ဝေ့လင်းရှိူ့သည် လွန်ခဲ့သော လအနည်းငယ်၏ ဘဝမှာ အိပ်မက်ကဲ့သို့ ခံစားရသည်။
ဝေ့မိသားစု၏ အိမ်တွင် နေထိုင်ခဲ့စဉ်က သူ့ကို တုံးအသည်ဟု သူတို့ အမြဲပြောခဲ့ကြသည်။ ယင်းကား သူက စားသောက်ခြင်းနှင့် ပျော်ပါးခြင်းတို့မှလွဲ၍ အခြားဘာကိစ္စကိုမှ မလုပ်နိုင်တော့သည်နှင့်တူသည်။ အချိန်အတော်ကြာပြီးနောက် သူသည်လည်း အသုံးမကျသကဲ့သို့ ခံစားရပြီး သူက စာလေ့လာခြင်းနှင့် မသင့်တော်ဟုလည်း ခံစားလိုက်ရ၏။
သို့သော် လွန်ခဲ့သော လအနည်းငယ်တွင် သူသည် ယန်ကျင်းဇီနှင့် စာလေ့လာခဲ့ပြီး ထိုသို့မဟုတ်ကြောင်း တွေ့ရှိလာသည်။
သူသည် ယန်ကျင်းဇီထံမှ ဖိအားပေးခံရသော်ငြား တကယ်ပင် ခက်ခဲသော ထိုစာအုပ်များကို အလွတ်ကျက်နိုင်ခဲ့သည်။ ဆရာက အဓိပ္ပာယ်ကို ရှင်းပြပြီး သူက ၎င်းတို့အားလုံးကို ချရေးနိုင်ခဲ့၏။
ဤကာလအတောအတွင်း သူသည် ကဗျာစုစည်းမှု အနည်းငယ်ကို ရရှိခဲ့ပြီး ၎င်းကို အလွန်နှစ်သက်မိသည်။ ထပ်တလဲလဲ ဖတ်ရှုပြီးနောက် စာကြောင်းအချို့က သူ့ကို ပိုမိုစိတ်သက်သာရာရအောင် ပြုလုပ်နိုင်ကာ အချို့က သူ့ကို ငိုစေနိုင်သည်။
ထိုကဗျာစုစည်းမှုများကြောင့် သူသည် စာလေ့လာခြင်းတွင် ရုတ်တရက် စိတ်ဝင်စားသွားရသည်။
သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ သူသည် Tongsheng တစ်ဦးအဖြစ် အသိအမှတ်ပြုခံရကာ မကြာမီ အကယ်ဒမီစာမေးပွဲသို့ပင် သွားရလိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။
သူ့ညီက သူ့ထက် လေးနှစ်ငယ်သော်လည်း မနှစ်ကပင် Tongsheng တစ်ဦး ဖြစ်နေခဲ့ပြီးဖြစ်သည်။ သူ့ဖခင်က သူ့အသက်တွင် Xiucai ဖြစ်နေပြီဖြစ်သော်ငြား ဝေ့လင်းရှိူ့သည် ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်နေဆဲပင်။
သို့ရာတွင် ပျော်ရွှင်နေစဉ် သူသည် အနည်းငယ်လည်း စိတ်ဓာတ်ကျမိသည်။
ဤအချိန်တွင် သူနှင့် ယန်ကျင်းဇီတို့သည် သူတို့ကဲ့သို့ စီရင်စုစာမေးပွဲကို အောင်မြင်ခဲ့သော လူအချို့နှင့် စားသောက်ဆိုင်တစ်ဆိုင်၌ သောက်စားနေကြသည်။
