Chapter 27
Viewers 3k

⛰️Chapter 27

ယောက်ျားတစ်ယောက်ကိုလုခြင်း



"အခုလေးတင် လေလည်လိုက်တာ နင်လား "


“ဘယ်သူ့ကိုလေလည်တယ်လို့ပြောနေတာလဲ”


ဟူချင်းမိန်က ယွင်ရုန်၏မျက်နှာကိုကြည့်ကာ ချက်ချင်းပင်ဒေါသထွက်သွားသည်။သူမက သူမအသိုင်းအဝိုင်းထဲတွင် အတော်လေးဂုဏ်သတင်းရှိကာ ယောက်ျားတချို့က သူမကိုနတ်ဘုရားမဟုခေါ်ကြ၏။ဟိုင်ရှီးတွင် သူမထက်ကြည့်ကောင်းသော သူ ဟူ၍သိပ်မရှိပေ။အခုတွင် ယွင်ရုန်၏နူးညံ့ပြီးသေးငယ်သောမျက်နှာလေးကိုမြင်လိုက်ရသောအခါ သူမ မျက်စိထဲတွင်စိတ်မချမ်းသာဖြစ်လာသည်။


ထို့အပြင်ယွင်ရုန်က သူမ၏ဆွဲဆောင်မှုရှိသောရနံ့ကို လေလည်သည်ဟု ပြောလိုက်သဖြင့် သူမကဒေါသပေါက်ထွက်လာပြီး စိုက်ကြည့်လိုက်သည်။


“လေလည်တာက လေလည်တာဘဲပေါ့ နင်ကဘာလို့ဝန်မခံသေးတာလဲ”


ယွင်ရုန်က လုဟယ်နျန်လက်ကိုဆွဲကာ သူမနောက်သို့ဆွဲယူလိုက်သည်။သူမက သဘောမကျသောအကြည့်ဖြင့် ဟူချင်းမိန်ကိုကြည့်လိုက်သည်။


“ပြီးတော့ လူကြားထဲမှာ မှော်အစွမ်းတွေသုံးနေတာ။နင့်မှာစည်းကမ်းရှိသေးရဲ့လား”


ရာချီ၊ထောင်ချီသောနှစ်များအတွင်းတွင် ဘယ်လိုမိစ္ဆာနှင့်တစ္ဆေမဆို ချမရေးထားသောစည်းမျဉ်းတစ်ခုကိုလိုက်နာရ၏။

‘လူသားများအပေါ်တွင် မှော်စွမ်းအင်မသုံးရ’


“ငါပြောပြီးပြီလေ ငါမှော်စွမ်းအင်ကိုမသုံးခဲ့ဘူး”


ဟူချင်းမိန်က ပြန်ငြင်းလိုက်သည်။သူမကဒေါသထွက်လွန်းသဖြင့် ကောင်းကောင်းမတွေးနိုင်တော့ပေ။သူမက လုဟယ်နျန်ကို တစ်ချက်ကြည့်လိုက်ကာ နောက်တစ်မိနစ်အတွင်းမှာဘဲ လုဟယ်နျန်ကသူမ၏ညှို့ငင်မှုမှနိုးလာတော့မှာဖြစ်သည်။သူမက နည်းနည်းလောလာပြီး အေးစက်စွာပြောလိုက်သည်။


“ကောင်မလေး နင်သေချာမကြည့်တတ်ဘူးဘဲ ဒီနေရာကဘယ်လိုနေရာမျိုးလဲ နင်က ဒီယောက်ျားအတွက် ငါနဲ့ရန်ဖြစ်တော့မှာလား”


ယွင်ရုန်က အရေးမစိုက်သလိုပြန်ဖြေ၏။


“သူက ငါ့ကိုအလုပ်ခန့်မယ့်ဘော့စ်ဘဲ နင်သူ့ကိုခေါ်သွားချင်ရင် ငါ့အလုပ်က ဘယ်လိုဖြစ်သွားမှာလဲ ဒီနေ့တော့ သေချာပေါက်သူ့ကိုခေါ်သွားခွင့်မပေးနိုင်ဘူး”


