အပိုင်း ၈၁
Viewers 26k

Part 81


ချီကျန်းကျန်း ဝတ္ထုထဲမှ အလွန်အရေးပါသော အပိုင်းကို ရုတ်တရက် တွေးလိုက်မိသည်။  ထိုအခန်းကိုဖတ်ခဲ့ချိန်ကဆို သူမကို အလွန်ဒေါသထွက်ခဲ့ရသည်။ သူမသည် ဝမ်ယွီကို သနားမိပြီး ဝမ်ရိရန်ကို စိတ်ထဲတွင် ပြင်းထန်စွာဆဲလိုက်သည်။


- ငယ်စဉ်က ဝမ်ယွီအတွက် အရေးပါဆုံးသောခွေးကို ဝမ်ရိရန်သည် သူ၏ရှေ့တည့်တည့်တွင် ညှင်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့ဖူးသည်။


ငယ်ရွယ်သေးသော ဝမ်ရိရန်သည် ဝမ်ယွီကို ဒေါသထွက်အောင် လုပ်နည်းကို သိခဲ့သည်။


ငယ်စဉ်ကတည်းက တရားမ၀င်ကလေးအဖြစ် အပြင်မှာ နေထိုင်ခဲ့တာကြောင့် ဖြစ်နိုင်၏။ သူဝမ်အိမ်သို့ ပထမဆုံးရောက်ချိန်ကထဲက သူသည် ဝမ်ယွီကို အလွန်မုန်းတီးကာ နှင်ထုတ်ချင်ခဲ့သည်။


ထိုအချိန်တုန်းက ဝမ်ယွီသည် ဝမ်ရိရန်အား ရူးသွပ်စွာ ထိုး​ကြိတ်ခဲ့သည်။  နောက်ပိုင်းတွင် သူ့ကို ဝမ်ကျင်းစန်သည် ရိုက်နှက်ကာဆုံးမခဲ့ပြီး နေ့ရောညပါ အစာငတ်ခံကာ ပိတ်လှောင်ပြီးမှ လွှတ်ပေးခဲ့သည်။


ဝမ်ကျင်းစန်က အမြန်ဖယ်ရှားပစ်ခိုင်းခဲ့တာကြောင့် သူ့ ခွေး၏အလောင်းကိုပင် မမြင်ခဲ့ရပေ။


ဝမ်ယွီသည် ဤနာကျင်စရာအတွေ့အကြုံကြောင့် ဝမ်မိသားစုကို အလွန်မုန်းတီးခဲ့သည်။


ခွေးမကြိုက်တာ မဟုတ်ဘဲ နည်းနည်း ကြောက်​နေတာဖြစ်မယ်...


ချီကျန်းကျန်း ရုတ်တရက် သဘောပေါက်သွားသည်။


ထို့နောက်တွင်တော့ သူမ၏နှလုံးသားက နာကျင်လာပြီး မျက်လုံးများ တဖြည်းဖြည်းနီလာသည်။


"ဝမ်ယွီ၊ ငါတို့ပဲမွေးကြရအောင်။ သူဘယ်လောက်ချစ်စရာကောင်းလဲ ကြည့်ကြည့်။" သူရင်ထဲမှ နာကျင်မှုကိုသည်းခံရင်း သူမလက်ကို မြှောက်ကာ ခွေးကလေးကို ပွေ့ဖက်လိုက်ပြီး ဝမ်ယွီကို ကြည့်လိုက်သည်။


သူမ အရင်က ခွေးလေးကို အရမ်းမွေးချင်မနေခဲ့ပေ၊ ဒါပေမဲ့ အခုအချိန်မှာတော့ သူမစိတ်ဆုံးဖြတ်လိုက်ပြီး…


ဒီခွေးလေးကို သူမမွေးရမယ်။


ခွေးလေးက သူ့ကံကြမ္မာက ဘယ်သူ့လက်ထဲမှာမှန်း သိပုံရပြီး သနားစရာကောင်းတဲ့ မျက်လုံးရွဲကြီးတွေနဲ့ သူ့ကို ကြည့်နေသည်။


လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​တို့၏ မျက်​လုံးရွဲနှစ်​စုံက သူ့ကို တစ်​ပြိုင်​နက်​ကြည့်​​နေသောကြောင့် ဝမ်ယွီ၏ နှလုံးသားက ချက်ချင်းပင် အရည်ပျော်သွားလေသည်။


သူက ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး "ကောင်းပြီ၊ ဒါဆိုလည်း ဒီမှာပဲထားကြတာပေါ့။"


ချီကျန်းကျန်းက မျက်တောင်ခတ်ပြီး "နင်အစာလာကျွေးကြည့်" 


ဝမျယှီ: "..."