ဤလူများအနက် ယန်ကျင်းဇီသည် သေချာပေါက် မျက်စိအဖမ်းစားနိုင်ဆုံးလူ ဖြစ်သည်။ သူ့အနားတွင် အမြဲတမ်း လူအများအပြား ရှိပြီး တစ်စုံတစ်ယောက်က နောက်ဆုံး ထွက်သွားလျှင် တစ်စုံတစ်ယောက်က ချက်ချင်း ဝင်လာသည်။
ဝေ့လင်းရှိူ့သည် ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားရသည်။
ထိုနေ့ ဝေ့အိမ်မှ ထွက်ခွာလာခဲ့ချိန်တွင် သူသည် မိသားစု ထပ်မရှိနိုင်တော့မှန်း သိရှိခဲ့သော်လည်း ထိုအချိန်၌ သူ့တွင် ယန်ကျင်းဇီ ရှိနေဆဲဖြစ်သည်။
ရှင်းအန်းကျေးရွာသို့ ပထမဆုံး ရောက်ရှိစဉ်တွင် သူတို့၌ ငွေသိပ်မရှိဘဲ ယန်ကျင်းဇီက ဆန်ဟောင်းကို တိတ်တိတ်လေး စားကာ သူ့ကို ဆန်သစ် ကျွေးခဲ့သည်အား သူ မှတ်မိနေသေးသည်။
ယန်ကျင်းဇီက သူ့ကို ပိုကောင်းသော အိပ်ရာတစ်လုံး ပေးပြီး သူ့အိမ်ကို ပြင်ဆင်ကာ သူ့အတွက် ပရိဘောဂများ ပြုလုပ်ပေးခဲ့သည်။
ထိုအချိန်၌ သူသည် နှလုံးသားထဲတွင် ချိုမြိန်စွာ ခံစားလိုက်ရသည်။
သူတို့က မိသားစုတစ်ခု တည်ထောင်ထားပြီး ယန်ကျင်းဇီက ဤမိသားစုအတွက် အလုပ်ကြိုးစားကာ အနာဂတ်တွင် သူတို့က အတူတူ နေထိုင်သွားကြမည် ဟူသော ခံစားချက်ပင်။
သူသည် နေ့တိုင်း အိမ်တွင် ထမင်းချက်ကာ အိမ်မှုကိစ္စများ လုပ်ဆောင်ချင်စိတ်ပင် ပေါ်ပေါက်သွားသကဲ့သို့ ခံစားခဲ့ရသည်။
သို့သော် ယန်ကျင်းဇီ၏ ဘယ်တော့မှ မမေ့သော ပါရမီက အရမ်းကောင်းလွန်းသောကြောင့် သူသည် ယန်ကျင်းဇီကို စာမေးပွဲများအကြောင်း ပြောပြမိလိုက်သည်...
သူသည် သူ့ဖခင်က ယန်ကျင်းဇီအား ဒုက္ခပေးမည်ကို အမြဲစိုးရိမ်နေသည်။ သို့သော်လည်း ယန်ကျင်းဇီက ပညာရှင်တစ်ဦး ဖြစ်လာလျှင် သူ့ဖခင်က ယန်ကျင်းဇီကို ထိခိုက်နိုင်တော့မည် မဟုတ်ချေ။
ယခုမူ သူသည် ၎င်းကို အနည်းငယ် နောင်တရမိသည်။
ယခုအချိန်တွင် သုံ့ကူကောင်တီ၏ Tongsheng နှင့် Xiucai တို့သာမက ဖူချန်မှ စာပေပညာရှင်များကပါ ယန်ကျင်းဇီကို လေးစားကြသည်။
ယန်ကျင်းဇီက အရမ်းတောက်ပတယ်၊ သူနဲ့ အတူရှိဖို့ ဆန္ဒရှိနေဦးပါ့မလား?
