အပိုင်း ၁၄၁ ( Rogue Champion 17 )
Viewers 10k

သုံ့ကူကောင်တီမှ စာမေးပွဲများကို ကောင်တီအောက်ရုံးတရားသူကြီးကျူးက ဦးစီးကျင်းပသည်။ ပထမဆုံးလ၏ ၂၀ ရက်နေ့မြောက်တွင် ကောင်တီအစိုးရသည် စာမေးပွဲဖြေဆိုမည့်ရက်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ အဖြစ် သတ်မှတ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။ စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသော ကျောင်းသားများက စာရင်းသွင်းရန် ကောင်တီအစိုးရထံသို့ သွားရောက်ရမည်ဖြစ်သည်။ 


ယန်ကျင်းဇီသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီး လုပ်ငန်းစဉ်ကို နားလည်ထားသည်။ နောက်တစ်နေ့တွင် သူသည် ဝေ့လင်းရှိူ့နှင့် အတူ‌ပူးပေါင်းမည့် အခြားကျောင်းသားသုံးဦးတို့ကို ခေါ်ပြီး ကောင်တီရုံးသို့ သွားကာ စာရင်းသွင်းသည်။


စာရင်းသွင်းပြီးနောက် သူသည် ဝေ့မိသားစု၏ စာအုပ်ဆိုင်တွင် နေထိုင်ရန် ဝေ့လင်းရှိူ့ကို တိုက်ရိုက်ခေါ်လာသည်။


သူတို့၏အိမ်တွင် စာအုပ်များ ရှိသော်ငြား သိပ်မများချေ။ ဝေ့အိမ်၏ စာအုပ်ဆိုင်တွင် ‌‌စာလေ့လာခြင်းက ပိုကောင်းသည်။


ပိုအရေးကြီးသည်မှာ ဆိုင်ရှင်ဝေ့က သူတို့ကို ဖိတ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့ပြီး သူတို့၏ အစားအသောက်နှင့် နေထိုင်စရာတို့အတွက်ပင် အကုန်အကျခံရန် ဆန္ဒရှိနေခဲ့သည်။


ဘာကြောင့် ဆိုင်ရှင်ဝေ့က ဒီလိုလုပ်ရတာလဲ ဆိုတော့ သေချာပေါက် သူ့ရဲ့ စာလုံးကြီး လက်ရေးလှတွေအတွက်ပေါ့!


ဝေ့အိမ်၏ စာအုပ်ဆိုင်သည် သုံ့ကူကောင်တီတွင်သာမက မြို့တော်နှင့် အခြားကောင်တီတို့တွင်ပါ ရှိသည်။ အဲ့လိုစာအုပ်ဆိုင်မှာ နာမည်နည်းနည်းကြီးတဲ့ လက်ရေးလှ ဂန္ထဝင်လက်ရာတွေကို ပြသနိုင်မယ်ဆိုရင် ပညာရှင်တွေ အများအပြားကို ရပ်ကြည့်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်!


ယန်ကျင်းဇီက နာမည်ကျော်ဆရာ မဟုတ်ပေမယ့် သူ့စကားလုံးတွေက အခြားနာမည်ကျော်ဆရာတွေထက် လုံးဝ မနိမ့်ကျဘူး!


ယခင်နှစ်က ဆိုင်ရှင်ဝေ့သည် သူ့အိမ်သို့ ယန်ကျင်းဇီ ရေးထားသော လက်ရေးလှတစ်ပုဒ်ကို ပို့ခဲ့သည်။ သူ့ကို မိသားစုခေါင်းဆောင်က ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုပြီး နောက်ထပ်လက်ရာအနည်းငယ် ရရှိအောင် ကြိုးစားရန် သူ့ကို ပြောခဲ့၏...


ယန်ကျင်းဇီက ယခုအချိန်တွင် ငွေအချို့ကို လက်ခံပြီး အခြားသူများအတွက် ရေးသားပေးရန် ဆန္ဒမရှိတော့ပေ။ ဆိုင်ရှင်ဝေ့သည် သူ့ကို ခေါ်တွေ့ပြီး စာအုပ်ဆိုင်၏ အနောက်ခြံဝန်းတွင် နေထိုင်ရန် မေးခဲ့သည်။ သူသည် နေ့စဉ်နေ့တိုင်း စားသောက်စရိတ်နှင့် ယာယီနေရာထိုင်ခင်းတို့ကို ထောက်ပံ့နိုင်ပြီး စာအုပ်ဆိုင်မှ စာအုပ်များကိုလည်း ဖတ်ရှုခွင့်ပြုထားသည်။ ထိုအခါမှ သူသည် လက်ရေးလှတစ်ပုဒ်ကို တောင်းနိုင်မည်ဖြစ်သည်။


