⛰️Chapter 29
အဖေ
ယွင်ရုန်နှင့်ပြောဆိုပြီးနောက် လုဟယ်နျန်က သူမကိုဘယ်လိုအလုပ်ပေးရမည်အား အလေးအနက်စဉ်းစားလိုက်သည်။ဤအခိုက်အတန့်၌သူက သူမအခြားနေရာတွင်အလုပ်သွားရှာမှာကို ပိုစိုးရိမ်လာခဲ့သည်။
သူမကိုကုမ္ပဏီက ဌာနတစ်ခုတွင်လည်းအလုပ်သွင်းလို့မရပေ။ပထမအချက်မှာ သူမကဘာမှမလုပ်နိုင်သောကြောင့်ဖြစ်သည်။ဒုတိယအချက်မှာ သူ၏ဘဝကံကြမ္မာကြောင့် ကုမ္ပဏီတွင်အလုပ်လုပ်သည့်အမျိုးသမီးကအနည်းငယ်သာရှိပြီး ယောက်ျားအုပ်လိုက်ကြီးကိုသာရှိ၏။ဤယောက်ျားလေးဝန်ထမ်းများ၏ပျမ်းမျှအသက်မှာ 20ကျော်များဖြစ်ပြီး တက္ကသိုလ်မှဘွဲ့ရလာသည်မှာ နှစ်အနည်းငယ်လောက်သာရှိသေးသည်။သူတို့ကလက်ထပ်ဖို့မပြောနှင့် ကောင်မလေးတောင်မရှိသေးပေ။
ယွင်ရုန်က အောက်ထပ်မှဌာန၌အလုပ်လုပ်ပါက ဝံပုလွေကျင်းထဲကို ယုန်လွှတ်ပေးလိုက်သလိုမဖြစ်သွားဘူးလား။ထိုမြင်ကွင်းကိုတွေးကြည့်လိုက်သောအခါ လုဟယ်နျန်၏မျက်နှာက မည်းနက်လာလေသည်။သူမကို သူ့နှာခေါင်းအောက်မှာထားတာက အကောင်းဆုံးဘဲ။
တစ်ဖက်ရှိယွင်ရုန်ကမူ ဤကိစ္စကိုအရမ်းအရေးမထားပေ။သူမတွင်ဝူစုန့်ယာ၏မှတ်ဉာဏ်ရှိသော်လည်း ဝူစုန့်ယာကစိတ်နောက်သွားသည်မှာ နှစ်အနည်းငယ်ကြာသွားပြီဖြစ်ရာ သူမမှတ်ဉာဏ်က မပြည့်စုံပေ။ထို့ကြောင့် ယွင်ရုန်ကလူ့လောကကြီးကို အတော်လေးနားမလည်ရုံသာမက နားလည်မှုလွဲသည်များလည်းရှိနေပေသည်။
ထို့ကြောင့် ကျန်းချုံမင်က လတ်လတ်ဆတ်ဆတ်ကိတ်များလုပ်ပြီးသွားပြီဟုပြောလာသောအခါ သူမကပျော်ပျော်ရွှင်ရွှင်ဖြင့် သူ့နောက်မှလိုက်သွားလေသည်။
အတွင်းရေးမှူးအုပ်စုက အကုန်လုံးရည်းစားမရှိသည့် တစ်ကိုယ်တည်းသမားများဖြစ်ရာ မိန်းကလေးများ၏အကြိုက်ကိုမသိပေ။သို့သော်ကျန်းချုံမင်က သူတို့ဒါရိုက်တာအကျိုးတွက်ဟုပြောနေသဖြင့် သူတို့ကအရသာမတူသည့်ကိတ်အနည်းငယ်ကိုမှာရန် သဘောတူလိုက်ကြသည်။ခင်းကျင်းပြသထားသည့် ရောင်စုံကိတ်များမှာ အလွန်ကြည့်လို့လှပေသည်။
ယွင်ရုန်က ချက်ချင်းပင်ဆွဲဆောင်ခံလိုက်ရသည်။သူမက ချောကလက်အချိုပွဲကိုစားရင်း ပြုံးကာကျန်းချုံမင်ကိုပြောလိုက်သည်။
