အပိုင်း ၁၄၄ ( Rogue Champion 20 )
Viewers 10k

အကယ်ဒမီ စာမေးပွဲများတွင်လည်း အာမခံပေးမည့်လူ လိုအပ်ပြီး စည်းမျဉ်းများမှာ ယခင်စီရင်စုစာမေးပွဲများ၏ စည်းမျဉ်းများနှင့် ဆင်တူသည်။


စာမေးပွဲမဖြေမီ ရက်အနည်းငယ်အလိုတွင် ဝေ့လင်းရှိူ့သည် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်။


သူ၏ညီဖြစ်သူ ဝေ့လင်းယွမ်ကလည်း ယခုနှစ် အကယ်ဒမီ စာမေးပွဲတွင် ပါဝင်မည်ဖြစ်သည်။ သူက စာလေ့လာခြင်းတွင် မတော်ဘဲ သူ့ညီနှင့် လုံးဝ မယှဉ်နိုင်ဟု ယခင်က တွေးခဲ့ဖူးသည်။ ယခု သူ့တွင် သူ့ညီနှင့် ယှဉ်ပြိုင်ချင်စိတ် ရှိလာသော်ငြား သူ့ညီက အသိအမှတ်ပြုခံရပြီး သူက မအောင်မြင်မည်ကို စိုးရိမ်နေမိသည်။


သူ့ညီဟာ ငယ်ငယ်လေးကတည်းက မျိုးနွယ်စုထဲမှ လူတိုင်း၏ ချီးကျူးဂုဏ်ပြုခံရသော ပါရမီရှင်ကလေးတစ်ဦး ဖြစ်သည်။


နောက်တစ်ညအကြာတွင် ဝေ့လင်းရှိူ့သည် အိပ်မပျော်နိုင်တော့ဘဲ ထကာ ခြံဝန်းဆီသို့ သွားသည်။


သူတို့သည် ဖူချန်ရှိ ဝေ့မိသားစု စာအုပ်ဆိုင်၏ အနောက်ခြံဝန်းငယ်တွင် နေထိုင်နေကြသည်။ သူတို့အပြင် ဤခြံဝန်းထဲတွင် အခြားလူနှစ်ဦးလည်း နေထိုင်လျက်ရှိသည်။ ဤအချိန်တွင် အခြားလူတိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြလောက်ပြီး တစ်လောကလုံးဟာ တိတ်ဆိတ်နေကာ သူတစ်ဦးတည်း ရှိနေသကဲ့သို့ပင်...


ဝေ့လင်းရှိူ့သည် အချိန်မည်မျှကြာကြာ ထိုင်နေမိမှန်း မသိဘဲ ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည် : “ မင်း ဘာလို့ ဒီလောက် အစောကြီး နိုးနေတာလဲ? ”


ခေါင်းလှည့်ကြည့်လိုက်သော် သူသည် ယန်ကျင်းဇီကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီက မျက်မှောင်ကြုတ်ကာ မေးသည် : “ မင်း ညက အိပ်လို့မရဘူးလား? ” ဤရက်များတွင် ဝေ့လင်းရှိူ့ အနည်းငယ် ပင်ပန်းနေကြောင်း သူ သိထားပြီးဖြစ်သည်... ဒါက သူ ညဘက် အိပ်မပျော်တာကြောင့်လား?


“ ငါ စာမေးပွဲ မအောင်ရင် ဘယ်လိုလုပ်မလဲ? ” ဝေ့လင်းရှိူ့က မေးသည်။ သူသည် စီရင်စုစာမေးပွဲကို အောင်မြင်ခဲ့သော်လည်း သူ့အဆင့်က နိမ့်သည်။ ထို့ကြောင့် အကယ်ဒမီ စာမေးပွဲ အောင်မြင်ရန်မှာ မျှော်လင့်ချက် နည်းနည်းသာ ရှိသည်။


“ မင်း စာမေးပွဲ မအောင်ရင် မအောင်ဘူးပေါ့။ နောက်မှ စာမေးပွဲ ထပ်ဖြေမယ်။ ” ယန်ကျင်းဇီက ဂရုမစိုက်ပေ။


ဝေ့လင်းရှိူ့က အံကြိတ်ကာ ဆိုသည် : “ ငါ့မှာ ငွေသိပ်မရှိဘူး။ ငါ စာမေးပွဲ မအောင်ရင်... ” သူ၏ ဤရက်များအတွင်းတွင် စားသောက်ပြီး ငွေသုံးခဲ့သမျှမှာ ယန်ကျင်းဇီအပေါ်တွင် လုံးဝ အမှီပြုထားလုမတတ်ပင်။


သူသာ Xiucai အဖြစ် အသိအမှတ်ပြုခံရလျှင် အနာဂတ်တွင် အမြဲတမ်း ငွေရှာနိုင်မည်ဖြစ်သည်။ မအောင်မြင်လျှင်တော့...