ယန်ကျင်းဇီက မဆိုင်းမတွ သဘောတူလိုက်သည်။


သူ့တွင် ဆိုင်ရှင်ဝေ့အပေါ်၌ အလွန်ကောင်းသော အထင်အမြင် ရှိသည်။


မူလပိုင်ရှင်က တကယ်ပင် လူဆိုး ဖြစ်ခဲ့ပြီး ဝေ့လင်းရှိူ့က ဝေ့အိမ်မှ ပထမဆုံး ထွက်လာခဲ့သောအခါ ဆိုးရွားသော ဂုဏ်သတင်း ရှိခဲ့သော်လည်း ဆိုင်ရှင်ဝေ့က သူတို့ ကူးထားသော စာအုပ်များကို လက်ခံရန် ဆန္ဒရှိခဲ့သည်။ ဆိုင်ရှင်ဝေ့က သူ့ကို စာအုပ်ကူးရန် စာအုပ်ဆိုင်၌ ထားခဲ့စဉ်တွင်လည်း သူ့ကို သတိတကြီးဖြင့် ကာကွယ်တားဆီးခြင်းမျိုး မရှိခဲ့ချေ။ သူတို့နှစ်ဦးတွင် အလွန်ကောင်းသော ဆက်ဆံရေး ရှိသည်ဟု ဆိုနိုင်သည်။


ယန်ကျင်းဇီသည် ဆိုင်ရှင်ဝေ့အတွက် စာလုံးကြီးအနည်းငယ်ကို ပျော်ရွှင်စွာ ရေးခဲ့ပြီး ခဏအကြာတွင် ဆိုင်ရှင်ဝေ့က သူ့ကို ဖတ်ရှုစရာ စာအုပ်မှတ်စုအချို့ ပြသခဲ့သည်။


ဤနှစ်များအတွင်း သွားလာလည်ပတ်ရေးက အဆင်မပြေဘဲ စာအုပ်များကို ထုတ်ဝေရန်မှာ ခက်ခဲသည်။ စာပေပညာရှင်အချို့က စာအုပ်တစ်အုပ်ကို ကြီးကြီးမားမား ယုံကြည်မှု မရှိသရွေ့ မထုတ်ဝေသင့်ဟု မှတ်ချက်ပေးကြသည်။ စာအုပ်ထုတ်ဝေမည်ဆိုလျှင်ပင် အုပ်ရေရာဂဏန်း အနည်းငယ်မျှသာ ထုတ်ဝေမည်ဖြစ်ပြီး သာမန်ကျောင်းသားများက ၎င်းကို မဝယ်ယူနိုင်ကြချေ။


ကျောက် Xiucai ကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် စာပေပညာရှင်ပင် ဆိုင်ရှင်ဝေ့ ထုတ်ယူလာသော ဤမှတ်စုများကို မဝယ်ယူနိုင်ပေ။


ယန်ကျင်းဇီသည် ဆိုင်ရှင်ဝေ့ကို အလွန်ကျေးဇူးတင်ပြီး ၎င်းတို့အားလုံးကို ဖတ်ရှုကာ အနှစ်သာရကို ယူပြီးနောက် ဝေ့လင်းရှိူ့ ဖတ်ရှုရန်အတွက် တစ်စောင်ကူးယူလိုက်သည်။ 


ထို့အပြင် သေချာပေါက် သူသည် ဝေ့လင်းရှိူ့ကိုလည်း စာအုပ်အား အလွတ်ကျက်ရန် တိုက်တွန်းရပေမည်။


သူတို့နှစ်ဦးသည် စာရင်းသွင်းပြီးနောက် *ဗုဒ္ဓ၏ခြေတော်ရင်းကိုသာ တစ်လကြာ ခေတ္တပွေ့ဖက်ခဲ့ကြသည်။ ဤရက်များတွင် သူတို့သည် အပြင်ပင် မထွက်ကြတော့ပေ။ လီ Xiucai က လူလွှတ်၍ သူ့ကို လာရှာသည့်အချိန်တွင်သာ သူတို့သည် လီ Xiucai နှင့် အခြားသူတို့နှင့်အတူ သူတို့၏ အသိပညာများကို ဆွေးနွေးကြသည်။


( *ဗုဒ္ဓ၏ခြေတော်ရင်းကို ပွေ့ဖက် - စာမေးပွဲမဖြေမီ အပြန်ပြန်အလှန်လှန် စာလုပ်ခြင်း။ )


အစပိုင်းတွင် ယန်ကျင်းဇီ၏ အသိပညာသည် လီ Xiucai နှင့် အခြားသူများတို့ထက် အဆပေါင်းများစွာ လျော့နည်းခဲ့သည်။ လီ Xiucai က သူ့ကို မိတ်ဆွေဖွဲ့ချင်သောကြောင့် လက်ဦးမှုရယူပြီး သူ့အိမ်တံခါးရှေ့သို့ လာ၍ သူ့သံသယများကို ဖြေကြားလေ့ရှိသည်။ သို့သော် တစ်လခွဲကြာပြီးနောက် ယန်ကျင်းဇီသည် လီ Xiucai ကို မေးခွန်းအချို့ ကူညီဖြေကြားနိုင်လာသည်။


သူသည် ဘယ်တော့မှ မမေ့ဘဲ နားလည်မှုအားကောင်းသည်။ သူ၏ အသိပညာတိုးပွားမှုဟာ အလွန်အံ့မခန်းပင်။


သူ့လိုလူနှင့် တွေ့ကြုံရသောအခါ...