“ကျေးဇူးပါ ဒီကိတ်ကတကယ်အရသာရှိတယ်”
အနံ့အရမ်းကောင်းပြီး အရသာကလည်းနူးအိနေရော။သူမသာ လူသားများ၏စားစရာများအလွန်အရသာရှိသည်ကို အစောကတည်းကသိခဲ့ပါက တန့်ချိုးတောင်ပေါ်မှဆောက်လုပ်ရေးတဲကို ပြောင်းပြန်လှန်ခဲ့မှာမဟုတ်ပေ။ထိုအထဲတွင်စားစရာအပုံလိုက်ကြီးရှိနေသည်ကို မှတ်မိနေသေးသည်။
အရသာရှိသောစားစရာဘယ်လောက်များများဖြုန်းတီးခဲ့မိသည်ကိုတွေးမိသောအခါ ယွင်ရုန်ကနောင်တရလာသည်။
ယွင်ရုန်အပြောမဆုံးသေးခင်မှာဘဲ ကျန်းချုံမင်က သူ့နောက်မှဒါရိုက်တာ၏အကြည့်ကိုခံစားမိကာ ရေခဲလိုတောင့်တင်းသွားသည်။သူကတုန်တုန်ယင်ယင်ဖြင့် အမြန်ပြန်ပြောလိုက်သည်။
“မစ်ယွင် ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး ကျွန်တော်ကဒါရိုက်တာလုပ်ခိုင်းတာကိုဘဲ လုပ်ပေးတာပါ ကျွန်တော်တို့ရဲ့ဒါရိုက်တာက အရမ်းကိုဂရုစိုက်တတ်တဲ့သူပါ”
ယွင်ရုန်က ကိတ်မုန့်များဝယ်ပေးသောသူမှာ လုဟယ်နျန်ဖြစ်နေမည်ဟုမထင်ထားခဲ့ပေ။သူမက အခုလေးတင်သူ့ကိုလူယုတ်မာဟုဒေါသတကြီးအော်ခဲ့မိသည်ကို တွေးမိသောအခါ နည်းနည်းရှက်သွားသည်။သူမက မျက်နှာချိုသွေးစွာပြုံးပြလိုက်သည်။
“ကျေးဇူးပါ ဒုတိယအစ်ကို”
ထို့နောက် သူမကစိတ်အားထက်သန်စွာဆက်ပြောလာ၏။
“ဒုတိယအစ်ကို ကံကောင်းလိမ့်မယ်”
မိန်းကလေး၏ ဒုတိယအစ်ကိုဟုချိုမြိန်သည့်ခေါ်သံကိုကြားလိုက်ရသောအခါ လုဟယ်နျန်ကချက်ချင်းပင်ခံစားချက်ကောင်းသွားသည်။သူကပြုံးလိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ ယွင်ရုန့်နှုတ်ခမ်းထောင့်မှ ချောကလက်ကိတ်မုန့်စများကိုသုတ်ပေးရင်း နူးညံ့စွာပြောလိုက်သည်။
“ကြိုက်တယ်ဆိုလည်း များများစားနော်”
လုဟယ်နျန်က နေ့လယ်ခင်းတွင်လုပ်စရာအလုပ်ကိစ္စများရှိနေသဖြင့် သူတို့သုံးယောက်က ကိတ်ဆိုင်၌ခဏထိုင်ပြီးနောက် ယွင်ရုန်ကိုဟိုတယ်သို့ပြန်လိုက်ပို့ကြသည်။
ယွင်ရုန်က ကိတ်နည်းနည်းဘဲစားရသေးရာ လုံးဝမကျေနပ်ပေ။သူမရင်ထဲတွင်လက်မခံနိုင်ဖြစ်နေ၏။အစောကတည်းကသိထားပါက သူမကနည်းနည်းထပ်စားလိုက်ဦးမှာဖြစ်သည်။ကိတ်ဆိုင်မှာထွက်လာပြီးနောက်တွင် သူမကကိတ်ဆိုင်ကို အကြိမ်ကြိမ်ပြန်လှည့်ကြည့်နေ၏။