သူသည် ငွေထပ်သုံးရမည်ကို ရှက်မိသည်။


“ ငါ့မှာ ငွေရှိတယ်။ ငါ့ငွေအကုန်လုံးကို မင်း ပိုင်တယ်။ ” ယန်ကျင်းဇီက တွေးပင် မတွေးဘဲ ပြောသည် : “ စိတ်မပူပါနဲ့။ ငါ ရသမျှငွေတွေ အကုန်လုံး မင်းကို ပေးမယ်။ ”


ယန်ကျင်းဇီသည် လွဲချော်မှုအချို့ကို ပြုလုပ်မိခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားရသည် – သူ ဝေ့လင်းရှိူ့ကို ဘာငွေမှ မပေးမိဘူး!


သူသည် ဤရက်ပိုင်း၌ ငွေများစွာ ရရှိခဲ့သော်ငြား ငွေက အလွန်လေးသောကြောင့် သူ့ဘာသာပဲ အမြဲသယ်သွားဖြစ်သည်။ ဤခေတ်တွင် လူတိုင်းသည် ကြေးပြားစေ့များကိုသာ အဓိကအသုံးပြုကြသည်။ သူသည် ကြေးပြားများ တစ်ဆယ်ကတ်တီစာကို သယ်ဆောင်ထားသည်။ အမှန်ပင်၊ ငွေတုံးများလည်း ရှိသော်ငြား ငွေအလေးချိန်က မပေါ့ပါးချေ။


ငွေစက္ကူများအတွက်မူ သူ့တွင် ငွေစက္ကူများစွာ မရှိပေ။ ငွေစက္ကူများကို သိမ်းဆည်းသော ဆိုင်များ ရှိပြီး သူတို့သည် ၎င်းတို့ကို လဲလှယ်ရန် ထိုဆိုင်သို့ သွားရမည်ဖြစ်ရာ တကယ်ပင် အလွန်အဆင်မပြေချေ။ စီးပွားရေး မလုပ်ကြ‌သော လူများသည် အများအားဖြင့် မသုံးကြပေ။


ဝေ့လင်းရှိူ့ အံ့အားသင့်သွားသည်။


ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း ဒီတစ်ခါ စာမေးပွဲကို မအောင်ရင် နောက်တစ်ခါ စာမေးပွဲကို ထပ်ဖြေလို့ရတယ်။ ပြီးတော့ ငါ မင်းကို သင်ပေးမယ်။ ငွေကိစ္စ စိတ်မပူနဲ့။ ငါတို့ အခု ငွေမပြတ်ဘူး။ ငါ မင်းကို ငါ့ငွေတွေ အကုန်ပေးမယ်... ” သူ ငွေရှာချင်တာ ဘာ‌အတွက်လဲ? ဝေ့လင်းရှိူ့ကို ကောင်းကောင်းမွန်မွန် နေစေချင်လို့ မဟုတ်ဘူးလား?


ဝေ့လင်းရှိူ့က ပြန်မေးသည် : “ မင်း အနာဂတ်မှာ ငါနဲ့ အတူရှိနေမှာလား? ”


“ ဒါပေါ့၊ ငါ မင်းနဲ့ မနေရင် ဘယ်သူနဲ့ နေရမှာလဲ? ” ယန်ကျင်းဇီက မေးလိုက်သည်။ ဝေ့လင်းရှိူ့က Xiucai အဖြစ် အသိအမှတ်ပြုခြင်းမခံရဘူးဆိုလျှင် အဆင်ပြေမည်ဖြစ်ပြီး သူက ဝေ့လင်းရှိူ့၏ စာလေ့လာမှုကို ဆက်လက်စောင့်ကြည့်နေနိုင်သည်ဟု ခံစားရသည်...


စကားမစပ် အချိန်ကျလာသောအခါ သူသည်‌ ဝေ့လင်းရှိူ့ သဘောကျသော တစ်ခုခုကို လုပ်ဆောင်ရန်လည်း တွေးဦးမည်ဖြစ်သည်။


ဤသို့တွေးမိနေစဉ် ယန်ကျင်းဇီသည် ခဏတာ မိုးကြိုးပစ်ခံလိုက်ရပုံပင်။


သူ ရုတ်တရက် တွေးမိသွားတယ်၊ နေ့တိုင်း ဝေ့လင်းရှိူ့ကို အတင်းစာကျက်ခိုင်းတာကလွဲရင် သူ ဝေ့လင်းရှိူ့ကို စကားချိုချိုလေးတွေ တစ်ခါမှ မပြောခဲ့မိဘူး!


ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ကာ ရယ်မောလိုက်သည်။ သူသည်လည်း စာမေးပွဲ မအောင်လျှင် ကောင်းမည်ဟု တွေးမိသည်။ ဤနည်းဖြင့် သူသည် ယန်ကျင်းဇီ၏နောက်သို့ ဆက်လက်လိုက်ပါသွားနိုင်သည်။


သူသည် ဤကဲ့သို့ဆိုလျှင် ဂုဏ်သရေမဲ့သူ ဖြစ်သွားသော်ငြား ဤအရာမှလွဲ၍ အခြားဘာလုပ်ရမည်မှန်း မသိပေ။


စာမေးပွဲပြိီးသွားရင် ယန်ကျင်းဇီ သူ့ကို လက်မလွှတ်စေနိုင်မယ့် နည်းလမ်းတစ်ခုခုကို သူ တွေးနိုင်လောက်မလား?


