Chapter 28
Viewers 2k

⛰️Chapter 28

:ယောက်ျားတစ်ယောက်ကိုလုခြင်း။



အခုလေးတင် ကျန်းချုံမင်က ဘယ်လိုမြေခွေးက ယောက်ျားတစ်ယောက်ကိုလုတာ၊ဘာညာစသဖြင့် ကြားလိုက်ရ၏။သူက မိန်းကလေးနှစ်ယောက် ယောက်ျားတစ်ယောက်အတွက်ရန်ဖြစ်နေသောမြင်ကွင်းကိုတွေးကြည့်လိုက်ပြီး လုဟယ်နျန်ကိုထူးဆန်းစွာကြည့်လိုက်သည်။ဒါရိုက်တာက ဒီလိုနှလုံးသားရေးရာကိစ္စတွေမှာ ကျွမ်းကျင်တဲ့သူဖြစ်နေမယ်လို့ ထင်တောင်မထင်ရဘူး။


ယွင်ရုန်က ကျန်းချုံမင်ကိုမြင်မြင်ချင်းပင် သူမက ဆိုင်မှအဝတ်များကိုဝတ်ထားဆဲဖြစ်ကြောင်း သတိရသွားပြီး လုဟယ်နျန်၏လက်ကိုလွှတ်လိုက်သည်။သူမက အဝတ်ပြန်လဲရန် အဝတ်လဲခန်းသို့ဝင်သွားလိုက်သည်။


လုဟယ်နျန်က သူမထက်ခြေတစ်လှမ်းနောက်ကျကျန်ခဲ့၏။သူက မဖော်ပြနိုင်သောအမူအရာဖြင့် ယွင်ရုန်လွှတ်လိုက်သောလက်ကိုကြည့်လိုက်မိသည်။သို့သော်သူခေါင်းမော့လာသောအခါ နဂိုတိတ်ဆိတ်အေးစက်သောအသွင်ပြန်ဖြစ်သွား၏။သူကကျန်းချုံမင်ကိုတစ်ချက်လှမ်းကြည့်ကာ မေးလိုက်သည်။


“ဘယ်‌တုန်းကရောက်နေတာလဲ”


“ကျွန်‌တော်အခုလေးတင် ငွေရှင်းပြီးထွက်လာတဲ့အချိန်မှာဘဲ ဒါရိုက်တာကမစ်ယွင်နဲ့ထွက်လာတာပါ”

ကျန်းချုံမင်က တက်ကြွစွာပြန်ဖြေလိုက်သည်။သူ့စိတ်ထဲတွင် ဒါရိုက်တာ၏မေးခွန်းက အဓိပ္ပါယ်တစ်ခုခုရှိမည်ဟုတွေးလိုက်သည်။သူတို့နှစ်ယောက်သားထောင့်နားမှာရှိနေတုန်းက တစ်ခုခုလုပ်ခဲ့ပြီး သူများတွေကိုမသိစေချင်တာများလား။


လူရှင်းသောထောင့်နေရာဖြစ်ရာ ကျန်းချုံမင်၏ခေါင်းထဲ၌ အပူ၊အနမ်း၊ဘယ်လိုအားကောင်းသည့်လှုပ်ရှားမှုများစသဖြင့် အတွေးမျိုးစုံဝင်လာပြီး ဘာလုပ်ရမလဲမသိတော့ပေ။


လုဟယ်နျန်သာ ကျန်းချုံမင်ခေါင်းထဲမှအတွေးများကိုသိပါက ထိုပေါက်ကရဦးနှောက်ကို ပေါက်ထွက်သွားသည်အထိ တူဖြင့်ထုမိလိမ့်မည်ဖြစ်သည်။သူသည်ယွင်ရုန်က မြေခွေးမ၏ကျင့်ကြံမှုကိုဖျက်စီးလိုက်သည်အား တစ်ယောက်ယောက်သိသွားမှာကိုစိုးရိမ်နေခြင်းပင်။ထို့ကြောင့် သူမေးလိုက်ခြင်းဖြစ်သည်။