လီ Xiucai ၏ မိသားစု လီအိမ်အပြင် ဆိုင်ရှင်ဝေ့၏ မိသားစု ဝေ့အိမ်တို့က သူ့ထံသို့ ယခင်နှစ်များမှ အစိုးရ‌မေးခွန်းလွှာများကဲ့သို့သော အရာအချို့နှင့် နောက်ပိုင်းတွင် သူတို့မိသားစုများ၏ Xiucai တိတ်တဆိတ် ရေးသားထားသော အဖြေလွှာများကို ပေးပို့ခဲ့ကြသည်။


သာမန်မိသားစုများမှ လူများသည် ဤအရာများကို သုံးစွဲခွင့်မရှိဘဲ စာပေပညာရှင်များစွာ ရှိသော မိသားစုကြီးများတွင်သာ ၎င်းတို့ကို ရှာတွေ့နိုင်သည်။ အကယ်၍ ယန်ကျင်းဇီ၌သာ ကောင်းကင်ကို ဖီဆန်နိုင်သည့် ပါရမီ မရှိဘဲ ဝေ့မိသားစုနှင့် လီမိသားစုတို့၏ အာရုံစူးစိုက်မှုကို မရရှိခဲ့လျှင် သူ့တွင် ဤအရာများကို ကြည့်ရှုရန် အခွင့်အရေး သေချာပေါက် မရှိနိုင်ပေ။


ဝေ့လင်းရှိူ့ပင် ဤကဲ့သို့သော အရာများကို တစ်ခါမှ မမြင်ဖူး – သူ့ဖခင်က သူ့ကို ၎င်းတို့အား တစ်ခါမှ မပြခဲ့ချေ။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့က သူတို့၏စာလေ့လာမှုထဲသို့ စိတ်နှစ်ထားကြစဉ် ဝေ့လင်းရှိူ့နှင့် ယန်ကျင်းဇီတို့ နှစ်ဦးစလုံးက ကောင်တီစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည် ဟူသော သတင်းများဟာလည်း ပျံ့နှံ့‌လျက်ရှိသည်။


သုံ့ကူကောင်တီမှ လူအများစုက မယုံကြပေ။


ဝေ့လင်းရှိူ့က ကောင်တီစာမေးပွဲကို ဖြေဆိုချင်ခြင်းမှာ ပုံမှန်ဖြစ်သော်ငြား ယန်ကျင်းဇီကမူ... ယန်တက သူ့နာမည်ကို အကြီးအကျယ် ပြောင်းလဲလိုက်လို့ သူတို့တွေ ချက်ချင်းတောင် မခေါ်နိုင်ဘူး! ဤလူကိုမူ သူတို့သည် ငယ်ငယ်ကလေးဘဝကတည်းက ကြီးပြင်းလာသည်အထိ တွေ့မြင်ခဲ့ကြရသည်။ သူက အရမ်းငယ်ရွယ်သေးသော်လည်း အခြားလူများ၏ သားသမီးများထံမှ စားစရာ လုယူတတ်သည်။ နောက်ပိုင်းတွင် အရွယ်ရောက်လာသောအခါ သူက အရှုပ်အထွေး ကိစ္စများစွာကို လုပ်ခဲ့သည်။ သုံ့ကူကောင်တီမှာ လူဘယ်နှယောက်တောင်က သူ့ကို ကြောက်လိုက်ကြသလဲ?


အဲ့လိုလူက ကောင်တီစာမေးပွဲမှာ တကယ် ပါဝင်ချင်တာလား?


“ နောက်နေတာလား? ယန်တက ကောင်တီစာမေးပွဲမှာ ဝင်ဖြေနိုင်ရင် ငါလည်း ‌ဝင်ဖြေနိုင်တယ်! ”


“ ငါ ကြား‌တာတော့ ယန်တက တစ်ခါမြင်ရုံနဲ့ မှတ်မိပြီး အရမ်းဉာဏ်ကောင်းတယ်တဲ့... ”


“ ဘာပဲဖြစ်ဖြစ် ငါ မယုံဘူး။ ယန်တမှာသာ ဒီအရည်အချင်း ရှိရင် ငါ့သားကလည်း ပထမဆု ရနိုင်မှာပဲ! ”



သာမန်လူများက ထိုသို့ထင်ကြပြီး ဝေ့မိသားစုကလည်း ထိုသို့တွေးကြသည်။


ဝေ့သခင်မအိုကြီးသည် မုန်းတီးစွာဖြင့် သွားများကို အံကြိတ်လိုက်မိသည်။


ထိုအချိန်က ဝေ့လင်းရှိူ့၏မိခင်သည် သူ(မ)အား အလေးအနက် မထားခဲ့ချေ။ နောက်ပိုင်းတွင် ဝေ့လင်းရှိူ့၏ဦးလေးက သူ(မ)အား မျက်နှာချင်းဆိုင် ကြိမ်းမောင်းခဲ့သည်။ သူ(မ)တွင် ဤမြေးအတွက် ချစ်ခင်မြတ်နိုးမှု မရှိပေ။ 


ဤမြေးက သူ(မ)၏သားနှင့် မတူဘဲ သူ(မ)၏ ချွေးမဖြစ်သူနှင့်သာ တူပြီး ချွေးမဖြစ်သူ၏ ဂုဏ်သတင်းက မကောင်းချေ... ဒါက သူ(မ)သားရဲ့မျိုးစေ့ ဟုတ်၊မဟုတ် ဘယ်သူ သိမှာလဲ! 