သူ့အမူအရာက အနည်းငယ် ဝန်လေးနေပုံပေါ်ပြီး နှုတ်ခမ်းကိုခပ်ဖွဖွ ကိုက်ထားသည်။


ချီကျန်းကျန်းက ဘာမှပြန်မပြောဘဲ သူ မငြင်းနိုင်လောက်သော မျက်လုံးများဖြင့်သာ သူ့ကိုသာ ကြည့်နေခဲ့သည်။


ဝမ်ယွီသည် သက်ပြင်းချကာ လျှောက်သွားပြီး ချီကျန်းကျန်း ရှေ့မှာ ထိုင်ချလိုက်သည်။


ထို့နောက် သူမ ဘေးတွင်ချထားသော နို့ဘူးကို ယူပြီး ကိုးရိုးကားရားဖြစ်နေသော်လည်း ခွေးလေးကို ဂရုတစိုက်ဖြင့် ကျွေးလိုက်သည်။


ခွေးလေးက ချက်ချင်းပင် သောက်လိုက်ပြီး သူ့အမြီးက ပိုလို့တောင် ပျော်ရွှင်စွာ လေထဲတွင် ယမ်းခါနေသည်။


တဖြည်းဖြည်းနှင့် ဝမ်ယွီ၏ မျက်မှောင်ကြုတ်ခြင်းက ပြေလျော့လာကာ အာရုံစူးစိုက်နေခဲ့သည်။


ခွေးလေးသည်လည်း ဖြည်းဖြည်းချင်း စားနေသည်။


ခွေးကိုကိုင်ထားတဲ့ ချီကျန်းကျန်းက ထိုမြင်ကွင်းကြောင့် နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ဖြည်းညှင်းစွာပေါ်လာတယ်။


ခဏအကြာတွင် သူမက တိုးတိုးလေးပြောလိုက်သည်။


"ဝမ်ယွီ၊ သူ့ကိုနာမည်ပေးကြရအောင်။ ကျွန်မ ခွေးလေး အသက်ကြီးလာတဲ့အထိ ပျော်ရွှင်အောင် မွေးကြမယ်လေ။"


ထို့ကြောင့် အရာအားလုံးသည် ကွာခြားသွားခဲ့ပြီ။ ဒီခွေးလေးကို သူမတို့မွေးရင် ဘယ်သူမှ အနိုင်ကျင့်လို့ရမည်မဟုတ်ပေ။


ဝမ်ယွီ၏ မျက်ဝန်းများက တုံ့ဆိုင်းသွားကာ ချီကျန်းကျန်းကို ရုတ်တရက်ကြည့်လိုက်သည်။


ချီကျန်းကျန်း၏ အကြည့်သည် သူ့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူမ၏ မျက်လုံးဝိုင်းဝိုင်းများသည် ရိုးသားမှုအပြည့်ရှိနေသည်။


"ဝုတ်" ခွေးကလေးက သူ့ကို ဟောင်လိုက်သည်။


ဝမ်ယွီက လန့်သွားတာ​ကြောင့် လက်ကို ​နောက်ဆုတ်မိလိုက်ရာ ခွေးလေး၏ ပါးစပ်ထဲမှ နို့ဘူးကပြန်ထွက်လာသည်။


ချီကျန်းကျန်းက မျက်လွှာချကာ ခွေးလေးကို ချော့ပြီး "လိမ္မာနော်၊ ဖြည်းဖြည်းစား။ မင်းက အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မသိ​တော့ ဘာကျွေးရမလဲမသိဘူး။ နွားနို့အရင်သောက်နှင့်၊ မနက်ဖြန် ဆေးရုံမှာ သွားစစ်ပြီးရင် မင်းကို ပိုကောင်းတဲ့အစားအစာတွေ ကျွေးမယ်။ ငါတို့သေချာပေါက် မင်းကိုသန်မာအောင် ပျိုးထောင်ပေးမယ်နော်။"


သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အချိန်အတော်ကြာအောင် စကားသံသည်ထွက်မလာကာ တစ်စုံတစ်ခုကို သွန်ချ​နေသလိုမျိုး သူ့နှလုံးသားက ချဉ်ပြီး ပျော့ပျောင်းနေသလို ခံစားနေရပြီး နှာခေါင်းသည်လည်း ယားယံနေသည်။


ချီကျန်းကျန်း....


