⛰️Chapter 26
:သုံးပွင့်ဆိုင်။
သူ မတွေးမိသည်မှာ ဒီလိုမနက်ခင်းကြီး၌ ဘယ်သူကများအစာကြေအောင်လမ်းလျှောက်မှာတဲ့လဲ။
လုဟယ်နျန်က ကျန်းချုံမင်ကိုတစ်ချက်ကြည့်လိုက်ကာ စားပွဲကိုခေါက်ရင်း သူ့ဘာသာရေရွတ်လိုက်သည်။ထို့နောက် မမျှော်လင့်ထားစွာဖြင့် သူကခေါင်းငြိမ့်ကာပြန်ဖြေလိုက်လေသည်။
“ကောင်းသားဘဲ အနားတဝိုက်ကshopping mallဆီသွားကြတာပေါ့”
ကျန်းချုံမင်ကအံ့ဩသွားသည်။လုဟယ်နျန်ကဒီလိုပြန်ဖြေလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ထို့နောက်လုဟယ်နျန်က သူ့ကိုတစ်ချက်ကြည့်လာသည်ကိုမြင်လိုက်ရ၏။ချက်ချင်းပင် သဘောပေါက်သွားမှုက သူ့ကိုရိုက်ခတ်လာသည်။
အဲ့ဒီအကြည့်က နားလည်တတ်တယ်လို့ချီးကျူးနေတာ၊ ဒါရိုက်တာကသူ့ကိုချီးကျူးနေတာဘဲ။
ဤအတွေးဖြင့် ကျန်းချုံမင်ကပိုလို့တောင်စိတ်အားတက်ကြွလာခဲ့သည်။သူကပြုံးကာပြောလိုက်သည်။
“ရှော့ပင်းမောအသစ်ရှန်ဟိုင်းပလာဇာက ဒီတလောကမှဆောက်လုပ်ရေးပြီးသွားတာ အရမ်းလည်းမဝေးဘူး ကျွန်တော်တို့အဲ့ဒီကိုသွားကြမလား မစ်ယွင် အဆင်ပြေလား”
ယွင်ရုန် စိတ်သောကရောက်လာလေသည်။ဒီမောလ်ထဲလမ်းတစ်ပတ်လျှောက်မယ်ဆိုတာကဘာကြီးလဲ။အခုချိန်မှာ သူမကအလုပ်ကိုဘဲမြန်မြန်စလုပ်ချင်နေပြီ။သူမရဲ့တန့်ချိုးတောင်ကြီးက သူမပိုက်ဆံယူပြီးပြန်လာမှာကိုစောင့်နေတုန်းပဲ။
သို့သော် လုဟယ်နျန်ကခေါင်းငြိမ့်လိုက်ပြီဖြစ်ရာ သူမကဘာမှမပြောနိုင်တော့ပေ။ အဆုံးတွင်သူက သူမ၏ဘော့စ်ဖြစ်နေသဖြင့် သူမအလုပ်အတွက်သူ့ကိုမှီခိုနေရဦးမှာဖြစ်သည်။
ယွင်ရုန်က စိတ်ရှုပ်နေချိန်တွင် ကျန်းချုံမင်ကထပ်ပြောလာ၏။
“ပင်ပန်းလာရင် ဘေးမှာ DAကိတ်ဆိုင်တစ်ဆိုင်လည်းရှိတယ် ပါဝင်ပစ္စည်းအားလုံးကို ဩစတေးလျကတင်သွင်းထားတာတဲ့၊ ကိတ်အားလုံးက လက်လုပ်တွေချည်းဘဲ မစ်ယွင်ကသေချာပေါက် စားရတာကြိုက်လိမ့်မယ်”
“ကိတ်လား”
ယွင်ရုန်က စိတ်လွင့်သွားသည်။ကိတ်ကဘယ်လိုအရာမျိုးဆိုသည်ကို သူမ မသိပေ။
“အဲ့ဒါကအရမ်းအရသာရှိတာလား”
ဒီနေ့စားလိုက်တဲ့ဒင်ဆမ်းနဲ့ယှဉ်လိုက်ရင်တောင် ပိုအရသာရှိတာလား။
“အရသာရှိတာပေါ့ဗျ”