“ ဒီလိုကောလာဟလတွေ အကုန်လုံး ပျံ့နေတာက သူ သေချာပေါက် စိတ်မလျှော့သေးဘဲ ပြန်လာချင်နေတာပဲ! ” ဝေ့သခင်မအိုကြီးက ပြောသည်။


ဝေ့အိမ်မှ ဝေ့လင်းရှိူ့၏ နှင်ထုတ်ခံရမှုဟာ ဝေ့သခင်မ၏ လက်ရာဟု လူအများအပြားက ယခုတလော ပြောဆိုနေကြသဖြင့် ဝေ့သခင်မသည် ယခုတလော အခက်တွေ့နေခဲ့သော်လည်း သူ(မ)က အခြားလူများ၏ရှေ့တွင် ရှိနေပြီး ဝေ့သခင်မအိုကြီးကဲ့သို့ မပြောဆိုနိုင်ပေ...


ဝေ့သခင်မက ဆိုသည် : “ အမေ၊ စိတ်မဆိုးပါနဲ့… ”


“ ငါ စိတ်မဆိုးပဲနေနိုင်ပါ့မလား? သူက ကောင်တီစာမေးပွဲကိုတောင် သွားဖြေဦးမယ်... သူက ငါတို့ဝေ့မိသားစုရဲ့မျက်နှာကို ပျက်စေချင်နေတာလား? ” ဝေ့သခင်မအိုကြီးက ဆက်ပြောသည် : “ ငါ ကြားတာ သူက အဲ့ဒီ့ယန်တနဲ့ သွားဦးမယ်ဆိုလား? လုံးဝ မဖြစ်နိုင်ဘူး! လူရှာပြီး သူတို့ကို တားခိုင်းလိုက်! ”


ဝေ့သခင်မက အမြန်တုံ့ပြန်လိုက်သည်။ သူ(မ)သည် ဝေ့လင်းရှိူ့က တကယ်ပင် ပညာမဲ့နေခြင်း မဟုတ်ကြောင်းကို သူ(မ)၏စိတ်ထဲတွင် အလွန်ကောင်းစွာ သိသည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင် သူ(မ)သည် အစကတည်းက ဝေ့လင်းရှိူ့ အကျင့်ပျက်စေရန်အတွက် ယန်တကို ရှာခိုင်းရန် ငွေသုံးရမည်အား တကယ်ပင် လိုလားခဲ့မည်မဟုတ်ချေ။


ဤဝေ့လင်းရှိူ့က ကောင်တီစာမေးပွဲတွင် ဝင်ဖြေချင်သည်။ သူ(မ)ရဲ့ ကံကောင်းမှုတွေ ကုန်ဆုံးသွားရင် သူ(မ) ဘာလုပ်ရမလဲ?


ကောင်တီစာမေးပွဲနေ့ နံနက်စောစောတွင် ဖြေဆိုသူအားလုံးက စာမေးပွဲကျင်းပရာသို့ ရောက်ရှိလာကြသည်။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် အတူရောက်လာသည်။ စာမေးပွဲဖြေဆိုသူများ လူအုပ်စုကြီး၏ အလယ်တွင် ယန်ကျင်းဇီသည် မတ်တပ်ရပ်ကာ အတန်းလိုက်ရှိနေသော ခေါင်းများကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့နှင့်အတူ အချင်းချင်း အပြန်အလှန် အာမခံပေးထားကြသော ကျောင်းသားသုံးယောက်သည်လည်း ယန်ကျင်းဇီကို တစ်ချက်ကြည့်ရုံဖြင့် တွေ့သွားကြပြီး ချက်ချင်း လူတိုးလျက် ရောက်လာကြသည် : “ ယန်လူကြီးမင်း ရောက်လာပြီလား? ”


“ ယန်လူကြီးမင်း စားပြီးပြီလား? ”


“ ယန်လူကြီးမင်း... ”




ဤလူသုံးဦးကို ယန်ကျင်းဇီက ကောင်တီအောက်ရုံးတရားသူကြီးထံသို့ ခေါ်သွားခဲ့ပြီး လီ Xiucai နှင့် “တွေ့ကြုံ” ပြီးနောက် သူတို့သည် ယန်ကျင်းဇီကို တွေ့သောအခါ ရိုသေလေးစားသွားကြသည်။