မည်သို့ပင် တွေးနေပါစေ၊ ဝေ့လင်းရှိူ့သည် ခဏတဖြုတ် စိတ်အေးလက်အေး ခံစားလိုက်ရပြီး နောက်ရက်အနည်းငယ်အတွင်းတွင် သူသည် ကောင်းစွာ အိပ်နိုင်စားနိုင်သွားသည်။


အကယ်ဒမီစာမေးပွဲနေ့တွင် ဖြေဆိုသူတစ်စုသည် ခန္ဓာကိုယ် စစ်ဆေးမှု ပြုလုပ်ရန်အတွက် စာမေးပွဲခန်း၏ အနီးဝန်းကျင်သို့ ရောက်ရှိနေကြသည်။


ယန်ကျင်းဇီသည် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူသည် ဝေ့လင်းရှိူ့၏ညီ ဝေ့လင်းယွမ်က သူ့ကို အရုပ်ဆိုးစွာ ကြည့်နေသည်အား တွေ့လိုက်ရသည်။


ဒီကလေး... ယန်ကျင်းဇီသည် ခေါင်းလှည့်ပြီး မတုံ့ပြန့်ပေ။


ဝေ့လင်းယွမ်သည် ဒေါသအလွန်ထွက်ကာ ချက်ချင်းပင် သွား၍ ယန်ကျင်းဇီနှင့် ငြင်းခုံပစ်လိုက်ချင်သော်ငြား သူ ရှေ့မတိုးနိုင်မီ သူ့ကို ဝေ့မိသားစု၏ အစေခံများက ဝိုင်းတားကြသည် – ထိုယန်ကျင်းဇီက စဉ်းလဲသူတစ်ဦး ဖြစ်သည်။ သူတို့ရဲ့ ဒုတိယသခင်လေးက ပြဿနာသွားရှာတဲ့အခါ သူ့ကို ယန်ကျင်းဇီက ဆွဲမပြီး လွှတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ?


သူတို့သည် ဒုတိယသခင်လေးကို ရန်ပွဲရှာခြင်းမှ ဟန့်တားရရုံတင်မကဘဲ ဝေ့လင်းရှိူ့အကြောင်း မကောင်းပြောခြင်းကိုပင် ဒုတိယသခင်လေးအား တားထားရသည်... သူတို့က ညီအစ်ကိုတွေ ဖြစ်ပြီး ဖူချန်က ဝေ့လင်းရှိူ့ရဲ့ ဆိုးရွားတဲ့ ဂုဏ်သတင်းဟာ သူတို့ရဲ့ ဒုတိယသခင်လေးအတွက်လည်း မကောင်းဘူး!


သူတို့ တကယ် ပင်ပန်းနေပြီ!


မည်သို့ပင်ဖြစ်စေ ဤအစေခံများသည် အဆုံးအထိ လုံးဝဥဿုံ မတားမြစ်နိုင်ခဲ့ကြပါချေ။


လူတိုင်းဟာ ရှာဖွေခံပြီးနောက် စာမေးပွဲခန်းထဲသို့ ဝင်တော့မည့်အချိန်တွင် ဝေ့လင်းယွမ်က ဝေ့လင်းရှိူ့၏အနားကို သွားပြီး ဝေ့လင်းရှိူ့ကို အေးစက်စွာ ကြည့်သည် : “ မင်းလိုလူက အကယ်ဒမီစာမေးပွဲကို တကယ် လာရဲတယ်... မင်း မျက်နှာပျက်မှာ မကြောက်ဘူးလား? ”


“ လင်းရှိူ့က ဘာဖြစ်လို့လဲ? သူက အရမ်းဉာဏ်ကောင်းတယ်။ သူက လနည်းနည်းလောက် ကြိုးစားလိုက်တာနဲ့တင် Tongsheng တစ်ဦး ဖြစ်နိုင်တယ်။ စာလေ့လာတာ နှစ်အကြာကြီးကြာပြီးတာတောင် Tongsheng ပဲ ဖြစ်နေသေးတဲ့ မင်းနဲ့တော့ မတူဘူး... မင်းရဲ့အမေကြောင့်သာ မဟုတ်ရင် သူက Xiucai တောင် ဖြစ်နေလောက်ပြီ။ ” ယန်ကျင်းဇီက ချက်ချင်း ပြန်ပြောလိုက်သည်။


“ မင်း... ” ဝေ့လင်းယွမ်က ယန်ကျင်းဇီကို စိုက်ကြည့်၏။


ယန်ကျင်းဇီက ထပ်ပြောသည် : “ မင်းကရော ဘာလဲ၊ မင်းမိသားစုက မင်းကို ထိန်းထားပြီး မင်းက ပါရမီရှင်ကလေးလို့ ပြောကြတယ်။ ဒါပေမယ့် မင်းက ‘sù lìng chū fân’ ရဲ့ အဓိပ္ပာယ်ကိုတောင် သိလို့လား? ”


ဝေ့လင်းယွမ် အံ့အားသင့်သွားသည်။ ‘sù lìng chū fân’ ဆိုတာ ဘာလဲ?