ကျန်းချုံမင်၏အဖြေကိုကြားသောအခါ လုဟယ်နျန်ကဆက်မတွေးနေတော့ဘဲ ထပ်ပြောလိုက်သည်။

“ငါတို့ထွက်သွားပြီးရင် ဒီအချိန်ရဲ့cctvမှတ်တမ်းတွေကိုသွားဖျက်လိုက်ပါ ပြီးတော့ တိရစ္ဆာန်ရုံကိုဖုန်းဆက်ပြီး တစ်ယောက်ယောက်လွှတ်ပေးဖို့အကြောင်းကြားလိုက်”


ကျန်းချုံမင်က ပထမစကားကိုကြားသောအခါ သူ့ရင်ထဲတွင်ထင်နေသည်များမှန်သည်ဟု‌ခံစားမိလာပြီးခေါင်းငြိမ့်လိုက်သည်။ဒါရိုက်တာနဲ့မစ်ယွင်က သေချာပေါက်အဲ့ဒီထောင့်နားမှာ တစ်ခုခုဖြစ်ခဲ့ကြတာဘဲ။သူတို့ကို cctvမှာမိသွားမှာကြောက်လို့ သူ့ကိုမှတ်တမ်းသွားဖျက်ခိုင်းနေတာ။


သူတို့အားလုံးက လူငယ်တွေဘဲလေ၊သူနားလည်ပါတယ်။သူ့မှာလည်းကောင်မလေးရှိတာဘဲ။


သို့သော်ကျန်စကားကိုမူ သူနားမလည်တော့ပေ။ကျန်းချုံမင်က ဒါရိုက်တာကိုနားမလည်နိုင်စွာကြည့်လိုက်သည်။တိရစ္ဆာန်ရုံကလူကို ဘာလို့လာခိုင်းတာလဲ။


လုဟယ်နျန်က အရေးမကြီးသလိုပြောပြလာ၏။

“အခုလေးတင် မြေခွေးတစ်ကောင်ကိုတွေ့လိုက်လို့လေ ကြည့်ရတာတိရစ္ဆာန်ရုံကလွတ်လာတာဖြစ်မယ်”


ထိုကဲ့သို့ယုတ်မာသောမိန်းမသည် ယွင်ရုန်ပြောသလိုသာမာန်မြေခွေးပဲဖြစ်သွားပြီဆိုလျှင်တောင်မှ တောတောင်ထဲသို့‌ထွက်ပြေးသွားမည်ကို သူစိတ်မချနိုင်ပေ။တစ်ယောက်ယောက်ကစောင့်ကြည့်ပေးနိုင်သည့် တိရစ္ဆာန်တွင်ထားလိုက်သည်က ပိုစိတ်ချရ၏။


ရှော့ပင်မောလ်ထဲကို မြေခွေးတစ်ကောင်ဝင်လာတာလား။ကျန်းချုံမင်ကချက်ချင်းပင် လုံခြုံရေးများကိုဆက်သွယ်လိုက်ပြီး တိရစ္ဆာန်ရုံကိုအကြောင်းကြားလိုက်သည်။ဆယ့်ငါးမိနစ်အတွင်းမှာဘဲ လုံခြုံရေးများက cctvမရှိသောနေရာတွင် သတိလစ်နေသည့်မြေခွေးတစ်ကောင်ကိုရှာတွေ့သွားလေသည်။


ခနလောက်ကြာပြီးနောက် တိရစ္ဆာန်ရုံမှဝန်ထမ်းများရောက်လာကာ လှောင်အိမ်ထဲထည့်ထားသည့်မြေခွေးကိုချက်ချင်းခေါ်ဆောင်သွားကြသည်။


ဟူချင်းမိန်:。。。。。


ယွင်ရုန်က အဝတ်လဲပြီးထွက်လာကာ အရောင်းဝန်ထမ်းကိုပြောလိုက်သည်။


“ဒါကိုယူလိုက်မယ်နော်”

သူမက အခြားအဝတ်များအားလုံးကိုဝယ်စရာမလိုပေ။အခုလေးတင် သူမဝတ်ခဲ့သည့်စကပ်၏ဈေးနှုန်းကို ကြည့်လိုက်ရာ ယွမ်58,000ဖြစ်၏။