သေချာစဉ်းစားကြည့်လျှင် ယန်ကျင်းဇီ စာစလေ့လာကတည်းက သူတို့၏ အတူရှိနေချိန်များမှာ ပိုပိုနည်းလာသည်။ သူတို့နှစ်ဦး အချိန်အတူဖြုန်းရန်မှာ မလွယ်ကူတော့ဘဲ ယန်ကျင်းဇီက သူ့ကို ဆက်တိုက်စာဖတ်ခိုင်းနေခဲ့သည်။
သူသည် စာအုပ်ဖတ်ရခြင်းကို သဘောကျပြီး ယခင်က သိပ်မတွေးဖြစ်ခဲ့ပေ။ ဤအချိန်တွင်မူ အရက်ခွက်အနည်းငယ် သောက်ထားလျက် မူးဝေနေကာ သူသည် အခြားကိစ္စအချို့ကို တွေးမိလာသည်။
ယန်ကျင်းဇီက သူ့ကို တကယ် ကြိုက်ရင် ဘာလို့ သူ့ကို စာလေ့လာခိုင်းပြီး စာမေးပွဲဖြေဆိုခွင့်ပြုတာလဲ?
သူ့ကို ဘေးမှာ နေခိုင်းပြီး ကမ္ဘာကြီးကို အပြင်ထွက်ကြည့်ဖို့ တားမြစ်သင့်တာ မဟုတ်ဘူးလား?
တကယ်တော့ သူသည် သူ့အတွေးများကို ရပ်တန့်နိုင်ခြင်း မရှိချေ။ ယန်ကျင်းဇီ၏ အရည်အချင်းကို သိရှိပြီးနောက် သူကသာ ယန်ကျင်းဇီကို အပြင်ဘက်မှ လူများနှင့် အဆက်အသွယ် သွားပြုလုပ်ခြင်းကို ခွင့်မပြုခဲ့လျှင်၊ သူကသာ ယန်ကျင်းဇီကို စကားလုံးများ အလွတ်ကျက်နိုင်ရန် မသင်ပေးခဲ့လျှင်... ယန်ကျင်းဇီက ရှင်းအန်းကျေးရွာမှာပဲ နေပြီး သူတစ်ယောက်တည်းရဲ့ အပိုင် ဖြစ်နေလောက်လား?
ယန်ကျင်းဇီကို အာရုံစိုက်နေသူများမှာ အများကြီး ရှိနေပြီဖြစ်ပြီး ယန်ကျင်းဇီက Xiucai စာမေးပွဲကို မအောင်မြင်သေးလျှင်တောင်မှ လူအချို့က ယန်ကျင်းဇီကို လက်ထပ်ထိမ်းမြားချင်နေကြပြီပင်...
ဝေ့လင်းရှိူ့သည် အရက်နောက်တစ်ခွက်ကို သောက်လိုက်ပြန်သည်။
“ အစ်ကိုဝေ့က ကောင်းကောင်းသောက်နိုင်တာပဲ! ” ဝေ့လင်းရှိူ့၏ဘေးတွင် ထိုင်နေသော Tongsheng တစ်ဦးက ဝေ့လင်းရှိူ့ကို ပြောလာသည်။
“ ဟုတ်တယ်။ ” ဝေ့လင်းရှိူ့က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။ အရက်အရသာက အရမ်းဆိုးပြီး သူသည် အဘယ့်ကြောင့် သူ့ဖခင်က အလှည့်တိုင်းတွင် အမြဲတမ်း သောက်နေကြောင်းကို မသိပေ။
အမှန်ပင်၊ အရက်ကောင်းများလည်း ရှိပါသေးသည်။
နွေရာသီတိုင်းတွင် လူများသည် သုံ့ကူကောင်တီ၏ လမ်းများပေါ်တွင် ချိုမြိန်သော အရက်ကို ရောင်းချကြလိမ့်မည်ဖြစ်သည်။ အရက်ချိုပြုလုပ်နည်းက ရိုးရှင်းသည်။ အရက်နှင့်ဆေးတို့ကို ဆန်ထမင်းနှင့် ရောနှောပြီး နှစ်ရက်ကြာ သိမ်းထားရမည်။ ရေထည့်ပြီးနောက် အထဲမှ ရေဟာ အလွန်ချိုသွားသည်။ ဆန်ထမင်းကလည်း ချိုသွားပြီး အတူပင် တွဲစားနိုင်၏။
အဲ့လိုအရက်မျိုးကို သူ ကြိုက်တယ်!