ယန်ကျင်းဇီသည် ဝေ့လင်းယွမ်ကို အထင်သေးစွာ တစ်ချက်ကြည့်ပြီး စာမေးပွဲဖြေရန် သွားသည်။


ဤအကြိမ် စာရွက်များ အားလုံးတို့တွင် ပြီးပြည့်စုံသော စာကြောင်းတစ်ကြောင်းပင် ပါဝင်ခြင်းမရှိချေ။ စာမေးပွဲ မေးခွန်းလွှာများမှာ နောက်ထပ်တစ်ကျော့ မေးမြန်းခြင်း ပြုလုပ်ရန် မဖြစ်နိုင်သောကြောင့် စာစစ်သူသည် စာမေးပွဲ မေးခွန်းများအဖြစ် စာအုပ်များမှ စာလုံးအနည်းငယ်ကို ဖြတ်တောက်ထားမည်ဖြစ်သည်။ “အရှင်မင်းကြီးက အလျင်စလို အမိန့်တော်ထုတ်ပြန်လျှင်... အိုမင်းသောနှင့် ငယ်ရွယ်သော အကျဉ်းသားများ” စာကြောင်း၏ အလယ်မှ စကားလုံးလေးလုံးကို ဖြတ်ထားသည်။


ယန်ကျင်းဇီသည် ထိုသို့ပြောလိုက်သည်မှာ ဝေ့လင်းယွမ် ပြုမူပုံကို မကြိုက်သောကြောင့်သာ ဖြစ်ပြီး သူက စကားပြောပြီးနောက် ၎င်းကို အလွယ်တကူ မေ့လျော့သွားသော်လည်း ဝေ့လင်းယွမ်က ၎င်းကို ဆက်တိုက်တွေးနေခဲ့သည်။


ဝေ့လင်းယွမ်သည် အသက်ဆယ့်ငါးနှစ်သာရှိသေးပြီး မာနကြီးကာ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ လွှမ်းမိုးမှုကို ခံရလွယ်သည်။


မူလဇာတ်ကြောင်းအရ ယခုအချိန်တွင် ဝေ့လင်းရှိူ့သည် အိမ်မှနှင်ထုတ်ခံရရုံသာမက ဆုံးပါးသွားပြီလည်း ဖြစ်သည်။ သို့သော် ၎င်းက ဝေ့လင်းယွမ်၏ စာလေ့လာမှုအပေါ် အာရုံစူးစိုက်ခြင်းကို မသက်ရောက်ခဲ့သော်ငြား ယခုမူ...


လွန်ခဲ့သော လအနည်းငယ်အတွင်း ‌ဝေ့သခင်မ၏ အကြံအစည်ဖြင့် ဝေ့လင်းရှိူ့က အိမ်မှနှင်ထုတ်ခံရသည် ဟူသော ကောလာဟလများကြောင့် ဝေ့လင်းယွမ်သည် စိတ်တည်ငြိမ်လျက် စာမလေ့လာနိုင်ခဲ့ပေ။ ယနေ့ ယန်ကျင်းဇီက ထပ်ပြောသောအခါ...


သူသည် မနေနိုင်တော့ပဲ သူက တကယ်ပင် ဉာဏ်မကောင်းဘူးလားဟု စတွေးမိတော့သည်။


သူသည် အသက်ဆယ့်လေးနှစ်တွင် Tongsheng တစ်ဦး ဖြစ်လာသည့်အတွက် အလွန်တော်နေပြီဟု အမြဲထင်ခဲ့သော်ငြား ယခုမူ... ဉာဏ်မကောင်းဘူးလို့ အပြောခံနေခဲ့ရတဲ့ သူ့အစ်ကိုကလည်း Tongsheng ဖြစ်လာတယ်!


ရိုးရှင်းစွာပင် ဝေ့လင်းယွမ်သည် စာမေးပွဲကို ကောင်းစွာ မဖြေဆိုနိုင်တော့ပေ။


ယန်ကျင်းဇီကမူ ကွဲပြား၏။ သူ့တွင် အလွန်ကောင်းမွန်သော စိတ်အခြေအနေ ရှိသည့်အပြင် သူက လျင်မြန်စွာ ရေးသားပြီး မြန်မြန်ဆန်ဆန်ဖြင့် မေးခွန်းများကို အဖြေရေးသားသည်...