ဟူချင်းမိန်က သူမအဖြေကိုကြားသောအခါ ပိုလို့တောင်ဒေါသထွက်လာသည်။ယောက်ျားတစ်ယောက်ကိုလုခြင်းက ‌လုခြင်းသာဖြစ်သည်။ဘာတွေကြားကောင်းအောင်ပြောနေတာလဲ။ပြောသမျှက ခေါင်းရှုပ်စရာတွေချည်းဘဲ အလုပ်အကြောင်းတောင်ပြောလိုက်သေးတယ်။


ယွင်ရုန်ပြောနေချိန်တွင် ဟူချင်းမိန်က ယွင်ရုန်ကိုသေချာအကဲခတ်လိုက်ရာ သူမရှေ့မှမိန်းကလေး၏အရောင်အဝါသည် ရက်စက်ယုတ်မာမှုနည်းနည်းလေးတောင်မရှိဘဲ သန့်စင်နေသည်ကိုမြင်လိုက်ရသည်။သို့သော်သူမက ယွင်ရုန်၏မူလအသွင်ကိုမမြင်ရရာ သာမာန်လူသားတစ်ယောက်သာဖြစ်လိမ့်မည်။


သူမကိုလူမိသွားချိန်က ခံစားလိုက်ရသည့်ထိတ်လန့်မှုများက ချက်ချင်းပျောက်ကွယ်သွားသည်။သူမက မျက်စိကိုမှေးပြီး အန္တရာယ်ရှိစွာပြောလိုက်သည်။


“ဒါဆို ငါကဒီနေ့သူ့ကို မရရအောင်ခေါ်သွားမယ်ဆိုရင်ရော ဘာဖြစ်လဲ”

 

ယွင်ရုန်၏မျက်နှာကချက်ချင်းပင် မည်းမှောင်လာကာ ဟူချင်းမိန်ကို နက်ရှိုင်းစွာကြည့်လိုက်သည်။သူမက လေးနက်သောအသံဖြင့်ပြောလိုက်သည်။


“အစတုန်းကတော့ နင့်ရဲ့စိတ်ဝိညာဉ်အဆင့်‌ထိရောက်အောင် ကျင့်ကြံရတာကမလွယ်တာကို စဉ်းစားပေးပြီး အလွတ်ပေးလိုက်မလို့ဘဲ နင်ကလမ်းမှားကိုပဲသွားချင်နေမှတော့ ငါ့ကိုရိုင်းစိုင်းတယ်လို့အပြစ်မတင်နဲ့တော့”


“အသက်ကသာငယ်သေးပေမယ့် လေသံကတော့မသေးဘူးဘဲ”


ဟူချင်းမိန်က မျက်ဖြူလှန်လိုက်သည်။သူမက တိုက်ခိုက်ရာတွင်မတော်သော်လည်း ဟိုးအစကတည်းက ယောက်ျားများ၏ယန်စွမ်းအင်ကိုစုပ်ယူပြီးလေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။ဒီလိုကျင့်ကြံမှုက အလွန်လျင်မြန်၏။ဟိုင်ရှီးမှ မိစ္ဆာဝိညာဉ်များမပြောနှင့် ထိုအထူးရုံးမှလူများနှင့်တောင်မှ တိုက်ကွက်အနည်းငယ်လောက်ဖလှယ်နိုင်ပေသည်။သူမရှေ့မှ မိန်းမငယ်လေးကို တကယ်ပင်မကြောက်မိပေ။


သူမစကားထွက်သွားရုံသာရှိသေးချိန်တွင် မိန်းမငယ်လေးက သူမလက်မောင်းကိုလှမ်းဆွဲလာလေသည်။ဟူချင်းမိန်က ချက်ချင်းဆိုသလိုပင် သူမ၏ကျင့်ကြံမှုတစ်ခုလုံး တစ်စုံတစ်ခု၏ဖိချေခြင်းကိုခံလိုက်ရသလိုခံစားလိုက်ရကာ နည်းနည်းလေးတောင်မှသုံးလို့မရတော့ပေ။


သူမမျက်နှာတွင် တုန်လှုပ်သည့်အရိပ်အယောင်ပေါ်လာပြီး သူမလက်ကို ရုန်းထွက်လိုက်ချင်သည်။အသိအသာပင် သူမလက်ကို ဆွဲထားသောအားက မကြီးသော်လည်း ရုန်းထွက်လို့မရပေ။


