ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို မှီထားသော်ငြား သူ့ကိုယ်အလေးချိန် အားလုံးကို ဝေ့လင်းရှိူ့အပေါ်သို့ မတင်ရဲပေ... ဝေ့လင်းရှိူ့ ပိသွားရင် ဘယ်လိုလုပ်မလဲ?
သူ့ခန္ဓာကိုယ်က အရမ်းလေးတယ်!
သို့သော် သူသည် ဝေ့လင်းရှိူ့ကို ဖမ်းဆွဲထားပြီး လက်မလွှတ်ပေးပေ။
ဝေ့လင်းရှိူ့ကလည်း လက်လွှတ်ရန် အစီအစဉ်မရှိချေ။ သူသည် ယန်ကျင်းဇီကို သယ်ပြီး ယန်ကျင်းဇီ၏အခန်းထဲသို့ ဝင်လိုက်သည်။
သူတို့သည် ရှင်းအန်းကျေးရွာရှိ အိမ်တွင် မနေသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့သည် သုံ့ကူကောင်တီမှ မထွက်ခွာမီ ဆိုင်ရှင်ဝေ့ကို သော့ပေးထားခဲ့ပြီး အိမ်ကို ဂရုစိုက်ရန် ဆိုင်ရှင်ဝေ့အား စောင့်ရှောက်ခိုင်းခဲ့သည်။ ထို့ကြောင့် အိမ်က သန့်ရှင်းနေပြီး ခုတင်ပေါ်မှ အိပ်ရာခင်းကိုပင် သေသပ်စွာ ဖုံးအုပ်ထားသည်။
ဆိုင်ရှင်ဝေ့က တကယ်ကို ဂရုစိုက်တတ်သည်။
အခန်းထဲသို့ ဝင်လာသောအခါ ယန်ကျင်းဇီ၏ နှလုံးခုန်သံမှာ မြန်သထက် မြန်လာသည်။ ဝေ့လင်းရှိူ့က သူ့ကို အိပ်ရာပေါ်သို့ ရောက်အောင် ကူညီပေးချိန်တွင် သူသည် ခလုတ်တိုက်မိပြန်ကာ ဝေ့လင်းရှိူ့ကို အိပ်ရာပေါ်သို့ တန်းတန်းမတ်မတ် တွန်းချလိုက်သည်။
သူ့အခန်းထဲမှ လက်ရှိခုတင်မှာလည်း အသစ် ဖြစ်သည်။ ၎င်းက ကြီးမားရုံသာမက ခိုင်မာသော်ငြား ဤကဲ့သို့ လူနှစ်ယောက်က လဲကျသောအခါတွင်မူ ၎င်းခုတင်ထံမှ ခပ်အုပ်အုပ် အသံထွက်လာသည်။
ယန်ကျင်းဇီ၏နှလုံးသားဟာ တဒိန်းဒိန်း ခုန်ပေါက်နေပြီး မူးဝေ၍ အသိမရှိဟန်ဆောင်လျက် အနည်းငယ် မျက်စိမှေးကာ သူ့ဘေးမှ ဝေ့လင်းရှိူ့ကို ဆုပ်ကိုင်လိုက်ရုံသာမက ဝေ့လင်းရှိူ့၏ မျက်နှာကိုလည်း နမ်းလိုက်သည်။
ဝေ့လင်းရှိူ့၏မျက်နှာသည် အလွန်နူးညံ့ပြီး နမ်းရသည်မှာ အတော်လေး ကောင်းမွန်သည်... ယန်ကျင်းဇီသည် နမ်းပြီးနောက် ဘေးတွင် လှဲချကာ ဝေ့လင်းရှိူ့၏ တုံ့ပြန်မှုကို တိတ်တဆိတ် လှမ်းကြည့်သည်။
အခန်းဟာ မှောင်နေပြီး အလင်းရောင် လုံးဝ မရှိချေ။ သူ့မျက်လုံးများကို ဖွင့်ထားလျှင်ပင် ဝေ့လင်းရှိူ့က မမြင်တွေ့နိုင်ကြောင်းမှာ သေချာသည်။
ယန်ကျင်းဇီသည် သူ့ဘေးမှ ဝေ့လင်းရှိူ့ကို စောင့်ကြည့်နေစဉ် ဝေ့လင်းရှိူ့က မျက်မှောင်ကြုတ်လျက် သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
ဝေ့လင်းရှိူ့ကို ကြည့်ရတာ နည်းနည်း မပျော်တဲ့ပုံပါလား? ယန်ကျင်းဇီ၏ နှလုံးခုန်သံမှာ အတက်အကျမြန်လာပြီး အနည်းငယ် စိတ်ပူသွားသည်။
ဝေ့လင်းရှိူ့သည် မပျော်ရွှင်နေခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ ယန်ကျင်းဇီက သူ့ကို နမ်းလိုက်သည့်အချိန်၌ သူ့ကိုယ်ပေါ်တွင် ကြက်သီးမွေးညင်းများ ထသွားသည်။ သူသည် သက်တောင့်သက်သာ ဖြစ်မိသည့်အပြင် စိတ်လည်း လှုပ်ရှားနေမိသည်။
ဘာကြောင့် ယန်ကျင်းဇီက သူ့ကို နမ်းတာလဲ?