သူမ၏ရည်ရွယ်ချက်မှာ ယွမ်100မီလီယမ်စုဆောင်းရန်ဖြစ်သည်။သူမက ယွမ်58,000တန်သည့်စကပ်ကို တကယ်မဝယ်ချင်ပေ။သူမက ထိုပုံစံမျိုး ဖန်ဆင်းကာဝတ်လိုက်လို့ရ၏။တကယ်ပင် ပိုက်ဆံဖြုန်းစရာမလိုပေ။သူမက သူမ၏ကိုယ်ပိုင်ပိုက်ဆံကိုဖြုန်းနေခြင်းမဟုတ်သော်လည်း ဖြစ်သလိုလျှောက်မဝယ်သင့်ပေ။လုဟယ်နျန်ဆိုသည့်လူက မဆိုးပေ။သူက သူမကို20မီလီယမ်ပေးထားပြီးပြီဖြစ်ရာ သူမကလည်း သူ့အတွက်ပိုက်ဆံချွေတာပေးသင့်ပေသည်။


ထိုသို့တွေးပြီးနောက် ယွင်ရုန်က ဒီဇိုင်းသစ်များပြသထားသည့်နေရာသို့‌သွားကာ အဝတ်အစားများကိုကြည့်လိုက်ပြီး စိတ်ထဲတွင်ပုံစံမှတ်ထားရန်လုပ်လိုက်သည်။


“ဟုတ်ကဲ့ပါ မိန်းကလေး ဒါကိုထုတ်ပေးလိုက်ပါ့မယ် အကုန်လုံးအတွက်‌ငွေရှင်းပြီးပြီမလို့ တစ်ခါတည်းယူသွားလို့ရပါတယ်ရှင့်”

အရောင်းဝန်ထမ်းက ယွင်ရုန်လက်ထဲမှအဝတ်များကို တရိုတသေယူလိုက်ကာ ဝန်ဆောင်မှုက ဒူးထောက်ချမိတော့မတတ်ဖြစ်နေပြီဖြစ်သည်။သူမသာနေ့တိုင်း ဒီလိုဝယ်သူမျိုးနှင့်တွေ့နိုင်ပါက သူမကိုဆိုင်ထဲတွင်ဝန်ဆောင်ခိုင်းဖို့မပြောနှင့် သူမလက်နှင့်တောင်အဝတ်လဲပေးချင်မိမှာဖြစ်သည်။


“ရှင်းပြီးပြီလား အရမ်းမြန်တာဘဲ”

ယွင်ရုန်က သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်ပြီး ဘာမှမပြောလိုက်တော့ပေ။သို့သော်ဒီဇိုင်းသစ်များရှိရာသို့ရောက်သောအခါ ဗလာဖြစ်နေသောတန်းကိုသာမြင်လိုက်ရလေသည်။ယွင်ရုန်က အံ့ဩသွားသည်။

“ဒီကအဝတ်တွေဘယ်ပျောက်သွားတာလဲ”


သူမက အကုန်လုံးကိုမမှတ်ရသေးရာ အနာဂတ်တွင်ဘယ်လိုဖန်ဆင်းရတော့မှာလဲ။


အရောင်းဝန်ထမ်း၏အပြုံးကပိုလို့တောင်ချိုသာ‌လာခဲ့သည်။သူမက ဆိုင်ဝင်ပေါက်တွင်ရပ်နေသည့် လုဟယ်နျန်ကိုညွှန်ပြကာ အားကျသောအရိပ်အယောင်ဖြင့်ဖြေလာ၏။

“အဲ့ဒီလူကြီးမင်းက အကုန်လုံးဝယ်သွားတာပါ မိန်းကလေးရဲ့ကောင်လေးက မိန်းကလေးအပေါ် အရမ်းကိုကောင်းကောင်းဆက်ဆံတာဘဲ”


ယွင်ရုန်က လုဟယ်နျန်ကိုလှည့်ကြည့်လိုက်သည်။သူမလှမ်းကြည့်လာသည်ကိုမြင်သောအခါ သူကခေါင်းအသာငြိမ့်ပြလာ၏။


“သူက ကျွန်မကောင်လေးမဟုတ်ပါဘူး ကျွန်မဘော့စ်ပါ”