ဟူချင်းမိန်၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ အကြောက်တရားဖျော့ဖျော့ စတင်ဖြစ်ပေါ်လာလေသည်။


မိစ္ဆာမျိုးနွယ်များအပေါ်တွင် ယွင်ရုန်က အမြဲပင်အလွန်သည်းခံပေးခဲ့၏။မည်သို့ပင်ဆိုစေ မိစ္ဆာတစ်ကောင်က လူသားအသွင်ဖြစ်လာစေရန်အတွက် ကျင့်ကြံရန်မှာ 10,000ထဲမှ တစ်ယောက်သာလုပ်ဆောင်နိုင်ပေသည်။၎င်းကတကယ်ကိုခက်ခဲလှသည်။ထို့အပြင် သူမရှေ့မှ မြေခွေးမိစ္ဆာမှာ လွန်ခဲ့သည့်ရာစုနှစ်အနည်းငယ်လောက်ကမှ အသွင်ပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။သူမမျက်လုံးထဲတွင် ဟူချင်းမိန်က တိရစ္ဆာန်ငယ်လေးနှင့်မခြားပေ။


မြေခွေးများ၏သဘာဝမှာ ကြည့်ကောင်းသောလူသားများကိုသဘောကျခြင်းဖြစ်ရာ သူမကလုဟယ်နျန်ကိုသဘောကျမိသွားခြင်းက မထူးဆန်းပေ။လုဟယ်နျန်က တကယ်ပင်ထူးကဲသာလွန်သောလူသားတစ်ယောက်ဖြစ်၏။


သို့သော် ယွင်ရုန်က ဟူချင်းမိန်၏လက်ကိုဆွဲလိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။မထင်မှတ်ထားစွာဖြင့် ဤမြေခွေးဝိညာဉ်က သူမကျင့်ကြံမှုအတွက် ယောက်ျားများ၏ယန်စွမ်းအင်ကိုစုပ်ယူရာတွင် မှီခိုထားလေသည်။သူမကိုယ်၏အရောင်အဝါက အလွန်လေးလံနေပြီး လူသားများ၏ဘဝက သူမလက်ထဲတွင်ကြွေလွင့်သွားသည်မှာရှင်းလင်းနေ၏။


“ငါ့ကိုလွှတ်စမ်း”


ယွင်ရုန်၏မျက်နှာက ပိုပိုပြီးအကျည်းတန်လာသည်ကိုမြင်သောအခါ ဟူချင်းမိန်၏တိရစ္ဆာန်အသိစိတ်က ချက်ချင်းပင်ထွက်ပြေးရန် သတိပေးလာ၏။သူမဒီအတိုင်းဆက်နေပါက အန္တရာယ်ရှိလာပေလိမ့်မည်။သူမက သွေးရောင်လွှမ်းနေသောနှုတ်ခမ်းများဖြင့် ပြောလိုက်သည်။


“ငါက ဒီယောက်ျားကိုမလိုချင်တော့ဘူး နင့်ကိုပေးလိုက်ပြီ အဲ့လိုဆိုအဆင်ပြေပြီမလား”


ယွင်ရုန်က ခေါင်းမော့လိုက်သည်။သူမက စက်ဆုပ်ရွံရှာမှုများဖြင့်ပြည့်နေသည့် ဟူချင်းမိန်၏မျက်လုံးများကိုကြည့်ပြီး ဂရုမစိုက်စွာပြောလိုက်သည်။


“ယောက်ျားတွေရဲ့ယန်စွမ်းအင်ကိုသုံးပြီး ကျင့်ကြံတယ်၊ ဒါဇင်ထက်မနည်းတဲ့လူ့အသက်တွေက နင့်လက်ထဲမှာသေခဲ့ရတယ် ဒါက ကောင်းကင်ဥပဒေအောက်မှာ သည်းခံပေးလို့မရနိုင်ဘူး အခုမှနင်ထွက်သွားချင်နေရင်လဲ အရမ်းနောက်ကျသွားပြီ”


