ယန်ကျင်းဇီ၏ အသိများ ဖြစ်သော လီ Xiucai နှင့် အခြားသူတို့သည် ချမ်းသာကြွယ်ဝသော မိသားစုများမှ ဖြစ်ပြီး ရှေ့သို့ဆက်သွားချင်ကြသည်။
သူတို့ကဲ့သို့ လူအများသည် အများအားဖြင့် ကျောင်းသားများ လက်မခံဘဲ အလွန်ဆုံးမှာ သူတို့၏ သားများနှင့် မျိုးနွယ်စုဝင်များကို အကြံဉာဏ်ပေးခြင်းသာ ဖြစ်သည်။
Tongsheng စာမေးပွဲ ဖြေဆိုမည့် သူတို့ သိကျွမ်းသော လူများတွင်လည်း အခြေခံအားဖြင့် အစောကတည်းကပင် အချင်းချင်း အာမခံပေးနိုင်သော ဖြေဆိုသူများ ရှိနေကြပြီဖြစ်၏။
သူတို့သည် ယန်ကျင်းဇီကို ဤကိစ္စနှင့်ပတ်သက်၍ မကူညီနိုင်သော်ငြား သတင်းအချို့ကိုတော့ သိထားကြသည်။ ဤစာသင်ကျောင်းမှ ကလေးသုံးယောက်ဟာ အတူတကွ ကောင်တီစာမေးပွဲတွင် ပါဝင်ဖြေဆိုမည့် လူများကို လုံးဝ ရှာမတွေ့သေးကြောင်း ကြားသိထားသဖြင့် သူတို့သည် ယန်ကျင်းဇီကို သွားကြည့်ခိုင်းခဲ့သည်။
ယန်ကျင်းဇီသည် လူများနှင့် ကောင်းကောင်းမွန်မွန် စကားပြောချင်ခဲ့သော်လည်း ၎င်းက အလုပ်ဖြစ်ပုံမပေါ်ချေ...
ကံကောင်းထောက်မစွာဖြင့် သူ့ကြောင့် ထိတ်လန့်သွားပြီးနောက်တွင် ဤ Xiucai က ကောင်းစွာ စကားပြောသွားနိုင်ပြီပင်။
“ မင်း... မင်း ဘာလိုချင်လို့လဲ? ” Xiucai က မေးသည်။
“ ငါ ကြားထားတာ မင်းတို့ကျောင်းမှာ ကောင်တီစာမေးပွဲ ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားသုံးယောက် ရှိတယ်ဆိုလား? ” ယန်ကျင်းဇီက မေးသည်။
“ အဲ့ဒါ တကယ် ဟုတ်တယ်။ ” ဤ Xiucai က ပြန်ဖြေသည်။
“ ဝေ့လင်းရှိူ့နဲ့ ငါလည်း ကောင်တီစာမေးပွဲမှာ ဝင်ဖြေမလို့။ ဒီတော့ ငါတို့ သူတို့နဲ့ အချင်းချင်း အာမခံပေးနိုင်တယ်။ ” ယန်ကျင်းဇီသည် ထို Xiucai က ပိုမိုကောင်းမွန်စွာ စကားပြောလာသည်ကို တွေ့ပြီး သူ့သဘောထားလည်း ပြန်ကောင်းလာသည်။
သူသည် မမျှော်လင့်ထားမိပေ။ သူ စကားပြောပြီးသောအခါ Xiucai က ဒေါသဖြစ်သွားသည် : “ မင်းနဲ့ ဝေ့လင်းရှိူ့က ကောင်တီစာမေးပွဲမှာ ဝင်ဖြေမှာလား? တကယ့်ကို စော်ကားတာပဲ! ”
ချက်ချင်းပင် ကောင်တီစာမေးပွဲ ဖြေရန် စီစဉ်နေသော ဤကျောင်းမှ ကျောင်းသားများကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောကြသည် : “ ငါ မင်းနဲ့ မပေါင်းချင်ဘူး! ”
