အပိုင်း ၁၄၂ ( Rogue Champion 18 )
Viewers 10k

ဟုတ်သည်၊ ယန်တ၏နာမည်က ယန်ကျင်းဇီ။


ဒါဆို ယန်တက ကောင်တီစာမေးပွဲ ချန်ပီယံ ဖြစ်သွားတာလား?


မဖြစ်နိုင်တာ!


ယန်တက မည်မျှအစွမ်းထက်ကြောင်း ကောလာဟလအချို့ကို သူတို့သည် မကြာသေးမီက ကြားသိခဲ့ရသော်ငြား ယန်တက ကောင်တီစာမေးပွဲ ချန်ပီယံ ဖြစ်လာခြင်းကို ယုံကြည်ရန်မှာ ခက်ခဲသည်။


ယေဘုယျအားဖြင့် ကောင်တီစာမေးပွဲ ချန်ပီယံက စီရင်စုစာမေးပွဲသို့ သွားရောက်ဖြေဆိုပြီး ကျရှုံးလာလျှင်ပင် ကောင်တီတရားသူကြီးက သူ့ကို Tongsheng အဖြစ် လက်ခံမည်ဖြစ်သည်။ အချို့နေရာများတွင်မူ ကောင်တီစာမေးပွဲ ချန်ပီယံက Xiucai အတွက် စာမေးပွဲကို တိုက်ရိုက်ပင် သွားရောက်ဖြေဆိုနိုင်ပေသည်။


ယခု ယန်တက ကောင်တီစာမေးပွဲကို အောင်နိုင်ထားရာ Tongsheng တစ်ဦး ဖြစ်သွားသည်နှင့်ပင် ညီမျှသည်။


သူတို့ထဲမှ လူတော်တော်များများဟာ စာရင်းထဲတွင် မပါဝင်ပေ။ ယန်တက စာရင်းဝင်ရုံတင်သာမက ကောင်တီစာမေးပွဲ ချန်ပီယံလည်း ဖြစ်လာသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!


ဤကျောင်းသားများသည် မကျေနပ်ဘဲ မေးခွန်းထုတ်လာကြသည်။


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူတို့တွင် သံသယများ ရှိလိမ့်မည်မှန်း သိရှိထားပြီးဖြစ်ကာ ထိပ်တန်းစာရွက် ဆယ်စောင်လုံးကို ပြသထားသည်။


လူတိုင်းနီးပါးက ယန်ကျင်းဇီ၏၏စာရွက်ထံသို့ အမြန်ပြေးသွားကြပြီး စာရွက်ကို ကာကွယ်နေသည့် မင်းစေတစ်ဦးကြောင့်သာ မဟုတ်လျှင် စာရွက်ပင် စုတ်ပြဲသွားနိုင်သည်။


ထို့နောက် စာရွက်ကို မြင်သူများက အံ့ဩသွားကြသည်။


ဤစာရွက်တွင် ပြင်ဆင်ချက် လုံးဝ မရှိဘဲ စာလုံးတိုင်းကို အံ့ဩဖွယ်ကောင်းအောင် ကောင်းစွာ ရေးသားထားသည်။ ဤတစ်ခုတည်းဖြင့်ပင် ဤကျောင်းသားဟာ ကောင်တီစာမေးပွဲ၏ ထိပ်တန်းဆယ်နေရာတွင် အဆင့်တစ်နေရာ အပေးခံရသင့်သည်။


ဆောင်းပါး၏ အကြောင်းအရာများကို ကြည့်လျှင်...


ကောင်တီစာမေးပွဲသည် စာအုပ်လေးအုပ်နှင့် ဂန္ထဝင်ငါးအုပ်တို့ကို ကျောင်းသား၏ ရင်းနှီးမှုအပေါ်တွင် အဓိကမူတည်ထားသည်။ တိတ်တဆိတ် စာကြောင်းများ ရေးသားနိုင်သော ခေါင်းစဉ်များမှာ အများအပြား ရှိသည်။


ကောင်တီစာမေးပွဲ၏ ခေါင်းစဉ်က ‌အတော်လေး ရိုးရှင်းသည်။ ဒါပေမယ့် လူဘယ်နှယောက်က စာအုပ်လေးအုပ်နဲ့ ဂန္ထဝင်ငါးအုပ်လုံးကို အလွတ်ကျက်နိုင်မှာလဲ?