လုဟယ်နျန်က ယွင်ရုန်၏တွန့်ဆုတ်နေသောပုံစံကိုမြင်သောအခါ အော်ရယ်မိသွားသည်။သူက သူမခေါင်းကိုပွတ်ကာ ပြောလိုက်သည်။
“ကိုယ် ကျန်းချုံမင်ကို ကိတ်နည်းနည်းလောက်ပါဆယ်ထုတ်လာဖို့ပြောထားပြီးပြီ မင်းနောက်မှစားဖို့အကုန်လုံးကို ဟိုတယ်ပို့လိုက်မယ်၊ အများကြီးစားပြီးနေပြီဆိုတော့ အခုထပ်စားလို့မရတော့ဘူး”
ဒီလိုအရသာရှိသည့်အချိုပွဲမျိုးက အတိုင်းအတာနှင့်သာစားသင့်သည်။
လုဟယ်နျန် သတိမထားမိလောက်သည်မှာ သူအခုစကားပြောလိုက်သည့်ပုံစံက သူ့သမီးကိုချော့နေသည့်အဖေတစ်ယောက်လိုဖြစ်နေ၏။
သူမကအဲ့လောက်တောင်စားလိုက်လို့လား။ယွင်ရုန်က အံ့ဩသွားကာ ချက်ချင်းပင်သူမအမူအရာကိုပြန်ထိန်းလိုက်သည်။သူမသာဆက်စားနေပါက အဖော်ခံရတော့မှာဘဲ။ဘယ်လူသားကများ မနက်ခင်းမှာ အဲ့လောက်အများကြီးစားလို့လဲ။လုဟယ်နျန်၏သတိပေးချက်က အချိန်ကိုက်လေးပင်ဖြစ်သည်။မဟုတ်ပါက သူမကသံသယဝင်စရာဖြစ်သွားနိုင်၏။
ယွင်ရုန်က သတိတကြီးဖြင့် သူမဗိုက်ကိုပုတ်လိုက်သည်။ကျန်သည့်ကိတ်များကို ပါဆယ်ထုတ်လာပေးမည်ဆိုသဖြင့် သူမရင်ထဲပျော်သွားကာ တောက်ပစွာပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းချုံမင်က သူတို့ဒါရိုက်တာတစ်ယောက် ကာရိုက်တာထဲမှထွက်နေသည်(ooc)ကို အစအဆုံးဘေးမှကြည့်နေရသဖြင့် ထုံတောင်ထုံနေပြီဖြစ်သည်။သူကလူနှစ်ယောက်အနောက်မှလိုက်သွားပြီး ကားပေါ်တက်လိုက်ကာ သူ့ဖုန်းကိုစစ်ကြည့်လိုက်သည်။အတွင်းရေးမှူးဂရုချက်ထဲ၌ စာများစွာရောက်နေပြီဖြစ်ကာ အကုန်လုံးကကိတ်များကိုကြိုက်မကြိုက်၊ ဒါရိုက်တာကိုကူညီပေးရမည့်အခြားနေရာများရှိမရှိမေးမြန်းနေကြ၏။
သူက ဂရုတစိုက်နောက်ခုံးကို လှစ်ခနဲကြည့်လိုက်ရာ လုဟယ်နျန်၏အလိုလိုက်အကြိုက်ဆောင်နေသောအပြုံးကိုမြင်လိုက်ရသဖြင့် ရှေ့ပြန်လှည့်လိုက်သည်။ထို့နောက်သူက wechatတွင်စာရိုက်လိုက်သည်။
:ဒါရိုက်တာက အရမ်းကျေနပ်နေတယ် လူအိုကြီးတစ်ယောက်လိုပြုံးနေတာ။
အတွင်းရေးမှူး 1,2,3: ? ? ?