ယန်ကျင်းဇီကရော သူ့ကို သဘောကျနေတာလား?
ဒါမှမဟုတ် ယန်ကျင်းဇီက အရမ်းမူးနေပြီး သူက ဘယ်သူမှန်း မသိပဲနဲ့ သူ့ကို ပေါ့ပေါ့တန်တန် နမ်းလိုက်တာလား?
သူ့စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာပြီး ဝေ့လင်းရှိူ့သည် အံကြိတ်ကာ သူ့အဝတ်များကို ချွတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
သူသည် ယခင်က ဘယ်သူနှင့်မှ မရင်းနှီးခဲ့ဖူးသော်လည်း အမျိုးသားများနှင့် အမျိုးသမီးတို့ကြား၏ ဆက်ဆံရေး မည်သို့ရှိပုံ၊ အမျိုးသားများနှင့် အမျိုးသားတို့ကြား၏ ဆက်ဆံရေး မည်သို့ရှိပုံတို့ကို သိထားသေးသည်။
လွန်ခဲသော နှစ်အနည်းငယ်က သူ့ပတ်ဝန်းကျင်ရှိ လူများသည် သူ့ကို ပြသရန်အတွက် ရုပ်ပုံပါစာအုပ်အချို့နှင့် အလားတူတို့ကို ယူလာဖူးခဲ့ကြသည်။
ထိုအချိန်တွင် သူသည် အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း စမ်းကြည့်ရန်အတွက် လူရှာဖို့ စိတ်မဝင်စားလေရာ တကယ့်အတွေ့အကြုံအစစ် တစ်ခါမှ မရှိခဲ့ဖူးပေ။ ယခုမူ...
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီ၏ အင်္ကျီကို အမြန်ချွတ်လိုက်ပြီး ယန်ကျင်းဇီ၏ ဘောင်းဘီကိုလည်း ဆက်ချွတ်လိုက်သည်။
ယန်ကျင်းဇီသည် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ဝေ့လင်းရှိူ့ကို သူက နမ်းလိုက်သော်ငြား ဝေ့လင်းရှိူ့က သူ့ကို အဝတ်ချွတ်ပြီး သူ့ဘောင်းဘီကိုပါ ချွတ်ရန် သတိရနေဆဲ ဖြစ်သည်။ ဒါဆို ဝေ့လင်းရှိူ့က... သူ့ကို မရွံရှာလောက်ဘူးမလား?
အရမ်းကောင်းတယ်!
ခဏလေး၊ မကောင်းတော့ဘူး! အခုတလော သူ အရမ်းပူတယ်လို့ ခံစားနေရတာ ဆိုတော့ သူ လွယ်လွယ်နဲ့ တုံ့ပြန့်မိလိမ့်မယ်။ ဒါ... ဒါ...
ယန်ကျင်းဇီသည် “အမ်း” ဟု အသံထွက်ပြီး နောက်ပြန်လှည့်လိုက်သည်။ သူသည် ဘယ်သူမှ မမြင်တွေ့နိုင်လေအောင် သူ့ခန္ဓာကိုယ်အောက်တွင် အချို့သော အခြေအနေများကို ဝှက်ထားလိုက်၏။
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကြောင့် ထိတ်လန့်သွားသော်လည်း ယန်ကျင်းဇီက ဤကဲ့သို့ နေနေမည်ဆိုလျှင် သူသည် ယန်ကျင်းဇီ၏ အဝတ်များကို မဖယ်ရှားနိုင်တော့ပေ...