ကျန်းချုံမင်၏ကောင်မလေး လော့ရှောင်ယာက ဒီမိသားစုလိုက်ဦးစီးသည့်ကိတ်ဆိုင်တွင်စားရသည်ကို သဘောကျ၏။အချိန်တိုင်းတွင် သူမကတစ်ရက်ကြိုပြီး ဘိုကင်တင်ရလေသည်။ကိတ်ဆိုင်က တစ်နေ့လျှင် ကိတ်အလုံးသုံးဆယ်သာလုပ်၏။ဘိုကင်များက လဝက်စာလောက်ထိတောင်ပြည့်နေပြီဟုသူကြားမိသည်။
သို့သော် ဒါရိုက်တာက ရှန်ဟိုင်းပလာဇာတွင်လည်း ရှယ်ယာဝင်တစ်ယောက်ဖြစ်သည်။ရှယ်ယာရှင်တစ်ယောက်အနေဖြင့် အခွင့်ထူးနည်းနည်းလိုချင်သည်က ဘာပြသနာမှရှိမည်မဟုတ်ပေ။
ကျန်းချုံမင်က အတွင်းရေးမှူးများ ဂရုချက်တွင် ကုမ္ပဏီမှအတွင်းအရေးမှူးများအား ကိတ်မှာရန် တိတ်တဆိတ်စာပို့လိုက်သည်။
ကျန်းချုံမင် :(ရှန်ဟိုင်းပလာဇာ၊ DAကိတ်ဆိုင်ကနေ ကိတ်နည်းနည်းမှာပေးဖို့ ဘယ်သူအချိန်ရှိလဲ တစ်နာရီအတွင်းလုပ်ပြီးမှဖြစ်မယ်)
အတွင်းရေးမှူး 1:(DAကနေ ကိတ်မှာဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုမင်းသိရဲ့လား ကိတ်တစ်လုံးထက်ပိုပြီးတောင်မှာချင်နေသေးတယ် အိပ်မက်မက်နေတာလား )
အတွင်းရေးမှူး 2:(ကျန်းချုံမင် မင်းဒါရိုက်တာနဲ့အတူအပြင်လိုက်သွားတာမဟုတ်ဘူးလား ဘာကိုကိတ်မှာမှာလဲ ဒါရိုက်တာကတစ်ခါမှကိတ်မုန့်မစားဖူးဘူး )
အတွင်းရေးမှူး 3:(မင်းရာထူးကိုသုံးပြီး ကိုယ်ရေးကိုယ်တာကိစ္စအတွက်လုပ်နေတာတော့မဟုတ်လောက်ပါဘူးနော် ကျန်းချုံမင် ဝန်ခံလိုက်စမ်းပါ မင်းကိတ်တွေနဲ့ မင်းကောင်မလေးကိုမျက်နှာချိုသွေးဖို့လုပ်နေတာမလား)
……
ကျန်းချုံမင်:(ငါကအဲ့လိုလူမျိုးဟုတ်လို့လား ငါပြောပြမယ် ဒီကိစ္စက ငါတို့ဒါရိုက်တာရဲ့တစ်သက်တာပျော်ရွှင်မှုနဲ့သက်ဆိုင်နေတာနော် အဲ့ဒါကိုမင်းတို့ကဒီမှာပေါက်ကရပြောနေသေးတယ် ဒါရိုက်တာရုံးကိုပြန်ရောက်တာနဲ့ မင်းတို့ကိုအခွံနွှာပစ်မှာကို သတိထားကြ)
အတွင်းရေးမှူး 2:(ချီးးတစ်သက်တာပျော်ရွှင်မှုတဲ့လား နှစ်သောင်းချီနေတဲ့အပင်ကြီးက နောက်ဆုံးတော့ပွင့်ဖူးလာတော့မှာလား)
ကျန်းချုံမင် :(အဲ့လိုဖြစ်ဖို့သိပ်မကြာတော့ဘူးလို့ ငါခံစားမိနေတယ်)