ထို့အပြင် တစ်ခါတစ်ရံတွင် သူတို့သည် ယနေ့ အလွတ်ကျက်လိုက်သော်ငြား ရက်အနည်းငယ် ကြာပြီးနောက် ပြန်မေ့သွားလိမ့်မည်ဖြစ်သည်။ ပြန်လည်မှတ်သားလျှင်ပင်... စာအုပ်များစွာကို ပြန်လည်ကျက်မှတ်ရခြင်းမှာ သိပ်မလွယ်ချေ။


ထို့ကြောင့် လူအများအပြားဟာ အမှားတစ်ခုတော့ ရေးသားမိကြပေလိမ့်မည်။


သို့ရာတွင် ယန်ကျင်းဇီကတော့ မလုပ်ခဲ့ပေ။


သူက အကုန်လုံးကို မှတ်မိတယ်!


သူသည် ကောင်တီစာမေးပွဲ အဖြေလွှာများကို ပြီးပြည့်စုံစွာ ရေးသားနိုင်ခဲ့သည်။


၎င်းထဲမှ ကဗျာများနှင့် ဆောင်းပါးများအတွက်မူ ကောင်တီစာမေးပွဲအဆင့်က လုံးဝ မခက်ခဲချေ။ သူသည် စာအုပ်များစွာကို ဖတ်ရှုထားရာ နက်နဲသော ဆောင်းပါးများနှင့် ခံစားချက်ပြည့်ဝသော ကဗျာတို့ကို မရေးသားနိုင်သေးလောက်သော်ငြား စံနှုန်းကိုက်ညီသော ဆောင်းပါးများနှင့် ကဗျာတို့ကို ရေးသားခြင်းတွင်မူ လုံးဝ ပြဿနာမရှိပေ။


Juren နှင့် Jinshi တို့၏ အမြင်တွင်မူ သူ့ဆောင်းပါးက အဆင်သင့်မဖြစ်သေးလောက်ချေ။ သို့သော် ကောင်တီစာမေးပွဲကို ဖြေဆိုသူအုပ်စုကြားတွင်မူ သူသည် ထိပ်ဆုံးနေရာကို ရရှိနေပြီးဖြစ်သည်။


ဒါ၊ ဒါက တကယ်ပဲ ယန်တရဲ့စာလား?


ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!




ကောင်တီအောက်ရုံးတရားသူကြီးကျူး၏ နေအိမ်။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် ကောင်တီအောက်ရုံးတရားသူကြီးကျူး၏ အရှေ့တွင် ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူတို့နှစ်ဦး၏ အောင်မြင်မှုများကို သိရှိထားသည်မှာ ကြာပြီဖြစ်ကာ သူတို့ကို ပထမဦးစွာ ချီးကျူးဂုဏ်ပြုခဲ့သည် — ကောင်တီစာ‌မေးပွဲတွင် ယန်ကျင်းဇီက ထိပ်ဆုံးနေရာကို အနိုင်ရခဲ့ပြီး ဝေ့လင်းရှိူ့ကလည်း မဆိုးဘဲ သတ္တမမြောက်နေရာကို ရရှိခဲ့၏။


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူက မျက်နှာသာပေးထားခြင်း မရှိကြောင်း ပြောရဲသည်။ 


ဝေ့လင်းရှိူ့၏ အရည်အချင်းများနှင့် သင်ယူမှုများသည် တကယ့်ကို မဆိုးရွားပေ။ ကဗျာပိုင်း၌ သူ့တွင် ယန်ကျင်းဇီထက်ပင် အရောင်အသွေးပိုရှိသေးသည်။


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ဝေ့လင်းရှိူ့ကို အမှန်တကယ် သဘောကျပြီး တစ်ချိန်တည်းတွင် သူသည် ဝေ့မိသားစုကို ပိုပိုပြီး အထင်သေးမိသည်။


ထိုရက်များတွင် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့က ဝေ့မိသားစု၏ စာအုပ်ဆိုင်တွင် နေထိုင်ခဲ့ကြပြီး ဆိုင်ရှင်ဝေ့၏ နှာခေါင်းအောက်တွင် နေထိုင်ခဲ့ကြသည့်အပြင် သူသည်လည်း သူတို့ကို အကြိမ်အနည်းငယ် သွားတွေ့ဖူးသည်။ ဒီနှစ်ယောက်က အပြစ်ကင်းစင်တာ ထင်ရှားတယ်!