သူမထိုသို့ပြောပြီးပြီးချင်းမှာဘဲ ဟူချင်းမိန်က သူမကိုဘက်ပေါင်းစုံမှဝန်းရံလာသည့် အားကောင်းသည့်ဖိအားကိုခံစားလိုက်ရသည်။၎င်းက သူမဒူးများကိုပျော့သွားစေကာ ဒူးထောက်ကျသွားပြီး တုန်ယင်နေလေသည်။


ဟူချင်းမိန်က ဒူးထောက်နေရင်းခေါင်းကိုမော့လိုက်သည်။ဒီလိုအားကောင်းသောဖိအားမျိုးသည့် နှစ်ထောင်ချီကျင့်ကြံခဲ့သည့် မိစ္ဆာကြီးများ၌သာရှိနိုင်၏။ခုနတုန်းက ယွင်ရုန်ရဲ့မူလအသွင်ကိုမမြင်နိုင်တာ မအံ့ဩတော့ဘူး။သူတို့ရဲ့ ကျင့်ကြံမှုအကွာအဝေးက အရမ်းကြီးနေတော့ သူမ မြင်နိုင်မှသာထူးဆန်းနေမှာ။


သူမက ဒီမိန်းကလေးကဘစ်ရှော့ကြီးမှန်းသိခဲ့ရင် မလုခဲ့ပါဘူး။


ဤအချိန်တွင် ဟူချင်းမိန်က နောင်တနှင့်မကျေမချမ်းမှုကိုခံစားနေရကာ ကြောက်လန့်မှုတစ်စွန်းတစ်စလည်းပါဝင်၏။သူမသာ ယွင်ရုန်ကိုဘစ်ရှော့ကြီးမှန်းသိခဲ့ပါက ယွင်ရုန်ဆီမှယောက်ျားကိုလုယူခဲ့မည်မဟုတ်ပေ။သူမက တုန်ယင်နေသောအသံဖြင့် အသနားခံလိုက်သည်။


“စီနီယာ ဒီမြေခွေးငယ်က စီနီယာကိုသတိပြုမိဖို့ကျရှူံးခဲ့ပြီး ဒီလူကလည်းစီနီယာရဲ့လူ‌ဆိုတာကိုမသိခဲ့လို့ အတွေးဆိုးဝင်မိသွားတာပါ၊ ဒီမြေခွေးလေးသာ သိမယ်ဆို မထိရဲပါဘူး စီနီယာကကြီးမြတ်လှပါတယ် ကျေးဇူးပြုပြီး ထောက်ထားညှာတာပေးပါ。。。。”


သူမပြော၍မပြီးသေးခင်မှာဘဲ ဘေးဘက်မှလုဟယ်နျန်၏ကြည်လင်အေးစက်နေသောအသံထွက်လာ၏။


“ဘာလုပ်နေတာလဲ”

ထိုသို့မေးပြီးနောက် သူကအကြိမ်အနည်းငယ်လောက်နှာချေလိုက်သည်။အခုလေးတင် သူအနံ့ဆိုးတစ်ခုရလိုက်သလိုပင်။


“ရှင်အဆင်ပြေရဲ့လား”


ယွင်ရုန်က လုဟယ်နျန်နားကပ်သွားပြီး ခနလောက်‌သေချာစစ်‌ဆေးကြည့်လိုက်သည်။သူ၏ယန်စွမ်းအင်ကပေါများနေဆဲဖြစ်သဖြင့် ကြည့်ရသည်မှာ မိစ္ဆာမလေးက မစုပ်ယူရသေးသည့်ပုံပင်။ထို့နောက်သူမကစိတ်အေးသွားကာ ခေါင်းငြိမ့်လိုက်သည်။


ယန်စွမ်းအင်က ယောက်ျားများအတွက် အလွန်အရေးကြီး၏။တစ်လုတ်စာလေးလောက်ဘဲစုပ်ယူခံလိုက်ရလျှင်တောင်မှ ပြန်လည်ရရှိဖို့အချိန်တစ်ချို့ကြာမှာဖြစ်သည်။အနာဂတ်တွင် ကျောက်ကပ်မကောင်းတာမျိုးလည်းဖြစ်လာနိုင်သေးသည်။အပြင်းထန်ဆုံးသက်ရောက်မှုမှာ မျိုးဆက်မ‌မွေးဖွားနိုင်ခြင်းပင်။ထိုသို့ဆိုပါက ဆိုးပေသည်။


