Part 85
ဝမ်ယွီ အရက်ပြန်ထဲတွင် ဝါဂွမ်းစကို နှစ်လိုက်ပြီး ရန်သူအကြီးစားကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ချီကျန်းကျန်း၏ခြေထောက်သို့ သတိထားကာ ကပ်လိုက်သည်။
ချီကျန်းကျန်းတစ်ယောက် သူမရှေ့တွင် ထိုင်နေသော အမျိုးသားကို ကြည့်ပြီး အဓိပ္ပါယ်မဖော်နိုင်သော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ အမျိုးသားလဲ၊ ဒီဘဝမှာ သူနဲ့တွေ့ခွင့်ရတာ သူမ အရမ်းကိုကံကောင်းလှပါသည်။
သူနဲ့ ဒီလို မရေရာတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး သူမဘဝတစ်လျှောက်လုံး ပြန်စဉ်းစားကြည့်နိုင်ပါတယ်။
ဒါပေမယ့် အနာဂတ်မှာ ဒီလူနဲ့ မရှိနိုင်တော့ဘူးလို့ တွေးလိုက်မိသောအခါ...
သူမ၏နှလုံးသားထဲတွင် အဆင်မပြေဖြစ်သွားသည်။
"နည်းနည်းတောင့်ခံထားနော်။" ဝမ်ယွီက သူမဒဏ်ရာကို ဂွမ်းစနဲ့ ထိခါနီးတွင် ပြောလိုက်သည်။
"အာ့-" ချီကျန်းကျန်းက "နာတယ်။"
အစကမနာတော့တာက်ု အရက်ပြန်နဲ့ ထိလိုက်တာနဲ့ ပြန်နာသွားသည်။
ဘာဖြစ်ဖြစ်၊ အနာဂတ်မှာ ဒီလူနဲ့ ဆက်မရှိနိုင်တော့ဘူးဆိုတဲ့ အတွေးတွေအားလုံးကို ချီကျန်းကျန်း မေ့သွားခဲ့သည်။ သူမ၏ဦးနှောက်သည် အခုချိန်တွင် ဗလာဖြစ်နေပြီး ကျန်တာကတော့ "နာကျင်ခြင်း"ဆိုတဲ့ ကြေကွဲစရာ ခံစားချက်တစ်ခုပါပဲ။
ဝမ်ယွီ အံကြိတ်ကာ နောက်ထပ် အရက်အနည်းငယ် ထပ်ထည့်ကာ သူမ၏ဒဏ်ရာကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် ဒဏ်ရာကို ပတ်တီးစည်းပေးကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"အာ့ အာ့ နာလိုက်တာ။" ချီကျန်းကျန်းသည် နောက်ဆုံးတွင် သူမ၏ ခြေထောက်ကို ပြန်ဆွဲယူနိုင်ခဲ့ပြီဖြစ်သည်။ သူမသည် ခြေထောက်ကိုကိုင်ရင်း အော်ဟစ်နေပုံမှာ တကယ်ကို သနားစရာကောင်းနေသည်။
ဝမ်ယွီ မတ်တပ်ထရပ်ကာ သူမကိုကြည့်လိုက်ပြီး ရင်ထဲနာကျင်လာသည်။
သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ရုတ်တရက် သူမ၏ခေါင်းနောက်ကိုထိန်းကိုင်ပြီး ခေါင်းငုံကာ နှုတ်ခမ်းချင်းထိလိုက်သည်။
- သူခုနကလုပ်ချင်ခဲ့တာကို အခုဆက်လုပ်နေတာဖြစ်သည်။
နှုတ်ခမ်းများက ဆို့နင့်သွားတာကြောင့် ချီကျန်းကျန်း အံသြသွားကာ သူမနှင့် စင်တီမီတာ အနည်းငယ်သာဝေးသော မျက်နှာကို မျက်ရည်စများဖြင့် စိုက်ကြည့်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
အာ… အရမ်းချောတာပဲ။
ဟင်?!
ဝမ်ယွီက သူမကို နမ်းနေတယ်!!!
တကယ်ကြီး သူမကို နမ်းနေတာလား!!!