သိပ်မကြာခင်မှာတင် သူက သူ့မေးခွန်းအားလုံးကို အပြီးဖြေကာ အနားယူနိုင်သွားသည်။


ဝေ့လင်းရှိူ့အတွက်မူ...


ဝေ့လင်းရှိူ့သည် Xiucai စာမေးပွဲ မအောင်လျှင်ပင် ဘာမှမဖြစ်ဟု တွေးထားသဖြင့် သူ့စိတ်ထဲတွင် သက်သာရာရသွားသည်။ သူသည် စိတ်အေးလက်အေး ဖြစ်သွားသောအခါ ပေါ့ပေါ့ပါးပါးဖြင့်လည်း မေးခွန်းများကို အဖြေရေးသားနိုင်ပြီး ချောချောမွေ့မွေ့ အဖြေရေးသားခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို ကဗျာတစ်ပုဒ် ရေးခိုင်းလာသော် သူသည် ပိုမိုကောင်းစွာပင် ဖြေဆိုရေးသားနိုင်ခဲ့၏။


အကယ်ဒမီစာမေးပွဲတွင် သုံးကြိမ်ဆက်တိုက် စာမေးပွဲဖြေရပြီး စာမေးပွဲတစ်ခုကို တစ်ရက်စီ ဖြစ်သည်။ စာမေးပွဲသုံးခုလုံး ပြီးဆုံးသွားပြီးနောက် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ နှစ်ဦးစလုံးသည် လန်းဆန်းတက်ကြွနေကြသော်လည်း ဝေ့လင်းယွမ်ကမူ ကွဲပြားသည်... သူသည် ပထမစာမေးပွဲကို ကျရှုံးခဲ့ပြီး ၎င်းနောက်ပိုင်း ဖိအားများမှာ အလွန်ကြီးမားလွန်းသဖြင့် ဒုတိယမြောက်နှင့် တတိယမြောက် စာမေးပွဲတို့မှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ညတိုင်းနီးပါး၌ အိပ်ပျော်ရန်ပင် ခက်ခဲလာခဲ့၏... 


မကြာမီတွင် အကယ်ဒမီက စာမေးပွဲ ဖြေဆိုအောင်မြင်သော အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ယန်ကျင်းဇီသည် စာမေးပွဲ၏ ပထမနေရာကို နောက်တစ်ကြိမ် ထပ်ရခဲ့သည်။ ဝေ့လင်းရှိူ့က နောက်ဆုံးမှရေလျှင် ဒုတိယမြောက်အဖြစ် ရရှိခဲ့သော်ငြား ဝေ့လင်းယွမ်က စာရင်းတွင် မပါလာခဲ့ချေ။


ယန်ကျင်းဇီသည် သူက ပထမနေရာ ရရှိနိုင်သည်ကို မအံ့ဩပေ။


သူသည် အချိန်ကြာကြာ စာမလေ့လာထားသော်လည်း အခြားသူများ ဆယ်စုနှစ်များစွာ ကြာလျှင်ပင် မသင်ယူနိုင်လောက်သော အရာအားလုံးကို ဖတ်ရှုပြီးပြီဖြစ်သည်။ ထို့အပြင် သူ့၌ လက်ရေးကောင်းလည်း ရှိပြီး သူသည် လွန်ခဲ့သော လအနည်းငယ်အတွင်းတွင် ဖူချန်၌ ကျော်ကြားမှုအချို့ကို ရရှိထားသည်... ကျောင်းဆရာက သူ့ကို စာမေးပွဲ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်မှာ သာမန်ပင်။


ဝေ့လင်းရှိူ့က အောက်ခြေပိုင်းစာရင်းတွင် ပါဝင်ခဲ့သည်... တကယ်တော့ ၎င်းဟာ အံ့ဩစရာမကောင်းချေ။


ဝေ့လင်းရှိူ့က စာအုပ်များကို လုံလောက်စွာ အလွတ်မကျက်နိုင်ခဲ့ဟု ပြောခဲ့သော်ငြား သူ့စုတ်ချက်များက အလွန်ကောင်းနေဆဲဖြစ်ပြီး သူက အလွန်အသက်ဝင်သော ကဗျာများကိုလည်း ရေးသားနိုင်သည်။


သို့ဖြစ်ရာ ဆောင်းပါးတွင် ချို့ယွင်းချက်များ ရှိနေလျှင်တောင်မှ စာစစ်သူက သူ့ကို အအောင်ပေးလိမ့်မည်ပင်။


သို့သော် ဝေ့လင်းယွမ်က Xiucai အဖြစ် အသိအမှတ်ပြုမခံရခြင်းဟာ ယန်ကျင်းဇီကို အံ့အားသင့်စေသည်။


အဘယ့်ကြောင့်ဆိုသော် မူလဇာတ်ကြောင်း၌ ဝေ့လင်းယွမ်က စာမေးပွဲတွင် အလွန်ကောင်းစွာ ဖြေဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။