အတွင်းရေးမှူး1:(မြန်မြန်အော်ဒါတင်လိုက် လူတွေပုံမှန်သဘောကျတတ်တဲ့အရသာအားလုံးကိုအော်ဒါတင်လိုက် [စိတ်အားထက်သန်နေသောဘဲ jpg] )
ချက်ချင်းပင်ယွင်ရုန်ကစိတ်ပါသွားသည်။ နာမည်ကိုကြားလိုက်ရုံဖြင့်တင် ၎င်းက ဒင်ဆမ်းထက်ပိုပြီးအရသာရှိမည်ဖြစ်ကြောင်းသိသာနေ၏။အခုချိန်မှာအလုပ်ကအဲ့လောက်လည်းအရေးမကြီးသေးပါဘူးလေ။
သူမကခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုသွားကြတာပေါ့”
လူသုံးယောက်က ကားထဲဝင်သွားပြီးနောက် ရှန်ဟိုင်းပလာဇာဆီသို့အလွန်လျင်မြန်စွာရောက်လာခဲ့ကြသည်။ကျန်းချုံမင်က ဒီကိုကောင်မလေးနှင့်လာဖူးသဖြင့် ဘယ်အလွှာက အမျိုးသမီးများအတွက်ဖြစ်ကြောင်း သေချာသိ၏။လုဟယ်နျန်နှင့် ယွင်ရုန်တို့ကမကြာခင်မှာပင် အဆင့်တန်းမြင့်အမျိုးသမီးအဝတ်အစားရောင်းချရာသို့ရောက်လာခဲ့ကြသည်။ဤအလွှာမှ အဝတ်အစားများသည် ပြည်တွင်းဖြစ်နှင့် နိုင်ငံတကာဇိမ်ခံပစ္စည်းများဖြစ်ကာ အကန့်အသတ်ထုတ်ကုန်ဖြစ်သည့် အမျိုးသမီးဝတ်နှင့်အိတ်များလည်းရှိပေသည်။
ယွင်ရုန်က ဘယ်ညာကိုလျှောက်ကြည့်လိုက်သည်။နောက်ဆုံးတွင် သူမကိုကျင်းဟုန်မိန်တွေ့ခဲ့စဉ်က သူမဝတ်ထားသည်များမှာ ခေတ်နောက်ကျနေပြီဟုပြောခဲ့သည့်အကြောင်းရင်းကို သဘောပေါက်သွားလေသည်။ဒီအဝတ်အစားများသည် အသိအသာပင် ဝူစုန့်ယာ၏အဝတ်အစားများထက်ပိုကောင်းလေသည်။
ယွင်ရုန်က တလက်လက်တောက်နေသော အဝတ်အစားတန်းကြီးကိုကြည့်ကာ သူမရင်ထဲတွင်ပြောလိုက်မိသည်။
ငါကျိုးမင်းဆက်က အဝတ်အစားတွေထုတ်မဝတ်မိတာ တော်သေးတာပေါ့၊မဟုတ်လို့ကတော့ လူသားတွေဆီကနေ သေလောက်အောင်အရယ်ခံရမှာဘဲ။
“မစ် ဒီအတန်းကအဝတ်တွေက မူရင်းတွေဖြစ်ပြီး နောက်ဆုံးထွက်ထားတာပါ၊ ဒါတွေအားလုံးက မစ်ရဲ့ပုံစံနဲ့တကယ်ကိုသင့်တော်ပါတယ် အရင်ဆုံးစမ်းဝတ်ကြည့်မလားရှင့်”
သူတို့သုံးယောက်က ဆိုင်ထဲဝင်လာသောအခါ အရောင်းဝန်ထမ်း၏အကြည့်များက ချက်ချင်းဆိုသလိုတောက်ပသွားသည်။ဇိမ်ခံပစ္စည်းဆိုင်တွင်အလုပ်လုပ်နေသဖြင့် သူမတွင်လူများကိုကြည့်တတ်သည့်မျက်လုံးရှိနေပြီဖြစ်သည်။လူနှစ်ယောက်၏အဝတ်အစားများသည် ဘရန်းနာမည်ကိုမတွေ့ရသော်လည်း ယောက်ျားလေး၏လက်မှနာရီသည် အကန့်အသတ်နှင့်ထုတ်ကုန်ဖြစ်၏။တစ်လုံးလျှင် 10မီလီယမ်လောက်တန်ဖိုးရှိသည်။ဒီလူများအားလုံးက ချမ်းသာသောသူများပင်။