ပိုအရေးကြီးသည်မှာ ဝေ့လင်းရှိူ့၏ တစ်ကိုယ်လုံးတွင် မှုန့်ချေရနံ့ လုံးဝ မရှိခြင်း ဖြစ်ကာ ယန်ကျင်းဇီဆိုလျှင် ပြောစရာပင် မလိုချေ။ ဤနှစ်ယောက်တွင် ထိုဆက်ဆံရေးမျိုး ရှိသည့်ပုံ လုံးဝ မပေါ်ပေ။


အမှန်ပင်၊ ဤနှစ်ဦးတွင် / တစ်စုံတစ်ရာ / နည်းနည်းရှိနေလျှင်ပင် အဆင်ပြေသည်။ ဤသည်ဟာ အလှတရားနှင့် ခံစားမှုတို့၏ကိစ္စဟု တွေးထင်ကြသော လူအများအပြားက မြို့တော်တွင် ရှိနေဆဲဖြစ်သည်။


ထို့နောက် ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် စီရင်စုစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ဖူချန်သို့သွားခြင်းနှင့်ပတ်သက်ပြီး ပြောသည်။


စီရင်စုစာမေးပွဲများမှာ ဧပြီလတွင် ဖြစ်သဖြင့် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့တွင် ပြင်ဆင်ရန် နောက်ထပ်တစ်လ ရှိသေးသည်။ ပြီးလျှင် ဖူချန်သို့ သွားရန် အချိန်ကျပြီဖြစ်သည်။ သေချာတာပေါ့၊ ၎င်းအပြင် ယန်ကျင်းဇီသည် အခြားတစ်ခုကိုလည်း လုပ်ဆောင်ရန် လိုအပ်သည်။


“ စာပေပညာရှင်တိုင်းက သူတို့ကိုယ်သူတို့ နာမည်ကြီးစေချင်ကြတယ်... ” ကောင်တီအောက်ရုံးတရားသူကြီးကျူးက ဖြည်းညှင်းစွာ ဆိုသည်။


ယနေ့ခေတ်တွင် စာပေပညာရှင်များအတွက် ကျော်ကြားမှုဟာ အလွန်အရေးကြီးသည်။


အဖြေလွှာများကို အမှတ်ပေးသောအခါ နာမည်များကို ရောထွေးထားမည်ဖြစ်ပြီး နောက်ပိုင်း၌မူ ကောင်တီစာမေးပွဲများတွင်ပင် ၎င်းတို့ကို ရေးမှတ်ထားပြီးမှ စာစစ်သူက ဖတ်ရှုမည်ဖြစ်၏။ သို့သော်လည်း နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို စီစဉ်ပြီးသောအခါ မူလစာရွက်များကို ကြည့်ရှုကြဦးမည်ဖြစ်ကာ မူလက ဖုံးအုပ်ထားသော နာမည်များကိုလည်း ဖွင့်လှစ်ထားကြပေလိမ့်မည်။


လူတော်တော်များများ၏ အဖြေများမှာ တကယ်ကို နှိုင်းယှဉ်နိုင်သည်။ ထိုအချိန်များတွင် အမှတ်ပေးသူက ဖြေဆိုသူကို အဆင့်ပေးသောအခါ ထိုလူ၏ ကျော်ကြားမှုအပေါ် မူတည်သွားလိမ့်မည်ဖြစ်သည်။


ဥပမာအားဖြင့် အရည်အချင်းရှိသော Xiucai တစ်ဦးက အလွန်အမင်း နာမည်ကျော်ကြားပြီး အရည်အချင်းရှိသော အခြား Xiucai တစ်ဦးကိုမူ လူမသိကြချေ။ ပြည်နယ်စာမေးပွဲ၏ ချန်ပီယံကို ထိုနှစ်ဦးမှ ရွေးချယ်ရမည်။ စာစစ်သူသည် သူက မျက်နှာသာပေးနေသည်ဟု လူအပြောခံရမည်အား စိုးရိမ်ကာ နာမည်အကြီးဆုံးလူကို သေချာပေါက် ရွေးချယ်သွားလိမ့်မည်ပင်။


ကောင်တီစာမေးပွဲတွင် ယန်ကျင်းဇီ ဝင်ရောက်မဖြေဆိုမီတွင် သူက စာလေ့လာခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ သူ့ကိုယ်သူ နာမည်ကျော်ကြားအောင် မပြုလုပ်ခဲ့လျှင် အရေးမကြီးသော်ငြား ယခုမူ သူ့ကိုယ်သူ နာမည်ကျော်ကြားအောင် စတင်ပြုလုပ်သင့်နေပြီဖြစ်သည်။


“ လူကြီးမင်းရဲ့ သွန်သင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ” ယန်ကျင်းဇီက ဆိုသည်။


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် သူ့ကို ကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။


သူသည် ဘုရားသခင်က ဘာလုပ်နေမှန်း မသိပေ။ ဤမျှထက်မြက်သော ဦးနှောက်ကို ဤကဲ့သို့သော... ပညာရှင်တစ်ဦးနှင့် မတူသည့်လူကို ပေးထားသည်။


သူတို့ စကားပြောနေစဉ် အပြင်ဘက်မှ ကျောင်းသားများသည် ဆူပူနေကြပြီဖြစ်သည် : “ ယန်တက ဒီလိုစာရွက်မျိုးကို ဘယ်လိုလုပ် ရေးနိုင်မှာလဲ? ”