စဉ်းစားပြီးနောက် ဝေ့လင်းရှိူ့သည် သူ့အဝတ်အစားများကို စတင်ချွတ်လိုက်သည်။
ယန်ကျင်းဇီသည် နောက်ပြန်လှည့်ထားသော်ငြား သူ့ခေါင်းကို ဝေ့လင်းရှိူ့ဘက်သို့ လှည့်ထားသည်။
ဝေ့လင်းရှိူ့၏ အသွင်အပြင်ကို တွေ့မြင်နိုင်ရန်မှာ မှောင်လွန်းနေသည်။ သို့ရာတွင် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ ဘာလုပ်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ဝေ့လင်းရှိူ့က အဝတ်ချွတ်နေတယ်!
ဘာလို့ ဝေ့လင်းရှိူ့က သူ့အဝတ်တွေကို ချွတ်နေတာလဲ? သူ ဘာလုပ်ချင်တာလဲ?
ယန်ကျင်းဇီသည် အနည်းငယ် တွေဝေသွားပြီး မေးခွန်းများပင် မေးချင်သော်လည်း သူသည် အရက်မူးနေဟန် ဟန်ဆောင်နေသောကြောင့် ဤအချိန်တွင် ဘာမှမပြောနိုင်သေးပေ။
တခဏတာအတွင်းတွင် အခန်းထဲ၌ တရှပ်ရှပ် အဝတ်ချွတ်သံများသာ ထွက်ပေါ်နေသည်။
ယန်ကျင်းဇီသည် သူ့တစ်ကိုယ်လုံးက မီးထတောက်တော့မတတ် ခံစားနေရသည်။
ကျိုးစုန်သည်လည်း သူ့တစ်ကိုယ်လုံးက မီးထတောက်တော့မတတ် ခံစားနေရ၏။
တောင်ဘက်သို့ သွားပြီးနောက် သူသည် အနီးအနားရှိ နန်ကျိုးစီရင်စုတွင် အကယ်ဒမီဆိုင်ရာ အထူးတာဝန်ရှိသူအဖြစ် အလုပ်လုပ်ခဲ့သည်။
နန်ကျိုးစီရင်စုဟာ သုံ့ကူကောင်တီနှင့် အလွန်နီးကပ်ပြီး တစ်ရက်တည်းဖြင့် ရောက်ရှိနိုင်သည်။ သို့သော် သွားလာကြသူများမှာ အများအပြား မရှိသေးသဖြင့် သူသည် နန်ကျိုးစီရင်စုတွင် သုံ့ကူကောင်တီမှ သတင်းများကို မရရှိနိုင်ပေ။ ထို့အပြင် အကယ်ဒမီစာမေးပွဲ၏ စာစစ်ဦးစီး ဖြစ်သော သူသည် မေးခွန်းများ သတ်မှတ်ပြီးနောက် သူ၏ စကားများနှင့် အပြုအမူများကို ဂရုစိုက်ရသည်။ သူသည် အကယ်ဒမီစာမေးပွဲကာလတွင် စာဖြေဆိုသူများနှင့် ရှိနေခဲ့ရရာ သုံ့ကူကောင်တီသို့ သွားရန်ပင် လုံးဝ အချိန်မရှိခဲ့ချေ။
နန်ကျိုးမှ အကယ်ဒမီစာမေးပွဲ ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။
အကယ်ဒမီစာမေးပွဲအပြီးတွင် သူသည် ဂုဏ်ပြုထမင်းစားပွဲတစ်ပွဲကို ကျင်းပ၍ နန်ကျိုးစီရင်စုမှ Xiucai များကို ဖိတ်ခေါ်ကာ ဤလူများနှင့် စကားစမြည် ပြောဆိုရသည်။ ရလဒ်ကမူ သူသည် ရုတ်တရက် သိလိုက်ရ၏။ Xiucai များထဲမှ တစ်ဦးဟာ ယခင်က သုံ့ကူကောင်တီတွင် စာလေ့လာခဲ့ဖူးသည့်အပြင် မိခင်ဖြစ်သူကလည်း သုံ့ကူကောင်တီမှ ဖြစ်သည်။