“ ငါ့ကို မင်းအတွက် အာမခံပေးမလား လာတောင် မမေးနဲ့! ”
“ ငါ မင်းနဲ့ ဘယ်တော့မှ တစ်လှေတည်း မစီးဘူး! ”
ဘာကြောင့် သူက “စွန်းထင်း” နေတာလဲ? ယန်ကျင်းဇီသည် အနည်းငယ် အကူအညီမဲ့သွားပြီး ကျောင်းသားသုံးယောက်ကို ကြည့်လိုက်သည်။
ကောင်တီစာမေးပွဲ ဖြေဆိုမည့် ကျောင်းသားသုံးယောက်သည် အသက်သိပ်မကြီးကြသေးပေ။ အငယ်ဆုံးက အသက် ၁၅ နှစ်သာ ရှိသေးပြီး အကြီးဆုံးက အသက် ၁၈ နှစ်သာ ရှိသည်။
ဤအရွယ်တွင် လူများဟာ ဤကမ္ဘာကြီးက အဖြူ သို့မဟုတ် အမည်းသာ ဖြစ်သည်ဟု အမြဲထင်ကြသည်။
ယန်ကျင်းဇီက ယခုတလော ပြဿနာမရှာခဲ့သော်ငြား သူတို့သည် ယန်ကျင်းဇီ၏ ကောလာဟလများကို ယခင်က ကြားခဲ့ဖူးပြီး သူတို့၏ ယန်ကျင်းဇီအပေါ် အမြင်က တကယ် ဆိုးရွားသည်။
ပိုအရေးကြီးတာကတော့ ယန်ကျင်းဇီက အဲ့လိုလူရမ်းကား ဖြစ်နေတာတောင် ကောင်တီစာမေးပွဲကို ဘယ်လိုသွားရဲတာလဲ... သူတို့ ဘာပြောရမလဲ မသိတော့ဘူး!
သူတို့ရဲ့ ဂုဏ်သိက္ခာ မစွန်းထင်းစေဖို့အတွက် သူတို့က ယန်ကျင်းဇီနဲ့ ပူးပေါင်းဖို့ ဘယ်တော့မှ ဆန္ဒရှိလာမှာ မဟုတ်ဘူး!
ကျောင်းသားသုံးယောက်စလုံးက ယန်ကျင်းဇီကို စိုက်ကြည့်ကြပြီး ယန်ကျင်းဇီက ခဏတာ စဉ်းစားကာ သူတို့ထဲမှ အကြီးဆုံးကို တိုက်ရိုက်ဖမ်းကိုင်၍ ကောက်မလိုက်သည်။
၎င်းက မြေပြင်မှ ခြေလွတ်သွားသော မြှောက်ခြင်းမျိုးပင်။
ယနေ့တွင်လည်း အေးစက်နေဆဲဖြစ်ပြီး ဤကျောင်းသားက သူ့ဝတ်ရုံရှည်အပေါ်၌ နူးညံ့သော အနွေးအင်္ကျီတစ်ထည်ကို ဝတ်ဆင်လာသည်။ ယန်ကျင်းဇီသည် အနွေးအင်္ကျီကို ဆွဲကိုင်ပြီး မပင်မပန်းစွာပင် လူကို မြှောက်တင်ထားကာ ပတ်ပတ်လည်ကိုပင် ဝှေ့ယမ်းနိုင်သေးသည်...
သေချာတာပေါ့၊ လူများကို မခြောက်လှန့်နိုင်ဟု စဉ်းစားလျက် ယန်ကျင်းဇီက ထိုသို့မလုပ်ဘဲ လှောင်ရယ်သာ ရယ်လိုက်သည် : “ မင်းက ငါနဲ့ အာမမခံပေးချင်ဘူးလား? ”
ဤကျောင်းသားသည် ငယ်ငယ်ကလေးဘဝကတည်းက စာလေ့လာနေခဲ့ပြီး သူ့အဖော်များနှင့် ပြဿနာဖြစ်ခဲသည်။ ယခု ဤအခြေအနေနှင့် ကြုံတွေ့ရသော် လူတစ်ကိုယ်လုံး ဆွံ့အသွားပြီး တုန်ယင်သွားသည်။
ယန်ကျင်းဇီက သူ့မျက်နှာကို အခြားလက်တစ်ဖက်ဖြင့် ဖွဖွပုတ်လိုက်သည် : “ ဟဲ၊ ဒီသုံ့ကူကောင်တီက ငါ့နေရာ။ မင်း ငါ့စကား နားမထောင်ရင် မင်းမိသားစု... ”
ဒီကျောင်းသားက ငိုမိမတတ် ကြောက်ရွံ့သွားပြီ!