ယွင်ရုန်က ဗလာဖြစ်နေသောအဝတ်တန်းကိုကြည့်ကာ ခက်ခက်ခဲခဲပြန်ဖြေလိုက်သည်။စကပ်တစ်ထည်က ယွမ်58,000၊ အနည်းဆုံးတော့ အဲ့ဒီတန်းပေါ်မှာ အဝတ်က နှစ်ဒါဇင်လောက်ရှိတယ်။ဒါဆို ဘယ်လောက်တောင်ကုန်သွားမှာလဲ။


ပိုက်ဆံအများကြီးကိုအဝတ်ဝယ်ဖို့သုံးခဲ့သဖြင့် ယွင်ရုန်၏ရင်ထဲ၌နာကျင်သွားသည်။တန့်ချိုးတောင်ကိုဝယ်လို့ရအောင် သူမကိုပဲပေးလိုက်တာက ပိုမကောင်းဘူးလား။


ယွင်ရုန်က ဆိုင်ထဲမှ နာကျင်နေသောအမူအရာဖြင့်ထွက်လာခဲ့သည်။လုဟယ်နျန်က သူမပုံစံမတူသည်ကိုသတိထားမိသဖြင့် မေးလာ၏။


“ဘာဖြစ်လို့လဲ အဲ့ဒီအဝတ်တွေကိုမကြိုက်လို့လား”


“အဝတ်အကုန်လုံးက ကြည့်ကောင်းပါတယ်”

လုဟယ်နျန်က အဝတ်အစားအကြောင်းပြောသောအခါ ယွင်ရုန်ကပိုလို့တောင်ခေါင်းကိုက်သွားသည်။သူမက ခဏလောက်တွေးပြီးမှပြောလိုက်သည်။


“ဒုတိယအစ်ကို တကယ်တော့ ဒီလောက်အဝတ်တွေအများကြီးဝယ်စရာမလိုပါဘူး တစ်ထည်လောက်‌ဆိုလုံလောက်ပါပြီ”


ယွင်ရုန်နှင့် နေ့တစ်ဝက်ကုန်ဆုံးခဲ့ပြီးနောက် သူက ဒီမိန်းကလေးတွေးသည်များကို နည်းနည်းနားလည်လာပြီဖြစ်သည်။သူမက ရိုးသားကာ ဗဟုသုတနည်းပုံပေါ်သော်လည်း မြေခွေးဝိညာဉ်ကိုဖမ်းသောအခါ အလွန်လေးနက်နေခဲ့၏။ကြည့်ရသည်မှာ သူမကကျေးလက်ဘက်တွင်သာ ကျင့်ကြံနေခဲ့ပြီး မြို့ပေါ်တစ်ခါမှမလာဖူးသည့်ပုံပင်။သူမစွမ်းအင်များက ကောင်းမွန်သော်လည်း လောကကြီးကဘယ်လိုအလုပ်လုပ်သည်ကိုမသိသေးပေ။


အခြားမိန်းကလေးဆိုပါက တစ်ယောက်ယောက်ကဒီလိုအများကြီးဝယ်ပေးလျှင် မိုးထိမတတ်ပျော်နေလောက်ပြီဖြစ်သည်။သူတို့က ငြင်းဖို့တွေးနိုင်ဦးမှာတဲ့လား။


ထိုသို့တွေးလိုက်ပြီးနောက် လုဟယ်နျန်ကနူးညံ့စွာပြုံးကာ ပြောလိုက်သည်။


“မင်းကငါ့ကို ဒုတိယအစ်ကိုလို့ခေါ်မှတော့ မင်းအတွက်အဝတ်အစားနည်းနည်းဝယ်ပေးတာက ဘာမှမဖြစ်ပါဘူး ပြီးတော့ မင်းကငါ့ကုမ္ပဏီမှာအလုပ်လုပ်မှာဘဲလေ အဲ့ဒါတွေကိုရုံးဝတ်စုံလို့သတ်မှတ်လိုက်လို့ရတယ်”


ဘေးတွင်ရပ်နေသည့် ကျန်းချုံမင်ကဒါရိုက်တာကို လက်မထောင်ပြချင်မိသွားသည်။သူပြောလိုက်သောစကားများကို လက်ခံနိုင်၏။သို့သော်ဘယ်လိုကုမ္ပဏီကများ ရုံးဝတ်စုံအတွက်3မီလီယမ်ကျော်အကုန်ခံမှာတဲ့လဲ။သူ့နှစ်စဉ်စုထားတဲ့လစာက ဘာမှမကျန်တော့ဘူးလို့။


