် ယန်ကျင်းဇီကို ကြောက်ရွံ့နေကြဆဲဖြစ်သော်ငြား လူကြီးသူမများသည် ယန်ကျင်းဇီကို များစွာ သဘောကျနေကြသည် : “ ယန်တက ပိုကောင်းတဲ့ဘက်ကို တကယ် ပြောင်းလဲသွားပုံရတယ်။ ”
“ အရင်တစ်ခေါက် သူ ငါ့ဟင်းရွက်ခင်းကနေ စားဖို့ အသီးအရွက်တွေ လိုချင်ခဲ့တုန်းက ငါ့ကို ငွေတောင် ပေးသွားသေးတယ်! ”
“ သူ လောင်လျှိုဆီကလည်း ပရိဘောဂတွေ ဝယ်ပြီး ငွေပေးသွားတယ်။ ”
“ နေက အနောက်ကနေ တကယ် ထွက်လာတာပဲ... ”
…...
ယန်တက တကယ်ပင် များစွာ ပြောင်းလဲသွားပြီး ဝေ့သခင်လေးကလည်း ထပ်တူပင်။
သူတို့သည် သူ့ကို ယန်တ ရိုက်နှက်လိမ့်မည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် မဟုတ်ဘူး!
ယန်တက သူ့အပေါ် တကယ်ပဲ အတော်ကောင်းတာလား...?
ဘယ်လိုလုပ် ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို မဆုပ်ကိုင်ပဲ နေနိုင်မှာလဲ? ဝေ့လင်းရှိူ့က သူ့နောက်မှ နီးနီးကပ်ကပ် လိုက်ပါလျက် စာရွတ်ဆိုနေသည်ကို တွေ့ရသောအခါ ယန်ကျင်းဇီသည် သူ့ကို နမ်းချင်လာသည်။
ကံမကောင်းစွာဖြင့် သူသည် မဝံ့ရဲပေ။
သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ဦးစွာ ရရှိလာသောအခါ သူသည် ဝေ့လင်းရှိူ့က မူလပိုင်ရှင်ကို အလွန်စိတ်ပျက်စရာကောင်းလောက်အောင် ချစ်လိမ့်မည်ဟု ခံစားခဲ့ရသော်ငြား ထိုသို့မဖြစ်နိုင်ကြောင်း သဘောပေါက်လာခဲ့သည်။
ဝေ့လင်းရှိူ့သည် သူ့နောက်မှလိုက်၍ ဝေ့အိမ်မှ ထွက်ခွာလာသည်မှာ ဝေ့အိမ်တွင် အနိုင်ကျင့်ခံရပြီး ထိုနေရာတွင် မနေချင်တော့သောကြောင့်သာ ဖြစ်လိမ့်မည်။
သူ့ယခင်ဘဝတွင် ဝေ့လင်းရှိူ့သည် ပိုမိုဆိုးရွားသော အခြေအနေတွင် ရှိခဲ့သည်။ သူ့ကို သူ့မိသားစုက ရိုက်နှက်ပြီး သူ့သူငယ်ချင်းများက သူ့ကို ပလိပ်ရောဂါကဲ့သို့ ရှောင်ရှားကြသည်။ ဖြစ်နိုင်တာ သူက... မူလပိုင်ရှင်နဲ့ပဲ နေနိုင်ရုံပဲ တတ်နိုင်တာလား?
အခု မတူတော့ဘူး!
ယခု ဝေ့လင်းရှိူ့တွင် အခြားရွေးချယ်စရာများ ရှိနေသည်။ ဒါဆို သူ့ကို မကြိုက်တော့ဘူးလား? သို့ရာတွင် သူသည် ဝေ့လင်းရှိူ့အား သူ့အပေါ်တွင် မှီခိုနေစေရန် တုန့်ဆိုင်းမိသည်...
ယန်ကျင်းဇီသည် စိတ်ရှုပ်နေ၏။
ဝေ့လင်းရှိူ့သည်လည်း ရုန်းကန်နေသည်။
ဝေ့အိမ်တွင် ရှိနေစဉ် သူတို့သည် ကြံစည်ခံရပြီး ယန်ကျင်းဇီက သူ့ကို အမြဲကာကွယ်ခဲ့ကာ ယန်ကျင်းဇီက သူ့ကို နှစ်သက်သည်ဟု ခံစားရစေခဲ့သည်။ သို့သော် ဤရက်များတွင် ယန်ကျင်းဇီက ဘာကိုမှ လုံးဝ မဖော်ပြခဲ့ချေ...