သို့ရာတွင် ဘေးပတ်ဝန်းကျင်မှ လူများက အံသြသွားကြ၏။


“ ယန်တက စာမေးပွဲဖြေဖို့ တကယ် ရောက်လာတာလား? ”


“ ဘာလို့ ယန်တက စာမေးပွဲလာဖြေနိုင်တာလဲ? ”


“ ငါတို့က တကယ်ပဲ ယန်တနဲ့ စာမေးပွဲခန်းတစ်ခန်းတည်းမှာ ရှိနေရတော့မှာလား? ”




စာသင်သားအားလုံးဟာ မာနကြီးပြီး ဂုဏ်ဝင့်ကြသည်။ ယန်ကျင်းဇီက ယခု‌တလော အေးဆေးတည်ငြိမ်ပြီး လူအများကို ပြဿနာမရှာခဲ့ပေ။ ဒါပေမယ့် လူတိုင်းက မူလပိုင်ရှင် အရင်တုန်းက လုပ်ခဲ့တာတွေကို မှတ်မိနေကြသေးတယ်!


“ ယန်လူကြီးမင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်။ ” ယန်ကျင်းဇီအနားမှ ကျောင်းသားတစ်ဦးက ယန်ကျင်းဇီအတွက် ဝင်ပြောပေးသည်။


ပတ်ဝန်းကျင်မှ လူများက သူ့စကားကို ကြားသောအခါ သူတို့သည် သူက ရူးနေပြီဟု တွေးလိုက်ကြသည် : “ မင်း မဟုတ်တာတွေကို ဘယ်လိုတောင် ပြောရဲတာလဲ! ”


“ သူ့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိနိုင်သေးတာလား? ”


“ သူ ဒီမှာ ရှိနေတာကိုက ပညာရှင်တွေအတွက် စော်ကားမှုပဲ! ”




သူတို့ စကားပြောနေကြစဉ်တွင် လက်အောက်ငယ်သားများကဲ့သို့ ဝတ်ဆင်ထားကြသော လူတစ်စုက ရုတ်တရက် ရောက်လာပြီး ဝေ့လင်းရှိူ့ကို ဆိုသည် : “ သခင်လေး၊ သခင်မကြီးက အိမ်ပြန်လာစေချင်နေပါတယ်။ ”


ထိုသို့ပြောပြီးနောက် သူတို့က ဝေ့လင်းရှိူ့ကို ဖမ်းဆွဲသွားတော့မည် ဖြစ်သည်။


ပတ်ဝန်းကျင်မှ လူများ၏ စကားများကို ယန်ကျင်းဇီက လုံးဝ စိတ်မပူပေ။


ဤစာသင်သားများက ဂုဏ်မျက်နှာကို အလေးထားကြပြီး သူ့ကို အထင်သေးကြလျှင်ပင် သူတို့က “လူကြီးလူကောင်းများကို အရှက်ရစေသည်” နှင့် “ပညာရှိများကို အရှက်ရစေသည်” ဟူ၍သာ အများဆုံး ပြောကြပေမည်။ သူတို့ စကားနည်းနည်း ပြောတော့ရော ဘာအရေးကြီးလို့လဲ? 


သူက နောက်ဆုံး၌ စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရလာသောအခါ သူသည် ဤလူများကို “ဖြောင်းခနဲ” ဖြင့် မျက်နှာရိုက်လွှတ်နိုင်လိမ့်မည်ပင်။


သို့သော် ယခုမူ လူအချို့က ဝေ့လင်းရှိူ့ကို ဖမ်းဆီးချင်နေသည်... သူ ဒါကို သည်းမခံနိုင်ဘူး!


ယန်ကျင်းဇီသည် သူ့လက်ကို ဆန့်တန်းကာ အနားရှိ အိမ်အစေခံတစ်ဦးကို ဖမ်းဆွဲပြီး လူမရှိသော ဘေးနေရာသို့ ပစ်ချလိုက်သည်။


ယနေ့တွင် ဤနေရာ၌ စုရုံးနေသော လူများအားလုံးသည် စာသင်သားများ ဖြစ်ကြပြီး ဝေ့မိသားစု၏ အစောင့်များသည် သူတို့၏ လက်နက်များကို မယူလာရဲကြပေ — သူတို့ မတော်တဆ တစ်ယောက်ယောက်ကို ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ?


ထို့ကြောင့် သူတို့သည် ဝေ့လင်းရှိူ့ကို လက်ဗလာဖြင့်သာ ခေါ်သွားချင်ခဲ့ကြသည်။


၎င်းက အကြံကောင်းဟု သူတို့ ထင်ခဲ့ကြ၏။


ယန်ကျင်းဇီသည် ဤရက်များတွင် စာ‌ဖတ်ခြင်းကို စွဲလမ်းနေသော်ငြား သူ့ခန္ဓာကိုယ်ကို လျစ်လျူမရှုထားပေ။


ဥပမာအားဖြင့် စာအုပ်ဆိုင်တွင် နေခဲ့သည့် ဤတစ်လလုံးတွင် အိပ်ရာမဝင်မီ ညတိုင်း၌ သူသည် ဆိုင်ရှိ မြောင်းဖုံးကို ဖုံးအုပ်ရန် အသုံးပြုသော ကျောက်တုံးကို ယူ၍ သူ့၏ကြံ့ခိုင်မှုကို လေ့ကျင့်လေ့ရှိသည်။


မတတ်နိုင်ဘူး၊ သူ သူ့ရဲ့ စွမ်းအင်တွေကို မသုံးဘူးဆိုရင်... သူ သဘောကျရတဲ့လူက သူ့ဘေးမှာ လှဲနေ‌တယ်၊ သူ ထိန်းမထားနိုင်တော့မှာကို ကြောက်မိတယ်!