ကျိုးစုန်သည် ထိုလူကို ချက်ချင်း ခေါ်ပြီး ဝေ့မိသားစု၏ အခြေအနေကို မေးကြည့်သည်။
သူ့ဖခင်က သူ့အစ်မကို ဝေ့ကျီယွမ်နှင့် လက်ထပ်စေချင်ခဲ့သောအခါတွင် သူသည် သိပ်သဘောမကျခဲ့ပေ။ ကံမကောင်းစွာဖြင့် သူသည် ထိုအချိန်က ငယ်ရွယ်ပြီး အားနည်းခဲ့သောကြောင့် သူ့ဖခင်က သူ့စကားကို လုံးဝ နားမထောင်ခဲ့ချေ။
သူ့အစ်မကလည်း သူ့ကို နှစ်သိမ့်ပေးကာ သူ(မ)၏ အရည်အချင်းဖြင့် သူ(မ)က ဘယ်သူ့ကိုပဲ လက်ထပ်ရပါစေ ကိစ္စမရှိဘဲ ကောင်းစွာ နေနိုင်မည်ဟု ဆိုသည်။ ထို့ကြောင့် သူသည် ပြဿနာမရှာဖြစ်ခဲ့ပေ။
နောက်ပိုင်းတွင် သူ့အစ်မက ဝေ့ကျီယွမ်နောက်သို့ လိုက်၍ သုံ့ကူကောင်တီသို့ သွားကာ သားတစ်ယောက်ကို မွေးခဲ့သည်။ သူသည် စိတ်သက်သာရာရခဲ့ပြီး သူ့အစ်မက ကောင်တီငယ်တွင် ချမ်းသာကြွယ်ဝသော ဇနီးအဖြစ် ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့၏။
ဒါပေမယ့် သူ စိတ်ချတာ အရမ်းစောသွားတယ်!
သူ ရာထူးတိုးပြီးနောက် မကြာမီတွင် သူ့ထံသို့ သုံ့ကူကောင်တီမှ ထွက်ပြေးလာသော သူ့အစ်မ၏ အနီးကပ် အစေခံမိန်းကလေးက ချဉ်းကပ်လာကာ သူ့အစ်မက ဖျားနာပြီး သေဆုံးသွားပြီဟု ပြောလာသည်။
သူ့အစ်မက တကယ်ပင် ဖျားနာပြီး သဘာဝအတိုင်း သေဆုံးသွားသော်ငြား သူ(မ) မဖျားနာခင်တွင် ဝေ့မိသားစုက သူ(မ)ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြသည်။ သူ(မ) နေမကောင်းဖြစ်ပြီးနောက် ဝေ့မိသားစု၏ အဘွားကြီးက သူ(မ)၏ အစေခံများ သူ့အစ်မအတွက် ဆေးရှာထွက်မည်ကိုလည်း တားမြစ်ခဲ့သေးသည်...
သူသည် စိုးရိမ်ပူပန်ပြီး ဒေါသထွက်မိသော်လည်း သူ့ကို မင်းအရာရှိရာထူး ခန့်အပ်ထားပြီးဖြစ်ရာ သူသည် မြို့တော်မှ အလွယ်တကူ မထွက်ခွာနိုင်တော့ပေ။
နှစ်နှစ်အကြာတွင် သူသည် စေလွှတ်ခံရရန် ရှာဖွေသောအခါ အခွင့်အရေး ရှာတွေ့ပြီး သုံ့ကူကောင်တီသို့ သွား၍ ဝေ့ကျီယွမ်ကို ရိုက်နှက်ခဲ့သည်။