အဲ့ဒါ... ယန်ကျင်းဇီက သူ့ကို မကြိုက်လို့များလား? သူက ယန်ကျင်းဇီကို ငွေပေးခဲ့ဖူးလို့ ယန်ကျင်းဇီက သူ့ကို ကူညီချင်ရုံပဲလား?
သူတို့သည် တစ်နာရီကြာ လမ်းလျှောက်ကာ မူလပိုင်ရှင်၏ မိခင် နေထိုင်သော ရွာသို့ ရောက်သွားကြသည်။
မူလပိုင်ရှင်၏ မိခင်သည် လှပခြင်းမရှိဘဲ သာမန်ကျေးလက်အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ မူလပိုင်ရှင်၏ ဖခင်က သူ(မ)ကို ရောင်းချိန်တွင် သူက သူ(မ)ကို အနီးအနားရှိ အိမ်နီးချင်းရွာမှ ကလေးမရှိသော လူပျိုကြီးတစ်ဦးထံသို့ ပေးခဲ့ပြီး သူ(မ)ကို ထိုလူပျိုကြီးအတွက် ကလေးမွေးစေခဲ့သည်။
ဤလူပျိုကြီးက အရပ်ပုပြီး အလုပ်မလုပ်နိုင်သဖြင့် ဇနီးတစ်ဦးကို လက်မထပ်နိုင်ခဲ့ပေ။ မူလပိုင်ရှင်၏ မိခင်ကို ရရှိပြီးနောက် သူက မူလပိုင်ရှင်၏ မိခင်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံသဖြင့် မူလပိုင်ရှင်၏ မိခင်က ထိုနေရာတွင် နေခဲ့သည်။ နောက်ပိုင်းတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်တို့ကို မွေးပေးပြီးနောက် သူ(မ)က ပို၍ပင် ခိုင်မြဲစွာ ရပ်တည်နိုင်လာခဲ့၏။
မူလပိုင်ရှင်က လောင်းကစားဝိုင်းတွင် အလုပ်ရှာမတွေ့ခင်၌ ဤနေရာသို့ မကြာမကြာ လာတတ်သည်။ မူလပိုင်ရှင်၏ မိခင်က အိမ်တွင် ဆင်းရဲပြီး မူလပိုင်ရှင်ကို ငွေမပေးနိုင်သော်ငြား မူလပိုင်ရှင် ရောက်လာလျှင် သူ(မ)က ပါးစပ်အပြည့် စားစရာ ကျွေးမွေးလိုက်ဆဲဖြစ်သည်... နောက်ပိုင်း၌ မူလပိုင်ရှင်သည် လောင်းကစားဝိုင်းတွင် အလုပ်လုပ်ပြီး ဤပါးစပ်အပြည့်စားစရာကို မျက်စိထဲ မထည့်တော့ပေ။ မိသားစုနှစ်စုက အချင်းချင်း ဝေးကွာနေသောကြောင့် ဘယ်တော့မှ ထပ်ရောက်မလာတော့ချေ။
ယနေ့ ယန်ကျင်းဇီ ရောက်လာသောအခါ ဤအသက်လေးဆယ်ကျော် ပိန်ပိန်ပါးပါး အမျိုးသမီးအိုက အံ့ဩသွားသည်။
ယန်ကျင်းဇီသည် စကားသိပ်မပြောပေ။ သူသည် ဝက်လေးပုံတစ်ပုံကို ထားခဲ့ပြီး သူ(မ)ကို ငွေတစ်ဒါဇင် ပါသော ငွေအိတ်တစ်အိတ်ကို ပေးကာ ဝေ့လင်းရှိူ့ကို ပြန်ခေါ်လာသည်။ သူသည် စာရွတ်ဆိုနေသော ဝေ့လင်းရှိူ့ကို ဆက်လက်စောင့်ကြည့်လေသည်။
ဤရှင်းအန်းကျေးရွာတွင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် မုန်လာဥများကို ဆောင်းရာသီ၌ စားကြပြီး လူတိုင်းဟာ နှစ်သစ်ကူးအကြိုအတွက် မျှစ်ခြောက်များနှင့် ပင်လယ်ရေညှိခြောက်များကို ဝယ်ယူကြသဖြင့် စားစရာ အများအပြား ရှိနေပေသည်။