သူသည် အတူတူ လေ့ကျင့်ခန်း‌လုပ်ရန်အတွက် ဝေ့လင်းရှိူ့ကိုပင် ခေါ်ခဲ့သည်။


ကောင်တီစာမေးပွဲများက ကောင်းမွန်ပြီး စုစုပေါင်း စာမေးပွဲလေးခု ရှိသည်။ စာမေးပွဲတစ်ခုစီကို နံနက်ခင်းနှင့် ညနေခင်းတို့တွင် ဖြေဆိုရသည်။ နောက်ဆက်တွဲ စာမေးပွဲက သိပ်ပြီး သက်တောင့်သက်သာ ရှိလိမ့်မည် မဟုတ်ချေ။ ကောင်တီစာမေးပွဲတွင် ကျောင်းသားများက စာမေးပွဲခန်းထဲ၌ ကိုးရက်ကြာ နေထိုင်ရမည်ဖြစ်သည်... ကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ် မရှိပဲနဲ့ အဆုံးအထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး! 


ထို့အပြင် ဤရက်ပိုင်းအတောအတွင်းတွင် ဆိုင်ရှင်ဝေ့က အမျိုးစုံသော အရသာရှိသည့် ကြက်၊ ဘဲနှင့် ငါးတို့ကို သူတို့အတွက် နေ့တိုင်း ပြင်‌ဆင်ပေးသည်... ယန်ကျင်းဇီသည် သူ့ခွန်အားက လျော့ကျသွားခြင်း မရှိရုံသာမက ပို၍ပင် တိုးလာသည်ဟု ခံစားရသည်။


အိမ်အစေခံ အနည်းငယ်လောက်နဲ့ ရင်ဆိုင်ရတာ တကယ်ပဲ အရမ်းလွယ်လွန်းတယ်!


ရောက်ရှိလာကြသည့် အိမ်အစေခံအများစုမှာ တစ်ယောက်ပြီးတစ်ယောက် ယန်ကျင်းဇီ၏ ဘေးသို့ပစ်ချခြင်းကို ခံလိုက်ကြရပြီး ထပ်တလဲလဲ အော်ဟစ်ကြလျက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။


ကျန်ရစ်သော အစေခံအနည်းစုကမူ... ထိုအိမ်အစေခံများသည် သူတို့ကို လွှင့်ပစ်မည့် ယန်ကျင်းဇီကို မစောင့်ဆိုင်းကြဘဲ သူတို့ဘာသာ ထွက်ပြေးသွားကြသည်။


အစက အနည်းငယ် ကြောက်ရွံ့ခဲ့သော ဝေ့လင်းရှိူ့ : “ ... ” အစ်ကိုယန်က တကယ် အံ့ဩစရာကောင်းတယ်!


ယန်ကျင်းဇီကို အလွန်အထင်သေးနေကြဆဲဖြစ်ခဲ့သော ပတ်ဝန်းကျင်မှ ကျောင်းသားများသည် ဤမြင်ကွင်းကို မြင်ပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြကာ ယခင်က သူတို့အား ပြန်ပါးရိုက်ချင်နေကြသည်။


ဒီလူက အရမ်းအားကြီးလွန်းတယ်၊ သူတို့က သူ့ကို သွားပြီး အပြစ်တင်ရဲခဲ့ကြတယ်!


သူတို့က တစ်ခါတည်း သေချင်နေကြတာပဲ!


သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့ပြီး အဝေးသို့ လျှောက်သွားကြကာ ယန်ကျင်းဇီက သူတို့ကို မှတ်မိပြီး လွှင့်ပစ်ခံရမည်ကိုလည်း ကြောက်ရွံ့နေကြသည်... ၎င်းက သူတို့အတွက် တကယ့်အမည်းကွက် ဖြစ်လာပေလိမ့်မည်။


ဤအချိန်တွင် အစဉ်အမိန့် စောင့်ထိန်းသော အရာရှိများ ရောက်လာကြသည်။


“ လမ်းဖယ်ကြစမ်း! မင်းတို့အားလုံး လမ်းဖယ်ကြ! ဒီမှာ ဘာဖြစ်တာလဲ? ” အရာရှိခေါင်းဆောင်က မေးသည်။


“ အရာရှိမင်း၊ သူတို့က ကျွန်တော့်ကို ရိုက်ချင်နေကြတယ်။ ” ယန်ကျင်းဇီက ဖြေသည်။


“ စာမေးပွဲလာဖြေတဲ့ ကျောင်းသားတွေကိုတောင် မင်းတို့က တိုက်ခိုက်ရဲကြတယ်! ” မင်းအရာရှိများက ပြုံတိုးပြီး အစေခံများကို ကြိုး‌ချည်ထားလိုက်သည် – ဒါတွေအကုန်လုံးက ဝင်ငွေအပိုပဲ! ဘယ်သူကမှ ပြန်ရွေးငွေ လာ‌မပေးရင် သူတို့ကို ပြန်မလွှတ်ပေးဘူး!