ထိုသို့တွေးလိုက်ပြီးနောက် သူမကလုဟယ်နျန်၏ ကျောအောက်ဘက်ကိုတစ်ချက်ကြည့်လိုက်သည်။အင်းးးကျောက်ကပ်ကအတော်လေးကောင်းတဲ့ပုံပါဘဲ။


ယွင်ရုန်အနားကပ်လာသည်နှင့် လုဟယ်နျန်က သန့်စင်ပြီးချိုမြိန်သည့်ရနံ့ကိုခံစားလိုက်ရကာ ၎င်းကသူ၏မှုန်မှိုင်းနေသောခံစားချက်ကို လွင့်စင်သွားစေ၏။သူကခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။


“ကိုယ်အဆင်ပြေပါတယ်”


ပြန်ဖြေလိုက်ပြီးနောက် လုဟယ်နျန်ကကြမ်းပြင်တွင်ဒူးထောက်နေသော အမျိုးသမီးကိုကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် ရွံရှာမှုတစ်စွန်းတစ်စဖြတ်ပြေးသွားပြီး မေးလိုက်သည်။


“ဘာတွေဖြစ်နေတာလဲ”


“မြေခွေးဝိဉာဉ်တစ်ကောင်က အခုလေးတင် ရှင့်ယန်စွမ်းအင်ကိုစုပ်ချင်နေတာ”


ယွင်ရုန်ကပြန်ဖြေလိုက်သည်။


လုဟယ်နျန်က ဟူချင်းမိန်၏အသွင်အပြင်ကိုကြည့်ပြီးနောက် ဖြစ်ခဲ့သည်များကိုသဘောပေါက်သွားသောအခါ ချက်ချင်းပင်ကျောချမ်းသွားသည်။တစ်ခဏအတွင်းမှာဘဲ သူ့တစ်ကိုယ်လုံးကအေးစက်သွားပြီး နှုတ်ခမ်းစေ့ကာပြောလာ၏။


“အခုက ဘာလုပ်ဖို့စီစဉ်ထားလဲ”


“လူသားတွေရဲ့အသက်က သူမလက်ထဲမှာကြွေလွင့်ခဲ့ရပြီး ကျင့်ကြံမှုကလည်းလမ်းမှားရောက်နေတယ် သူမကိုဆက်လက်တည်ရှိနေဖို့ခွင့်မပြုနိုင်ဘူး”


ထို့နောက် ယွင်ရုန်က လေးနက်စွာပြောလာ၏။

“ကျွန်မက အခုပဲ သူမရဲ့ကျင့်ကြံမှုကိုဖျက်စီးပြီး ဝိညာဉ်အသိကိုဖျက်လိုက်တော့မယ်”


သူမကပြောပြီးနောက် ချက်ချင်းလုပ်ရန်ပြင်လိုက်သည်။


“ဒီမှာလုပ်လို့မဖြစ်ဘူးလေ cctvတွေရှိတယ်”

လုဟယ်နျန်က သူမကို လှမ်းတားလာ၏။


အခုချိန်တွင် ဒီနေရာသို့ဘယ်သူမှမလာသော်လည်း သူတို့ခေါင်းပေါ်တည့်တည့်တွင် cctvရှိနေ၏။သူကခေါင်းမော့ကာ အနားတစ်ဝိုက်ကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက်သူကယွင်ရုန်၏လက်ကိုဆွဲကာ ထောင့်တစ်ခုသို့ခေါ်သွားသည်။


လုဟယ်နျန်က ယွင်ရုန်၏လက်တစ်ဖက်ကိုဆွဲထားကာ သူမ၏ကျန်လက်တစ်ဖက်က ဟူချင်းမိန်ကိုဆွဲခေါ်လာ၏။သူတို့နည်းနည်းလောက်လျှောက်ပြီးသွားသောအခါ တိတ်ဆိတ်သည့်ထောင့်နေရာသို့ရောက်လာကြသည်။