“ ယန်တက တစ်ခါမှ ကျောင်းမတက်ဖူးဘူး။ သူက စကားလုံးတွေကိုတောင် မသိဘူး ဖြစ်နေမှာကို ငါ ကြောက်မိတယ်။ ဒီလိုစာရွက်မျိုး ရေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး! ”


“ တစ်ယောက်ယောက်က စာရွက်လဲလိုက်တာလား? ”





သူတို့ စကားပြောနေကြစဉ် တစ်စုံတစ်ဦးက ရုတ်တရက် ပြောလာသည် : “ တစ်ယောက်ယောက်မှာ ဒီလောက်ကောင်းတဲ့ လက်ရေးမျိုး ရှိနေရင် သူတို့က ဒီလိုကောင်တီစာမေးပွဲအဖြေလွှာမျိုး ရေးပြီး တစ်ယောက်ယောက် လှည့်ဖြားဖို့ကို ကူညီပေးချင်မှာလား? ”


လူတိုင်းဟာ လှည့်ကြည့်ကြပြီး လီ Xiucai နှင့် အခြားသော Xiucai အများအပြားတို့က ရောက်လာကြကြောင်း တွေ့လိုက်ရသည်။


လီ Xiucai သည် သုံ့ကူကောင်တီ၏ အစိုးရအာမခံပေးသူ ဖြစ်ပြီး လူတိုင်းက သူ့ကို သိကြကာ သူက ယန်ကျင်းဇီကို အာမခံပေးထားသူ ဖြစ်ကြောင်းကိုလည်း သိကြသည်။


ထို့အတွက်ကြောင့် အခြားမင်းအရာရှိများက လီ Xiucai ဟာ ငွေအတွက်နှင့် သူ့ဂုဏ်သတင်းကိုပင် မလိုချင်တော့ဟု စောင်းပါးရိပ်ခြည် ပြောဆိုခဲ့ကြ၏။


ဤဖြစ်ရပ်က လီ Xiucai ကို ဒေါသများဖြင့် ပြည့်နှက်စေနေခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ဤအချိန်တွင် သူသည် အခြားသူများ သူ့အပေါ် လောင်းထားသော ရေညစ်များကို ဆေးကြောနိုင်လိုက်သည်။


သူ့အနားမှ လူတိုင်းကို ကြည့်လျက် လီ Xiucai က ထပ်ပြောသည် : “ အကယ်၍ တစ်ယောက်ယောက်က သူ့မှာ / မျက်လုံးတွေနဲ့ နားတွေ / ရှိနေတာတောင် သူများ လှည့်ဖြားဖို့အတွက် ဒီလိုအဖြေလွှာစာရွက်မျိုး တစ်ရွက်ကို ရေးပေးနိုင်မှာလား... ယန်ကျင်းဇီမှာ ဒီအရည်အချင်း ရှိလား? ”


လီ Xiucai ၏ ပြောကြားချက်က အလွန်သင့်လျော်သည်။


ဤကဲ့သို့သော စကားလုံးများကို ရေးသားနိုင်သူသည် အခြားသူများ လိမ်လည်လှည့်ဖြားခြင်းကို သေချာပေါက် မကူညီပေ။ ယန်တတွင် သူ လိမ်လည်လှည့်ဖြားရန် အခြားသူများကို ကူညီစေနိုင်သော အရည်အချင်းလည်း မရှိနိုင်ချေ။


ယန်ကျင်းဇီ ဓားစာခံချုပ်ထားတဲ့ လက်ရေးလှရေးဆရာတော့ မရှိနိုင်ဘူးမလား? ဒါပေမယ့် ယန်ကျင်းဇီက ဓားခံစာချုပ်ထားတယ်ဆိုရင်တောင် သူက စာမေးပွဲ အဖြေလွှာတွေကို ဘယ်လိုလဲမှာလဲ?


သူက လူရမ်းကားတစ်ယောက်ပဲ!