ယန်ကျင်းဇီသည်် အခြားကျောင်းသားနှစ်ယောက်ကို ကြည့်လိုက်ပြန်သည် : “ ပြီးတော့ မင်းတို့... ”
ကျောင်းသားနှစ်ယောက်က မျက်နှာဖြူဖျော့သွားကြသည်။
စာသင်သားများတွင် သမာဓိရှိရမည်ဖြစ်သည်။ သူတို့၏ မူလအတွေးမှာ ယန်တကို ရင်ဆိုင်ရလျှင် သူတို့က အင်အားကြီးပြီး အလျှော့မပေးဘူးဟု ဖြစ်ခဲ့သော်လည်း ယန်တက သူတို့၏ မိသားစုဝင်များကို ရည်ညွှန်းသောအခါ...
သူတို့၏မိသားစုများက မဆိုးသော်ငြား ကောင်းလည်း မကောင်းဘဲ အနည်းဆုံးတော့ သူတို့ကို ကာကွယ်ရန် လူတစ်စုကို ငှားရမ်းခြင်းမှာ မဖြစ်နိုင်ချေ။ ယန်တက သူတို့၏မိသားစုများကို ပြဿနာသွားရှာလျှင်...
ဤကျောင်းသားသုံးယောက်သည် နာခံရုံသာ တတ်နိုင်သည်။
အမှန်ပင်၊ သူတို့သည် အပေါ်ယံအားဖြင့်သာ နာခံမှုရှိပြီး သူတို့၏စိတ်ထဲတွင်မူ ကိုယ်စီတွေးနေကြသည်။ သူတို့ဟာ ဤအကြိမ် ကောင်တီစာမေးပွဲတွင် မဖြေဆိုရန် ကြိုးစားရမည်ဆိုလျှင်ပင် ယန်တကို တိုင်ကြားရမည်ဖြစ်သည်။ ကောင်တီစာမေးပွဲနေ့ ရောက်ရင် ကောင်တီအောက်ရုံးတရားသူကြီးက သူ့ကို ဖမ်းဆီးသွားလိမ့်မယ်!
ယန်တက သူတို့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ!
ဤဆယ်ကျော်သက်များသည် ငယ်ရွယ်ပြီး ရွှင်မြူးတက်ကြွကာ ယန်ကျင်းဇီကို သင်ခန်းစာကောင်း မည်သို့ပေးမည်ကို စဉ်းစားနေကြသည်။ သူတို့သည် ပိုပိုပြီး တွေးမိသည်နှင့်အမျှ ယန်ကျင်းဇီရှေ့တွင် ပို၍နာခံစွာ ပြုမူလေသည်။ ဤသည်ကား / နောင်အခါတွင် အလုပ်အောင်မြင်ရန် ဂုဏ်သိက္ခာကျဆင်းသော အရှက်ကွဲခြင်းကို သည်းခံရခြင်း / ဖြစ်သည်။
ယန်ကျင်းဇီသည် သူတို့၏ အတွေးများကို မြင်လိုက်သည်။
ဒီလူငယ်တွေကတော့... သူတို့ရဲ့ စိတ်ထဲက အတွေးတွေက သူတို့ရဲ့မျက်နှာမှာ ပေါ်နေတယ်။
ယန်ကျင်းဇီသည် ပြုံးပြီး ကောင်တီအောက်ရုံးတရားသူကြီးကျူး နေထိုင်ရာသို့ သူတို့ကို ခေါ်သွားကာ ကောင်တီအောက်ရုံးတရားသူကြီးကျူးထံသို့ နှုတ်ခွန်းဆက်စာတစ်စောင်ကို ကမ်းလိုက်သည်။
သုံ့ကူကောင်တီတွင် တရားသူကြီးမှ ကြီးကြပ်ရန် လိုအပ်သော ကိစ္စအမှု မရှိချေ။ ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် နေ့တိုင်း အားလပ်နေသောကြောင့် ယန်ကျင်းဇီက သူ့ထံသို့ လာလည်ကြောင်း ကြားသောအခါ ချက်ချင်း ဝင်လာစေသည်။
ယန်ကျင်းဇီ ဝင်ရောက်ပြီးနောက် ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယန်ကျင်းဇီကို အားရပါးရလည်း ကြိုဆိုနှုတ်ဆက်ကာ ကျိုးသခင်ကြီးအကြောင်း ယန်ကျင်းဇီနှင့် ပြောဆိုကြသည်။ ယန်ကျင်းဇီကို သွားရှာသော ကျိုးသခင်ကြီးအကြောင်းကိုလည်း သူသည် အသေအချာ သိထားပေသည်။