ယွင်ရုန်က လုဟယ်နျန်၏စကားကိုကြားသောအခါ ဘာမှထပ်မပြောတော့ပေ။သို့သော်သူမရင်ထဲတွင် ဒီလုဟယ်နျန်က တကယ်ကိုလူကောင်းဟုတွေးလိုက်မိသည်။အနာဂတ်တွင် သူမကအလုပ်ကြိုးစားပြီး လုမိသားစုကိုဘေးအန္တရာယ်ကင်းအောင် ကောင်းချီးပေးပြီး ကာကွယ်ပေးရမည်။


ဤသို့တွေးကာ ယွင်ရုန်ကမေးလိုက်သည်။

“ဒါဆိုကျွန်မဘယ်တော့အလုပ်စလုပ်ရမှာလဲ”


“မင်းရဲ့မေဂျာကဘာလဲ”

လုဟယ်နျန်က ရပ်ကာအလေးအနက်မေးလာ၏။အစတွင် သူကသူမအတွက်အလုပ်စီစဉ်ပေးမည်ဟု ဒီတိုင်းပြောလိုက်ခြင်းဖြစ်သည်။လုအုပ်စုတွင် အလုပ်လုပ်နိုင်ရန်အတွက် အကုန်လုံးသည် နာမည်ကြီးတက္ကသိုလ်များမှဘွဲ့ရလာခဲ့သူများဖြစ်၏။


သို့သော် ဤမိန်းကလေးနှင့်နေ့တစ်ဝက်လောက်အတူကုန်ဆုံးပြီးသောအခါ သူမကိုသူ့နှာခေါင်းအောက်တွင်ထားပါကလည်း သိပ်မဆိုးဟုရုတ်တရက်တွေးလိုက်မိသည်။သူမသာ အခြားနေရာ၌အလုပ်သွားလုပ်ပါက လုပ်ဖော်ကိုင်ဖက်များအနိုင့်ကျင့်သည်ကိုခံရနိုင်၏။


ယွင်ရုန်က ကြောင်အစွာစိုက်ကြည့်လာ၏။

“ဘာမေဂျာလဲဟင်”


လုဟယ်နျန်ကထပ်မေးလိုက်သည်။

“ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရလာတာလဲ”


ဒီတစ်ကြိမ်တွင်မူ ယွင်ရုန်က တက္ကသိုလ်သည်လူသားများပညာလေ့လာသည့်နေရာဖြစ်ကြောင်း နားလည်သွား၏။သူမကရှက်ရွံ့စွာဖြေလိုက်သည်။

“ကျွန်မက ကျောင်းမတက်ဖူးဘူး。。。。。。”


လုဟယ်နျန်က ဤမိန်းကလေးသည့်ကျောင်းတောင်မတက်ဖူးဘူးဟုမမျှော်လင့်ထားသဖြင့် အကျပ်ရိုက်သွားသည်။သနားမှုအနည်းငယ်က သူ့ရင်ထဲတွင်မြင့်တက်လာသည်။လက်ရှိတွင် မဖြစ်မနေပညာရေးစနစ်က ပြန့်နှံ့နေပြီဖြစ်သဖြင့် စာမလေ့လာနိုင်သောသူများမှာ အလွန်နည်းပါးသည်။


လုဟယ်နျန်ကဘာမှပြန်မပြောလာသည်ကိုမြင်သောအခါ ယွင်ရုန်ကစိုးရိမ်လာသည်။သူမကစိုးရိမ်တကြီးဖြင့် သူ့လက်မောင်းကိုဆွဲကာပြောလိုက်သည်။

“ကျွန်မတစ်ခါမှကျောင်းမသွားဖူးပေမယ့် လေ့လာနိုင်ပါတယ်”


ယွင်ရုန်၏ မျှော်လင့်တကြီးအကြည့်များကိုမြင်သောအခါ လုဟယ်နျန်ကသူမကိုငြင်းဆန်သည့်စကားများအား တကယ်ပင်‌မပြောနိုင်တော့ပေ။သူက ခနလောက်တွေးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါဆိုရင် ငါ့အတွင်းရေးမှူးလုပ်ပေါ့ ဟုတ်ပြီလား”