ရလဒ်အနေဖြင့် ယွင်ရုန်အထဲဝင်လာသောအခါ အရောင်းဝန်ထမ်းကချက်ချင်းရောက်လာပြီး စိတ်အားထက်သန်စွာဝန်ဆောင်မှုပေးလာ၏။သူမမျက်နှာပေါ်မှအပြုံးက သကြားလုံးလိုချိုမြိန်နေပေသည်။
“ကျွန်မအဝတ်အစားမဝယ်တော့ဘူး”
ယွင်ရုန်က လက်ခါပြကာ ပြန်ဖြေလိုက်သည်။သူမက အနောက်မှလုဟယ်နျန်ကိုတစ်ချက်လှမ်းကြည့်ကာ ထူးဆန်းသွားလေသည်။အသိအသာကြီးကို သူပဲဒီကိုလာချင်တာလေ၊ ဘာလို့ဘာမှမပြောတာလဲ။
လုဟယ်နျန်က အမျိုးသမီးအဝတ်အစားဆိုင်သို့ တစ်ခါမှမလာဖူးပေ။သူကတံခါးနားတွင်သာရပ်နေပြီး အထဲမဝင်လာဘဲ သူ့မျက်နှာပေါ်တွင် နေရခက်နေကြောင်းဖော်ပြနေ၏။ယွင်ရုန် လှမ်းကြည့်လာသည်ကိုမြင်သောအခါ သူကခေါင်းအသာငြိမ့်ပြပြီး ပြောလိုက်သည်။
“စမ်းဝတ်ကြည့်လိုက်ပါ”
“မလိုပါဘူး ကျွန်မမှာဝတ်စရာမပြတ်လပ်ဘူး”
ယွင်ရုန်က သူမဝတ်ချင်သည်များကို တိုက်ရိုက်ဖန်ဆင်းနိုင်ရာ ဝယ်စရာမလိုပေ။
ကျေးလက်မှ မြို့ပေါ်ကိုရောက်လာသည်အထိ သူမဆီတွင် အိတ်တစ်လုံးတောင်ပါမလာခဲ့ပေ။ဘယ်လိုလုပ်ပြီး ဝတ်စရာရှိမှာလဲ။လုဟယ်နျန်ကမျက်မှောင်ကြုတ်ကာ ယွင်ရုန်က ရှက်နေသဖြင့်သန်မာယောင်ဆောင်နေသည်ဟုတွေးမိပြီး သူ့ရင်ထဲတွင်မအီမသာဖြစ်သွားသည်။
ကျန်းချုံမင်က ဒါရိုက်တာ၏အကြည့်ကိုသတိထားမိသောအခါ ချက်ချင်းပင်ဒါရိုက်တာတွေးနေသည်များကို သဘောပေါက်သွား၏။
ကျွတ် အရမ်းနုသေးတာဘဲ မိန်းကလေးတွေနဲ့ဆိုရင် ပါးစပ်ကပြောတာတွေက ရင်ထဲကစကားတွေမဟုတ်ဘူးလေ။တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒါရိုက်တာကတစ်ခါမှမိန်းကလေးတွေနဲ့ မဆက်ဆံဖူးဘူးဆိုတာသိသာတယ်။မိန်းကလေးတွေကသူတို့ခံစားချက်တွေနဲ့ ဆန့်ကျင်ဘက်ပြောရတာကိုသဘောကျတယ်ဆိုတာကို မသိရှာဘူး။
သူကလျင်မြန်စွာဝင်ပြောလိုက်သည်။
“မစ်ယွင် ကြိုက်တာနည်းနည်းလောက်ရွေးလိုက်ပါ အဲ့ဒါကိုကျွန်တော်တို့ကုမ္ပဏီရဲ့ ဝန်ထမ်းဝတ်စုံလို့ပဲသဘောထားလိုက်ပေါ့”