ယန်ကျင်းဇီကမူ...


“ ယန်တ အာ၊ စာမေးပွဲကောင်းကောင်းဖြေပါ။ ” ဤအရာရှိများက ယန်တကို ကြည့်ကာ ပြောသည်။ သူတို့သည် ယန်တနှင့် ပတ်သက်ဖူးပြီး သူတို့ကြားမှ ဆက်ဆံရေးက ကောင်းမွန်သဖြင့် သူတို့သည် ကောင်တီအောက်ရုံးတရားသူကြီးရှေ့တွင် ယန်တအတွက် ကူညီပြောပေးရန် လိုလားခဲ့ကြသည်။ စာမေးပွဲအတွက်မူ သူတို့သည် ယန်တက စာမေးပွဲတွင် ကောင်းစွာ ဖြေဆိုနိုင်ရန်လည်း မျှော်လင့်ကြသည်။


“ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်! ” ယန်ကျင်းဇီက ပြန်ဖြေသည်။


ဤအစိုးရအရာရှိများက အိမ်အစေခံများကိုသာ ခေါ်ဆောင်ပြီး ထွက်သွားကြသည်။


ဤအချိန်တွင် ယန်ကျင်းဇီ၏အနားတွင် ဝေ့လင်းရှိူ့နှင့် ကျောင်းသားသုံးယောက်မှလွဲ၍ အခြားမည်သူမျှ မရှိကြချေ။ နောက်စာမေးပွဲအနည်းငယ်တွင်လည်း သူတို့အတွက် အလွန်တိတ်ဆိတ်နေမည်ဖြစ်ကြောင်းကို မှန်းဆနိုင်သည်ပင်။


“ အစ်ကိုယန်၊ မင်း အဆင်ပြေရဲ့လား? ” ဝေ့လင်းရှိူ့က မေးမြန်းပြီး ယန်ကျင်းဇီ၏လက်ကို ကြည့်နေသည်။


“ ယန်လူကြီးမင်း၊ အဲ့လူတွေက မင်းကို အထင်လွဲနေကြတာပါ။ စိတ်မကောင်းမဖြစ်နဲ့! ” ကျောင်းသားသုံးယောက်ကလည်း ယန်ကျင်းဇီကို နှစ်သိမ့်ပေးသည်။


အတိတ်မှာတုန်းက ယန်ကျင်းဇီဟာ များပြားလွန်းတဲ့ ခွန်အားတွေနဲ့ များပြားလွန်းတဲ့ တိုက်ခိုက်နိုင်စွမ်းတွေကြောင့် အထင်လွဲခံခဲ့ရတယ်မလား? ကောင်းမွန်တဲ့ စာသင်သားတစ်ဦးက လူမိုက်လို့ အခေါ်ခံရတာ အရမ်းကံမကောင်းလွန်းတာပဲ!


ကျောင်းသားသုံးယောက်ကို သိပြီး မနီးမဝေးတွင် မတ်တပ်ရပ်နေကြလျက် သူတို့၏ စကားများကို ကြားလိုက်ရသူတို့ : “ ... ” ဒီလူသုံးယောက် ရူးနေပြီလား?


မည်သို့ပင်ဖြစ်စေကာမူ ယန်ကျင်းဇီသည် စာမေးပွဲခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားလေသည်။


ဆိုင်ရှင်ဝေ့သည် လူကောင်းတစ်ဦး ဖြစ်သည်။ သူသည် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့ စာမေးပွဲဖြေဆိုရန် လိုအပ်သမျှကို ပြင်ဆင်ပေးရုံသာမက ဝေါစင်နှစ်ခုကိုလည်း ရှာထားသည်။ ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ စာမေးပွဲဖြေပြီးသောအခါ သူတို့ကို လာကြိုပြီး စာအုပ်ဆိုင်သို့ ပြန်ခေါ်သွားကြသည်။


စာမေးပွဲတစ်ခု ပြီးဆုံးပြီးနောက် လူအများစုဟာ ပင်ပန်းလွန်းသဖြင့် လှဲသာ လှဲချချင်ကြသည်။ ဤအချိန်တွင် ဝေါစင်ရှိခြင်းမှာ အလွန်အဆင်ပြေသည်။ သို့သော် ယန်ကျင်းဇီသည် စာမေးပွဲဖြေနေစဉ် လုံးဝ မပင်ပန်းခဲ့ရာ ဝေါစင်က သူ့ကို မသက်မသာ လှုပ်ခါစေနေ၏။