သို့ရာတွင် သူသည် အမှန်ပင် ဝေ့လင်းယွမ်ကို စာမေးပွဲကျစေချင်ခဲ့သည်... ယန်ကျင်းဇီသည် ၎င်းအကြောင်း သိပ်မတွေးပေ။ Xiucai အဖြစ် အသိအမှတ်ပြုခံရပြီးနောက် သူနှင့် ဝေ့လင်းရှိူ့တို့သည် စာမေးပွဲကို တာဝန်ယူဦးဆောင်သော ကျောင်းဆရာ ကျင်းပသည့် ဂုဏ်ပြုထမင်းစားပွဲသို့ တက်ရောက်ကြသည်။


ကျောင်းဆရာက ယန်ကျင်းဇီကို ပထမဆုံး တွေ့မြင်ရသောအခါ : “ ... ” သူသည် ချန်ပီယံ၏ စာပေနှင့် ထက်မြက်လှသော လက်ရေးလှစွမ်းရည်တို့ကို လေးစားခဲ့ရသည်။ ဒါပေမယ့်... ဒီလူက ဒီလိုပုံလား?


ယန်ကျင်းဇီနှင့် စကားပြောပြီးနောက် ကျောင်းဆရာ : “ ... ” ဒီလူရဲ့ အသိပညာက တကယ် ထူးချွန်တယ်!


တပည့်အဖြစ် ယန်ကျင်းဇီကို လက်ခံရန် အကြံဉာဏ်ပင် ပေါက်ဖွားလာခဲ့သည်။


သို့သော် ယန်ကျင်းဇီက ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းဆိုခဲ့၏။


တကယ်တော့ ကောင်တီအောက်ရုံး တရားသူကြီးကျူးသာမက ဘေးကောင်တီမှ ကျိုးသခင်ကြီး သို့မဟုတ် ယခု ကျောင်းဆရာတို့အားလုံးက သူ့ကို တပည့်အဖြစ် လက်ခံရန် ကြံစည်နေကြသည်။


စာသင်ဖို့ အားအများကြီး ထုတ်စရာမလိုဘဲ ထူးချွန်နိုင်တဲ့ သူ့လိုကျောင်းသားကို ဘယ်သူက မလိုချင်မှာလဲ?


သို့သော်လည်း ယန်ကျင်းဇီက ဆရာတစ်ဦး ဆည်းကပ်ရန် မရည်ရွယ်ထားပေ။


ဤလောကသည် ဆရာ့ကိုလေးစားခြင်းနှင့် ပတ်သက်ပြီး အလွန်ထူးခြားသည်။ ကျောင်းသားများသည် ဆရာ ပြောသမျှကို နားထောင်ရပေမည်... သူက ဤသို့မလုပ်နိုင်ဟု ခံစားရသည်။ ထိုသို့ဆိုလျှင် သူသည် သူ့ကို ဂရုစိုက်မည့်လူကို ရှာတော့မည်မဟုတ်ပေ။


ယန်ကျင်းဇီက မလိုလားလေရာ သဘာဝကျစွာပင် ကျောင်းဆရာက အတင်းအကြပ် မလုပ်ချေ။


ကျောင်းဆရာ ကျင်းပသည့် ဂုဏ်ပြုထမင်းစားပွဲသို့ တက်ရောက်ပြီးနောက် ယန်ကျင်းဇီသည် သုံ့ကူကောင်တီသို့ ပြန်သည်။ သူ ပြန်ရောက်သောအခါ ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ဂုဏ်ပြုထမင်းစားပွဲတစ်ပွဲကို ကျင်းပပြီး သုံ့ကူကောင်တီမှ စာမေးပွဲအောင်သော Xiucai ငါးဦးကို ဂုဏ်ပြုထမင်းစားပွဲသို့ ဖိတ်ကြားခဲ့သည်။ သုံ့ကူကောင်တီမှ ကျောင်းသားအချို့ကိုလည်း ပွဲတက်ရန် ဖိတ်ကြားခဲ့၏။


စာမေးပွဲပြီးနောက်တွင် ဝေ့မိသားစု စာအုပ်ဆိုင်၌ နေထိုင်နေသောကြောင့် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ ပျော်ရွှင်စေရန် တစ်ခုခုလုပ်လိုခဲ့သော်ငြား မလုပ်နိုင်ခဲ့ပေ။ ယခု သုံ့ကူကောင်တီသို့ ပြန်ရောက်သော် စားသောက်နေကြသော လူအများအပြား ရှိနေပြီး ယန်ကျင်းဇီသည် အလွန်စိတ်ဓာတ်ကျသွားသည်။


ရုတ်တရက်ပင် ပွဲသို့လာရောက်သော Juren တစ်ဦးက ယန်ကျင်းဇီကို ကြည့်သည် : “ ယန်လူကြီးမင်း၊ ငါ့မှာ မင်းရဲ့လက်ရေးကို အရမ်းသဘောကျတဲ့ သမီးတစ်ယောက် ရှိတယ်။ အခု‌တလော ဝေ့မိသားစု စာအုပ်ဆိုင်ကို သွားပြီး မင်း အဲ့မှာ ချန်ထားခဲ့တဲ့ အရေးအသားတွေကို အမြဲသွားကြည့်နေလေရဲ့။ ”


“ အင်း ” ယန်ကျင်းဇီသည် ပေါ့ပေါ့တန်တန် တုံ့ပြန်ပြီး ဝိုင်တစ်ခွက် သောက်လိုက်သည်။ သူ ဝေ့လင်းရှိူ့နဲ့ ဘယ်လိုတွဲရမလဲ၊ သူ အရင်‌ဆုံး စမ်းကြည့်သင့်လား?


