Part 86
ချီကျန်းကျန်းက ဘေးကို ရှောင်လိုက်ပြီး တစ်ရှူးတစ်ရွက် ပေးကာ "နင် မဖြုန်းတီးစမ်းမဲ့၊ ဒါက ဝမ်ယွီ ကိုယ်တိုင်လုပ်ထားတာ။ သူ ဘယ်လောက်တောင် အလုပ်ရှုပ်နေလိုက်သလဲ..."
သူ အရမ်းအလုပ်များနေတာတောင် သူမအတွက်မနက်စာကို ကိုယ်တိုင်လုပ်ပေးထားတာ ဝမ်စီစီ ဖြုန်းတီးဖို့မှမဟုတ်တာ။
ဝမ်စီစီက တစ်ရှူးကိုယူကာ ပါးစပ်သုတ်လိုက်ပြီး "နင်ငါ့ကိုအရင်လာခြောက်တာလေ။ တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား။"
ဝမ်စီစီ၏မျက်လုံးများက သူမဗိုက်ကို မယုံနိုင်စွာ ကြည့်နေသည်။
ချီကျန်းကျန်းသည် သူမကို ပို၍ပင် ရွံရှာစွာ စိုက်ကြည့်ရင်း "ဘာတွေတွေးနေတာလဲ။ ငါက ခွေးအကြောင်းကိုပြောနေတာ။ ဝမ်ယွီနဲ့ ငါ အတူခွေးမွေးနေကြတယ်။ ပြီးတော့ ငါနဲ့သူကခုထိချစ်သူတွေမဟုတ်သေးဘူး။"
အာ၊ သူမတို့ မတွဲရသေးဘူးပဲ။
အဆုံးသတ်မကောင်းဖို့ ဖြစ်နိုင်ခြေသည် အမြဲရှိသည်၊ ချစ်သူတွေဖြစ်သွားကြလျှင်တောင်အဆုံးသတ်မကောင်းနိုင်ချေရှိသေးသည်။
သူမ မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီ။
ဝမ်ယွီက ဘာလို့ တွဲဖက်မရှိတဲ့ဝတ္ထုထဲက အဓိကဇာတ်ဆောင် ဖြစ်နေရတာလဲ။
"နင်ကသူနဲ့စေ့စပ်ထားတဲ့သူလေ၊ ချစ်သူတွေဖြစ်ဖို့ကလိုလို့လား။ နင်တို့နှစ်ယောက်က လက်ထပ်ကြမှာပဲကို ဘာကိစ္စနဲ့တွဲနေဦးမှာလဲ။ အခုတောင် အတူနေ,နေကြပြီမဟုတ်ဘူးလား။"
ဝမ်စီစီ မျက်လုံးလှိမ့်ကာပြောလိုက်သည်။
သူတို့နှစ်ယောက်က အတူတောင်နေ,နေကြတာကို၊ တွဲဖိူ့အကြောင်းကထွက်လာသေး၊ ယုတ္တိကိုမရှိဘူး။
ချီကျန်းကျန်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး "နင်နားမလည်ပါဘူး၊ ငါတို့က ဒီတိုင်း အိမ်ကို အတူငှားနေနေကြတာ။"
- ဖက်လိုက်၊ နမ်းလိုက်လုပ်ပြီး သားတစ်ယောက်တောင်ရှိတဲ့ အတူအိမ်ငှားနေကြတဲ့ဆက်ဆံရေးပေါ့။
ဝမ်စီစီ: "...ငါထင်တာတော့ နင်တို့နှစ်ယောက်လုံး စိတ်မမှန်ကြသလိုပဲ။"
ချီကျန်းကျန်းက သူမကို ကြည့်လိုက်၏ သူမ မျက်လုံးများက "ထပ်ပြောလိုက်စမ်း"ဟူသော စကားပေါ်နေသည်။
ထိူ့နောက် သူမက ဖြည်းညှင်းစွာ "ဟက်... နင်ကစင်ဂယ်ခွေးလေးပဲကို ဘယ်နားလည်ပါ့မလဲ..."
ဝမ်စီစီ: "..."