ထိုအချိန်တွင် သူ သွားရမည့်နေရာမှာ အရမ်းဆင်းရဲပေသည်။ သူ့ဖခင် သူ့အတွက် ရွေးချယ်ပေးသော ဇနီးဖြစ်သူကလည်း သူနှင့် အဆင်မပြေသောကြောင့် သူသည် ဝေ့လင်းရှိူ့ကို ဂရုမစိုက်နိုင်ခဲ့ပေ။ ထို့ပြင် ဝေ့လင်းရှိူ့က ဝေ့မိသားစု၏ မိသားစုဝင်တစ်ဦး ဖြစ်နေသေးရာ သူ့ကို ဆန္ဒအလျောက် ခေါ်သွားရန်မှာ မလွယ်ကူချေ။ ထိုအတွက်ကြောင့် ဝေ့လင်းရှိူ့က ဝေ့မိသားစုတွင်သာ ဆက်လက်နေထိုင်ခဲ့ရသည်။
သို့သော် ထိုအချိန်မှစ၍ သူသည် လူရှာ၍ နှစ်စဉ်နှစ်တိုင်း ဝေ့လင်းရှိူ့ထံသို့ လည်ပတ်စေကာ စာအနည်းငယ် ရေးသားပြီး များပြားသော နှစ်သစ်ကူးလက်ဆောင် ပေးလေ့ရှိခဲ့သည်။
သူ့တူ ဝေ့လင်းရှိူ့က စာဖတ်ရခြင်းကို မနှစ်သက်ဟု ပြောသော်ငြား ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိပြီး ကျန်းမာရေးလည်း ကောင်းမွန်ကာ ဝေ့မိသားစုက သူ့တူကို အလွန်ကောင်းစွာ ဆက်ဆံသဖြင့် သူသည် စိတ်သက်သာရာရခဲ့၏။
မနှစ်က သူ့ဖခင်သည် ရူးမိုက်သော ကိစ္စတစ်ခုကို ပြုလုပ်ခဲ့ပြီး မပါဝင်သင့်သော ကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သည်။ သူသည်လည်း သူ့ဖခင်နှင့်အတူ ရာထူးထုတ်ပယ်ခံခဲ့ရသည်။ ကံကောင်းစွာဖြင့် သူသည် ဘုရင်မင်းမြတ်ကို တိတ်တဆိတ် ကူညီပေးထားသည်။ ဤကိစ္စပြီးဆုံးချိန်တွင် ဘုရင်မင်းမြတ်သည် အခြားအကြောင်းအရာတစ်ခုကို ရှာပြီး သူ့ကို မူလရာထူး ပြန်လည်ပေးသနားခဲ့သည်။
မင်းအရာရှိလောက၏ အတက်အကျများဟာ အလွန်အဖြစ်များသည်။ ဘာမှမဟုတ်ဟု သူ ထင်ခဲ့သည်။ လွန်ခဲ့သော နှစ်တွင် ကိစ္စများစွာ ရှိခဲ့သဖြင့် သူသည် သူ့တူကို သိပ်မတွေးဖြစ်ခဲ့ပေ။ ရလဒ်ကမူ...
အရင်က သုံ့ကူကောင်တီမှာ နေပြီး အကယ်ဒမီစာမေးပွဲအတွက် ဒီနှစ်မှ နန်ကျိုးစီရင်စုကို ပြန်လာတဲ့ ဒီ Xiucai က အခု သူ့ကို ပြောပြတယ်၊ သူ့တူက လူရမ်းကားတစ်ယောက်နဲ့ ပတ်သက်ပြီး အိမ်ကနေ မောင်းထုတ်ခံလိုက်ရတယ်လား?
ကျိုးစုန်သည် သူ့တူကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက တွေ့ဖူးခဲ့ပြီး တစ်ခါမှ ထပ်မတွေ့ဖြစ်တော့သော်လည်း သူ့တူဟာ အရွယ်ရောက်ကြီးပြင်းနေချိန်တွင် သူ့ကို ကာကွယ်ပေးခဲ့သော သူ့အစ်မ၏ တစ်ဦးတည်းသော သွေးသား ဖြစ်သည်...