Juren : “ ... ” ဘာလို့ ယန်ကျင်းဇီက “အင်း” တစ်လုံးပဲ ပြန်ပေးတာလဲ? သူ ဆိုလိုတာကို ကြားလိုက်ရဲ့လား? သူက သူ့သမီးကို ယန်ကျင်းဇီနဲ့ လက်ဆက်ပေးချင်‌နေတယ်!


ယန်ကျင်းဇီက မကြားလိုက်သော်လည်း ဝေ့လင်းရှိူ့က ကြားလိုက်သည်။


နောက်ဆုံးအကြိမ်၌ အရက်မူးပြီးနောက် ဝေ့လင်းရှိူ့သည် မသောက်တော့ဘဲ ယခု တစ်စုံတစ်ယောက်က ယန်ကျင်းဇီကို စမ်းသပ်နေသည်အား ကြားလိုက်ရသောအခါ သူ့နှလုံးက “ဒိတ်ခနဲ” ခုန်သွားသည်။


ဝေ့မိသားစုနှင့် သူ၏ ဆက်ဆံရေးက မည်မျှဆိုးရွားနေပါစေ၊ သူသည် ဝေ့မိသားစု၏ မိသားစုဝင်တစ်ဦး ဖြစ်နေဆဲဖြစ်သောကြောင့် သူနှင့် ကြိုးထုံးချည်နှောင်ချင်သော လူများဟာ ကိုယ်တိုင်ကိုယ်ကျ သူ့ကို လာရောက်ရှာဖွေကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယန်ကျင်းဇီကမူ ကွဲပြား၏။ 


ယန်ကျင်းဇီ၏ မိခင်က အသက်ရှင်နေသေးသော်ငြား သူ(မ)က နောက်အိမ်ထောင်ပြုထားပြီး မိသားစုဝင်အဖြစ် မသတ်မှတ်နိုင်ချေ။ သူ(မ)သည် သူ့အိမ်ထောင်ရေး၏ ဦးစီးသူ မဖြစ်နိုင်ဘဲ ယန်ကျင်းဇီကို စိတ်ဝင်စားသူများသည် ယန်ကျင်းဇီကိုသာ တိုက်ရိုက်စမ်းသပ်ကြရမည်ဖြစ်သည်။


ယန်ကျင်းဇီက လက်ထပ်မှာလား?


အမျိုးသားအများစုဟာ မိသားစုမျိုးရိုးကို လက်ဆင့်ကမ်းပေးချင်ကြသည်။ ယန်ကျင်းဇီလည်း လက်ထပ်ချင်မှာပဲမလား?


ယန်ကျင်းဇီ လက်ထပ်သွားရင် သူ ဘာလုပ်သင့်လဲ?


ယန်ကျင်းဇီက သူ့ကို ဘယ်လိုထင်လဲ?


ဝေ့လင်းရှိူ့၏စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာပြီး သူသည် မျက်လွှာချကာ စကားထပ်မပြောတော့ပေ။


ပွဲပြီးသောအခါ ယန်ကျင်းဇီသည် “မူးနေပြီး”ဖြစ်သည်။


ဤနှစ်တွင် ပြည်နယ်စာမေးပွဲ မရှိဘဲ ၎င်းက နောက်နှစ် ဩဂုတ်လမှသာ ကျင်းပမည်ဖြစ်၏။ ထို့ကြောင့် သူသည် ယခုအခါတွင် စာကျက်ရန် အလျင်မလိုဘဲ သူ၏ တစ်သက်တာ ကိစ္စများကိုသာ ဆောင်ရွက်ချင်နေသည်။


သူနှင့် ဝေ့လင်းရှိူ့တို့သည် အပြင်လူများရှေ့တွင် သူတို့ကိုယ်သူတို့ ဖုံးကွယ်နိုင်သည်။ ဒါပေမယ့် အိမ်မှာတော့ “တစ်ယောက်ကိုတစ်ယောက် ရိုးသားတာ” အကောင်း‌ဆုံးပဲမလား?


ယန်ကျင်းဇီသည် အရက်များစွာ သောက်ခဲ့သော်ငြား မူလပိုင်ရှင်က အရက်ခံနိုင်ရည်ကောင်းသည်။ အမှန်တော့ သူသည် အရက်မူးမနေဘဲ သူတို့ အိမ်ပြန်ရောက်သည့်အထိ စောင့်ဆိုင်းနေပြီး မူးနေသည်ကို အခွင့်ကောင်းယူ၍ ဝေ့လင်းရှိူ့ကို နမ်းကာ ဝေ့လင်းရှိူ့၏ တုံ့ပြန်မှုကို တွေ့မြင်ချင်ခြင်း ဖြစ်သည်...