“ ကျိုးသခင်ကြီးက လက်ရေးလှရေး ဆွေးနွေးဖို့ ကျွန်တော့်ကို လာရှာတာ... ” ယန်ကျင်းဇီသည် ထိုနေ့ အဖြစ်အပျက်ကို ပြောပြပြီး စစချင်းတွင် ဖြစ်ခဲ့သော ဟာသကိုလည်း ရယ်မောလိုက်သည် : “ အစတုန်းက ကျိုးသခင်ကြီးက ကျွန်တော့်ကို သားသတ်သမားလို့ ထင်ခဲ့တာ။ ”
“ ဟားဟားဟားဟား! ” ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ရယ်ပြီး ယန်ကျင်းဇီကို ကြည့်လိုက်သည်။ ဒီရုပ်သွင်ပြင်က သားသတ်သမားနဲ့ တကယ် တူတယ်!
သို့သော် ယန်ကျင်းဇီတွင် တောက်ပသော အနာဂတ် ရှိသည်။ ၎င်းက သူပင် မပြောနိုင်သော တစ်စုံတစ်ရာလည်း ဖြစ်သည်။
ယန်ကျင်းဇီသည် ကောင်တီအောက်ရုံးတရားသူကြီးကျူးနှင့် အလွန်ပျော်ရွှင်စွာ စကားစမြည်ပြောခဲ့ပြီး တစ်ချိန်တည်းတွင် သူ့လက်ဆောင်များကိုလည်း ပေးသည်။ ၎င်းတို့မှ အချို့ကို သူကိုယ်တိုင် ရေးသားထားသည်။
စကားလုံး ကြီးကြီးမားမား ရေးခြင်းဟာ ဒုက္ခနည်းစေသည်။ Three Character Classic တစ်အုပ် ရေးရတဲ့ အချိန်က သူ့ကို စကားလုံးအကြီးတွေ ဘယ်လောက်တောင် ရေးစေနိုင်သလဲ? လက်ဆောင်ကိုလည်း စာလုံးကြီးတွေနဲ့ ရေးသားသင့်တယ်!
“ လက်ရေးကောင်းပဲ! ” ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူ့ကို သဘောကျပြီး မနေနိုင်ဘဲ ယန်ကျင်းဇီကို စကားအနည်းငယ်လည်း သတိပေးလိုက်သည်။ ဒါမှသာ ယန်ကျင်းဇီက သူ၏ စာရွက်နှင့်မင်တို့ကို ငွေအတွက် မရောင်းချစေရန်ပင်။
ပညာရှိများဟာ အလွန်အကြူး အဆင့်အတန်းမနှိမ့်ချသင့်ပေ။ ၎င်းက လူအများအား သူတို့ကို အထင်သေးစေလိမ့်မည်။
ယန်ကျင်းဇီသည် လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
ရှားပါးသောကြောင့်သာ ပစ္စည်းများက အဖိုးထိုက်တန်သည် ဟူသော အမှန်တရားကို သူသည်လည်း နားလည်သည်။
ထို့အပြင် ယခု သူ စာလျှော့ရေးလျှင် အနာဂတ်တွင် အခြားမင်းအရာရှိများနှင့် တွေ့သောအခါ သူကိုယ်တိုင် ရေးထားသော စာလုံးကြီး လက်ရေးလှများကို ထုတ်ယူကာ လက်ဆောင်အဖြစ် ပေးပို့နိုင်လေသည်။ သူ အများအပြား စာရေးနေလျှင် နေရာတကာတွင် သူ၏ စာလုံးကြီး လက်ရေးလှများက ပျံ့နှံ့နေခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်... အဲ့အခါကျရင် သူက ကောင်တီအောက်ရုံးတရားသူကြီးကို တွေ့ဖို့ အရမ်းရှက်ပြီး လက်ဆောင်အဖြစ် သူ့လက်ရေးလှကိုပဲ ပို့လိုက်မှာလား?