မနေ့က ဂုဏ်ပြုထမင်းစားပွဲ ပြီးဆုံးသွားပြီး ယနေ့တွင် ကျိုးစုန်သည် သုံ့ကူကောင်တီသို့ ချက်ချင်း ထွက်ခွာလာသည်။
ဤနေရာရှိ မြစ်အများစုသည် ကျဉ်းမြောင်းပြီး ကျိုးစုန်သည် အိမ်ထိန်းတစ်ဦးနှင့် အစေခံငယ်လေးဦးတို့နှင့်အတူ လှေငယ်တစ်စင်းပေါ်တွင် ရှိနေသည်။
လရောင်အောက်တွင် လှေငယ်ဟာ ဖြည်းညှင်းစွာ ရှေ့သို့ရွေ့နေကာ ကျိုးစုန်၏ အမူအရာမှာ ပိုပိုပြီး ရုပ်ဆိုးလာသည်။
အိမ်ထိန်းသည် ကျိုးစုန်နှင့် သူ့အစ်မတို့ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူ ဖြစ်ပြီး သူက ကျိုးစုန်ကို နှစ်သိမ့်ပေးသည် : “ သခင်၊ စိတ်မပူပါနဲ့။ သခင်လေးက အဆင်ပြေမှာပါ။ ”
“ အဲ့ဒီ့ယန်တက လောင်းကစားဝိုင်း လူမိုက်လို့ ပြောတယ်... ဒါက သေချာပေါက် ဝေ့မိသားစုရဲ့ ပရိယာယ်တွေပဲ ဖြစ်ရမယ်။ ငါ့ရဲ့ မတော်တဆအမှုကို အခွင့်ကောင်းယူပြီး လင်းရှိူ့ကို ဖြေရှင်းလိုက်တာ။ ” ကျိုးစုန် အံကြိတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ အိမ်ထိန်းသည်လည်း နှုတ်ဆိတ်သွား၏။
ဘယ်လိုလုပ်ပြီး ကိစ္စတွေက အရမ်းတိုက်ဆိုင်နိုင်ပါ့မလဲ? သူ့သခင်မှာ ကိစ္စတစ်ခုခု ဖြစ်တာနဲ့ ချက်ချင်းပဲ ဝေ့မိသားစုက သခင်လေးကို အိမ်ပေါ်က မောင်းချလိုက်တယ်!
“ လင်းရှိူ့ အဆင်ပြေနေပါစေလို့ပဲ ငါ မျှော်လင့်တယ်။ ” ကျိုးစုန်က ဆိုသည်။
စကားပြောနေကြစဉ် သူတို့သည် သုံ့ကူကောင်တီသို့ ရောက်ရှိလာကြသည်။
ညမှောင်နေပြီဖြစ်သော်ငြား သုံ့ကူကောင်တီ၏ ဆိပ်ကမ်းတွင် လှေပေါ်သို့ ကုန်တင်ရန်အတွက် လူများကို အခပေးငှားသော ကုန်သည်တစ်ဦး ရှိနေသည်။
ကျိုးစုန်က ထကာ မေးမြန်းသည် : “ တစ်ဆိတ်လောက် မင်း ယန်တနဲ့ ဝေ့လင်းရှိူ့တို့ကို သိသလား? ”
ကျိုးမိသားစုသည် မြို့တော်မှ ဖြစ်ပြီး သုံ့ကူကောင်တီ၏ နှုတ်ပြောဒေသိယစကားမှာ မိုင်ပေါင်းရှစ်ထောင် ဝေးကွာသည်။ ကျိုးစုန်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် မြို့တော်အပြင်၌ ရှိနေခဲ့သော်လည်း သုံ့ကူကောင်တီ၏ ဤဒေသခံနှင့် ဆက်သွယ်ပြောဆိုရန်အတွက် အနည်းငယ် ခက်ခဲနေသေးသည်။
သို့သော် သူသည် ယန်တနှင့် ဝေ့လင်းရှိူ့တို့က ရွာတစ်ရွာတွင် နေထိုင်နေကြကြောင်းကို ထိုလူထံမှ သိလိုက်ရသည်။
သူ့တူလေးက တကယ်ပဲ အဲ့ယန်တနဲ့ အတူရှိနေတယ်...
သူသည် ငွေအချို့ ပေးလိုက်ပြီး ဤလူသည် သူတို့နှင့် အတူသွား၍ သူတို့ကို လမ်းပြပေးရန် ဆန္ဒရှိသွားသည်။
လှေသည် သုံ့ကူကောင်တီမှ ရှင်းအန်းကျေးရွာသို့ ထွက်ခွာသည်။
ကျိုးစုန်အတွက် လမ်းပြပေးနေသူသည် ကျိုးစုန်ဟာ လူကြီးမင်းတစ်ဦး ဖြစ်ပုံရသည်ကို သတိထားမိပြီး အလွန်အကျွံ စကားမပြောရဲပေ။ ဤလူများဟာ လက်ရေးလှအချို့ ရရှိရန်အတွက် ယန်ကျင်းဇီကို ရှာဖွေနေကြသည်ဟုသာ တွေးနေသည်။
ယန်တက အရမ်းအစွမ်းထက်တယ်! သူ စာလေ့လာတာ တစ်နှစ်ပဲ ရှိသေးတာတောင် Xiucai တစ်ယောက် ဖြစ်နေပြီမလား?