အိမ်ပြန်ရောက်သောအခါ ယန်ကျင်းဇီသည် ရေစိမ်ထားသော မျှစ်ခြောက်များကို လှီးဖြတ်ပြီး ဝက်ခြေကို စတင်ခုတ်ပိုင်းကာ မျှစ်ခြောက်ဟင်းကို ပြင်ဆင်သည်။
ရလဒ်ကမူ ခုတ်ပိုင်းနေစဉ် သူသည် ဤလမ်းအတိုင်း သယ်ဆောင်လာသော ဝေါစင်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရပြီး ဝေါစင်ဘေးမှ လမ်းလျှောက်နေသော အမျိုးသားတစ်ဦးက မေးမြန်းသေးသည် : “ ခွင့်ပြုပါ၊ ဒါ ယန်လူကြီးမင်းရဲ့နေအိမ်ပါလား? ”
“ ယန်လူကြီးမင်းလား? ” ယန်ကျင်းဇီ ပဟေဠိဖြစ်သွားသည်။
“ လူကြီးမင်း ယန်ကျင်းဇီကို ပြောတာပါ။ သူ့ကို ယန်တလို့ ခေါ်ကြတယ်လို့လည်း ကြားမိပါတယ်။ သူက ဒီမှာ နေပါသလား? ” ထိုသူက တရိုတသေ မေးမြန်းသည်။ သူက လက်အောက်ငယ်သားကဲ့သို့ ဝတ်ဆင်ထားသော်ငြား စာအုပ်များကို ဖတ်ရှုဖူးသူနှင့်လည်း တူသည်။
“ ဟုတ်တယ်။ ” ယန်ကျင်းဇီက ဆိုသည်။ ဓားအောက်ကျသွားသည်နှင့်တပြိုင်နက် ဝက်ခြေမှာ အလွယ်တကူ ခုတ်ပိုင်းခံလိုက်ရသည်။
“ ယန်လူကြီးမင်းက ဘယ်မှာလဲ? ” နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ယန်ကျင်းဇီသည် ခေါင်းမော့ကြည့်ရာ ဝေါစင်ပေါ်မှ ဆင်းလာသော သက်လတ်ပိုင်း ပညာရှင်တစ်ဦးကို တွေ့သွားသည်။
“ ငါက ယန်ကျင်းဇီပါ။ ” ယန်ကျင်းဇီက နောက်တစ်ကြိမ် လှီးဖြတ်လိုက်ပြန်သည်။
သက်လတ်ပိုင်း ပညာရှိက အနည်းငယ် ဆွံ့အသွားသည် : “ မင်း ဟာသပြောစရာ မလိုပါဘူး... ”
မည်သို့ပင်ဆိုစေကာမူ သက်လတ်ပိုင်း ပညာရှိကြီး စကားပြောပြီးသည်နှင့် လမ်းမကောင်းသောကြောင့် နောက်ကျကျန်ခဲ့သော လီ Xiucai က ယခုမှ ရောက်လာသည် : “ ကျိုးသခင်ကြီး... ကျိုးသခင်ကြီးက ယန်လူကြီးမင်းနဲ့ တွေ့ပြီးပြီလား? ”
သက်လတ်ပိုင်း ပညာရှိကြီး : “ ... ”
သက်လတ်ပိုင်း ပညာရှိခမျာ ဆွံ့အသွားရှာသည်။
ဤသက်လတ်ပိုင်း ပညာရှိကြီးဟာ အိမ်နီးချင်းကောင်တီမှ ကျိုးသခင်ကြီး ဖြစ်သည်။ သူသည် လက်ရေးလှကို အနှစ်သက်ဆုံး ဖြစ်၏။ သူသည် ထိုနေ့က လီ Xiucai နှင့် အခြားသူတို့၏ နှုတ်ခွန်းဆက်စာများကို တွေ့သောအခါ အံ့အားသင့်သွားပြီး လီ Xiucai အပြင် အခြားသူများနှင့် ကောင်းမွန်စွာ ဆွေးနွေးချင်ခဲ့သည်။
ရလဒ်ကမူ လီ Xiucai နှင့် အခြားသူများက သူ့ကို ပြောပြခဲ့ကြသည်။ ထိုနှုတ်ခွန်းဆက်စာများကို သူတို့ မရေးထားဘဲ အခြားလူတစ်ဦးက ရေးသားခဲ့သည်။ နှုတ်ခွန်းဆက်စာတွေအကုန်လုံးကို လူတစ်ဦးတည်းက ရေးထားတယ်!