“ဝန်ထမ်းဝတ်စုံလား”
ယွင်ရုန် ကလပ်တွင်ရှိခဲ့ချိန်က ကျင်းဟုန်မိန်ကလည်း သူမကိုအလုပ်လုပ်ရာတွင်ဝတ်ရန်အတွက် ယုန်ဝတ်စုံကိုပေးခဲ့ပေသည်။သူမက အခြားအလုပ်နေရာများကလည်း အလုပ်ဝတ်စုံပေးလားဆိုသည်ကို ဆက်မတွေးနေတော့ဘဲ ခေါင်းငြိမ့်ကာ ဝတ်စုံတစ်ချို့ကိုစရွေးလိုက်သည်။
သူမဘေးမှအရောင်းဝန်ထမ်း အံ့အားသင့်နေ၏။အခုဆို မိန်းကလေးတစ်ယောက်ကို ဒီလိုပုံစံနဲ့လိုက်နေကြပြီလား။ဘယ်လိုကုမ္ပဏီကများ 10,000ကျော်တဲ့အဝတ်အစားကို အလုပ်ဝတ်စုံလုပ်ပေးမှာလဲ။သူမအလုပ်ပြောင်းဖို့များ အရမ်းနောက်ကျနေပြီလား။
ရယ်စရာများကိုဘေးဖယ်ကာ အရောင်းဝန်ထမ်းက လုဟယ်နျန်ကိုကြည့်လိုက်ပြီးနောက် သူမ၏ဝန်ဆောင်မှုက ပိုလို့တောင်ယဉ်ကျေးလာခဲ့သည်။
ဝန်ထမ်း၏အကြံပြုမှုဖြင့် ယွင်ရုန်က အဝတ်စားနှစ်စုံကိုယူကာ အဝတ်လဲခန်းထဲသို့ဝင်သွားလိုက်သည်။လူသားတွေရဲ့အဝတ်က တကယ်ကိုဒုက္ခများတာဘဲ။သူမအတွက် စကပ်ဝတ်ရန်မှာမလွယ်ပေ။သူမက ခါးပတ်ပတ်နေရင်းဖြင့် အသက်ရှူလိုက်သောအခါ ကလူကျီစယ်ပြီး ရွံစရာကောင်းသောအနံ့ကိုရလာသည်။
အဝတ်လဲခန်းအပြင်ဘက်တွင် လုဟယ်နျန်က ဆိုင်အဝင်၌ အလှဆင်ပစ္စည်းလိုရပ်နေပြီး ကြည့်ရသည်မှာမျက်စိအေးစေ၏။ရှော့ပင်းထွက်လာသောအမျိုးသမီးများသည် ဆက်တိုက်သလိုလှမ်းကြည့်နေကြ၏။သတ္တိကောင်းသောသူတစ်ချို့က တိုက်ရိုက်ပင်ဆိုင်ထဲသို့ဝင်လာကြသည်။သူတို့ကအဝတ်ရွေးဟန်ဆောင်ရင်း လုဟယ်နျန်ကိုခိုးကြည့်နေကြသည်။
လုဟယ်နျန်က ထိုလူများ၏အကြည့်ကိုခံစားမိသောအခါ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် နှုတ်ခမ်းစေ့လိုက်သည်။ထို့နောက်သူက ခုနကအရောင်းဝန်ထမ်းအကြံပြုထားသည့် နောက်ဆုံးပေါ်အဝတ်အစားတန်းကို ညွှန်ပြကာပြောလိုက်သည်။
“ဒီတန်းထဲက အဝတ်တွေအကုန်ထုပ်ပေးပါ”
ကျန်းချုံမင် ချက်ချင်းပင်ငွေရှင်းကောင်တာ၌ ငွေပေးချေလိုက်သည်။အရောင်းဝန်ထမ်းက ရူးမတတ်ပျော်ရွှင်နေ၏။ ဤအဝတ်တန်းတွင် မော်ဒယ်အသစ်အဝတ်အစားများ ဒါဇင်နှင့်ချီရှိရာ စုစုပေါင်း 3မီလီယမ်လောက်ကုန်ကျ၏။ထိုအဝတ်အစားများအားလုံးက ရောင်းထွက်သွားလေသည်။ဒါတွေအားလုံးဆို ကော်မရှင်ခက ဘယ်လောက်တောင်လဲ။သူမက လုဟယ်နျန်ကိုမျက်လုံးတောက်တောက်များဖြင့် ကြည့်လိုက်မိသည်။