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည်လည်း ယန်ကျင်းဇီ သဘောတူသည်ကို မြင်ရသဖြင့် ပျော်ရွှင်သွားသည်။
ယန်ကျင်းဇီကသာ သူရဲ့ အံ့ဖွယ်လက်အရှိန်ကို သုံးပြီးတော့ လက်ရေးလှတွေ အများကြီးကို ရေးပြီး ရောင်းနေတာကို ရပ်လိုက်မယ်ဆိုရင် ယန်ကျင်းဇီ လက်နဲ့ရေးထားတဲ့ အဲ့ဒီ့လက်ရေးလှတွေရဲ့ ဈေးနှုန်းတွေက သေချာပေါက် တဟုန်ထိုး တက်သွားလိမ့်မယ်!
သူသည် မြို့တော်သို့ နှစ်တိုင်း လက်ဆောင်များ ပေးပို့ရမည်ဖြစ်သည်။ ယခုအခါ သူသည် ယန်ကျင်းဇီကို ငွေပေးစရာ မလိုတော့ဘဲ ငွေများစွာ စုဆောင်းနိုင်လိုက်သည် — သူ့တွင် ငွေမပြတ်သော်လည်း ငွေလျှော့သုံးခြင်းက အမြဲကောင်းသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယန်ကျင်းဇီကို ကြည့်နေစဉ် ပိုပိုပြီး စိတ်ကျေနပ်သွားသည်။
ဤအချိန်တွင် ယန်ကျင်းဇီ ခေါ်ဆောင်လာသော ကျောင်းသားသုံးယောက်သည် ဆွံ့အနေကြပြီးဖြစ်သည်။
သူတို့ ဘာတွေ့လိုက်ရတာလဲ? ယန်ကျင်းဇီနဲ့ တရားသူကြီးမင်းတို့ ရင်းရင်းနှီးနှီး စကားပြောနေတာကို သူတို့ တကယ် တွေ့လိုက်ရတယ်!
ယန်ကျင်းဇီက လူမိုက် မဟုတ်ဘူးလား? ဘာကြောင့် သူက သူ့ရဲ့ စာလေ့လာမှုတွေအကြောင်းကို တရားသူကြီးမင်းနဲ့ ပြောနိုင်နေရတာလဲ?
ကောင်တီအောက်ရုံးတရားသူကြီးက အလွန်သေးငယ်သော ရာထူးတစ်ခုပင် ဖြစ်လင့်ကစား၊ Tongsheng စာမေးပွဲပင် မအောင်မြင်သေးသော ထိုကျောင်းသားများအတွက် ကောင်တီအောက်ရုံးတရားသူကြီးဟာ သူတို့၏ / *မိဘအရာရှိ / ဖြစ်ပြီး မွေးဖွားပြီးနောက် ပထမဆုံး တွေ့ကြုံဖူးသည့် အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့သည် မတ်တပ်ရပ်ပြီးသွားသော်ငြား သူတို့၏ ခြေထောက်များမှာ တုန်ယင်နေဆဲ ဖြစ်သည်။
[ *မိဘအရာရှိ : ရှေးတရုတ်ပြည်တွင် သာမန်ပြည်သူများမှ စီရင်စုများနှင့် ကောင်တီများ၏ အရာရှိများကို ပေးထားသော ဂုဏ်ပြုနာမည်မျိုး ဖြစ်သည်။ မြေရှင်ပဒေသရာဇ် လူအဖွဲ့အစည်းတွင် မိဘများသည် သားသမီးများ၏ ဆရာများ ဖြစ်ကြသည်။ တစ်ချိန်တည်းတွင်ပင် မိဘများသည် သားသမီးများကို အချစ်ဆုံး ဖြစ်သည်။ ထို့ကြောင့် / မိဘအရာရှိများတွင် / ခေါင်းဆောင်မှုနှင့် ချစ်ခြင်းမေတ္တာတို့ ဟူသော ထူးခြားလက္ခဏာနှစ်ခုစလုံး ရှိပေသည်။ ]
သူတို့ တကယ် ကြောက်တယ်!