သူမ အံသြသွားပြီး သူမနားကိုပင် မယုံနိုင်သလို ချီကျန်းကျန်းအား စိုက်ကြည့်နေသည်။
"ငါပြောမယ်၊ ငါရည်းစားဆယ်ယောက်လောက်တောင် ထားဖူးတယ်နော်။ အထင်လာသေးမနေနဲ့။"
ဝမ်စီစီ မတရားသလို ခံစားနေရသည်၊ သူမတွင် ချစ်သူဘယ်နှယောက်ရှိခဲ့လဲဆိုတာ ရေတွက်လို့တောင်မရပါဘူးနော်။
အရင်က ဝမ်ရိရန်ကိုပဲ စွဲလမ်းခဲ့ပြီး အခုတွင် ဝမ်ယွီကိုသာ စိတ်ထဲထည့်ထားသော ချီကျန်းကျန်းနှင့် မတူစွာပင်။
သူမ၏ အချစ်ရေးအတွေ့အကြုံအရ ချီကျန်းကျန်းဆယ်ယောက်ကို သူမတစ်ယောက်ဖြင့်ပင် အနိုင်ယူနိုင်သည်။
"အရေအတွက်နဲ့ အရည်အသွေးက တူပါ့မလား။ နင့်ရဲ့ ရည်းစားဟောင်းဆယ်ယောက်က ဝမ်ယွီလောက် ကောင်းမှာမဟုတ်ဘူး။"
ချီကျန်းကျန်းသည် မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင်ဖြင့် လှောင်ပြောင်လိုက်သည်။
ဝမ်စီစီ: "..." အရူးမ။
သူမ တကယ်ကို မခံနိုင်တော့တာကြောင့် ချီကျန်းကျန်းဘက်လှည့်ပြီး "ဒါနဲ့ ငါကြားတာတော့ ဝမ်ယွီက ဘာမှ မကောင်း..."
ချီကျန်းကျန်းက သူမကို အေးစက်စွာ ကြည့်နေသည်။
ဝမ်စီစီ : "ဟုတ်ပါပြီ၊ ငါ သူ့အကြောင်းတွေ မပြောတော့ဘူး။ ဝမ်ယွီက ဘာကောင်းလို့ သူ့ကို အရမ်းကြိုက်နေတာလဲ။"
"သူ့မှာ မကောင်းတာရှိလို့လား။ သူ့ရဲ့ တစ်ခုတည်းသောချို့ယွင်းချက်က အရမ်းကောင်းလွန်းတာပဲ"
ချီကျန်းကျန်း၏ နှုတ်ခမ်းထောင့်ရှိ အပြုံးက ပို၍ ချိုမြိန်လာပြီး သူမ၏ မျက်လုံးများထဲတွင် ကြယ်များဖြင့် ပြည့်နှက်သည်။
သေချာပေါက် သူမသည် သူ့ကို သဘောကျနေတာကြောင့် သူ့ရဲ့အရာရာတိုင်းက ကောင်းတယ်လို့ ထင်နေပေသည်။
ဝမ်စီစီ: "...."
သူမက ဝမ်ယွီအကြောင်း ပြောနေတာလား။
အသားညှပ်ပေါင်မုန့်ကို ခက်ခက်ခဲခဲမျိုချရင်း ပဲနို့ကို တစ်ကျိုက်တည်းသောက်ပြီးနောက် လက်ကိုသုတ်လိုက်ပြီး ဝမ်စီစီ ကားမောင်းဖို့ပြင်လိုက်သည်။
"ငါကားမောင်းတော့မယ်၊ စကားမပြောနဲ့တော့။ နင်က အရမ်းမိုက်မဲတယ်" ထိုစကားကို ပြောပြီးနောက် သူမသည် လီဗာကို နင်းလိုက်သည်။
ချီကျန်းကျန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး အသားညှပ်ပေါင်မုန့်ကို သေးသေးလေးကိုက်က "ကျစ်" ခနဲမြည်အောင် စုတ်သပ်လိုက်သည်။
ဝမ်စီစီက စိတ်ရှုပ်သွားပြီး "ဘာလဲဟ၊ နင်တုံ့ပြန်မှုက။"
"မနာလိုနေလိုက်တာများ။"
"..." F*ck!
-သူမက လူရော ဟုတ်ရဲ့လား။
.......
မန်နေဂျာလီတစ်ယောက် အမှားတစ်ခုပြုလုပ်ခဲ့မိလေသည်။ စာချုပ်တွင် အလွန်သိသာသော အမှားတစ်ခုရှိကြောင်း မသိဘဲ တင်လိုက်မိ၏။
ဝမ်ယွီသာ လက်မှတ်ထိုးမိသွားရင် ကုမ္ပဏီက ပိုက်ဆံအများကြီးဆုံးရှုံးမည်ဖြစ်သည်။
သူနဲ့ဆက်ဆံရေးကောင်းတဲ့ လက်ထောက်ကောကို ကြောက်လန့်စွာ သွားရှာပြီး သူ့အမှားကို ဝန်ခံလိုက်သည်၊ "လက်ထောက်ကော၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နည်းလမ်းလေးရှာပေးပါဦး။ အစီရင်ခံစာက ဘောစ့်ရဲ့ စားပွဲပေါ်ရောက်နေပြီ၊ ကျွန်တော်တော် သေတော့မယ်။"
လက်ထောက်ကောက အသက်ပြင်းပြင်းရှူလိုက်ပြီး "ခင်ဗျားကတကယ်တုံးလိုက်တာ။ ဘာလို့ ကုမ္ပဏီကို စောစောမလာတာလဲ။ စောစောသာလာခဲ့ရင် ပြန်ယူပေးလို့ရသေးတယ်။ အခု ဘော့စ်က ရုံးရောက်နေပြီ၊ ဘယ်လိုမှလုပ်ပေးလို့မရတော့ဘူး..."