ဤသို့ဖြင့် သူတို့သည် လေးရက်ဆက်တိုက် စာမေးပွဲဖြေဆိုခဲ့သည်။


လွန်ခဲ့သော လေးရက်အတွင်းတွင် ဆိုင်ရှင်ဝေ့သည် ယန်ကျင်းဇီကို မည်သို့ စာမေးပွဲဖြေဆိုခဲ့ကြောင်း မမေးမြန်းခဲ့ပေ။ သူသည် ယန်ကျင်းဇီကို စာမေးပွဲပြီးမှသာ မေးမြန်းသည်။


ယန်ကျင်းဇီက ဖြေသည် : “ လွယ်လွန်းတယ်! ”


ဝေ့လင်းရှိူ့ပင်လျှင်... လွယ်လွန်းသည်ဟု ခံစားရသည်။


ထို့အပြင် ကောင်တီစာမေးပွဲပြီးနောက် Tongsheng ဖြစ်လာရန် စီရင်စုစာမေးပွဲကို ထပ်‌မံဖြေဆိုရမည်ဖြစ်ပြီး Xiucai ဖြစ်လာရန်မူ အကယ်ဒမီစာမေးပွဲကို ထပ်မံဖြေဆိုရမည်ပင်။


ဤကောင်တီစာမေးပွဲက ပထမအဆင့်သာ ဖြစ်ပြီး တကယ် ရိုးရှင်းသည်။


အခြေခံအားဖြင့် လက်ရေးက ရှင်းနေပြီး အရေးအသားက ချောမွေ့နေသရွေ့ အောင်နိုင်တယ်!


သေချာတာပေါ့၊ သုံ့ကူကောင်တီကဲ့သို့ သာယာဝပြောသော စာပေယဉ်ကျေးမှုရှိသည့် ကောင်တီတွင် ကောင်တီစာမေးပွဲက လိုက်လျောညီထွေစွာဖြင့် ပိုမိုခက်ခဲလိမ့်မည် ဖြစ်သော်လည်း အများကြီးတော့ ပိုခက်မလာချေ။


ဤသည်က ရိုးရှင်းဆဲဖြစ်သည်။ သို့သော်ငြား ၎င်းကား ဘယ်တော့မှ မမေ့သော ယန်ကျင်းဇီနှင့် ငယ်ငယ်ကလေးဘဝကတည်းက ဝေ့မိသားစုတွင် စာလေ့လာခဲ့သော ဝေ့လင်းရှိူ့တို့အတွက်သာ ဖြစ်သည်...


ရလဒ်ထွက်သည့်နေ့တွင် စာမေးပွဲ ဖြေဆိုခဲ့သော ကျောင်းသားများက အတူတကွ ထပ်မံစုဝေးကြပြန်သည်။ ကျောင်းသားအများအပြားက စာမေးပွဲခက်သည်ဟု ထင်ကြ၏ : “ ငါ ဆရာ့ကို ငါ ရေးခဲ့တဲ့ ဆောင်းပါးတွေ ပြခဲ့တယ်။ အဲ့အမှိုက်က မကောင်းဘူးလို့ ငါ့ဆရာက ပြောတယ်။ ”


“ ငါကတော့ အလွတ်လည်း ကျက်တယ်၊ အကုန်လုံးကိုလည်း သင်ယူပြီးပြီ။ ဒါပေမယ့် စာမေးပွဲမှာ စိုးရိမ်ပူပန်နေလို့ ငါ မေ့သွားခဲ့တယ်။ ”


“ ငါကတော့ စာရေးနေတုန်း ပြင်ဆင်ချက်နည်းနည်း လုပ်မိလိုက်တယ်... ”



ဤလူများသည် သက်ပြင်းချပြီး ကောင်တီစာမေးပွဲတွင် မည်သူက ပထမ ဖြစ်မည်ကို စတင်၍ ထပ်မံမှန်းဆကြည့်ကြပြန်သည်။


သေချာတာပေါ့၊ ထိုသို့ပြောနေစဉ် သူတို့သည် ယန်ကျင်းဇီကိုလည်း ထည့်ပြောကြသည် : “ အဲ့ယန်တကတော့ စာရွက်အလွတ်ကိုပဲ ပြန်ပေးလိုက်တာ ဖြစ်နိုင်တယ်! ”


သူတို့ စကားပြောနေစဉ် ရလဒ်များ ထွက်ရှိလာသည်။


ကောင်တီစာမေးပွဲတွင် ပထမရရှိသူမှာ... ယန်ကျင်းဇီလား?


ယန်ကျင်းဇီက ဘယ်သူလဲ?


လူတိုင်း အံ့ဩနေကြပြီး တစ်စုံတစ်ယောက်က ပြောလာသည် : “ အဲ့ယန်တ၊ သူ့ကို ယန်ကျင်းဇီလို့ ခေါ်တာ မဟုတ်ဘူးလား? ”


လူတိုင်း : “ ... ”