ကျိုးသခင်ကြီးသည် ဤလူကို တွေ့ရန် မစောင့်နိုင်တော့ဘဲ လှေဖြင့် လာကာ လှေပေါ်မှ ဆင်းပြီး လူရှာရန် လူများကို သူ့အား အမြန်ခေါ်သွားခိုင်းသည်။
ရလဒ်ကတော့... ဒီသားသတ်သမားနဲ့တူတဲ့လူက အဲ့ဒီ့ထူးချွန်တဲ့ လက်ရေးလှရေးဆရာ ယန်လူကြီးမင်းတဲ့လား?
ကျိုးသခင်ကြီး ကြက်သေသေသွားရသည်။
ယန်ကျင်းဇီသည် နောက်ဆုံးတွင် ဝက်ခြေခုတ်ခြင်း ပြီးဆုံးသွားပြီဖြစ်သည် : “ လူကြီးမင်းတို့၊ ကျေးဇူးပြုပြီး ဝင်ကြပါ။ ”
ကျိုးသခင်ကြီးသည် အထဲဝင်ကာ စားပွဲတစ်လုံးသာ ရှိသည့် အိမ်ရှေ့ခန်းအလွတ်ကို တွေ့လိုက်ရသည်။ ထို့အပြင် အသက် ၁၇ သို့မဟုတ် ၁၈ အရွယ် လူငယ်တစ်ဦးက စားပွဲတွင် ထိုင်လျက် စာဖတ်နေပြီး ယင်းမှလွဲ၍ တခြားဘာမှမရှိချေ။
သို့သော် သူသည် စိတ်မပျက်သွားပေ။
အဘယ့်ကြောင့်ဆိုသော် သူသည် စားပွဲနားသို့ ချဉ်းကပ်ပြီး ကြည့်လိုက်ရာ သူ့ကို အံ့ဩစေသော စကားလုံးများကို တွေ့လိုက်ရသောကြောင့်ပင်။
ယန်ကျင်းဇီသည် သင်ယူခါစ စာလုံးပုံစံများကို အသုံးပြု၍ ဤရက်များအတွင်းတွင် ဝေ့လင်းရှိူ့ကို သတ်ပုံပြရန် အားထုတ်ခဲ့သည်။
ဝေ့လင်းရှိူ့ကို ဤလက်ရေးကောင်းအား များများဖတ်စေကာ သူ၏ ရသခံစားနိုင်မှုအဆင့်ကို မြင့်တင်စေခြင်းဟာ ကောင်းမွန်သည်။
အရေးကြီးဆုံးကတော့... သူ ကြွားချင်နေတာပဲ!
ဒီရက်တွေမှာ ဝေ့လင်းရှိူ့က နေ့တိုင်း သူ့ကို ချီးကျူးတယ်!