ယွင်ရုန်ကိုဟိုတယ်သို့ပြန်ပို့ပြီးနောက် လုဟယ်နျန်ကသူမကို ဘယ်မှလျှောက်မသွားရန်မှာဖို့မမေ့ပေ။သူက သူမအလုပ်အတွက် စီစဉ်စရာတစ်ချို့လိုနေဆဲဖြစ်သည်။
ယွင်ရုန်က ခေါင်းငြိမ့်လိုက်သည်။ခုနလေးတင် သူမက တန့်ချိုးတောင်၏အခြေအနေကို တစ်ချက်ထောက်လှမ်းလိုက်သေးသည်။ထိုလူအိုကြီးများက စုတ်တံသေးသေးလေးများကိုကိုင်ကာ မြေကြီးပေါ်တွင်အလုပ်လုပ်နေကြ၏။အချိန်အတော်ကြာသွားတာတောင်မှ သူတို့ကမြေကြီးတော်တော်များများကို မဖယ်ရှားနိုင်သေးပေ။သူတို့အလုပ်လုပ်ရန်အတွက် အချိန်တစ်ချို့လိုအပ်လောက်သည်။သူမ၏တင်းမာနေသောနှလုံးသားက ချက်ချင်းပင်နေရာပြန်ရောက်သွားသည်။
ဤနှုန်းဖြင့်ဆိုပါက သူမအတွက်ဒီတစ်ရက်နှစ်ရက်အတွင်း အလောတကြီးအလုပ်လုပ်စရာမလိုလောက်ပေ။
အရသာရှိတာတွေစားဖို့က ပိုအရေးကြီးတယ်။
ရုံးသို့ပြန်လာသည့်လမ်းတွင် လုဟယ်နျန်ကသူ၏ပုံမှန်တိတ်ဆိတ်ကာအေးစက်သည့်ပုံစံပြန်ဖြစ်သွားလေသည်။သူကခြေထောက်နှစ်ဖက်ကိုချိတ်ထိုင်နေကာ အေးအေးလူလူနှင့် ပူပန်ကြောင့်ကြမဲ့နေသောပုံစံဖြစ်နေပေသည်။
လုဟယ်နျန်က အသက်ပြင်းပြင်းရှူလိုက်သည်။ မိန်းမငယ်လေး၏သင်းရနံ့က ကားထဲတွင်ကပ်ညှိနေဆဲဖြစ်သည်။၎င်းက ရေမွှေးနံ့လိုမဟုတ်သော်လည်း ထူးခြားစွာဖြင့် သူကထိုရနံ့ကို အလွန်ကောင်းသည်ဟုခံစားမိနေ၏။သူက ဒူးပေါ်တွင်လက်တင်ထားကာ လက်ညှိုးနှင့်လက်မ အချင်းချင်းပွတ်သပ်နေ၏။သူ့လက်ချောင်းများတွင် သူမခေါင်းပေါ်မှနူးညံ့သောဆံသားများ၏အထိအတွေ့ကိုခံစားနေရဆဲဖြစ်ကာ သူ့မျက်ဆံများက မည်းနက်လာလေသည်။
“ကျန်းချုံမင် ရုံးရောက်ရင် ငါ့ရုံးခန်းဘေးကအခန်းကို ရှင်းထားလိုက်ပါ”
ကျန်းချုံမင်က ခနလောက်တန့်သွားပြီးမှ စိတ်လှုပ်ရှားစွာမေးလာ၏။
“ဒါရိုက်တာ အဲ့ဒါက မစ်ယွင်ရဲ့ရုံးခန်းဖြစ်လာမှာလား”