ထိုအတွေးပေါ်လာပြီးသည့်အချိန်တွင် ဝမ်ယွီ၏နှုတ်ခမ်းများက သူမ၏နှုတ်ခမ်းများမှ ဖယ်ခွာသွားပြီဖြစ်သည်။
သူ၏နှုတ်ခမ်းထောင့်များပင့်တက်လာသည်၊ အင်း သူထင်ထားတဲ့အတိုင်းပဲ အရသာရှိတယ်။
ချီကျန်းကျန်း အလွန်ကြောင်အနေပြီး ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။
ဝမ်ယွီက သူမကို ကြည့်မနေပေ၊ သူသာ ဆက်ကြည့်နေပါက သူ့ကိုယ်တွင်းမှ သားရဲကို မထိန်းချုပ်နိုင်တော့မည်ကို သူကြောက်သည်။
"ချီကျန်းကျန်း" ဝမ်ယွီက ပါးစပ်ကို ဖွင့်လိုက်သည်။
"ဟင်?" ချီကျန်းကျန်းက မှင်သက်စွာ ပြန်ဖြေတယ်။
"လျိုကျိုးကို ဒီနေ့ သရေစာမကျွေးနဲ့တော့။" ဝမ်ယွီက ပြောလိုက်သည်။
"ဘာလို့လဲ။" သူမသည် မသိစိတ်မှ ကြောင်အနေရင်း မေးလိုက်သည်။
ဤအခိုက်အတန့်တွင် "ဝမ်ယွီက သူမကို နမ်းလိုက်တာကြောင့်" သူမ၏ ဦးနှောက်သည် မသိပြန်မဝင်သေးပေ။
ဝမ်ယွီ - "သူ့အဖေရဲ့ ပျော်စရာအခိုက်အတန့်ကို ဖျက်စီးပစ်လို့ အပြစ်ပေးရမယ်။"
သူတို့ အခုနမ်းလိုက်ကြသော်လည်း၊ စောစောက လျိုကျိုးကြောင့် သူမကို မနမ်းနိုင်ခဲ့တာကို ဝမ်ယွီကို မှတ်မိနေတုန်းပင်။
ချီကျန်းကျန်း: "အာ..." သူမစိတ်တွေ ရှုပ်ထွေးနေဆဲ။
သူ့ကို ကြောင်အနေသောမျက်လုံးများဖြင့် ကြည့်နေပြီး သူမ၏နှုတ်ခမ်းများသည်လည်း ပုံမှန်မဟုတ်သော နှင်းဆီရောင်ရှိနေဆဲဖြစ်သည်။
ဝမ်ယွီသည် သူ၏ဝမ်းဗိုက်အောက်တွင် တင်းကျပ်လာသလို ခံစားလိုက်ရကာ အသက်ကိုပြင်းထန်စွာ ရှူသွင်းလိုက်ပြီး အနည်းငယ်ကြာရှည်စွာ ပြန်မှုတ်ထုတ်လိုက်သည်။
"ချီကျန်းကျန်း"
"ဟင်..."
"နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနေပေးလို့မရဘူးလား။"
"ဘာကိုလဲ။"
"ကိုယ် ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့မှာ စိုးရိမ်တယ် ဒါကြောင့် အရမ်းဆွဲဆောင်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေပေး..."
ချီကျန်းကျန်း: "…" သူမ အံသြသွားသည်။
ဝမ်ယွီသည် ခေါင်းငုံ့ကာ သူမ၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီးနောက် ဆေးများကိုသိမ်းကာ အောက်ထပ်သို့ အမြန်ဆင်းသွားခဲ့သည်။
သူမ ဘယ်လောက်ပဲ ထိန်းထိန်းသိမ်းသိမ်းနေ,နေပါစေ သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးပေ…
ဝမ်ယွီ အောက်ထပ်သို့ ဆင်းသွားပြီးနောက် ချီကျန်းကျန်း အသိစိတ်မကပ်စွာ ထိုင်နေတုန်းပင်။
"ဝု ဝု~" လျိုကျိုးက သူမကို တွန်းလိုက်သည်။
ချီကျန်းကျန်း လျိုကျိုးကို ကြည့်လိုက်ပြီးနောက် အသိပြန်ဝင်လာပြီး သူမ၏မျက်နှာသည် နီမြန်းလာသည်။
သူမ ရုတ်တရက် လျိုကျိုးကို ကိုင်ပြီး ပျော်ရွှင်စွာ လှည့်လိုက်ရင်း ရယ်မောကာ "အားးး!! လျိုကျိုး!! ငါ မင်းအဖေနဲ့ပျော်စရာအဆုံးသတ်လေးရှိသွားပြီ။"
ဝမ်ယွီက သူမကို နမ်းလိုက်တယ်
နမ်းလိုက်တယ်...
တစ်ကြိမ်တည်းတောင်မဟုတ်ဘဲ နှစ်ကြိမ်တောင်...
လျိုကျိုးက စိတ်ရှုပ်ထွေးနေသော်လည်း သူ၏ပိုင်ရှင်သည် သူနှင့်ကစားနေသည်ကိုမြင်တော့ ချက်ချင်းပျော်ရွှင်သွားသည်။
ချီကျန်းကျန်း: "ဟားဟား!" အရမ်းပျော်လိုက်တာ။
လျိုကျိုး: "ဝု ဝု ဝု ဝု~" သူလည်း ပျော်နေသည်။
ချီကျန်းကျန်းရဲ့ ပျော်ရွှင်မှု တကယ့်ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။
တစ်ဖက်မှ လျိုကျိုးသည်တော့ သူ မစားရတော့မည့် အရသာရှိသော သရေစာများကို မသိသေးပေ။
.....