"အိုက်ရား၊ လက်ထောက်ကောရယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်မှာ မိန်းမနဲ့ ကလေးရှိသေးတယ်၊ အလုပ်ဖြုတ်ခံရလို့မဖြစ်ဘူး။" မန်နေဂျာလီသည် ငိုခါနီးနေပြီဖြစ်သည်။
"ကျွန်တော် ခင်ဗျားကို ဘယ်လိုလုပ်ပေးရမှာလဲ၊ ပြောကြည့်။"
"အမ်... တိတ်တိတ်လေး ဝင်သွားပြီး အဲ့စာချုပ်ကို ယူလာပေးပါ့လား။ ကျွန်တော့် ချက်ချင်း အောက်ဆင်းပြီး ပြင်လိုက်မယ်။"
"ဒါဆို ကျွန်တော်အလုပ်ဖြုတ်ခံရမှာပေါ့..." လက်ထောက်ကော၏ မျက်နှာသည် ခံစားချက်မဲ့နေသည်။
ထိုအချိန်တွင် အတွင်းရေးမှူးနင်း ဘော့စ်ရုံးခန်းထဲမှ ထွက်လာပြီး... "မန်နေဂျာလီ၊ ဘော့စ် အထဲကို လာခိုင်းလိုက်တယ်။" ဟု အေးစက်စွာပြောလာလေသည်။
မန်နေဂျာလီ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
လက်ထောက်ကောက တံခါးဝမှ သူ့ကို ကူကယ်ရာမဲ့စွာကြည့်ပြီး တုန်တုန်ယင်ယင်နဲ့ ရုံခန်းထဲဝင်သွားသော မန်နေဂျာလီကို ကြည့်နေလိုက်သည်။
အတွင်းရေးမှူးနင်းလည်း ရုံးခန်းထဲသို့လိုက် ဝင်လာခဲ့ပြီးနောက် သူ့ဘက်မြှားဦးလှည့်လာမည်ကို ကြောက်သဖြင့် ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
"ဒီစာချုပ်က မင်းတင်ထားတာလား။"
ဝမ်ယွီက ပြောလိုက်သည်။
"ဟု-ဟုတ်ပါတယ်..." မန်နေဂျာလီသည် သူ့နဖူးမှ ချွေးများကိုပင် မသုတ်ဝံ့ဘဲ ထစ်အစွာ တုံ့ပြန်လိုက်သည်။
"အချက်အလက်တွေ မှားနေတယ်၊ ပြန်ယူသွားပြီး ပြင်ခဲ့...."
ဝမ်ယွီက သူ့ကို စာချုပ်ပေးရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မန်နေဂျာလီ: "..."
သူ ထိတ်လန့်သွားသော်လည်း လက်နှစ်ဘက်နဲ့ အမြန်ယူလိုက်တယ် "ဟုတ်ကဲ့"
တစ်ဖက်မှ အတွင်းရေးမှူးနင်းတစ်ယောက် သူ့မျက်လုံးများထဲမှ အံ့သြမှုများကို မဖုံးကွယ်ထားနိုင်ပေ။
ဒါပဲလား။
"ထွက်သွားကြတော့" ဝမ်ယွီက ပြောလိုက်သည်။
အတွင်းရေးမှူးနင်းနှင့် မန်နေဂျာလီတို့နှစ်ယောက်လုံး ထွက်သွားကြပြီးနောက် ဝမ်ယွီသည် ဘောပင်ကို ချကာ နူးညံသောမျက်လုံးများဖြင့် ပြတင်းပေါက်ကို လှမ်းကြည့်ကာ လက်ကို မြှောက်ပြီး နှုတ်ခမ်းကို ညင်သာစွာ ထိလိုက်သည်။
ထို့နောက် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများအထိ အပြုံးသည်ကူးစက်နေသည်။
သူသည် လက်ကိုင်ဖုန်းကို ထုတ်ကာ ရင်းနှီးသောနံပါတ်ကို နှိပ်ကာ မက်ဆေ့ခ်ျပို့လိုက်သည်၊
[ကိုယ်နေ့လည်စာအိမ်ပြန်စားမှာ စောင့်ပေးဦးနော်။]
xxxxxx