သတင်းများ ထွက်လာသည့်အချိန်မှစ၍ ကောင်တီရုံးတွင် အလုပ်ကြိုးစားလုပ်နေကြသူ အများစုဟာ စာလုံးအနည်းငယ် သင်ယူလိုကြသောကြောင့် အထူးတလည်ဖြင့် စာအုပ်များ သို့မဟုတ် အနည်းဆုံး ပြက္ခဒိန်တစ်ခုကိုတော့ ငှားရမ်း၍ ဖတ်ရှုကြသည်။ ရလဒ်ကမူ သူတို့သည် စကားလုံးများကို ဖတ်ရှုနေစဉ် မူးဝေလာကြခြင်း ဖြစ်သည်။ နောက်ဆုံးလည်းကျရော သူတို့ ဘာမှမသင်နိုင်လိုက်ဘူး!
ယန်တက တကယ့်ကို အံ့မခန်းပါပဲ...
ယန်ကျင်းဇီသည် ကျိုးစုန် ရောက်ရှိလာကြောင်းကို မသိပေ။ ယခုတော့ သူသည်... လူတစ်ကိုယ်လုံး ဝမ်းသာပြီး အံ့အားသင့်နေသည်။
ဝေ့လင်းရှိူ့က တကယ်ကြီး သူ့အဝတ်တွေကို ချွတ်ပြီး သူ့ဘေးမှာ လှဲလိုက်တယ်!
ဝေ့လင်းရှိူ့က ဘာလုပ်ချင်တာလဲ?
သူ တွေးတာနဲ့ အတူတူပဲလား?
ဒီအချိန်မှာ သူက ဝိုင်အစွမ်းကို အသုံးပြုပြီး တစ်ဝက်ဆက်တိုးသင့်သလား ဒါမှမဟုတ် သူက တကယ် အရက်မူးမနေဘူး ဆိုတာကို ဝေ့လင်းရှိူ့ကို ပြောသင့်လား?
ယန်ကျင်းဇီသည် စိုးရိမ်နေသည်။ သို့သော်လည်း ဝေ့လင်းရှိူ့သည် ခေါင်းလှည့်ပြီး သူ့ပခုံးကို သူ့ပါးစပ်နှင့် အားထည့်ပြီး စုပ်လိုက်ကာ သူကိုယ်တိုင်ပင် စုပ်ယူလျက် သဲလွန်စအချို့ကို ထင်ကျန်နေစေသည်။
သူသည် ရုပ်ပုံပါစာအုပ်များကို ဖတ်လေ့ရှိခဲ့သည်။ အတူအိပ်တဲ့အခါမှာ လူတွေ ဒီလိုလုပ်နေကြတာကို သူ မြင်ဖူးတယ်!
ဤသို့တွေးလျက်ဖြင့် ဝေ့လင်းရှိူ့သည် သူ့လက်မောင်းကိုလည်း နောက်ထပ်အကြိမ်အနည်းငယ် စုပ်ယူလိုက်သည်။
ပြီးတော့... ယန်ကျင်းဇီရဲ့ ကျောပေါ်မှာ ဒဏ်ရာနည်းနည်းလောက် သူ ခြစ်ထားသင့်လား?
ပထမဆုံးအကြိမ်ဆိုရင် သွေးအချို့ကို လိုလောက်လား? အိပ်ရာပေါ်မှာ သွေးနည်းနည်းတော့ ရှိသင့်သေးတယ်မလား?
ဤအကြိမ်ဟာ ဤကိစ္စမျိုးကို ဝေ့လင်းရှိူ့ ပထမဆုံး ပြုလုပ်ဖူးခြင်း ဖြစ်သည်။ သူ့နှလုံးသားမှာ ဝရုန်းသုန်းကား ဖြစ်နေပြီး သူ၏ ခြေလက်များက တုန်ယင်နေသည်။ ယန်ကျင်းဇီ၏ အဝတ်အစားများမှာ ဗိုက်ပေါ်တွင် လှဲနေသဖြင့် လတ်တလောတွင် ဆွဲမချနိုင်ရာ သူသည် သူ့ခြေထောက်များပေါ်တွင် သဲလွန်စများကို ဆွဲဆိတ်လိုက်သည်။
အလုပ်ရှုပ်နေစဉ်တွင် ဝေ့လင်းရှိူ့သည် ခုတင်ဘေးစားပွဲပေါ်မှ ကတ်ကြေးတစ်လက်ကို ရုတ်တရက် တွေ့သွားသည်။
၎င်းက ယန်ကျင်းဇီ၏ အဝတ်အစားများကို ဖြတ်တောက်နိုင်ပြီး သွေးအတွက်မူ...