သို့ရာတွင် သူတို့ကို ထိတ်လန့်စေသော ကောင်တီအောက်ရုံးတရားသူကြီးသည် ယန်တအပေါ်တွင် အလွန်ကြင်နာသည်...
ယန်တရဲ့ မူလဇာစ်မြစ်က ဘာလဲ?
သူတို့သုံးဦးသည် ယခင်က ယန်တကို ပြဿနာရှာရန် တွေးနေခဲ့ကြသော်ငြား ယခုမူ သူတို့သည် တွေးပင် မတွေးရဲတော့ပေ။
သူတို့က ကောင်းမွန်စွာ ပြုမူလာသည်ကို ယန်ကျင်းဇီသည်လည်း သတိပြုမိသည်... သူသည် ကောင်တီအောက်ရုံးတရားသူကြီးကျူးကို နှုတ်ဆက်ပြီး သူတို့သုံးဦးကို ပြန်ခေါ်လာသည်။
အပြင်ရောက်လာသောအခါ ယန်ကျင်းဇီက ချက်ချင်း ပြောသည် : “ မင်းတို့ အနာဂတ်မှာလည်း နာခံတာ ပိုကောင်းမယ်။ ငါ့ကို လာမနှောင့်ယှက်နဲ့။ မဟုတ်ရင်တော့... ”
“ ငါတို့ နာခံရမှာပေါ့။ ”
“ နောင်မှာ မင်း ပြောမယ့်စကားက ငါတို့ နားထောင်မယ့်စကားပဲ။ ”
လူသုံးဦးသည် ရှုပ်ထွေးစွာ စကားပြောနေကြပြီး တစ်ယောက်က မနေနိုင်ဘဲ မေးသည် : “ မင်း... အရင်က မင်း တကယ်ပဲ လောင်းကစားဝိုင်း လူမိုက် ဖြစ်ခဲ့တာလား? ”
ယန်ကျင်းဇီက သူ့ကို တစ်ချက်ကြည့်လိုက်သည် : “ မင်း မမေးသင့်တာကို မမေးနဲ့။ မင်းတို့အားလုံး ပြန်ကြတော့၊ ငါ မနက်ဖြန် မင်းတို့ဆီလာပြီး အာမခံပေးသူ လုပ်ပေးမယ့် Linsheng တစ်ယောက်ဆီကို ခေါ်သွားမယ်။ ”
“ ဟုတ်တယ်၊ ဒီ... ဒီကိစ္စအတွက် ငါ ငွေတုံး အသင့်ပြင်ပြီးပြီ။ ”
“ ငါ မနက်ဖြန် ငွေယူလာခဲ့မယ်! ”
“ ငါ့အမေကလည်း ငါ့အတွက် လက်ဆောင်တစ်ခု ပြင်ပေးပြီးပြီ။ ”
“ မနက်ဖြန် မင်းတို့ ငွေယူလာစရာ မလိုဘူး။ ” ယန်ကျင်းဇီက ပြောလိုက်သည်။ လီ Xiucai က သူ့အတွက် အာမခံပေးရန် ကတိပေးထားပြီး လုံးဝ ငွေမတောင်းခဲ့ချေ။
ကျောင်းသားသုံးယောက်သည် ဘာလုပ်ရမည်မှန်း မသေချာသော်ငြား ယန်ကျင်းဇီက ထွက်သွားပြီဖြစ်သည်။
သူတို့သည် ယန်ကျင်းဇီ ထွက်သွားသည်ကို ကြည့်နေလျက် ပိုပိုပြီး တွေးမိလာကာ ၎င်းက ပိုပိုပြီး ထူးဆန်းလာသည် – ဒီယန်တ၊ သူ့ရဲ့ မူလဇာစ်မြစ်က ဘာလဲ?
သူက ကျေးလက်မှာ သောင်းကျန်းနေတဲ့ လူမိုက်လို့ သူတို့အကုန်လုံး ပြောကြတယ်မလား? ဘာလို့ သူက ကောင်တီအောက်ရုံးတရားသူကြီးကျူးနဲ့ ခင်မင်ရင်းနှီးပြီး စာဖတ်တတ်ပုံလည်း ပေါ်နေတာလဲ?