ဝေ့လင်းရှိူ့သည် ဆိုးဆိုးရွားရွား အရက်ကို နောက်တစ်ခွက် ထပ်သောက်လိုက်ပြီး ယန်ကျင်းဇီကို ပြင်းပြင်းထန်ထန် လှမ်းကြည့်လိုက်သည်။
ယန်ကျင်းဇီက သူ့ကို Xiucai စာမေးပွဲ ဖြေခိုင်းသည်မှာ သူ့ကို မပျိုးထောင်ချင်သောကြောင့်လည်း ဖြစ်နိုင်သည်... မဖြစ်ဘူး၊ သူ့ကို ယန်ကျင်းဇီ မစွန့်ပစ်ရဘူး။
သူ ယန်ကျင်းဇီကို နှောင့်ယှက်မယ့် နည်းလမ်းတွေ စဉ်းစားရမယ်!
“ ယန်ကျင်းဇီက လူတွေကို တကယ်ပဲ မနာလိုဖြစ်စေတယ်။ အစ်ကိုဝေ့ အဲ့လိုမထင်ဘူးလား? ” ဝေ့လင်းရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသော Tongsheng သည် ဤမြို့ဘက်မှ ဖြစ်ပြီး သုံ့ကူကောင်တီမှ ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့၏ အချစ်ရေးကိစ္စကို မသိရှိပေ။ ဤအချိန်တွင် ဝေ့လင်းရှိူ့၏ သွားများ အံကြိတ်ထားပုံကို မြင်သွားသော် သူသည် ဝေ့လင်းရှိူ့က ယန်ကျင်းဇီကို မနာလိုဖြစ်နေသည်ဟုသာ ထင်သည်။
ဝေ့လင်းရှိူ့က သူ့ကို မော့ကြည့်သည်။
ဤလူက ဆက်ပြောပြန်သည် : “ မကြာခင် အကယ်ဒမီမှာ စာမေးပွဲ ကျင်းပတော့မယ်။ ယန်ကျင်းဇီက ရေပန်းစားနေတယ်။ သူ ပထမနေရာ ရသွားမှာကို ငါ စိုးရိမ်မိတယ်... ” ထိုယန်ကျင်းဇီတွင် စာအုပ်အများအပြား၏ ကျယ်ပြန့်သော အသိပညာ ရှိပြီး လက်ရေးကောင်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့အဖြေလွှာက ကျန်စာရွက်များထက် ထင်ရှားပေါ်လွင်နေမည်မှာ ဧကန်ပင်။
ဤလူ၏ စိတ်ထဲတွင် မနာလိုဖြစ်နေပြီး ဤအချိန် ဝေ့လင်းရှိူ့နှင့် စကားပြောနေသောအခါတွင်လည်း ဝေ့လင်းရှိူ့နှင့် စကားလုံးအနည်းငယ် ညည်းတွားရန် မျှော်လင့်နေသည်။
ရလဒ်ကမူ...
ဝေ့လင်းရှိူ့က ယန်ကျင်းဇီကို စိုက်မကြည့်တော့ဘဲ သူ့ကို လှည့်ကြည့်လာသည် : “ ယန်ကျင်းဇီက သေချာပေါက် ပထမနေရာ အနိုင်ရလိမ့်မယ်လို့ ငါလည်း ထင်တယ်! ”
ဝေ့လင်းရှိူ့နှင့် စကားပြောနေသူသည် အံ့ဩသွားကာ ဝေ့လင်းရှိူ့၏ စကားများကို ဆက်နားထောင်လိုက်သည် : “ သူက ဘယ်တော့မှ မမေ့ဘူး။ သူက သေချာပေါက် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူပဲ... ”
ဝေ့လင်းရှိူ့သည် အဆက်မပြတ် ပြောပြနေသည်။
ဝေ့လင်းရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူ : “ ...... ” အစ်ကို၊ ခုနက မင်းပဲ ယန်ကျင်းဇီကို စိုက်ကြည့်နေခဲ့တာမလား? အခု မင်း ဘာလို့ သူ့ကို မနားမနေ ချီးမွမ်းနေတာလဲ?