သူ့ရင်ထဲတွင် ဒါရိုက်တာ၏ဒီအကွက်က တကယ်ကောင်းတာဘဲဟုညည်းလိုက်မိသည်။အချင်းချင်းရုံးခန်းနီးနေရာ သာမာန်အခြေအနေမျိုးတွင် မနက်မှညနေအထိအချင်းချင်းတွေ့နေရလိမ့်မည်။ထိုသို့ဆိုလျှင် မစ်ယွင်ရုန်ကိုပိုးပန်းမည့်ကိစ္စက အဆင်ပြေသွားပြီမလား။ထို့ပြင် ကုမ္ပဏီတစ်ခုလုံး၌ သူတို့ဒါရိုက်တာက အချောဆုံးသူဖြစ်သည်။မစ်ယွင်ရုန်သာ မျက်စိပြသနာမရှိပါက အခြားသူများကိုရှာလောက်မည်မဟုတ်ပေ။
လုဟယ်နျန်က ကျန်းချုံမင်ကိုကြည့်ကာ သူတစ်ခုခုမှားပြောမိတာလားဟု တွေးလိုက်မိသည်။ထို့နောက် သူကဆက်ပြောလိုက်သည်။
“မင်းပဲလုပ်လိုက် မိန်းကလေးတွေကြိုက်တတ်တဲ့ပုံစံမျိုးကိုစီစဉ်လိုက်ပါ”
“ဟုတ်ကဲ့ပါ”
ကျန်းချုံမင်က စိတ်အားတက်ကြွစွာပြန်ဖြေလိုက်သည်။စကားနည်းနည်းပြောပြီးနောက် လုဟယ်နျန်က ဘာမှညွှန်ကြားစရာမရှိတော့သည်ကိုမြင်သောအခါ ဖုန်းကိုထုတ်ပြီး wechatထဲဝင်လိုက်သည်။
ကျန်းချုံမင် : (အရေးကြီးသတင်း၊ အရေးကြီးသတင်း ဒါရိုက်တာက သူ့ရုံးခန်းဘေးက အခန်းကိုပြန်ပြင်ဆင်ချင်တယ်တဲ့ အဲ့ဒါက နွေးထွေးပြီးနေလို့ကောင်းရမယ်၊ ချစ်စရာကောင်းပြီးနှစ်လိုဖွယ်ကောင်းရမယ် အခန်းတစ်ခန်းလုံးက သက်တောင့်သက်သာရှိတဲ့ အလုပ်နေရာမျိုးဖြစ်အောင်ကြိုးစားရမယ်)
——ဘယ်လိုဖြစ်တာလဲ ဒါရိုက်တာဆီမှာ သူ့ကိုယ်ပိုင်နားနေခန်းရှိပြီးသားမဟုတ်ဘူးလား။
——မင်းက ထိပ်မှာနေပြီး တုံးနေတာလား။ဒါရိုက်တာက အဲ့ဒီအခန်းကိုချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းစေချင်တယ်ဆိုတော့ အကြီးဆုံးသခင်မလေးက ကုမ္ပဏီမှာအလုပ်လာလုပ်တော့မှာများလား။
——အကြီးဆုံးသခင်မလေးက သူ့ကုမ္ပဏီနဲ့သူလက်မအားဘူးဖြစ်နေတာ ဒီမှာအလုပ်လာလုပ်ဖို့လွယ်မလား။
ကျန်းချုံမင် : လောင်ဝမ်ကတောင်ဉာဏ်ကောင်းသေးတယ် ငါအမှန်တိုင်းပြောပြမယ် ဒါရိုက်တာကိုယ်တိုင်က မိန်းကလေးကိုအလုပ်လာလုပ်ဖို့ဖိတ်ထားတာကွ
——သူအလုပ်မလာတာက ငါ့ကိုမပြောနဲ့နော်。。。。
——ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ရုံးတွင်းအချစ်ရေးမျိုးကိုလုံးဝတားမြစ်တယ်လို့ ဖော်ပြထားတယ်လေ။