သူတို့သုံးယောက်သည် နားမလည်နိုင်သဖြင့် သူတို့၏ဆရာကို ပြန်မေးကြည့်ကြသည်။
သူတို့၏ဆရာ : “ မင်းတို့ အိပ်မက်မက်နေတာလား? ” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သို့သော် ဤကျောင်းသားသုံးယောက်က အတူတကွ အိပ်မက်မက်ရန်မှာ မဖြစ်နိုင်ချေ... ဆရာကလည်း စိတ်ရှုပ်ထွေးသွားသည်။
ဤညတွင် လူအနည်းငယ်ဟာ တစ်ညလုံး အိပ်မပျော်ဘဲ လူလွှတ်၍ပင် ယန်တအကြောင်း စုံစမ်းခဲ့ကြသည်။
သတင်းများကမူ...
မကြာသေးခင်ကမှ ယန်တက ပြောင်းလဲပြီး ဖြောင့်မတ်မှန်ကန်မှုလမ်းကို ပြန်ရောက်လာပေမယ့် အရင်ကတော့ လူဆိုးဖြစ်ခဲ့တာ တကယ် ဟုတ်တယ်!
ဘာလဲ? ယန်တက စာလေ့လာပြီး ကောင်တီစာမေးပွဲ ဖြေမယ်လို့ မင်း ပြောနေတာလား? အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? မင်း စိတ်ရှုပ်ထွေးနေတာလား?
နေဦး၊ ယန်တက တရားသူကြီးမင်းကို သိတယ်လို့ မင်း ပြောလိုက်တာလား? မင်း တကယ် စိတ်ရှုပ်ထွေးနေတာပဲ... ပြသဖို့ သမားတော် ရှာချင်လား?
ယန်တအကြောင်း သွားမေးမြန်းသော လူအနည်းငယ် : “ ... ”
သို့သော်ငြား အနည်းဆုံးတော့ သူတို့သည် ယန်တနှင့် ပတ်သက်သော “ကောင်းမွန်သည့်” သတင်း အနည်းငယ်ကို ကြားခဲ့ရသည်။ ယန်တနဲ့ ဝေ့မိသားစုက သခင်လေးတို့မှာ ဘာကိစ္စမှမရှိဘဲ ဝေ့မိသားစုရဲ့ သခင်မက မူလဇနီး ချန်ရစ်တဲ့ ကလေးကို ဖြေရှင်းချင်လို့ တမင်တကာ သူတို့ကို ထောက်ချောက်ဆင်ခဲ့တာတဲ့!
နောက်တစ်နေ့တွင် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ကောင်တီရုံးသို့ ခေါ်၍ ကျောင်းသားသုံးယောက်ကို သွားရှာသည်။
သူသည် ဝေ့လင်းရှိူ့ကို ယခင်က မခေါ်သွားခဲ့သည်မှာ တစ်စုံတစ်ဦးက ဝေ့လင်းရှိူ့ကို စကားများနှင့် တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
ယခုဆိုလျှင် ထိုကျောင်းသားများက ဝေ့လင်းရှိူ့ရှေ့တွင် ပေါက်တတ်ကရများ မပြောရဲကြတော့ချေ။
ကျောင်းသားသုံးယောက်သည် ဝေ့လင်းရှိူ့ရှေ့တွင် ရိုင်းစိုင်းသော စကားများ မပြောခဲ့ကြပေ။ သူတို့သည် ဝေ့လင်းရှိူ့နှင့် အသက်တူပြီး ဝေ့လင်းရှိူ့နှင့် ကောင်းမွန်စွာ စကားပြောခဲ့ကြသည်။ သူတို့က ဝေ့လင်းရှိူ့ကို နှစ်သိမ့်ပေးသည့်အပြင် သူ့မိသားစု၏ လျစ်လျူရှုမှုကြောင့် စိတ်မကောင်းမဖြစ်ရန် ဝေ့လင်းရှိူ့ကို ပြောခဲ့ကြသေးသည်။
တကယ်တော့ ယန်ကျင်းဇီက သူတို့နှင့် အသက်အတူတူပင် ဖြစ်သည်။ သို့ရာတွင် ဒါကို ဘယ်သူကမှ သတိမထားမိကြ။
ဝေ့လင်းရှိူ့သည် ဤလူများနှင့် စကားပြောပြီးမှ အပြင်ဘက်မှ ကောလာဟလများကို သိရကာ အံ့ဩသွားခဲ့ရသည်။
သူသည် တမင်ရှောင်တိမ်းပြီး ဤရက်များတွင် ဝေ့မိသားစုနှင့် လုံးဝ မတွေ့ခဲ့ဘဲ ဝေ့မိသားစုကလည်း သူ့ကို လာမရှာချေ။ ထို့ကြောင့် သူသည် ဝေ့မိသားစုအကြောင်းကို သိပင် မသိခဲ့ပေ။
ဒါပေမယ့် ယန်ကျင်းဇီရဲ့ စကားအရဆိုရင် ဝေ့အိမ်က သူ့ကို နာမည်မဖယ်ခဲ့ဘူး။ ဒီကောလာဟလတွေကြောင့်များလား?