ဝေ့လင်းရှိူ့က ထပ်ပြောပြန်သည် : “ ယန်ကျင်းဇီမှာ ထင်ရှားတဲ့ ရုပ်ရည်လည်း ရှိတယ်။ သူက ရုပ်ချောတယ်လို့ မင်း မထင်ဘူးလား? ဒီခယ်ရှင်းဆိုင်မှာ သူ့ထက် အရပ်မြင့်တဲ့သူရော ရှိလား? ”
ဝေ့လင်းရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူ၏ မျက်နှာမှာ ပြုံးလျက် တောင့်တင်းနေသည်။ ယန်ကျင်းဇီရဲ့ရုပ်ရည်က အရမ်းထင်ရှားပေမယ့် တကယ်က ကြည့်မကောင်းဘူး ဟုတ်တယ်မလား? အခုက သူ့လို ချောမောတဲ့ အမျိုးသားတွေကပဲ ရေပန်းစားတယ်! ယန်ကျင်းဇီက ရုပ်ချောတယ်လို့တောင် ဝေ့လင်းရှိူ့က ထင်တယ်။ သူ့မှာ ဘယ်လိုမျက်လုံးတွေ ရှိတာလဲ?
ဝေ့လင်းရှိူ့သည် တစ်ခုခုပြောချင်သော်လည်း ရုတ်တရက် ဆွဲထူခံလိုက်ရသည်။
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ဆွဲထူပြီး ဝေ့လင်းရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူကို ဆိုသည် : “ သူ မူးနေပြီ။ ငါ သူ့ကို အရင်ပြန်ခေါ်သွားမယ်။ ”
ဝေ့လင်းရှိူ့က ယန်ကျင်းဇီကို မော့ကြည့်သည် : “ ငါ မမူးဘူး! ”
“ မင်း မူးနေပြီ။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် ဝေ့လင်းရှိူ့၏ပခုံးကို သူ့လက်မောင်းနှင့် ထိန်းကာ ထွက်လာသည်။
အမှန်တော့ ဝေ့လင်းရှိူ့သည် အရပ်မပုပေ။ အများအားဖြင့် အရပ်ပုသူများသာ ရှိသော ကျန်းနန်တွင် သူ့ကို အရပ်ရှည်သည်ဟု ယူဆကြသည်။ အဆုံးတွင်မူ သူသည် ငယ်ငယ်ကလေးကတည်းက စားသောက်ဖွယ်ရာများ တစ်ခါမှ မပြတ်လပ်ခဲ့ချေ။
သို့သော် ယန်ကျင်းဇီ၏ ပွေ့ဖက်ခြင်းကို ခံရသောအခါ သူသည် ရုတ်တရက် သေးသွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝေ့လင်းရှိူ့ကို စကားပြောခဲ့သူက မနေနိုင်ဘဲ စိတ်ပူသွားရသည် : “ ဒါ... အစ်ကိုဝေ့ အဆင်ပြေတယ်မလား? ”
သူနှင့် ဝေ့လင်းရှိူ့တို့က စကားသိပ်မပြောဖြစ်ခဲ့သော်ငြား သူသည် ဝေ့လင်းရှိူ့ကို မတော်တဆမှု မဖြစ်စေချင်ပေ။