——ဒါရိုက်တာက ဝန်ထမ်းမှမဟုတ်တာ။
。。。。。。。
——ကျန်းချုံမင် မင်းအမြင်အရဆို အဲ့ဒီမိန်းကလေးက ဘယ်လိုပုံစံမျိုးကြိုက်လဲ အဲ့အတိုင်းငါတို့စီစဉ်လိုက်မယ်။
ကျန်းချုံမင်က ကိတ်ဆိုင်တွင်ယွင်ရုန်ကိတ်မုန့်စားသည်ကိုပြန်တွေးမိသွားသည်။
:ကျန်တာက နောက်ထားလိုက်လို့ရတယ် စားစရာတချို့ပြင်ထားဖို့က အရေးကြီးဆုံးဘဲ။
——ဒီလိုလုပ်လိုက်ရင်ရော နောက်ကျရင် ငါတို့စူပါမားကတ်သွားပြီး မုန့်ဝယ်လိုက်မယ် မင်းကရေခဲသေတ္တာပြင်ထားလိုက် အအေးနဲ့ရေခဲမုန့်ကျ ရေခဲသေတ္တာမရှိလို့ဘယ်ဖြစ်မှာလဲ
——ဟုတ်တယ် ဟုတ်တယ် ရေခဲသေတ္တာက အရေးကြီးဆုံးဘဲ မိန်းကလေးက စားစရာတွေကိုပဲရေခဲသေတ္တာထဲထည့်ထားမဟုတ်ဘူးလို့ကြားတယ်
——ဒါဆိုသူတို့က ဘာတွေထည့်သေးလို့လဲ(မိုက်မဲသည့် တစ်ကိုယ်တော်ခွေးလေးမေးတာပါ)
ကျန်းချုံမင်က ဂုဏ်ယူစွာစာရိုက်လိုက်သည်။
:ငါသိတယ် သူတို့က skin careနဲ့ အလှကုန်တွေပါထည့်တတ်ကြတာ။(အထင်သေးနေသောအီမိုဂျီ)
အတွင်းရေးမှူးကျန်း :ဝါးးရည်းစားရှိရတာ တကယ်ကောင်းတာဘဲ။
~~~~~~~~~
လုဟွားနျန်က အိမ်ပြန်ရောက်သောအခါ ယွင်ရုန်ပေးလိုက်သောမြက်ပင်ကို ရေခဲသေတ္တာထဲထည့်ထားလိုက်သည်။ညနေခင်းတွင် အိမ်အကူက ထိုအပင်အကြောင်းလာမေးမှ သူမသတိရတော့သည်။
မြက်ပင်က အပြင်ဘက်ဥယျာဉ်မှ ဖြစ်သလိုဆွဲနုတ်လာသည့် အပင်များနှင့်တူ၏။ထို့ကြောင့် အိမ်အကူက သေချာမသိသဖြင့် သူမကိုမေးလာခြင်းဖြစ်သည်။
“မဒမ် ဒီအပင်ကိုစိုက်မှာလား ပန်းအိုးထဲထည့်ပေးရမလားရှင့် မြေကြီးထဲတစ်ခါထဲတန်းစိုက်ရင် လွယ်လွယ်သေသွားမယ်ထင်တယ်”
လုဟွားနျန်က သူမလက်ထဲမှဆေးဖက်ဝင်မြက်ပင်ကိုယူကာ သေချာကြည့်လိုက်သည်။နေ့တစ်ဝက်ကျော်သွားပြီဖြစ်ကာ အလွန်ပူသောရာသီဖြစ်သဖြင့် အပင်နွမ်းသွားသည်မှာဖြစ်သင့်သောအရာဖြစ်သည်။ထို့အပြင် အိမ်တစ်ခုလုံးကလေအေးပေးစက်ဖွင့်ထားသဖြင့် အပင်ကခြောက်ပြီး အစိုဓာတ်မရှိသင့်တော့ပေ။သို့သော်ဤမြက်ပင်၏အရောင်က စိမ်းစိုနေဆဲဖြစ်သည်။အရွက်များက သန်မာဖြောင့်တန်းနေကာ ချိုးကြည့်လိုက်ပါက အရည်များတောင်ထွက်လာနိုင်လောက်၏။