ဝေ့လင်းရှိူ့သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ ကတ်ကြေးကို သုံးလျက် ဖြတ်ရာတစ်ခု ဖြစ်စေပြီးနောက် အိပ်ရာပေါ်တွင် သွေးသုတ်ပစ်ရန် တွေးမိသည်။
သူ လုပ်ခါနီးတွင် ကတ်ကြေးလုယူခံလိုက်ရသည် : “ မလိုအပ်ဘူး... ”
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ ဘာလုပ်တော့မည်ကို ခန့်မှန်းမိပြီး သူသည် ဤအချိန်တွင် ဒေါသလည်း ထွက်မိကာ ပျော်လည်း ပျော်ရွှင်မိသည်။
ဝေ့လင်းရှိူ့ကလည်း သူ့ကို ကြိုက်သည်။ သူ ပျော်၏။ သို့ရာတွင် ဝေ့လင်းရှိူ့က ရူးမိုက်စွာဖြင့် သူ့ကိုယ်သူ နာကျင်အောင် လုပ်ချင်နေသည်။ သူ သဘောမတူပေ။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ?
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယန်ကျင်းဇီက ရုတ်တရက် ထလာသည်... ဝေ့လင်းရှိူ့ အံ့အားသင့်သွားပြီး ယန်ကျင်းဇီကို ကြောင်အစွာ ကြည့်မိသည် : “ မင်း... အရက်မူးမနေဘူးလား? ”
ယန်ကျင်းဇီ အနည်းငယ် ရှက်သွားသည် : “ ငါ အရက်မူးနေသလို ဟန်ဆောင်ခဲ့တာ။ ”
ဝေ့လင်းရှိူ့ : “ ... ” ယန်ကျင်းဇီက အရက်မူးနေသလို ဟန်ဆောင်နေတာ ဆိုရင် အရင်က သူ လုပ်ခဲ့တာတွေ အကုန်လုံးကို ယန်ကျင်းဇီ မြင်သွားပြီမလား?
ဝေ့လင်းရှိူ့သည် ခဏကြာသည်အထိ ဘာလုပ်ရမည်မှန်း မသိတော့ပေ။
ယန်ကျင်းဇီသည် တကယ်ပင် အနည်းငယ် ရှက်နေပြီး သွေးတစ်လှိုင်းက သူ့ခေါင်းထိပ်သို့ တဟုန်ထိုး ပြေးတက်လာ၏ : “ မင်း လုပ်ချင်တာ... တကယ်လား? ”
ဝေ့လင်းရှိူ့က ချက်ချင်း ဖြေသည် : “ အင်း! ”
စကားပြောပြီးနောက် သူသည် ခဏတာ စိတ်အေးသွားကာ အခြားကိစ္စများကို စဉ်းစားမိသည်။
ယန်ကျင်းဇီက အရက်မူးနေသကဲ့သို့ ဟန်ဆောင်နေရုံသာမက သူ့ကိုလည်း နမ်းခဲ့သည်... ယန်ကျင်းဇီက သူ့ကို သဘောကျနေတာလား?
အဲ့လိုဆိုရင်တော့ အရမ်းကောင်းမှာပဲ!
ဝေ့လင်းရှိူ့သည် ခဏတဖြုတ် ဘာမှမတွေးနိုင်တော့ဘဲ ယန်ကျင်းဇီနှင့်သာ နီးစပ်ချင်နေသည်
။ သို့သော် ဤအခိုက်အတန့်တွင် အပြင်ဘက်၌ ကျယ်လောင်သော အသံတစ်သံဟာ ထွက်ပေါ်လာသည်။
သူသာ အထင်မမှားဘူးဆိုရင် သူတို့အခန်းရဲ့ တံခါးက အကန်ခံလိုက်ရတာပဲ!
အံ့ဩဖို့ကောင်းတာကတော့ တစ်ယောက်ယောက်က တံခါးကို ထပ်ကန်လာပြန်ပြီ!