“ ဘာမှမဖြစ်ဘူး။ ” သုံ့ကူကောင်တီမှ Tongsheng တစ်ဦးက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည် : “ သူတို့က မိတ်ဆွေကောင်းတွေ။ ” အရင်တုန်းကဆိုရင် သုံ့ကူကောင်တီက လူတိုင်း သိတယ်၊ သူတို့တွေမှာ / ခြေတစ်ချောင်း / ရှိတာကို! သူသည် ဤအချိန်တွင် ရှင်းရှင်းလင်းလင်း မပြောပြခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို လာမေးလျှင် သူက ၎င်းအကြောင်း ပြောပြရန် လိုလားသည်။
သို့ရာတွင် ဘယ်သူကမှ သူ့ကို မမေးချေ။ ဝေ့လင်းရှိူ့ကို စိတ်ပူသူသည် ဝေ့လင်းရှိူ့က အဆင်ပြေမည်ဖြစ်ကြောင်းကို သိသွားကာ ဆိုသည် : “ အကုန်အဆင်ပြေရင် ကောင်းတယ်။ ငါ ပြန်တော့မယ်။ ”
အခြားသူများကလည်း နှုတ်ဆက်ကြသည်။
သူတို့သည် ယန်ကျင်းဇီနှင့် စကားပြောပြီးနောက် အနည်းငယ် စိတ်ထိခိုက်သွားကြကာ အိမ်ပြန်၍ သူတို့၏ ခံစားချက်များကို ပြန်ရှင်းရန် လိုအပ်သည်။
နောက်ဆုံးတွင် သုံ့ကူကောင်တီမှ Tongsheng များသာ ကျန်ခဲ့ကြပြီး စကားအတူပြောနေကြကာ ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့အကြောင်း ဆိုကြ၏။
စကားပြောပြီးနောက် သူတို့က ထပ်ပြောသေးသည် : “ ငါတို့ ဒီကိစ္စကို အပြင်မှာ မပြောသင့်ဘူး။ ယန်ကျင်းဇီကို မနာလိုဖြစ်ပြီး သူ့ကို အပုပ်ချတယ်လို့ ငါတို့ကို အပြောခံရမှာ စိုးရိမ်ရတယ်။ ”
“ မှန်တယ်... ” တခြားသူများကလည်း တုံ့ပြန်ကြသည်။ ပညာရှိအားလုံးသည် ဂုဏ်သတင်းကို အလေးထားကြသည်။ သူတို့က လူအများကို ဤကိစ္စ ပြောပြပြီး ၎င်းက ပျံ့နှံ့သွားလျှင်... သူတို့၏ ဂုဏ်သတင်းအတွက် မကောင်းချေ။
ထို့အပြင် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့၏ပုံစံမှာ တကယ်ပင် ဘာမှမဖြစ်ပုံရသည်။
တကယ်ပင် / အပြစ်ကင်းစင်သော / ယန်ကျင်းဇီက ဝေ့လင်းရှိူ့ နေထိုင်သော ဧည့်ခန်းသို့ ဝေ့လင်းရှိူ့ကို ခေါ်ဆောင်လာသည်။
သူနှင့် ဝေ့လင်းရှိူ့တို့သည် အခန်းတစ်ခန်းထဲတွင် နေထိုင်ကြသည်။