“ဒီမှာ ဘာcctvမှမရှိဘူး”

လုဟယ်နျန်ကဆို၏။သူက ရှော့ပင်းမောလ်၏တည်ဆောက်ပုံကို အကြမ်းဖျဥ်းမြင်ဖူးသဖြင့် အခန်းဖွဲ့စည်းပုံနှင့် လုံခြုံရေးအတွက်ထည့်သွင်းထားသည်များကို ရှင်းလင်းစွာမှတ်မိပေသည်။


ဤအချိန်တွင်ဟူချင်းမိန်က တကယ်ကြောက်လန့်နေပြီဖြစ်သည်။ယွင်ရုန်၏လက်က သူမ၏ကျင့်ကြံရေးအချက်အချာနေရာပေါ် ရောက်လာပြီး ဖျက်စီးဖို့အသင့်ဖြစ်နေသည်ကိုမြင်သောအခါ ရုတ်ချည်းပင်ခေါင်းမော့ပြီး နာကျည်းစွာပြောလာ၏။


“ဘာလို့ကျွန်မကိုအလွှတ်မပေးတာလဲ ကျွန်မကအဆင့်မရှိတဲ့ယောက်ျားတစ်ချို့လောက်ကိုဘဲသတ်ထားမိတာပါ သူတို့သာကျွန်မအပေါ်မကောင်းတဲ့ရည်ရွယ်ချက်မျိုးမရှိရင် ကျွန်မလက်ကိုမြှောက်မှာမဟုတ်ဘူး အပြစ်တင်ချင်ရင် အရမ်းရမ္မက်ကြီးတဲ့သူတို့ကိုဘဲအပြစ်တင်လိုက်”


သူမက ယောက်ျားတိုင်း၏ယန်စွမ်းအင်ကို ခြောက်ကပ်ပြီးသေဆုံးသည်အထိ စုပ်ယူခဲ့ခြင်းမဟုတ်ပေ။သူမလက်ထဲတွင်သေသွားသောသူများမှာ အစကတည်းကသူတို့ဘဝတွင်မကောင်းသောသူများဖြစ်၏။ဟူချင်းမိန်က သူမကိုယ်သူမအမှားလုပ်မိသည်ဟုမခံစားရပေ။ထိုအစားမိုးကောင်းကင်ကိုယ်စား အပြစ်ပေးလိုက်ခြင်းသာဖြစ်သည်။အဲ့ဒီယောက်ျားတွေက မသေသွားရင်တောင် အဆုံးမှာထောင်ကျကြမှာဘဲလေ။


“သူတို့အမှားလုပ်တဲ့အတွက် တစ်ယောက်ယောက်ကသူတို့ကိုဥပဒေအရအပြစ်ပေးသွားမှာဘဲ၊ နင့်မှာသူတို့ကိုအပြစ်ပေးနိုင်တဲ့အရည်အချင်းမရှိဘူး”


ဟူချင်းမိန်၏အတွေးများကိုဖောက်မြင်နေသဖြင့် ယွင်ရုန်၏အကြည့်များက ပိုလို့တောင်အေးစက်လာခဲ့သည်။သူမစိတ်ထဲတွင် သနားစိတ်လေးတစ်ချက်လဲဖြစ်ပေါ်လာ၏။


“ဒီအမှားလုပ်တာတွေအတွက် မကြာခင်မှာဘဲသူတို့ကအပြစ်ပေးခံရမှာ လူသားတွေနဲ့မိစ္ဆာတွေက အားလုံးအတူတူဘဲ”


ထိုသို့ပြောပြီးနောက် ယွင်ရုန်ကအဓိပ္ပါယ်မရှိသည်များကို ဆက်မပြောတော့ဘဲ လက်ကိုမြှောက်လာသည်။


“ငါတို့ရဲ့ မသေမျိုးအရှင်က နင့်ကိုအလွှတ်ပေးမှာမဟုတ်ဘူး”


ဟူချင်းမိန်၏မျက်လုံးက သေးငယ်ရှည်မျောလာကာ တခနအတွင်းမှာဘဲ သွေးနီရောင်မြေခွေးမျက်လုံးများအသွင်ပြောင်းသွားလေသည်။သူမကနောက်ဆုံးအကြိမ်ရုန်းကန်လိုက်သည်။