အပင်ကရှင်နေသည့်ပုံပေါက်ရုံသာမက အနားယူကြည့်လိုက်လျှင် ခပ်ဖျော့ဖျော့ရနံ့တစ်ခုရလာပြီး ရှူလိုက်သူများကို ပူပန်ကြောင့်ကြမဲ့ပြီးစိတ်အေးသွားစေ၏။သူမ၏ခန္ဓာကိုယ်ကိုထိန်းသိမ်းရန်အတွက် လုဟွားနျန်က ညနေစာစားလေ့မရှိပေ။သို့သော်ဆေးဖက်ဝင်မြက်အနံ့ရသောအခါ သရေယိုလာပြီး စားချင်စိတ်ဖြစ်လာလေသည်။
သူမက စားလို့အဆင်ပြေသည်ဟု ယွင်ရုန်ပြောခဲ့သည်ကိုတွေးလိုက်သည်။ဒီလိုဆို သုပ်စားလိုက်ရင် ဘာပြသနာမှမရှိလောက်ပါဘူး။လုဟွားနျန်က ထိုမြက်ကိုအိမ်အကူလက်ထဲထည့်ပေးကာ ပြောလိုက်သည်။
“ဒါနဲ့အသုပ်လုပ်ပေးပါ ကျွန်မစားချင်လို့”
“ဒါကိုသုပ်ရမှာလား ဒါကစားလို့ရောရရဲ့လား”
အိမ်အကူက သူမလက်ထဲမှအပင်ကိုမယုံနိုင်စွာကြည့်လိုက်သည်။သို့သော်သူမထိုအပင်မှပန်းများပွင့်လာသည့်အထိကြည့်လျှင်တောင်မှ ဘယ်အပင်အမျိုးအစားဆိုသည်ကိုမခွဲခြားနိုင်သေးပေ။ပုံစံကိုကြည့်လိုက်သောအခါ တရုတ်ကြက်သွန်မြိတ်နှင့်တူသော်လည်း တကယ်ယှဉ်ကြည့်လိုက်လျှင် ဒီမြက်ပင်ကပိုရှည်ကာပိုသေး၏။သူမက မသေချာစွာမေးလိုက်သည်။
“မဒမ်က တကယ်ဘဲဒါကိုသုပ်စားချင်တာလား”
လုဟွားနျန်ကခေါင်းငြိမ့်လိုက်သည့်အချိန်တွင် သဘောမတူသော ငြိမ့်ညောင်းသည့် အမျိုးသားအသံက အိမ်ပေါ်ထပ်မှထွက်လာလေသည်။
“ဟွားနျန် ဝမ်ကျဲကတောင် အဲ့အပင်ကိုမခွဲခြားနိုင်ဘူး ဂရုမစိုက်ဘဲစားလိုက်တာမျိုးမလုပ်ရင် ပိုကောင်းမယ်နော်”
ကုချင်နှင့် လုဟွားနျန်တို့လက်ထပ်ထားသည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်ရာ မိန်းမဖြစ်သူ၏လှချင်သောစိတ်ကိုသိ၏။ဘယ်အမျိုးသမီးကများ မလှချင်မှာလဲ။ဒီလိုမိသားစုမျိုးတွင် ဘယ်လောက်ပဲပိုက်ဆံကိုသုံးပြီး အလှအပကိုထိန်းသိမ်းနေပါစေ လုံလောက်မှုမရှိပေ။၎င်းကအလှအပကိုထိန်းသိမ်းခြင်းသာမက မိသားစုကိုမျက်နှာပန်းလှအောင် ထိန်းသိမ်းနေခြင်းလည်းဖြစ်သည်။သို့သော် အိမ်အကူလက်ထဲမှ မြက်ပင်ကိုကြည့်ကာ ကုချင် ကူကယ်ရာမဲ့စွာဖြင့် နားထင်ကိုနှိပ်လိုက်မိဆဲဖြစ်သည်။