သူ့ဆီတွင် တာဝန်မျိုးစုံကိုကိုင်တွယ်သည့် အတွင်းရေးမှူးလေးယောက်ရှိနေပြီဖြစ်ကာ ထပ်မလိုတော့ပေ။သူက သူမကိုအတွင်းရေးမှူးရာထူး၌ တစ်ခုခုလုပ်ခိုင်းဖို့မစဉ်းစားထားပေ။


လက်ရှိတွင် နွေရာသီအားလပ်ရက်ဖြစ်နေသဖြင့် ကျောင်းဖွင့်သည့်အထိစောင့်ရလိမ့်မည်။သူက သူမကျောင်းတက်ဖို့စီစဉ်ပေးမှာဖြစ်သည်။


ယွင်ရုန်က လုဟယ်နျန်သည်အဝေးကြီးအထိတွေးထားပြီးပြီဖြစ်ကြောင်းမသိပေ။သူမအတွက်အလုပ်စီစဉ်ပေးသည်ကိုကြားသောအခါ ချက်ချင်းပင်‌ရွှင်မြူးသွားပြီး စိတ်အားထက်သန်စွာမေးလာ၏။


“အတွင်းရေးမှူးက ဘာအလုပ်တွေလုပ်တာလဲ သူ့အလုပ်နဲ့တူတူဘဲလား”



ယွင်ရုန်က ကျန်းချုံမင်သည် လုဟယ်နျန်၏အတွင်းရေးမှူးဖြစ်ကြောင်း မှတ်မိ၏။


ကျန်းချုံမင်က သူ့နာမည်ပါလာသည်ကိုကြားသောအခါ ကိုယ်ကိုကျုံ့လိုက်ပြီး ထိတ်လန့်သွားလေသည်။


ဒါရိုက်တာက ရုံးတွင်းအချစ်ရေးလုပ်ဖို့အတွက်နဲ့ သူ့ကိုတော့အလုပ်မထုတ်လောက်ပါဘူးနော်။


“မဟုတ်ဘူး”

ပုံမှန်အားဖြင့် ကျန်းချုံမင်ကဦးနှောက်မကောင်းသော်လည်း ပရော်ဖက်ရှင်နယ်ကျစွာလုပ်ဆောင်မှုများက အထူးကောင်းမွန်၏။လုဟယ်နျန်၏ကိစ္စအများစုကို သူဘဲကိုင်တွယ်ပေးတာဖြစ်သည်။ယွင်ရုန်က ထိုအလုပ်ကိုသေချာပေါက်လုပ်နိုင်မည်မဟုတ်ပေ။


သူက နှုတ်ခမ်းကိုစေ့ကာ ပြောလိုက်သည်။

“အလုပ်ကမခက်ပါဘူး。。。。。ရုံးမှာ လက်ဖက်ရည်ထည့်ပေး၊စကားပြောပေးရုံဘဲ”


“လူယုတ်မာ ”


ယွင်ရုန်က လုဟယ်နျန်၏စကားများကိုကြားသောအခါ ဆူငေါက်လိုက်လေသည်။သူမက သူ့လက်ကိုလွှတ်ကာ အကွာအဝေးတစ်ခုရောက်အောင်ရွှေ့သွားပြီး ဒေါသတကြီးကြည့်လာ၏။သူမက လုဟယ်နျန်ကိုလူကောင်းလို့ ထင်ထားတာ။ကျင်းဟုန်မိန်လိုလူမျိုးဖြစ်နေမယ်လို့မထင်ထားဘူး၊ သူမကိုအဲ့လိုအလုပ်တွေလုပ်စေချင်နေတယ်။


“လက်ဖက်ရည်ငှဲ့ပေး၊စကားပြောပေးတာက ဘယ်လိုအလုပ်လဲဆိုတာကို ကျွန်မမသိဘူးလို့မထင်နဲ့ ကျွန်မကအဲ့လိုအလုပ်မျိုးကိုမလုပ်ဘူး”


ယွင်ရုန်ကတွေးလေလေ ဒေါသထွက်လာလေပင်။သူမက ဆူဆဲချင်သော်လည်း ဘယ်လိုဆူရမလဲမသိသဖြင့် မျက်မှောင်ကြုတ်ပြီးသာ အော်ပြောလိုက်သည်။