ကောင်တီစာမေးပွဲတွင် ပါဝင်ဖြေဆိုသူများသည် ကဏ္ဍပေါင်းစုံတွင် သာမန်ဖြစ်ပြီး အချို့က လက်ရေးလှကို အလွန်တန်ဖိုးမထားကြသော်ငြား ဤလူများအားလုံးတွင် မိသားစုများ ရှိကြသည်။


သူတို့ထဲမှ တစ်ဦး၏ ဖခင်မှာ Juren တစ်ဦး ဖြစ်၏။


ဤလူသည် သူ့သားကို အရမ်းအလေးထားပြီး သူ့သားက ပထမနေရာကို သေချာပေါက် အနိုင်ရမည်ဟု ထင်ခဲ့သည်။ ရလဒ်ကမူ သူ့သားက ဒုတိယနေရာသာ ရရှိခဲ့၏... သူသည် ယန်ကျင်းဇီ၏ အဖြေလွှာများကို အစောက ဖတ်ရှုခဲ့ပြီး ဤအချိန်တွင် သူက ပြင်းပြင်းထန်ထန် သက်ပြင်းရှည်ချလိုက်သည် : “ ဒီနေ့ ကောင်တီစာမေးပွဲ ချန်ပီယံရဲ့ လက်ရေးလှက ရွှေတစ်ထောင် တန်တယ်။ ”


“ ယန်လူကြီးမင်းမှာ တကယ်ပဲ အံ့ဩစရာကောင်းတဲ့ အရည်အချင်း ရှိတယ်။ ” လီ Xiucai က ထပ်ထည့်ပြောသည်။


လီ Xiucai အနားရှိ အခြားသော Xiucai အများအပြားကလည်း ချီးကျူးကြသည်။


ကောင်တီစာမေးပွဲ ဖြေဆိုထားသော ကျောင်းသားများ : “ ... ” ယန်ကျင်းဇီက အဲ့လိုလူမျိုး ဖြစ်နေတာလား?


သူတို့ထဲမှ အချို့သည် ယန်ကျင်းဇီနှင့် ယခင်က မရင်းနှီးခဲ့သော်ငြား လီ Xiucai ၏ စကားများကို ယုံကြည်ကြသည်။ သို့သော် သူတို့ထဲတွင် ယန်ကျင်းဇီ၏ ယခင်က “သဘောထားကြီးမြတ်မှု” ကို တွေ့မြင်ဖူးသူများလည်း ရှိနေသည်။


အခြားကိစ္စများအပြင် ယန်တသည် အကြွေးတောင်းခြင်း၊ တံခါးကို ကန်ဖွင့်ခြင်းနှင့် အိမ်ထဲမှ လူများကို တစ်ယောက်ပြီးတစ်ယောက် ခေါ်သွားခြင်းတို့အား လုပ်လေ့ရှိခဲ့သည်။ သူက မျိုးစုံလုပ်ဖူး၏။


လောင်းကစားသမားက အကြွေးတင်ထားသည်မှာ မှန်သော်လည်း ယန်တ၏အသွင်အပြင်က လူများကို ကြောက်ရွံ့စေသည်။


ဒီလူက... တကယ်ပဲ အံ့ဖွယ်အရည်အချင်း ရှိပြီး ကောင်တီစာမေးပွဲမှာလည်း ပထမရခဲ့တာလား?


ဤလူများသည် တကယ်ကို ယုံရခက်နေပြီး ဤအချိန်တွင် ယန်ကျင်းဇီက ရောက်လာသည်။


ယန်ကျင်းဇီသည် “သူ့နာမည်ကျော်ကြားအောင် ဆောင်ရွက်ရန်” ရောက်ရှိလာပြီး ချက်ချင်း ပြောလိုက်သည် : “ ငါ လှည့်စားနေတယ်လို့ သံသယရှိနေတာလား? မင်းတို့ ငါနဲ့ ဗဟုသုတ ဖလှယ်ချင်လား? ”


ဒါပေါ့!


ရှိသမျှလူအားလုံးသည် အားရပါးရဖြင့် အနီးအနားရှိ စားသောက်ဆိုင်သို့ ယန်ကျင်းဇီ၏နောက်မှ လိုက်သွားကြသည်။


ထို့နောက်...


ယန်ကျင်းဇီက သူ့စုတ်တံ တစ်ချက်ဆွဲစာနဲ့ စကားလုံးတွေ အများကြီးကို ရေးသားလိုက်တယ်!


ဒီလောက်ကောင်းတဲ့ လက်ရေးလှ၊ သူတို့ အရင်က မမြင်ဖူးဘူး။ လေ့ကျင့်ဖို့နေနေသာသာ...


စာအုပ်လေးအုပ်နှင့် ဂန္ထဝင်ငါးအုပ်တို့အကြောင်း ပြောလျှင် ယန်ကျင်းဇီက ပို၍ပင် အံ့ဩစရာကောင်းသေးသည်။ စကားလုံး ၂၀၀,၀၀၀ နီးပါး ရှိသော “Zuo Zhuan” ကိုပင် သူက နောက်ပြန်ရွတ်ဆိုနိုင်သည်။


အဲ့ဒါ စာလုံးရေ ၂၀၀,၀၀၀ နီးပါး ရှိတဲ့ စာအုပ်!