တိုက်ဆိုင်တာလား။


သူသည် သူ့ရှေ့က အမျိုးသမီးကို ပွေ့ဖက်ချင်တာကြောင့် လက်ကို မြှောက်လိုက်သည်။


ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့လက်က ခွေးလေးရဲ့ဦးခေါင်းပေါ်သာ ကျသွားပြီး နူးနူးညံ့ညံ့လေး ပုတ်လိုက်ကာ "သူ့ကို လျိုကျု့လို့ ခေါ်ရအောင်" လို့ ပြောပါတယ်။  (T/N: 留住 liúzhùဆိုတာက စောင့်ရှောက်ပေးတာပါတဲ့။)


သူ့အပိုင်သာ ဖြစ်​စေချင်သည့်အရာတစ်ခုမှမရှိခဲ့ပေမယ့် ချီကျန်းကျန်းနဲ့တွေ့ပြီးနောက်မှာတော့ ရှိလာခဲ့ပါပြီ။


ချီကျန်းကျန်း၏ဖြစ်တည်မှုသည် ကောင်းကင်မှ ပေးသော အကောင်းဆုံးလက်ဆောင်တစ်ခုနှင့်တူသည်။  သူမက သူ့ကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်ပေးသည်။  သူမသည် သူမှာလည်း နှလုံးသားရှိပြီး ဒီကမ္ဘာကြီးထဲနှင့်သက်ဆိုင်နေကြောင်း ခံစားရစေခဲ့သည်။


သူမသည် သူ၏ အထီးကျန်မှုကိုပျောက်​အောင်လုပ်ပေးပြီး  သူ၏ အေးစက်သော နှလုံးသားကိုလည်း နွေးထွေးအောင်လုပ်ပေးသည်။


လုံလောက်ရုံသာ မျှော်လင့်ခဲ့သော်လည်း သူမသည် သူ့နှလုံးသားကို စဉ်းစားထားသည်ထပ် ပိုနွေးထွေးစေခဲ့သည်။


သူ​ပြန်မမှတ်မိချင်တော့သည် ဟိုးအရင်အိမ်မက်ဆိုးများမှ စိတ်ပျက်အားငယ်မှုများနှင့် ကြောက်ရွံ့မှုများကို သူမက ညင်သာစွာ တဖြည်းဖြည်းချင်း ကုစားပေးနေသည်။


ချီကျန်းကျန်းက တောက်ပစွာ ရယ်လိုက်ပြီး "လျိုကျု့? ဝမ်ယွီ၊ နင်နာမည်လဲမပေးတတ်ဘူး။"


သူမသည် ခွေးကလေးကို ထပ်မံငုံ့ကြည့်ပြီး မညှာမတာ လှောင်ပြောင်ကာ "လျိုကျု့၊ မင်းနာမည်က လျိုကျု့တဲ့။ ငါမင်းကို အဲဒီနာမည်ကို ပေးတာမဟုတ်ဘူးနော်။ နောက်ကျ တခြားခွေးတွေ မင်းကို လှောင်ကြရင် မင်းကိုနာမည်ပေးတဲ့သူကို အပြစ်တင်။"


ဒါကိုကြားတော့ ဝမ်ယွီက ​ပြုံးရင်း လျိူကျု့ကို ကြည့်လိုက်ပြီး ချီကျန်းကျန်းကို ထပ်ပြီး ကြည့်လိုက်ကာ မျက်လုံးမခွာတော့ပေ။


နောက်တစ်နေ့၌


သူမတို့ အိမ်ရာထဲကို လှည့်ပတ်ပြီး ခွေးလေခွေးလွင့်ဆိုတာ သေချာအောင် လိုက်လံမေးမြန်းခဲ့သည်။