“နင်ငါ့ကို。。。အလွှတ်ပေးလိုက်တာကပိုကောင်းမယ်လို့。。”အကြံပေးချင်တယ်။


သူမပြော၍မပြီးသေးခင်မှာဘဲ ယွင်ရုန်ကသူမ၏လင်းထိုင်*ကိုရိုက်ချလိုက်လေသည်။ချက်ချင်းပင် နှစ်ရာချီကျင့်ကြံမှုများက အလုံးစုံပျောက်ကွယ်သွားသည်။ဟူချင်းမိန်က လူသားအသွင်ကိုဆက်မထိန်းထားနိုင်တော့ဘဲ အရောင်မတူသောအမွှေးများရှိသည့်မြေခွေးပုံစံပြောင်းသွားလေသည်။

(Tn: လင်းထိုင်-နောက်ကျောဘက်၊ပုခုံးစွန်းနှစ်ခုအလယ်အောက်ပိုင်း၌တည်ရှိသည်)


“တကယ်ပါဘဲ နင်ကမြေခွေးလား၊ခွေးလား ဟမ် အရမ်းစကားများတာဘဲ”


ယွင်ရုန်က တစ်ဖက်လှည့်သွားကာ လက်နှစ်ဖက်ကိုဖုတ်ဖပ်ခါလိုက်သည်။မြေခွေးမျိုးနွယ်က ဘာတွေများအရမ်းကောင်းနေလို့လဲ။သူတို့ရဲ့အနံ့က အရမ်းပြင်းတယ်။ခဏလောက်ဆုံလိုက်ရုံနဲ့တင် တစ်ကိုယ်လုံးမှာ အဲ့ဒီအနံ့ဆိုးကြီးစွဲနေရော။


လုဟယ်နျန်က လူတစ်ယောက်လုံးက မြေခွေးအဖြစ်ပြောင်းသွားသည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသဖြင့် လန့်သွားလေသည်။သူက ငယ်ငယ်ကတည်းက နိမိတ်မကောင်းသောစွမ်းအင်များဖြင့်ကပ်ညှိနေခဲ့ကာ ညစ်ညမ်းသောအရာများနှင့်ဆက်တိုက်ကြုံတွေ့ခဲ့ရသော်လည်း ဒီလိုသဘာဝလွန်ကိစ္စမျိုးကို တစ်ခါမှအနီးကပ်မကြုံဖူးပေ။


လုဟယ်နျန်က ကျောချမ်းသွားကာ အလိုအလျောက်ယွင်ရုန်၏လက်ကိုဆွဲပြီး နောက်သို့နှစ်လှမ်းလောက်ဆုတ်လိုက်မိသည်။


ယွင်ရုန်ကလှည့်ကြည့်လိုက်သောအခါ လုဟယ်နျန်၏အနည်းငယ်ဖြူဖျော့နေသောအသွင်အပြင်ကိုမြင်လိုက်ရ၏။အခုလေးတင် သူ့မျက်နှာကလုံးဝမပြောင်းလဲသွားသဖြင့် လုဟယ်နျန်က အလွန်ရဲတင်းသည်ဟုထင်သွားမိသေးသည်။အခုကြည့်ရတာ သူလည်းသာမာန်လူသားပါဘဲ။


ယွင်ရုန်က လုဟယ်နျန်၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။


“ဘာမှမဖြစ်ပါဘူး အခုသူကသာမာန်မြေခွေးလေးပဲ”


လုဟယ်နျန်က မိန်းမငယ်လေး သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားနေသည်ကိုမြင်သောအခါ သူ့ရင်ထဲ၌နွေးထွေးသွားသည်။သူက အလိုလိုက်သည့်အပြုံးဖြင့်ပြုံးပြပြီးနောက် အလှုပ်အရှားမရှိသော မြေခွေးကိုကြည့်ကာမေးလိုက်သည်။


“သူသေသွားတဲ့အထိ ရိုက်လိုက်တာလား”