ဒီအချိန်မှာ ယန်ကျင်းဇီက ဉာဏ်ကြီးရှင် ဖြစ်တာကို အသိအမှတ်ပြုတာကလွဲပြီး သူတို့ ဘာများလုပ်နိုင်သေးလဲ?


ထို့အပြင် သူတို့က စာမေးပွဲဖြေဆိုရန် ဆယ်နှစ်ကျော်ကြာအောင် စာ‌လေ့လာနေခဲ့သော်ငြား စာမေးပွဲကို မအောင်မြင်သေးသည့် အချက်ကို ဖုံးကွယ်ရန်အတွက် စာလေ့လာနေသည်မှာ တစ်နှစ်မပြည့်သေးဟု ပြောသော ယန်ကျင်းဇီက စာမေးပွဲ အောင်မြင်သွားသော ကိစ္စနှင့်ပတ်သက်ပြီး သူတို့သည် ယန်ကျင်းဇီကို ပို၍ပင် ချီးကျူးကြသည်။


အချိန်ကာလတစ်ခုအကြာအထိ သုံ့ကူကောင်တီတစ်ခွင်လုံးတွင် ယန်ကျင်းဇီအကြောင်း ကြွားဝါပြောဆိုကြသော လူများမှာ နေရာတိုင်း၌ ရှိနေခဲ့သည်။


သုံ့ကူကောင်တီမှ လူများဟာ စိတ်ရှုပ်ထွေးသွားကြသည်။


အရင်က ယန်ကျင်းဇီ ကောင်တီစာမေးပွဲ သွားဖြေတဲ့အချိန်မှာ သူတို့က ယန်ကျင်းဇီ သေချာပေါက် ကျလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ယန်ကျင်းဇီက စာမေးပွဲအောင်သွားတဲ့အပြင် ပထမနေရာကိုလည်း ရသွားတယ်လား?


သူ စာမေးပွဲမှာ ပထမနေရာ ရလာတာက အရေးမကြီးပေမယ့် အဲ့ဒီ့စာပေပညာရှင်တွေကလည်း သူ့ကို တကယ်ကြီး ချီးကျူးနေကြတာလား?


လူအများစုဟာ ခေတ်ရေစီးကြောင်းနောက်သို့ လိုက်ပါတတ်ကြသဖြင့်...


“ ယန်တ... မဟုတ်ဘူး၊ ယန်ကျင်းဇီက ငယ်ငယ်လေးကတည်းက ထက်မြက်တယ်။ သူ့အဖေက သူ့ကို တစ်ခါမှ ဂရုမစိုက်ပေမယ့် သူ့မှာ သူ့ဗိုက်ဖြည့်နိုင်တဲ့ အရည်အချင်း ရှိတယ်! ”


“ သူက လောင်းကစားဝိုင်းမှာ လူမိုက် ဖြစ်ခဲ့ဖူး‌တယ်။ ဒါပေမယ့် သူမှ မတတ်နိုင်တာ... သူ့မှာ အဲ့လိုအဖေမျိုး ရှိနေတယ်လေ ဟုတ်တယ်မလား? ”


“ သူက ငွေအကြွေးမတင်ထားတဲ့ လူတွေကို အရင်က တစ်ခါမှ မရိုက်ခဲ့ဖူးဘူးလားလို့? ”


“ သူက အမြဲတမ်း အကြွေးတောင်းနေတော့ မှားတွက်တာမျိုး မလုပ်ဘူး။ သူက တကယ် ဉာဏ်ကောင်းတယ်! ”






သူတို့၏ ကလေးများကို ကြောက်လန့်စေရန် ယန်တနာမည်ကို အမြဲအသုံးပြုခဲ့သော သုံ့ကူကောင်တီမှ လူများကပင် ကလေးများကို ပြောကြသည် : “ ယန်တကို ကြည့်စမ်း၊ ဘယ်သူမှ သူ့ကို ဂရုမစိုက်ပေမယ့် သူက ကောင်တီစာမေးပွဲ ချန်ပီယံ ဖြစ်လာနိုင်သေးတယ်! သူ့ဆီက သင်ယူကြ၊ နားလည်လား?! ”


ကလေး : “ ...... ” အဖေ၊ မနေ့က ပြောတော့ ကျွန်တော် မလိမ္မာရင် ယန်တက ကျွန်တော့်ကို လာရိုက်လိမ့်မယ်ဆို!