ဝေ့လင်းရှိူ့သည် ပဟေဠိဖြစ်နေပြီး ဤအချိန်တွင် သူတို့သည် လီ Xiucai ကို တွေ့မြင်ပြီးဖြစ်သည်။
ကျောင်းသားသုံးယောက်နှင့် ဝေ့လင်းရှိူ့တို့သည် လီ Xiucai ကို တွေ့သောအခါ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခဲ့ကြသည်။ သို့သော်လည်း လီ Xiucai က ပြုံးပြီး ယန်ကျင်းဇီကို နှုတ်ဆက်သည် : “ ယန်လူကြီးမင်း၊ မတွေ့တာ ကြာပြီ! ”
ဒီယန်ကျင်းဇီ၊ ကျိုးသခင်ကြီးကတောင် ဒီလူကို ကိုယ်တိုင်ကိုယ်ကျ လာရှာရတယ်။ သူ အထက်စီးမဆန်ရဲဘူး!
နောက်ဆုံးအကြိမ် ယန်ကျင်းဇီ၏အိမ်သို့ ရောက်သွားစဉ် ကျိုးသခင်ကြီးသည် အဓိပ္ပာယ်အချို့ကို ဖော်ပြခဲ့ပြီး ယန်ကျင်းဇီ Xiucai စာမေးပွဲ အောင်မြင်ပြီးနောက် ယန်ကျင်းဇီကို ပညာတော်သင်အဖြစ် လက်ခံရန် စောင့်ဆိုင်းနေကြောင်း သိသာသည်...
ဒါ့အပြင် ယန်ကျင်းဇီရဲ့ အရည်အချင်းကို သူ တွေ့ပြီးပြီ။ ယန်ကျင်းဇီရဲ့ပါရမီနဲ့ဆိုရင် သေချာပေါက် အရမ်းကောင်းတဲ့ အနာဂတ် ရရှိလာလိမ့်မယ်!
ဝေ့လင်းရှိူ့သည် နောက်ဆုံးအကြိမ်တွင် လီ Xiucai ကို ဤကဲ့သို့မြင်ဖူးထားသောကြောင့် ဂရုမစိုက်ပေ။ ကျောင်းသားသုံးယောက်က ဤအခြေအနေကို တွေ့သောအခါ ယန်ကျင်းဇီအကြောင်း ကြားခဲ့ဖူးသည့် ကောလာဟလများ အားလုံးမှာ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
လူတစ်ယောက်ယောက်က ယန်ကျင်းဇီကို မကောင်းပြောနေခြင်းလည်း ဖြစ်နိုင်သည်။
လီ Xiucai က ယန်ကျင်းဇီကို “ယန်လူကြီးမင်း” လို့တောင် ခေါ်တယ်... ဒါဆို ဘယ်လိုလုပ်ပြီး ယန်ကျင်းဇီက လောင်းကစားဝိုင်း လူမိုက် ဖြစ်နိုင်မှာလဲ?
ဝေ့လင်းရှိူ့က ဝေ့အိမ်ကနေ ထွက်ပြီး ယန်ကျင်းဇီနဲ့ သွားနေတာကတော့ ယန်ကျင်းဇီကို အကြံဉာဏ် မေးဖို့ ဒီလို
လုပ်ခဲ့တာများလား?