ထိုအချိန်တွင် နေကာမျက်မှန်ဝတ်ထားပြီး ဆက်စီကျကာ တစ်ကိုယ်လုံးတွင်ဘရန်းပစ္စည်းများဆင်ထားသည့် ခပ်ဟော့ဟော့အမျိုးသမီးတစ်ဦးက ဤဆိုင်၏မျက်နှာချင်းဆိုင် ဆိုင်ထဲ၌ရှိနေလေသည်။သူမက 10cmမြင့်သည့်ဒေါက်ဖိနပ်ဖြင့် ဆိုင်ထဲမှထွက်လာသောအခါ တစ်ဖက်ဆိုင်အဝင်နားတွင်ရပ်နေသည့် လုဟယ်နျန်ကိုမြင်သွားလေသည်။
ပီကေဝါးနေသော သူမပါးစပ်ကခနတန့်သွားပြီး အလိုလိုမျက်မှန်ကိုလျှောချကာ ကြည့်လိုက်မိသည်။ဟူချင်းမိန်က ပြုံးလိုက်မိသည်။
ဒီတိုင်းဈေးဝယ်ထွက်လိုက်တာ အရည်အသွေးမြင့်ယောက်ျားတစ်ယောက်ကိုကြုံရမယ်လို့မထင်ထားဘူး။
ဒီယောက်ျား၏အရှိန်အဝါက လုံလောက်ကာ အဝေးတွင်ရပ်နေရုံဖြင့်တင် မျက်လုံးထဲတလက်လက်တောက်နေ၏။သူမသာ တစ်လုတ်လောက်စုပ်ယူလိုက်နိုင်ပါက သာမာန်ပစ္စည်းများထက်စာလျှင် ဆယ်ဆလောက်ပိုအသုံးဝင်လိမ့်မည်။
ဟူချင်းမိန်က နှုတ်ခမ်းသပ်လိုက်ကာ ရင်ထဲတွင်နေမထိထိုင်မထိဖြစ်လာလေသည်။အခုတလောတွင် အထူးရုံးမှသူများမှာ ဘာကြောင့်မှန်းမသိ စောင့်ကြည့်ရာတွင်အထူးတင်းကြပ်လာကြ၏။သူမအတွက် ယောက်ျားလေးများ၏စွမ်းအင်ကိုနောက်ဆုံးစုပ်ယူခဲ့ရသည်မှာ လအနည်းငယ်ကြာသွားပြီဖြစ်သည်။
ဟူချင်းမိန်က သူမ၏လှပပြီးညှို့ယူနိုင်စွမ်းရှိသောမျက်နှာကိုထိလိုက်ရာ မျက်နှာကအတော်လေးကြမ်းတမ်းလာသည်ဟုခံစားလိုက်ရသည်။
ဟူချင်းမိန်က အံကြိတ်လိုက်ကာ တင်ပါးကိုလွှဲပြီးလုဟယ်နျန်ဆီလျှောက်သွားသည်။သူမက သူ့ကိုတိုက်ရိုက်ဝင်လုံးရန်မစီစဉ်ထားဘဲ သူ့ဘေးမှသာဖြတ်သွားလိုက်သည်။သူမဖြတ်သွားသောနေရာတွင် ချိုအီသောရနံ့တစ်ခုကစွဲကျန်ခဲ့လေသည်။
ဟူချင်းမိန်က ဆိုင်ထဲဝင်ပြီးနောက် မေးကိုမော်ကာ အရောင်းဝန်ထမ်းကိုပြောလိုက်သည်။
“ဒီအတန်းက အဝတ်တွေအကုန်ငါလိုချင်တယ် ထုပ်ပေးပါ”