ယန်ကျင်းဇီသည် ထင်ရှားကျော်ကြားပြီးနောက် ဝေ့အိမ်၏ စာအုပ်ဆိုင်သို့ ပြန်သွားကာ ဆက်လက်၍ ကြိုးကြိုးစားစား စာလေ့လာသည်။


အမှန်ပင်၊ သူသည် လာရောက်လေ့လာသော စာပေပညာရှင်များအတွက် ဝေ့အိမ်၏ စာအုပ်ဆိုင်တွင် သူ၏ ကိုယ်တိုင်ရေးထားသော လက်ရေးအချို့ကို ချိတ်ဆွဲရန်လည်း မမေ့လျော့ပေ။


ဝေ့မိသားစု၏ နေအိမ်။


သူတို့သည် အိမ်အစေခံများကို ဝေ့လင်းရှိူ့အား ဖမ်းဆီးခိုင်းလိုက်သော်ငြား အိမ်အစေခံများ အားလုံးကို မင်းအရာရှိများက ဖမ်းဆီးထားခဲ့ပြီး ထိုလူများကို ပြန်ခေါ်သွားချင်လျှင် ပြန်ရွေးငွေ ပေးဖို့ပင် သူတို့ကို တောင်းဆိုခဲ့သည်။ ၎င်းက ဝေ့သခင်မအိုကြီးကို အလွန်ဒေါသထွက်စေလုနီးပါးပင်။


ယခု သူ(မ)သည် ဤရလဒ်ကို ကြားရလိုက်သောအခါ၌မူ တိုက်ရိုက်ဖျားသွားသည်။


ယန်တက ကောင်တီစာမေးပွဲတွင် ပထမရခဲ့ခြင်းကို သူ(မ)သည် ဘာမှမခံစားရသော်လည်း ဝေ့လင်းရှိူ့က ထိပ်ဆုံးဆယ်နေရာသို့ တကယ်ပင် ရရှိခဲ့သောအခါ...


ဝေ့မိသားစုသည် ဖူချန်ရှိ ဝေ့ကျီယွမ်ထံသို့ စာတစ်စောင် ရေးလိုက်ကာ နောက်ထပ်တစ်ယောက်က ဒေါသထွက်သွားရသည်။ 


ဧပြီလတွင် စီရင်စုစာမေးပွဲ ရှိပြီး ယန်ကျင်းဇီသည် ဆိုင်ရှင်ဝေ့၏လှေကို စီးကာ ဖူချန်သို့ ဦးတည်သွားခဲ့သည်။


ဤအချိန်တွင် သူ၏ ဂုဏ်သတင်းက ဖူချန်သို့ ပျံ့နှံ့နေပြီးဖြစ်သည်။


“ ငါ ကြားလာတာ၊ သုံ့ကူကောင်တီရဲ့ ကောင်တီစာမေးပွဲ ချန်ပီယံက ဘယ်တော့မှ မမေ့ဘူးတဲ့! ”


“ ယန်ကျင်းဇီရဲ့ လက်ရေးလှက သုံ့ကူကောင်တီရဲ့ ကောင်တီစာမေးပွဲ မစခင်အထိ ဝေ့မိသားစု စာအုပ်ဆိုင်မှာ ရနိုင်သေးတယ်။ ငါ အဲ့ဒါတွေကို ဖတ်ပြီးပြီ။ လက်ရေးလှရေးဆရာတွေထက် လုံးဝ မနိမ့်ကျဘူး! ”


“ ဒီတစ်ခါ သူ ပထမနေရာ ရမှာကို ငါ စိုးရိမ်မိတယ်။ ” 


“ ဒီလူက ဘယ်လိုပုံစံလဲ မသိဘူး… ”



မူလပိုင်ရှင်က သုံ့ကူကောင်တီတွင် မည်သို့ပုံစံဖြစ်ခဲ့ခြင်းမှာ အရေးမကြီးချေ။ ဖူချန်သို့ရောက်ချိန်၌ ယန်တ၏ ယခင်က အပြုအမူများကို ဘယ်သူမှ မသိတော့။ ယန်ကျင်းဇီနှင့် ပတ်သက်သော လတ်တလော သတင်းမျိုးစုံဟာ သုံ့ကူကောင်တီမှ ကျောင်းသားများက ဖူချန်သို့ ယူဆောင်လာကြခြင်း ဖြစ်သည် — သုံ့ကူကောင်တီမှ ကျောင်းသားအားလုံးသည် ယန်ကျင်းဇီ၏ အံ့ဖွယ်အရည်အချင်းအကြောင်းကို ပြောဆိုနေကြသည်။


တစ်ချိန်တည်းတွင် သူတို့သည် ဝေ့မိသားစု စာအုပ်ဆိုင်မှ ယန်ကျင်းဇီ၏ လက်ရေးလှများကိုလည်း တွေ့မြင်ထားပြီးဖြစ်ကာ သူတို့အားလုံးက ယန်ကျင်းဇီကို လေးစားကြသည်။


ဖူချန်သို့ ယန်ကျင်းဇီ ရောက်လာကြောင်း သိလိုက်ရသောအခါ တစ်ဦးပြီးတစ်ဦး လူတိုင်းက သွားရောက်လည်ပတ်ကြ၏။


ထို့နောက် သူတို့ တွေ့လိုက်ရသည်မှာ... ယောက်ျားကြီးတစ်ဦး။


အရမ်းထက်မြက်တဲ့ သုံ့ကူကောင်တီရဲ့ စာမေးပွဲ ချန်ပီယံက ဒီပုံတဲ့လား?