“မသေပါဘူး ဒီအတိုင်းသတိမေ့သွားရုံဘဲ နိုးလာတဲ့အချိန်ကျရင် ကျင့်ကြံ‌ထားတာတွေနဲ့ ဝိညာဉ်အသိတွေရှိတော့မှာမဟုတ်ဘူး နောက်လည်းဆက်မကျင့်ကြံနိုင်တော့ဘူး”

ယွင်ရုန်က ပြန်ဖြေ၏။


လုဟယ်နျန်က ခေါင်းငြိမ့်ကာဆက်မေး၏။

“‌ဒါဆို‌ သူ့ကိုဘယ်လိုဆက်လုပ်ဖို့စီစဉ်ထားလဲ”


“နောက်ထပ်လား ”

ယွင်ရုန်က တွေးတောင်မတွေးဘဲပြန်ဖြေလိုက်သည်။


“နောက်ထပ်ဘယ်လိုမှဆက်မလုပ်တော့ဘူးလေ နိုးလာရင် သူ့ဘာသာထွက်သွားလိမ့်မယ်”


ကြမ်းပြင်ပေါ်မှမြေခွေးကိုကြည့်ကာ လုဟယ်နျန် ခဏလောက်တွေးကြည့်လိုက်သည်။ခနကြာပြီးမှသူကပြောလာ၏။


“အပြင်ထွက်ရအောင် ကျန်းချုံမင်ကအပြင်မှာစောင့်နေတယ်”


ကျန်းချုံမင်အကြောင်းပြောသောအခါ ယွင်ရုန်က ကိတ်များကိုသတိရသွားပြီး တံတွေးမြိုချလိုက်သည်။ထို့နောက်သူမက စိတ်အားတက်ကြွစွာပြောလာ၏။


“ဒါဆိုလည်းသွားကြမယ်”

ထို့နောက် သူမကလုဟယ်နျန်လက်ကိုအလိုလိုဆွဲကာ ထောင့်နားမှထွက်လာခဲ့လေသည်။


လုဟယ်နျန်၏အကြည့်များက ယွင်ရုန်၏နူးညံ့လှပသောလက်သည်းများပေါ်ရောက်နေပြီး ဖော်မပြနိုင်သောခံစားချက်တစ်ခုက သူ့ရင်ထဲတွင်ဖြစ်ပေါ်လာသည်။သို့သော်သူကလက်ကိုပြန်မရုန်းလိုက်ပေ။


သူတို့နှစ်ယောက်အတူထွက်လာလာချင်းမှာဘဲ သိပ်မဝေးသောနေရာ၌ရပ်နေသည့်ကျန်းချုံမင်ကိုမြင်လိုက်ရသည်။သူက သူတို့ကိုနောက်ကျောပေးထားကာ သူတို့ကအရှေ့ဘက်တွင်ရှိပြီး သူကအနောက်ဘက်သို့ကြည့်နေ၏။သူ့ပုံစံက တာဝန်ကျေပွန်ကာ ထက်မြက်သည့် လုံခြုံရေးအစောင့်ကဲ့သို့ပင်ဖြစ်သည်။


ခြေသံများကိုကြားသဖြင့် ကျန်းချုံမင်ကလှည့်ကြည့်လိုက်ရာ အချင်းချင်းလက်ချိတ်ထားသည့်လူနှစ်‌ယောက်ကိုမြင်လိုက်ရ၏။သူက ကိုင်ထားသောအဝ‌တ်အစားအိတ်များကို တင်းတင်းဆုပ်လိုက်ကာ ယွင်ရုန်၏အနောက်ကိုလှမ်းကြည့်လိုက်သည်။‌ဆက်စီကျသောအမျိုးသမီးကိုမတွေ့တော့သဖြင့် ယွင်ရုန်အပေါ်သူ၏အမြင်များက ပိုနက်ရှိုင်းသွားလေသည်။ကြည့်ရတာ မစ်ယွင်ကပိုပြီးရက်စက်တဲ့ပုံပဲ၊ မိနစ်အနည်းငယ်လေးအတွင်းမှာဘဲ သူမရဲ့အချစ်ပြိုင်ဘက်ကိုဖြေရှင်းနိုင်သွားပြီ။



⛰️