အရောင်းဝန်ထမ်းက ကြောင်အစွာကြည့်လိုက်သည်။သူမက တစ်ခဏအတွင်းတွင် ဝယ်သူကြီးနှစ်ယောက်ရောက်လာမည်ကို မမျှော်လင့်ထားခဲ့ပေ။သို့သော် ဒီရာသီ၏နောက်ဆုံးပေါ်ဒီဇိုင်းများက နာမည်ကြီး၏။ဆိုင်တွင်ကျန်သည်ဟူ၍ ထိုတန်းပေါ်မှအဝတ်အစားများသာဖြစ်သည်။သူမကအားနာသည့်ပုံစံဖြင့်ပြန်ဖြေလိုက်သည်။
“ဝယ်သူရှင့် ကျွန်မတောင်းပန်ပါတယ် အဲ့ဒီတန်းကအဝတ်တွေအားလုံးကို ဟိုလူကြီးမင်းကယူထားပြီးပါပြီ သူကပိုက်ဆံရှင်းပြီးသားပါ”
ဟူချင်းမိန်၏မျက်နှာကတောင့်တင်းသွားကာ သူမကသိပ်မပျော်တော့ပေ။သို့သော် သူမ လုဟယ်နျန်ဘက်လှည့်လိုက်သောအခါ မျက်နှာပေါ်တွင်အပြုံးတစ်ခုဆင်ထားပြီးသားဖြစ်သည်။သူမက လုဟယ်နျန်ဆီသို့ဖြေးဖြေးချင်းလျှောက်လာပြီး သူမ၏လက်ချောင်းသွယ်သွယ်များဖြင့် ရင်ဘတ်ကိုအုပ်ကာ ပျားရည်လိုချိုမြိန်သောအသံဖြင့်ပြောလာ၏။
“ဒီကလူကြီးမင်း ကျွန်မကိုအဝတ်အစားတစ်ချို့ ဝယ်ခွင့်ပေးပါလား ကျွန်မက ဒီရာသီရဲ့နောက်ဆုံးပေါ်ဒီဇိုင်းကိုတကယ်ကြိုက်လို့ပါ”
“ထွက်သွား”
ရွံရှာမှုအစိုင်အခဲကြီးက လုဟယ်နျန်၏ရင်ထဲတွင်ပြည့်နှက်လာ၏။သူ မျက်မှောင်ကြုတ်ကာ သူမကို မာဆတ်ဆတ်ဖြင့် အပြတ်ပြောလိုက်သည်။သူ့အသံက ရေခဲများဖုံးနေသည်ဟုတောင်ထင်ရ၏။
“မိန်းမလှလေးအပေါ် အရမ်းခက်ထန်တာပဲ၊
လူကြီးလူကောင်းတစ်ယောက်နဲ့တောင် မတူဘူးနော်”
လုဟယ်နျန်၏ အရေးမစိုက်မှုကိုခံလိုက်ရသော်လည်း ဟူချင်းမိန်က ဒေါသမထွက်သွားပေ။ထိုအစား သူမကအလွန်စိတ်လှုပ်ရှားလာလေသည်။ အသိအသာကြီးကို သူကသူမရဲ့ညှို့ယူနိုင်တဲ့ရနံ့ကိုရှူမိပြီးသားဖြစ်ပေမယ့် အရမ်းတည်ငြိမ်နေတုန်းပဲ။ဒါကသူမအတွက် ဒီလိုယောက်ျားမျိုးကို ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်ကာ သူမကိုပိုလို့တောင် စိန်ခေါ်မိသွားစေ၏။သူမကနှုတ်ခမ်းထောင့်ကိုကိုက်ကာ ပြုံးလိုက်ပြီး သူမကိုယ်မှရနံ့ကလည်း ပိုအားကောင်းလာခဲ့သည်။
လုဟယ်နျန်သည် သူ့နှာခေါင်းဝမှရေမွှေးနံ့က ပိုပြင်းလာသည်ဟုခံစားမိလာကာ ၎င်းကသူ့ကိုရွံရှာစက်ဆုပ်စေမိပြီး တစ်ချိန်တည်းတွင် သူ့စိတ်ကမတည်မငြိမ်ဖြစ်လာသည်။သူက သူ့ကိုယ်ပေါ်သို့မှီလုမတတ်ဖြစ်နေသောမိန်းကလေးကို အလိုလိုတွန်းထုတ်ပြီး လေးနက်စွာပြောလိုက်သည်။
“ငါပြောပြီးသားလေ ထွက်သွားစမ်း”