ဒီပြောင်းလဲမှုက အလွန်လျင်မြန်စွာဖြစ်သွားသဖြင့် လုဟယ်နျန်က နေရာတွင်ခနလောက် ကြောင်အသွားသည်။ယွင်ရုန်က လှည့်ထွက်သွားဖို့လုပ်သောအချိန်မှ သူကတုံ့ပြန်နိုင်တော့သည်။သူက ခြေလှမ်းကျဲကြီးများဖြင့်လိုက်ပြီး ယွင်ရုန်၏လက်ကိုလှမ်းဆွဲကာပြောလိုက်သည်။

“မင်းနားလည်မှုလွဲနေပြီလို့ ကိုယ်ထင်တယ်”


“နားလည်မှုလွဲတာလား ကျွန်မကဘာကိုနားလည်မှုလွဲရမှာလဲ ”


ယွင်ရုန် ချက်ချင်းဒေါပွလာလေသည်။သူမသည် လူသားများက တကယ်ကိုဆိုးရွားလာသည်ဟုခံစားလိုက်ရသည်။သူမရဲ့တန့်ချိုးတောင်ကိုသိမ်းရုံတင်မကဘူး၊ အဲ့လိုညစ်ပတ်တဲ့အရာကို လိမ်လည်လှည့်စားပြီးလုပ်စေချင်သေးတယ်။ဒီလုဟယ်နျန်က ကြည့်ကောင်းပေမယ့် အဲ့လိုလူယုတ်မာဖြစ်နေမယ်လို့ မထင်ထားဘူး။


“ရှင်က ကျွန်မကို ယောက်ျားတွေကိုအဖော်လုပ်ခိုင်းစေချင်တာမလား ကျွန်မတစ်ခါထဲပြောလိုက်မယ် လုံးဝမလုပ်ဘူး”


သူမပြောသည်ကိုကြားလိုက်ရသောအခါ လုဟယ်နျန်၏မျက်နှာက‌မည်းမှောင်သွားသည်။သူကယွင်ရုန်၏ပုခုံးကိုလှမ်းဆွဲပြီး လေးနက်စွာမေးလာ၏။


“မင်းကိုအဲ့ဒါဘယ်သူပြောပြတာလဲ လက်ဖက်ရည်သောက်ပြီးစကားပြောတာက ယောက်ျားတွေကိုအဖော်လုပ်ပေးရတာဆိုတာကို ဘယ်သူပြောတာလဲ”


လုဟယ်နျန်၏အမူအရာက အလွန်မှုန်မှိုင်းနေလို့လားမသိ ယွင်ရုန်ကအလိုလိုပြန်ဖြေလိုက်သည်။


“ကလပ်မှာတုန်းက အဲ့ဒီကျင်းဟုန်မိန်က ကျွန်မကိုတစ်ပုံစံတည်းပြောခဲ့တာ 'အလုပ်ကအရမ်းလွယ်တယ် ဧည့်သည်ကိုသောက်ဖို့စကားပြောဖို့အဖော်ပြုပေးရုံဘဲ'တဲ့ ပြီးတော့ကျွန်မကိုအဲ့ဒီယုန်ဝတ်စုံဝတ်ခိုင်းပြီး အဲ့လိုပုံစံမျိုးပြလာတာဘဲ”


လုဟယ်နျန်က သူမပြောသည်များကို နားထောင်ပြီးနောက် ကလပ်တွင်သူမနှင့်တွေ့ခဲ့ချိန်က လူကြီးကစားစရာယုန်ဝတ်စုံဝတ်ထားသည့်ပုံစံကို ပြန်တွေးမိသွားသည်။သူ့အကြည့်များကချက်ချင်းဆိုသလိုပင် နက်မှောင်လာခဲ့သည်။သူကအင်အားရှိသမျှဖြင့် ဖြေးဖြေးချင်းပြောလိုက်သည်။


“သူမက မင်းကိုလှည့်စားခဲ့တယ် ကိုယ်ကတော့မင်းကိုမလှည့်စားပါဘူး”