CCTVကင်မရာများကိုကြည့်သောအခါ သူသည် သေးငယ်သော ခွေးတိုးပေါက်လေးမှ ခိုးဝင်ခဲ့ကြောင်း မြင်ခဲ့ရသည်။ ဒီအိမ်ရာတွင် နေထိုင်သူ အများအပြားမရှိသည့်အပြင် အမှိုက်များကိုလည်း အလွန်သန့်ရှင်းစွာ ရှင်းလင်းထားတာကြောင့် အမှိုက်မရှိခဲ့ပေ။ ထို့ကြောင့် ခွေးလေးက နှစ်ရက်နီးပါး အစားမစားခဲ့ရပေ။


မနေ့ညက မိုးရွာခါနီတွင် လေပြင်းများတိုက်​နေခဲ့တာကြောင့် မြက်ခင်းထဲမှာ ပုန်းနေချိန် သူမတို့တွေ့ကာ ခေါ်ခဲ့ခြင်းဖြစ်သည်။


လျိုကျု့သည် ခွေးလေခွေးလွင့်ဖြစ်ကြောင်း သေချာစေပြီးနောက် ဝမ်ယွီနှင့် ချီကျန်းကျန်းတို့က တိရစ္ဆာန်ဆေးကုဆရာဝန်ဆီသို့ အတူတူ ခေါ်ဆောင်သွားလိုက်​သည်။


"ကျွန်တော့်ဆီ လျိုကျု့ကိုပေးပါ။" ငယ်ရွယ်သော တိရစ္ဆာန်ဆေးကုဆရာဝန်က လက်လှမ်းလိုက်သည်။


"ဝု~" လျိုကျု့က တိုးတိုးလေးအော်ကာ ချီကျန်းကျန်းဆီသို့ ခန္ဓာကိုယ်ကိုပစ်ဝင်လိုက်သည်။


"လိမ္မာနော်၊ မကြောက်နဲ့။ မင်းကိုသန့်ရှင်းအောင်လုပ်ပေးပြီ ခန္ဓာကိုယ်ကိုစစ်ပေးမှာ။" ချီကျန်းကျန်း ချော့​​​မြှူလိုက်သည်။


"ဝုတ် ဝုတ် ဝုတ်" လျိုကျု့သည် တုံ့ဆိုင်းနေဆဲဖြစ်ပြီး အနည်းငယ်ကြောက်လန့်နေခဲ့သည်။


ဆရာဝန်က သူ့လက်ကို ထပ်ပြီး ဆန့်ထုတ်လိုက်ချိန်တွင် ရုတ်တရက် ဟောင်လိုက်၏"ဝုတ်"


အသံကမွေးခါစဖြစ်တာကြောင့် အားပျော့နေပြီး လုံးဝကြောက်စရာမကောင်းချေ။


ချီကျန်းကျန်း၏ မျက်နှာတွင် ကူကယ်ရာမဲ့မှုများ အထင်းသားပေါ်နေတော့သည်။


ဝမ်ယွီ ခဏစဉ်းစားပြီးနောက် သူ့လက်ကိုဆန့်ထုတိလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ လျိုကျု့သည် တုံ့ဆိုင်းနေသေးသော်လည်း ချီကျန်းကျန်း ဝမ်ယွီကိုလွှဲပေးလိုက်ချိန်တွင် ရုန်းကန်ခြင်းမရှိခဲ့ပေ။


ဝမ်ယွီက ဆရာဝန်ကို လှမ်းကြည့်ပြီး "ကျွန်တော်ပဲ ကိုင်ပေးထားလိုက်မယ်။" သူ၏မျက်နှာသည် အမူအရာကင်းမဲ့နေသည်။


ချီကျန်းကျန်း : "…"


ဆရာဝန်ကလည်း ကူကယ်ရာမဲ့နေပြီး ခွေး၏ခေါင်းလေးကို သာသာလေးခေါက်ကာ  "မင်းအဖေနဲ့အမေက ဒီမှာရှိနေတာပဲကို ဘာကိုကြောက်နေတာလဲ။"


အမေနဲ့အဖေ...


ချီကျန်းကျန်းနှင့် ဝမ်ယွီတို့ ထိတ်လန့်သွားပြီး မသိစိတ်မှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရာ မျက်လုံးချင်းဆုံသွားခဲ့ကြသည်။


xxxxx