ယခုအခါတွင် အလွတ်ကျက်ရန် ဝေ့လင်းရှိူ့ ကိုင်ဆောင်ထားသော စာရွက်များကို ကျိုးသခင်ကြီးက ရတနာကဲ့သို့ ကိုင်ဆောင်ထားသည်။
ယန်ကျင်းဇီသည် ကျိုးသခင်ကြီးကို သူ တတ်စွမ်းသမျှ ပြသရန် လိုအပ်ပေသည်။ ကျိုးသခင်ကြီးက မထွက်သွားသေးသောကြောင့် သူသည် ကျိုးသခင်ကြီးကိုလည်း ညစာစားဖိတ်ပြီး ဝက်ခြေဖြင့် ချက်ထားသော မျှစ်ခြောက်များနှင့် ထမင်းစားစေသည်။
သူ ဝယ်ထားသော ခုတင်၊ စားပွဲနှင့် ပစ္စည်းတို့ကို ရွာ၏ လက်သမားဆရာ လောင်လျှိုက မပြုလုပ်ရသေးချေ။ ကျိုးသခင်ကြီးကို ထမင်းစားဖိတ်ရန် အသုံးပြုသော စားပွဲနှင့် ထိုင်ခုံများအား ကျိုးသခင်ကြီး၏ နောက်ပါအစေခံက အိမ်နီးနားချင်း လယ်သမားအိမ်မှ ငှားရမ်းလာခဲ့သည်။
ထို့နောက်တွင် ယန်ကျင်းဇီသည် ကျိုးသခင်ကြီးထံမှ ငွေထပ်ရှာနိုင်ခဲ့ပြန်သည်။
ပညာရှင်တစ်ဦး ငွေရှာခြင်းဟာ တကယ့်ကိုပင် လွယ်ကူလွန်းသည်။ ဒါပေါ့၊ အရမ်းလွယ်နေတာရဲ့ အဓိက က ဉာဏ်ကောင်းလွန်းတဲ့ သူ့ကြောင့်ပဲ!
“ မင်း စာမေးပွဲအောင်ရင် ဒီလူအိုကြီးဆီ လာနိုင်တယ်။ ဒီလူအိုကြီးနဲ့ စာပေကို အတူဆွေးနွေးကြမယ်။ ” မပြန်ခင်တွင် ကျိုးသခင်ကြီးက ယန်ကျင်းဇီကို ပြောခဲ့သည်။
လီ Xiucai သည် အားကျမိသော်လည်း ယန်ကျင်းဇီ၏ ပင်ကိုယ်စွမ်းရည်ကို တွေးမိသောအခါ ထိုသို့ဖြစ်ခြင်းမှာ အမှန်ဖြစ်သည်ဟု ခံစားလိုက်ရသည်။
ကျိုးသခင်ကြီးထံမှ ငွေအမြောက်အမြား ရရှိပြီးနောက် စာအုပ်ဆိုင်သည် ပြန်ပိတ်တော့မည်ဖြစ်ရာ ယန်ကျင်းဇီသည် စာအုပ်ကူးရန် မသွားတော့ဘဲ အိမ်တွင် ကောင်းမွန်စွာ နှစ်သစ်ကူးကို ဖြတ်သန်းခဲ့သည်။
သေချာတာပေါ့၊ ၎င်းတို့မတိုင်မီ သူသည် ကျိုးသခင်ကြီးက သူ့အိမ်သို့ ရောက်လာကြောင်းကို လောင်းကစားဝိုင်းမှ လူများအား စကားဖြန့်ခိုင်းရန်လည်း မမေ့လျော့ခဲ့ပေ။
ထို့ကြောင့် သုံ့ကူကောင်တီတွင် နောက်ထပ်ကောလာဟလများ ထွက်ပေါ်လာပြန်သည် : “ မင်းတို့ ကြားပြီးပြီလား? အနီးအနားကောင်တီက ကျိုးသခင်ကြီးက ယန်တအိမ်ကို သွားခဲ့တယ်တဲ့။ ”
“ သူက ယန်တအိမ်ကို ဘာလို့သွားတာလဲ? ”
“ ဝေ့လင်းရှိူ့နဲ့ တစ်ခုခုပတ်သက်တာ ဖြစ်နိုင်တယ်... ”
“ ဝေ့လင်းရှိူ့ရဲ့ အမေဘက်က မိသားစုက တော်တော်လေး ဩဇာကြီးတယ်လို့ ပြောကြတယ်မလား? ”
…...
ဝေ့လင်းရှိူ့ကို အိမ်မှမောင်းထုတ်ရန် မျိုးနွယ်စုကို ခက်ခက်ခဲခဲ စည်းရုံးထားခဲ့ရသော ဝေ့ကျီယွမ် : “ ... ”
ကောင်းပြီ၊ သူ အခု မလုပ်ရဲတော့ဘူး။
ဝေ့လင်းရှိူ့မိခင်၏ မျိုးရိုးနာမည်မှာ ကျိုး ဖြစ်ပြီး ဘေးအိမ်မှ ထိုကျိုးသခင်ကြီးကလည်း ကျိုးမျိုးနွယ် ဖြစ်သည်။ သူတို့က တော်စပ်နိုင်နေလား?