သူထိုသို့ပြောပြီးပြီးချင်းမှာဘဲ မော့ကြည့်လိုက်သောအခါ ဘေးတွင်ရပ်နေသည့်ယွင်ရုန်(တု)ကို မြင်သွားသည်။သူမက သူ့လက်ကိုဆွဲကာ ခေါင်းကိုစောင်းပြီး တောက်ပစွာပြုံးပြလာလေသည်။
“အိမ်ပြန်ကြမယ်လေ ဟုတ်ပြီလား”
လုဟယ်နျန်က မှင်သက်သွားကာ ယွင်ရုန့်ကိုဘဲစူးစိုက်ကြည့်နေမိသည်။သူက လိုက်လျောချင်သော်လည်း တစ်ခုခုလွဲနေသလိုခံစားမိနေ၏။သူက ရှိသမျှအင်အားဖြင့် သတိဝင်လာစေရန် ခေါင်းကိုခါရမ်းလိုက်သည်။
ဟူချင်းမိန်သည် တစ်ယောက်ယောက်က ဒီနေရာတွင်တစ်ခုခုဖြစ်နေသည်ကိုသတိပြုမိသွားပြီး လာဖို့လုပ်နေသည်ကိုမြင်လိုက်သည်။သို့သော်သူမရှေ့မှယောက်ျားက အလုံးစုံစိတ်မလွတ်သေးပေ။သူမက အံကြိတ်ကာ ကြောင်အနေသောလုဟယ်နျန်ကိုဆွဲပြီး ထွက်သွားရန်လုပ်လိုက်သည်။သူတို့ သူမအိမ်သို့ရောက်သွားသရွေ့ သူမဘယ်လောက်ထိစုပ်ယူချင်ပါစေ သူမအကြိုက်စုပ်ယူလို့ရပြီဖြစ်သည်။
အဝတ်လဲခန်းထဲတွင် ယွင်ရုန်က စကပ်ဇစ်ကိုခက်ခက်ခဲခဲဆွဲတင်လိုက်သည်။ အသက်ရှူနေရင်းဖြင့် စက်ဆုပ်စရာအနံ့ကိုဆက်တိုက်ရနေရာ သူမကမျက်မှောင်ကြုတ်လိုက်မိသည်။ဒီမိစ္ဆာလေးက ဘယ်ကရောက်လာတာလဲ၊အများပြည်သူဧရိယာမှာ အသိရှိဘူးလား။ ဒီအနံ့ဆိုးကြီးက သူမကိုသတ်ချင်နေတာဘဲ။
သူမကအဝတ်လဲခန်းထဲမှထွက်ရုံသာရှိသေးချိန်တွင် ဆက်စီကျစွာဝတ်ဆင်ထားသည့်မိန်းမတစ်ယောက်က လုဟယ်နျန်အား ဓာတ်လှေကားရှိရာသို့ ဆွဲခေါ်နေသည်ကိုမြင်သွားလေသည်။ချက်ချင်းပင် သူမက ဒေါသထောင်းခနဲထွက်သွားသည်။သူမကဒီမှာရပ်နေတာတောင် မိစ္ဆာမက သူမဘော့စ်ကိုခေါ်သွားရဲသေးတာလား။
ဆိုင်မှအဝတ်များကိုဝတ်ထားရင်းဖြင့် ယွင်ရုန်ကရှေ့ကိုလျှောက်သွားကာ လုဟယ်နျန်၏ကျန်လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။သူမက စက်ဆုပ်နေသောအမူအရာဖြင့် ဟူချင်းမိန်ကိုပြောလိုက်သည်။
“အခုလေးတင် လူတွေကြားထဲမှာ လေလည်လိုက်တာကနင်လား”
ဤအချိန်တွင် ကျန်းချုံမင်ကလည်း ပါဆယ်ထုတ်ထားသည်ကိုသယ်ပြီး လျှောက်လာ၏။သူကထိုမြင်ကွင်းကိုမြင်သွားလေသည်။
ဒါကသမိုင်းဝင်သုံးပွင့်ဆိုင်များလား။
⛰️