ဝေ့လင်းရှိူ့က ၎င်းကို မမုန်းလျှင် သူသည် ဝေ့လင်းရှိူ့ကို မနက်ဖြန် ဖွင့်ပြောလိုက်မည်။ ဝေ့လင်းရှိူ့က မုန်းလျှင်... သူ ဝေ့လင်းရှိူ့ကို ပိုပြီး အပူကပ်ရင်ရော?


သူက လူကောင်ကြီးကြီး ဗလတောင့်တောင့် ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် မိန်းမလှတစ်ယောက်ထက်တော့ အရမ်းကြီး မနိမ့်ကျပါဘူး ဟုတ်တယ်မလား?


သူက ဝေ့လင်းရှိူ့အတွက် ငွေအများကြီးလည်း ရှာနိုင်တယ်!


ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို လှည်းရထားပေါ်သို့ ရောက်အောင် ကူညီပေးခဲ့သည်။ ဘာမှမသိသကဲ့သို့ ယန်ကျင်းဇီက မူးဝေနေသည်ကို တွေ့ရသောအခါ သူ့စိတ်အတွင်းထဲတွင် အတွေးနက်တစ်ခု ထွက်ပေါ်လာသည်။


ယ‌န်ကျင်းဇီက ယနေ့ အရက်မူးနေပြီး ဘာကိုမှ မှတ်မိလိမ့်မည်မဟုတ်ဟု ယူဆရသည်။ အကယ်၍ သူကသာ နောက်ပိုင်းတွင် အဝတ်အစားများ မရှိဘဲ ယန်ကျင်းဇီနှင့် အတူအိပ်လိုက်မည်ဆိုလျှင်...


ဝေ့လင်းရှိူ့သည် သူ့ကိုယ်သူ အနည်းငယ် ကဲ့ရဲ့လိုက်သော်လည်း ထိုအတွေးက သူ့စိတ်ထဲတွင် ငြိတွယ်ပြီး တရစ်ရစ် ဝဲနေသည်။


တကယ်တော့ သူသည် တစ်ခုခုလုပ်နေချင်သည်မှာ ကြာပြီဖြစ်သော်ငြား ယန်ကျင်းဇီ၏ စာမေးပွဲကို ထိခိုက်သွားမည်အား စိုးရိမ်သောကြောင့် ဘာမှမလုပ်ခဲ့ပေ။ ယခုမူ...


ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ဖြည်းညှင်းစွာ လှုပ်ယမ်းကာ ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ကို ရှင်းအန်းကျေးရွာသို့ ပို့ဆောင်ပေးခဲ့သည်။


ယန်ကျင်းဇီသည် လှည်းရထားထဲတွင် အိပ်ပျော်သွားပြီး အရက်နံ့များဖြင့် ပြည့်နေသည်။ ကံကောင်းစွာဖြင့် ဝေ့လင်းရှိူ့က သူ့ကို လှည်းရထားထဲမှ ထွက်ရန် ကူညီပေးသောအခါတွင် သူသည် အနည်းငယ် နိုးကြားနေသည်။ မဟုတ်လျှင် ဝေ့လင်းရှိူ့က သူ့ကို ရွှေ့နိုင်မည်မဟုတ်ပေ။ 


“ ငါ အဆင်ပြေတယ်... ” လှည်းရထားထဲမှ ထွက်ပြီးနောက် ယန်ကျင်းဇီက သူ အဆင်ပြေသည်ဟု ပြောသော်လည်း သူသည် ယိမ်းထိုးနေပြီး ဝေ့လင်းရှိူ့အပေါ်သို့ မှီနေလေသည်...


____


*

“အရှင်မင်းကြီးက အလျင်စလို အမိန့်တော်ထုတ်ပြန်လျှင်... အကျဉ်းသားများ၊ အိုမင်းသူများနှင့် ငယ်ရွယ်သူများ” ရဲ့ စာကြောင်းအပြည့်အစုံက “အရှင်မင်းကြီးက အလျင်စလို အမိန့်တော်ထုတ်ပြန်၍ အိုမင်းသောနှင့် ငယ်ရွယ်သော အကျဉ်းသားများကို ပြန်လည်ခန့်အပ်ချင်လျှင်...” ပါတဲ့။


*‘sù lìng chū fân’ ကတော့ ဝေ့လင်းယွမ်လည်း မသိသလို တို့လည်း မသိပါဘူး 🤣 မနောက်ဘူး၊ တကယ် ပြောတာပါ 🥺 Google ပြောတာကတော့ “Quickly turn back” အမြန်ပြန်လှည့် တဲ့။ စာသုံးပေသုံးကို ရှာမရဘူးရယ် 😿