အမှန်တော့ အခန်းတစ်ခန်းကို လူနှစ်ယောက်ထက်ပိုပြီး မျှဝေခြင်းမှာ ဖြစ်နိုင်သည်။ သို့ရာတွင် ဆိုးရွားစွာ အနားယူရရန်မှာ လွယ်ကူသည်။ သူဆိုလျှင် ပို၍ပင်... မအိပ်နိုင်လောက်ပေ။
သူ ကူးပြောင်းလာသော ခန္ဓာကိုယ်က တကယ်ကို တက်ကြွသည်။ သူသည် အပေါက်တစ်ပေါက်ကို တွေ့သောအခါ ပိုမိုစဉ်းစားနိုင်သော အသက်အရွယ်တွင် ရောက်ရှိနေပြီဖြစ်သည်... အဟွတ်၊ သူ့ကိုယ်သူ ဒုက္ခမပေးလျှင် ပိုကောင်းသည်။
ပြောရမည်ဆိုလျှင် သူသည် ဤအခိုက်အတန့်၌ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ယန်ကျင်းဇီသည် မူလက ဝေ့လင်းရှိူ့၏ အဝတ်အစားများကို ပြောင်းချင်ခဲ့သော်လည်း သူ စိတ်မထိန်းနိုင်မည်ကို ကြောက်မိသောကြောင့် မလုပ်ရဲတော့ပေ။ အဆုံးတွင်မူ သူသည် ဝေ့လင်းရှိူ့၏ ဖိနပ်များကိုသာ ကူချွတ်ပေးပြီး ထွက်ပြေးလာသည်။
သူ့အခန်းထဲသို့ ပြန်ရောက်သော် ယန်ကျင်းဇီသည်လည်း နောင်တရသွားသည်။
ဘာကြောင့် သူ ဝေ့လင်းရှိူ့ကို တော်ဝင်စာမေးပွဲမှာ ဝင်ဖြေခိုင်းခဲ့မိတာပါလိမ့်?
ဝေ့လင်းရှိူ့သည် ယခင်က သခင်လေးတစ်ယောက်သာ ဖြစ်ပြီး သူ့ဖခင်က သူ့ကို မချစ်ပေ။ သူ့မိထွေးကလည်း သူ့ကို မချစ်ပေ။ အခြားသူများက သူ့ကို အာရုံမစိုက်ချင်ကြသဖြင့် မူလပိုင်ရှင်ကဲ့သို့သော လူများက သူ့ကို ချော့မြှူနိုင်ခဲ့သည်။ ဒါပေမယ့် အခု သူက ကမ္ဘာကြီးကို ကြည့်ဖို့ အပြင်ထွက်လာတော့ သူ့အမြင်က မြင့်သွားမှာ သေချာတယ်!
ဒီနေ့ ဝေ့လင်းရှိူ့က သူများတွေနဲ့ ပျော်ပျော်ကြီး စကားပြောနေပြီး အကြည့်တွေကလည်း တောက်ပနေတာပဲ!
သူသည် ဝေ့လင်းရှိူ့နှင့် စကားပြောနေသူကို သိသည်။ အဲ့လူက စာမေးပွဲမှာ ဒုတိယနေရာရတဲ့လူ မဟုတ်ဘူးလား? ဒီလူက အရမ်းအသိကြွယ်ပြီး ဒီနှစ်ဆိုရင်တောင် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်! သူက ပညာရှိမိသားစုက လာပြီး သူတို့မိသားစုမှာ Jinshi တစ်ယောက်လည်း ရှိတယ်!
ဝေ့လင်းရှိူ့က... သူ့ကို ကြိုက်မှာလား?