ဘာလို့... သူက ပညာရှင်တစ်ယောက်နဲ့ လုံးဝ မတူတာလဲ?


သူက ပညာရှင်တစ်ဦးနှင့် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ သူသည် စီရင်စုစာမေးပွဲတွင် သဘာဝကျစွာ ပထမနေရာကို ရရှိခဲ့သည်။ ဝေ့လင်းရှိူ့ပင်လျှင် စီရင်စုစာမေးပွဲကို အောင်မြင်ခဲ့၏။ သူတို့နှစ်ဦးသည် Tongsheng အတူဖြစ်လာကြပြီး ‌အကယ်ဒမီစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်သွားသည်။


သူတို့က အကယ်ဒမီစာမေးပွဲကိုသာ ဖြေဆိုအောင်မြင်လျှင် Xiucai များ ဖြစ်ပြီး စာပေပညာရှင်များ အစစ်အမှန် ဖြစ်လာလိမ့်ပေမည်။ ဝေ့လင်းရှိူ့၏ ညီက ဤနှစ် Xiucai စာမေးပွဲကို အောင်မြင်ခဲ့ကြောင်း ယန်ကျင်းဇီ မှတ်မိသည်။


ဤလူက ငယ်ငယ်ရွယ်ရွယ်ဖြင့် နာမည်ကျော်ကြားလာပြီး အလွန်အလားအလာကောင်းသော အနာဂတ်ကို ရရှိခဲ့သည်။ မူလဇာတ်ကြောင်းထဲတွင် ဤအချိန်၌ ဝေ့လင်းရှိူ့က ဆုံးပါးသွားပြီးဖြစ်သည်။


မူလပိုင်ရှင်အတွက်မူ... ဝေ့လင်းရှိူ့၏ညီက အကယ်ဒမီ စာမေးပွဲတွင် ပထမနေရာ ရရှိပြီး မကြာမီတွင် မူလပိုင်ရှင်က ရိုက်နှက်ခံရကာ သေဆုံးသွားသည်။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို စိုက်ကြည့်ကာ တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဝေ့လင်းရှိူ့ စာမေးပွဲအောင်ရမည်ပင်။


ဤအချိန်တွင် လှေတစ်စင်းသည် မြို့တော်မှ ထွက်ခွာပြီး တောင်ဘက်သို့ ဦးတည်လာသည်။


လှေပေါ်၌ ထိုင်နေသူမှာ ကျိုးစုန် ဖြစ်ပြီး သူသည် ယခင်နှစ်တွင် ရာထူးမှ ထုတ်ပယ်ခံရ၍ အပြစ်ဖော်ဆုံးမခံခဲ့ရကာ ယခုနှစ်တွင်မှ မူလရာထူး၌ ပြန်လည်ခန့်အပ်ခံခဲ့ရသည်။


ဤအချိန်တွင် ကျိုးစုန် တောင်ဘက်သို့ သွားရသည်မှာ နန်ကျိုး၌ တာဝန်ထမ်းဆောင်ရမည့် စီရင်စုဆိုင်ရာ အကယ်ဒမီ၏ အထူးတာဝန်ရှိသူ အဖြစ် ခန့်အပ်ခံရသောကြောင့် ဖြစ်သည်။


သူသည် သူ့တူလေးကို သွားကြည့်နိုင်ရန်အတွက် အားများစွာ စိုက်ထုတ်၍ ဤတာဝန်ကို ရရှိအောင် ကြိုးစားခဲ့ရသည်။


သုံ့ကူကောင်တီက သူ အရာရှိဖြစ်သော နန်ကျိုးစီရင်စုတွင် မပါဝင်သည်မှာ နှမြောစရာပင်။ ထို့ကြောင့် သူသည် အကယ်ဒမီ စာမေးပွဲ ပြီးဆုံးချိန်အထိ စောင့်ဆိုင်းပြီးမှ သူ့တူလေးကို သွားတွေ့နိုင်သည်။ ကံကောင်းစွာဖြင့် နှစ်နေရာ အကွာအဝေးက မဝေးကွာဘဲ လှေစီးလျှင် တစ်ရက်သာ ကြာသည်။