အိမ်အကူဝမ်ကျဲ၏ အထူးပြုမှုမှာ အာဟာရပညာရပ်ဖြစ်သည်။အခြေခံအားဖြင့် သူမက ပါဝင်ပစ္စည်းအားလုံးနီးပါးကိုသိ၏။အခုတွင် သူမကထိုမြက်ပင်ကိုအမျိုးအစားမခွဲနိုင်သဖြင့် လုဟွားနျန်ကိုပေးမစားချင်ပေ။
“ဘာကိုလက်လွတ်စပယ်စားတာလဲ ဒါက တရုတ်ရိုးရာဆေးရှင့်”
လုဟွားနျန်က ကုချင်၏စကားကိုလက်မခံပေ။အခုချိန်တွင် သူမက လုံးဝကိုယွင်ရုန်ဘက်သားဖြစ်သည်။ယွင်ရုန်က ဒါကိုပေးလိုက်ခြင်းဖြစ်သည်။သူမလက်ထဲမှထွက်လာသော ဆေးဖက်ဝင်မြက်သည် အတော်လေးကောင်းမှာအသေအချာပင်ဖြစ်သည်။
လုဟွားနျန်က ထိုသို့ပြောပြီးနောက် အိမ်အကူဘက်လှည့်ကာ ထပ်ပြောလိုက်သည်။
“ဝမ်ကျဲ သွားပြီးလှီးလိုက်ပါတော့ ဘာမှမဖြစ်ဘူး”
မဒမ်က အဆင်ပြေသည်ဆိုနေပြီဖြစ်ရာ အိမ်အကူကလည်းခေါင်းငြိမ့်ပြပြီး မီးဖိုချောင်ထဲ၌ သွားပြင်ဆင်လိုက်ရသည်။စားလို့မကောင်းမှာဆိုးသဖြင့် ချယ်ရီခရမ်းချဉ်သီးအနည်းငယ်၊ သခွားသီးနှင့် ဆလပ်ရွက်အနည်းငယ်ထပ်ထည့်လိုက်သည်။ထို့နောက် သံလွင်ဆီထည့်ကာ ရောမွှေလိုက်ပြီး အပြင်သို့ယူလာခဲ့သည်။
လုဟွားနျန်က ဇလုံကိုလက်နှစ်ဖက်ဖြင့်ပိုက်ပြီး ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လိုက်သည်။သူမက ပထမဆုံးတစ်လုတ်မစားခင်တွင် အနည်းငယ်တွေဝေနေသေးသည်။၎င်းက သူမ ယွင်ရုန်ကိုမယုံလို့မဟုတ်ပေ။အကြောင်းမှာ တရုတ်တိုင်းရင်းဆေးတိုင်းက ခါးသဖြင့် အရသာမရှိသောကြောင့် သူမအန်ထုတ်မိသွားပြီး အလဟသတ်ဖြစ်သွားမှာကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။
ကုချ
င်က သူမဘေးတွင်ထိုင်နေပြီး တွေဝေနေသည်ကိုမြင်သောအခါ ရယ်ပြီးစလိုက်သည်။
“ဘာလဲ အခုတော့မစားရဲတော့ဘူးလား ရဲဘော်ဟွားနျန် ဇာတ်လမ်းစပြီးမှ ကြောက်ရမှာကိုသိသွားတာလား”
⛰️