သူ့ကို ကျိုးမိသားစုက နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ပြီး သူသည် ယခုအထိ ဖိနှိပ်ခံနေရဆဲဖြစ်သည်... ဝေ့ကျီယွမ် တွေးမိလေလေ၊ ပိုပိုပြီး ဒေါသထွက်မိလေလေ ဖြစ်သော်ငြား သူသည် ဘာမှမလုပ်နိုင်ပေ။
မနှစ်က ယန်ကျင်းဇီ ဝယ်ယူခဲ့သော ခုတင်နှင့် စားပွဲတို့ ရောက်ရှိလာသဖြင့် သူတို့သည် စားပွဲပေါ်တွင် တင်စားစရာမလိုတော့သည့်အပြင် သက်တောင့်သက်သာလည်း အိပ်စက်နိုင်ပြီဖြစ်သည်။
ထို့အပြင် ယန်ကျင်းဇီက သူ့အတွက် ချုပ်လုပ်ခိုင်းထားသော အဝတ်အစားများကိုလည်း ပြုလုပ်ပြီးဖြစ်၏။
သို့သော်ငြား သူက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလျှင်ပင် စာသင်သားတစ်ဦးနှင့် မတူသေးပေ...
ကျေးဇူးတင်စရာကတော့ သူက ဒီနောက်ပိုင်း နေပူထဲ သိပ်မထွက်ဖြစ်လို့ တကယ် အသားတော်တော်ဖြူလာတာပဲ!
နှစ်သစ်ကူးပြီးရင် ကောင်တီစာမေးပွဲတွေ စတော့မယ်!
ယန်ကျင်းဇီသည် သူ့အတွက် အာမခံပေးနိုင်သော Linshi တစ်ဦး ရရှိပြီးဖြစ်သည်။ သူနှင့် ဝေ့လင်းရှိူ့တို့၏ နောက်တစ်ဆင့်မှာ အခြားကလေးသုံးဦးကို ရှာရန်ဖြစ်ပြီး လူငါးဦးက အချင်းချင်း၏ အာမခံပေးသူများ ဖြစ်လာကြလိမ့်မည်။
ဒီလူတွေက...
မြို့တွင်းရှိ Xiucai တစ်ဦး ဦးစသော ကျောင်းတစ်ကျောင်းတွင် ကျောင်းသားအချို့က အတန်းထဲ၌ ရှိနေကြသည်။
သူတို့ ရှိနေစဉ် ရှည်လျားသော ဝတ်ရုံ ဝတ်ဆင်ထားသည့် ကြီးမားသော အမျိုးသားတစ်ဦးက ရုတ်တရက် အပြင်မှ ဝင်လာသည်။
“ ငါ ကြားလာတယ်၊ ဒီမှာ အချင်းချင်း အာမခံပေးဖို့ လူမရှာနိုင်တဲ့ ကျောင်းသားတွေ ရှိတယ်ဆိုလား? ငါနဲ့ ပူးပေါင်းရင်ရော ဘယ်လိုလဲ? ” ယန်ကျင်းဇီက ထို Xiucai ကို ပြုံးပြလိုက်သည်။
Xiucai က စိတ်ရှုပ်ထွေးသွားသည် : “ ယန်တလား? ”
“ ငါပါ။ ” ယန်ကျင်းဇီက ပြောသည်။
“ မင်းက ငါ့နေရာကို လာရှုပ်ရဲတယ်ပေါ့... မြန်မြန် ဒီကနေ ထွက်သွားစမ်း! ” Xiucai က စားပွဲကို
ရိုက်ပြီး ပြောလာသည်။
ယန်ကျင်းဇီ၏မျက်နှာက အေးစက်သွားပြီး သူက ထိုသူကို စိုက်ကြည့်လိုက်သည် : “ မင်း ဘာပြောလိုက်တာလဲ? ”
ထို Xiucai သည် မသိလိုက်ဘဲ တုန်ယင်သွားရသည် : “ မဟုတ်ဘူး... ငါ ဘာမှမပြောလိုက်ဘူး။ ”