ယန်ကျင်းဇီသည် ၎င်းနှင့်ပတ်သက်ပြီး တွေးမိလေလေ၊ ပိုပိုပြီး စိတ်ဒုက္ခရောက်ရလေလေ ဖြစ်လာသည်။ သူသည် အင်း၏ အနောက်ခြံဝန်းထဲသို့ ပြေးကာ သူ့ခွန်အားကို မြှင့်တင်ရန် ကျောက်တုံးကို ကောက်ယူလိုက်သည်။
ဤအင်းတွင် နေထိုင်သော Tongsheng တို့သည် ပြန်ရောက်လာကြပြီး ဤမြင်ကွင်းကို တွေ့ကာ ခဏတဖြုတ် ထိတ်လန့်သွားကြရသည်။
သူတို့၏ ချန်ပီယံက တကယ်ကို ကွဲပြားသည်။
“ အစ်ကိုယန်၊ မင်း ဘာလုပ်နေတာလဲ? ” တစ်စုံတစ်ယောက်က သံသယဖြင့် မေးသည်။
ယန်ကျင်းဇီက ဆိုသည် : “ အနာဂတ်မှာ ကိုးရက်ဆက်တိုက် ပြည်နယ်စာမေးပွဲကို ဖြေဆိုရလိမ့်မယ်လို့ ပြောတယ်။ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ ရှိတာ အကောင်းဆုံးပဲ။ ဒါကြောင့် ငါ လေ့ကျင့်တယ်။ ”
ထိုလူများသည် ချက်ချင်း သဘောပေါက်သွားကြသည် : “ အစ်ကိုယန်၊ မင်း အရမ်းအမြော်အမြင်ရှိတယ်! ”
“ ဒီလိုကိုး! ငါတို့လည်း လေ့ကျင့်သင့်တယ်! ”
ခဏလေး၊ သူတို့က အားနည်းလွန်းသဖြင့် ကောင်းစွာ လေ့ကျင့်သင့်သည်။ သို့သော် ယန်ကျင်းဇီ၏အင်အားအရ ပြည်နယ်စာမေးပွဲ၏ စစ်ဆေးရေးခန်းမကို ဖြိုချပစ်ရန်ပင် လွယ်ကူသည်။ သူက လေ့ကျင့်ဖို့လိုသေးလို့လား?
လူတိုင်းက မည်သို့ထင်နေပါစေ၊ ယန်ကျင်းဇီသည် ချွေးထွက်ပြီးနောက် တွင်းရေနှင့် ရေချိုးကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။
ထို Tongsheng များ : “ ... ” ယန်ကျင်းဇီရဲ့ ခန္ဓာကိုယ်က တကယ် ကောင်းတယ်!
သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရေနွေးနဲ့ပဲ သုတ်ရဲပေမယ့် သူကတော့ ရေအေးသုံးပြီး ရေတန်းချိုးပစ်လိုက်တာ!
Xiucai အတွက် အကယ်ဒမီစာမေးပွဲများ၏ နေ့ရက်မှာ ဤနှစ်၏ ဩဂုတ်လတွင် ဖြစ်ပြီး ယခု မေလ ဖြစ်ရာ နှစ်လကျော်သာ ကျန်တော့သည်။
ယန်ကျင်းဇီသည် စာမေးပွဲ အောင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသော်ငြား ဝေ့လင်းရှိူ့ကတော့ မတူပေ... ထို့ကြောင့် ဤနေ့ပြီးနောက် သူသည် ဝေ့လင်းရှိူ့ကို ဖူချန်ရှိ ဝေ့မိသားစု၏ စာအုပ်ဆိုင်သို့ ခေါ်သွားပြီး ဆက်လက်၍ စာလေ့လာကြသည်– အကယ်ဒမီ စာမေးပွဲတွေကိုလည်း ဖူချန်မှာပဲ ကျင်းပတော့ သူတို့ ဒီတိုင်းပဲ ဆက်နေလိုက်တယ်!
ဝေ့လင်းရှိူ့သည် အစပိုင်းတွင် စိတ်ရှုပ်ဖွယ် အတွေးများဖြင့် ပြည့်နှက်နေသော်လည်း ယန်ကျင်းဇီက သူ၏ ရက်အနည်းငယ်ကြာ စာဖတ်နေခြင်းကို စေ
ာင့်ကြည့်ပေးနေခဲ့သဖြင့် သူသည် သူ့အတွေးအားလုံးကို စာအုပ်ပေါ်တွင် ဖြည်းညှင်းစွာ ထည့်နိုင်လာခဲ့သည်။
သူသည်လည်း စိတ်ထဲတွင် မွန်းကျပ်နေသည်။ သူက Xiucai အဖြစ် အသိအမှတ်ပြုခံချင်မိနေပေသည်။