“ကိုယ်ပြောတဲ့ လက်ဖက်ရည်သောက်၊စကားပြောဆိုတာက တကယ်ကိုလက်ဖက်ရည်သောက်ပြီးစကားပြောရုံဘဲ အခြားဘာအဓိပ္ပါယ်မှမရှိဘူး”


“အဟုတ်ပါပဲ မစ်ယွင် အဲ့ဒီနေ့ညနေတုန်းက ကျွန်တော်တို့ဒါရိုက်တာကဘဲ မင်းကိုခေါ်ထုတ်လာပေးတာလေ ကျွန်တော်တို့လုအုပ်စုက ကုမ္ပဏီကောင်းတစ်ခုပါ ဝန်ထမ်းတွေကိုအဲ့လိုကိစ္စမျိုးလုပ်ခိုင်းမှာမဟုတ်ဘူး”


ကျန်းချုံမင်က ဘေးမှကမန်းကတန်းဝင်ပြောလာ၏။ဤနားလည်မှုလွဲသည်ကို မဖြေရှင်းပါက သူတို့၏ဒါရိုက်တာက တကယ်ပင်လူယုတ်မာဖြစ်သွားလိမ့်မည်။အဲ့လိုဆိုအကုန်ပြီးပြီဘဲ။


ယွင်ရုန်က လုဟယ်နျန်ကို သံသယဖြင့်ကြည့်လိုက်သည်။သူ၏အရှိန်အဝါကသန့်စင်ပြီး လိမ်နေသည့်ပုံမပေါ်သဖြင့် သူမကပြောလိုက်သည်။


“ရှင်တို့နှစ်ယောက် ကျွန်မကိုလိမ်ရင် တစ်ဘဝလုံးကံဆိုးကြမှာနော်”


သူမကတောင်မိစ္ဆာဖြစ်ကာ ကောင်းချီးပေးနိုင်သလို ကျိန်စာလည်းတိုက်နိုင်၏။သူမကိုလှည့်စားသောသူများသည် သေချာပေါက်ကံ‌ဆိုး‌မိုးမှောင်ကျလိမ့်မည်။

  

၎င်းက အသိအသာပင်ရက်စက်သောစကား‌ဖြစ်သော်လည်း မိန်းမငယ်လေးဆီမှထွက်လာသောအခါ တင်စီးသည့်အမူအရာများ နည်းနည်းလေးတောင်ရှိမနေပေ။လုဟယ်နျန်က ယွင်ရုန်၏ကလေးဆန်မှုကြောင့် ကူကယ်ရာမဲ့စွာရယ်လိုက်မိသည်။ သူကမြတ်နိုးမှုအပြည့်ဖြင့် သူမခေါင်းကိုထိကာပြောလာ၏။


“ဟုတ်ပါပြီ ကိုယ်မင်းကိုလှည့်စားခဲ့ရင် တစ်ဘဝလုံးကံဆိုးသွားပါစေ”


“ရှင် ကျိန်ဆိုတာကို လွယ်လင့်တကူလုပ်လိုက်လို့မရဘူးလေ”


ယွင်ရုန်က သူ၏စိတ်အားထက်သန်နေသောပုံစံကိုမြင်သောအခါ ချက်ချင်းပင်သူ့ကိုယုံသွားလေသည်။ထို့နောက်သူမက သူ့ကိုသတိပေးလိုက်သည်။

 

ဒါကကျိန်တယ်လို့ဘယ်လိုသတ်မှတ်လို့ရမှာလဲ။လုဟယ်နျန်က နူးညံ့စွာပြုံးလိုက်သည်။


“ကိုယ်က ကိုယ်ပြောခဲ့တဲ့စကားတွေကိုချိုးဖောက်မှာမဟုတ်လို့ ကြောက်စရာမလိုပါဘူး”


သူမသိသည်မှာ သူပြောပြီးပြီးချင်းမှာဘဲ စိမ်းပြာရောင်တံဆိပ်တစ်ခုက သူ့ပုခုံးပေါ်၌ပေါ်လာခဲ့လေသည်။လူတစ်ယောက်က တောင်စောင့်နတ်အား ကျိန်‌ဆိုထားသည်ကိုချိုးဖျက်၍မရပေ။ချိုးဖျက်လိုက်သည်နှင့် အပြစ်ပေးခံရပေလိမ့်မည်။



⛰️