ချီကျန်းကျန်းတစ်ယောက် မနေ့ည တစ်ညလုံး စိတ်လှုပ်ရှားနေခဲ့ပြီး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ၊ နောက်တစ်နေ့တွင် သူမထသောအခါ ဝမ်ယွီသည် အလုပ်သွားခဲ့ပြီဖြစ်သည်။
ဒါပေမယ့် စားပွဲပေါ်က မနက်စာဘေးမှာ မှတ်စုတစ်ခုကို ချန်ရစ်ထားခဲ့သည်။
"မနက်စာစားဖို့ကို မေ့မနေနဲ့ဦး၊ ဝမ်ယွီ"
သူမမျက်နှာကို အုပ်လိုက်ကာ စားပွဲပေါ်ရှိ မနက်စာသည် ဝမ်ယွီကိုယ်တိုင်လုပ်ထားကြောင်း ချက်ချင်းသိလိုက်သည်။
အား!
ထိုအချိန်တွင် ဝမ်စီစီက ဖုန်းဆက်လာ၏
"ငါဝမ်ကျင်းအိမ်ရာ အပြင်မှာရောက်နေပြီ၊ မြန်မြန်ထွက်လာခဲ့။"
ချီကျန်းကျန်း၏ အသံက ရယ်သံစွက်နေပြီး... "အေးဆေးပေါ့ ငါမနက်စာစားလိုက်ဦးမယ်။"
ဝမ်စီစီ: "??? ဟယ်လို၊ ငါစောင့်နေသေးတယ်လေ။ ငါလည်း မစားရသေးဘူး အပြင်မှာ အတူတူထွက်စားရအောင်"
ချီကျန်းကျန်း : "မသွားဘူး။" ဒါကို ဝမ်ယွီကိုယ်တိုင် လုပ်ထားတာ။
ဝမ်စီစီ : "အင်းပါ၊ ဒါဆိုလည်း ငါ့အတွက် မနက်စာယူလာပေးဦး။"
ချီကျန်းကျန်း : "မရဘူး။" ဒါကို ဝမ်ယွီ ကိုယ်တိုင် လုပ်ထားတာ။
ဝမ်စီစီ: "နင် လူမဆန်လိုက်တာ။"
လူမဆန်သော ချီကျန်းကျန်းက ဝမ်ယွီသ မနက်စာကို အများကြီးလုပ်ထားခဲ့တာကြောင့် သူမတစ်ယောက်တည်းမကုန်နိုင်တဲ့အတွက် ဝမ်စီစီနှင့် အတူစားရန် ထုပ်ပိုးကာ ထွက်လာခဲ့သည်။
ချီကျန်းကျန်းက ရှေ့ထိုင်ခုံတွင်ထိုင်လိုက်ပြီးနောက် ဒရိုင်ဘာထိုင်ခုံတွင်ထိုင်နေသော ဝမ်စီစီ လက်တစ်ဖက်ဖြင့် အသားညှပ်ပေါင်မုန့်ကို လှမ်းယူလိုက်ကာ တခြားတစ်ဖက်တွင်တော့ ပဲနို့တစ်ခွက်ရှိနေပြီး တရုတ်နှင့် အနောက်တိုင်းပေါင်းစပ်ထားသော မနက်စာဖြစ်သည်။
"ဒါကို ဘယ်သူလုပ်ထားတာလဲ။ တော်တော်လေး စားကောင်းတယ်။" ဝမ်စီစီက ပြောလိုက်သည်။
ချီကျန်းကျန်း : "ဝမ်ယွီ လုပ်ထားတာလေ။ အရသာရှိတယ်မလား၊ တကယ်အရသာရှိတာပါဆို။"
ဝမ်စီစီ: "…"
သူမသည် အနည်ငယ်ရွံ့မုန်းသွားကာ ပြန်ပက်ချင်ပါသော်လည်း၊ ဝမ်ယွီကိုမကောင်း ပြောတိုင်း ပြန်ပြောတတ်သည့် ချီကျန်းကျန်း၏ ပေါက်ကွဲစေနိုင်သော တိုက်ခိုက်ရေးစွမ်းအားကို တွေးမိသောအခါ...
ထားလိုက်တော့
"ဒီရက်ပိုင်း နင်ဘာတွေလုပ်နေတာလဲ။ အပြင်လည်းမထွက်ဘူး၊ ငါနင့်ကို မက်ဆေ့ပို့တိုင်းလည်း ပြန်ဖြေဖို့ အကြာကြီးပဲ။"
ဝမ်စီစီ စားနေရင်း ပဲနို့ကို နှစ်ငုံသောက်လိုက်သည်။
ချီကျန်းကျန်းလည်း စားနေတာကြောင့် သူမ၏ အသံမှာ အနည်းငယ် မပီသစွာဖြင့် "ငါ့သားကို အဖော်လုပ်ပေးနေတာ။"
"Pfft-"
ဝမ်စီစီ ထိတ်လန့်သွားကာ ပဲနို့တစ်လုတ်လောက် ပြန်ထွက်လာပြီး.အံ့အောတကြီးမေးလိုက်သည်။
. "နင်နဲ့ ဝမ်ယွီမှာ ကလေးတောင် ရှိနေပြီလား..."
xxxxxxx