Part 88
"အဟက်" ချီကျန်းကျန်းက ရယ်မောလိုက်သည်။ "ဝမ်ယွီက သူတို့ကို ရန်စတယ်တဲ့လား။ သူတို့လုပ်တဲ့အရာတွေက လူဆန်လို့လား။"
"နင်ဘာကိုပြောချင်တာ…"
"ငါမှားလို့လား။ ဝမ်စီစီ၊ နင်လည်း ဝမ်မိသားစုကပဲဆိုတော့ ဝမ်ယွီ ငယ်ငယ်လေးကတည်းက ဘယ်လိုမျိုးနေခဲ့ရလဲဆိုတာ သိမှာပါ။ နင်ရဲ့အကြီးဆုံးဦးလေးတို့မိသားစုက တကယ့်ကို 'လူတူချင်းစုနေကြတာပဲ' သူတို့က တစ်ပုံစံတည်းပဲ လူကောင်းတွေမဟုတ်ဘူး။"
ချီကျန်းကျန်း၏ အသံသည် ဒေါသကြောင့် တုန်ယင်နေသည်။
ဝမ်ကျင်စန်း လို လူမျိုးက သူ့ကိုယ်သူ ဘယ်လိုလုပ် ဖခင်တစ်ယောက်ဟု ခေါ်ရဲရတာလဲ...ဝမ်ယွီကို မမွေးလာစေချင်ရင် အစကတည်းက ဝမ်ယွီရဲ့မိခင်ကို ကိုယ်ဝန်ရအောင်မလုပ်နဲ့ပေါ့။
ရှုဝေရောပဲ။
သူမ ဝတ္ထုထဲမှာ တွေ့ဖူးသည်။ ထိုမိန်းမ ဝမ်ယွီ ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ ဘယ်လောက်တောင် တွက်ချက်မှုတွေလုပ်ခဲ့လဲဆိုတာ သူမသိသည်။ ဝမ်ယွီ ငယ်စဉ်တုန်းက အငတ်ထားခဲ့ပြီး လူတိုင်းက သူ့ကိုရှောင်ကာ အထီးကျန်အောင် လုပ်ခဲ့သည်။
ဝမ်ယွီ အခုချိန်ထိ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်မရှိဘဲ အသက်ရှင်နေနိုင်တာက သူကြံခိုင်ခဲ့လို့ပါပဲ။
ချီကျန်းကျန်းသည် သူမခေါင်းထဲတွင် ဝတ္ထုကိုတွေးပြီးသွားသောအခါ၊ သူမသည် ဝမ်ယွီကို သနားပြီး ဝမ်မိသားစုပျက်သုန်းမှုအတွက် ဝမ်းသာနေခဲ့သည်။
ဝမ်ယွီကို သဘောကျနေသော သူမသည် ဝမ်ယွီ အတိတ်က မည်မျှခံစားခဲ့ရသည်ကို တွေးလိုက်တိုင်း သူတို့ကို ပို၍မုန်းတီးလာခဲ့သည်။
ဝမ်စီစီ သူမပါးစပ်ကို ဖွင့်လိုက်သော်လည်း ခဏကြာသည်အထိ ဘာပြန်ပြောရမှန်းကို မသိခဲ့ပေ။
ဝမ်ယွီ၏အမှားဟု သူမပြောချင်သော်လည်း၊ စဉ်းစားကြည့်လိုက်ချိန် ဝမ်ယွီသည် တစ်ခါမှ အမှားလုပ်မိခဲ့ပုံမပေါ်ကြောင်း သိလိုက်သည်။
ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာချိန်အထိ၊ ဝမ်ယွီကို ဆန်ကုန်မြေလေးဟု တွေးခဲ့သည်။ ဝမ်မိသားစုမှာ အစ်ကိုရိရန်ရှိတာနဲ့တင် လုံလောက်နေပြီဖြစ်သည်။ ဝမ်ယွီရှိရန် လုံးဝမလိုအပ်ပေ။ သူ၏တည်ရှိမှုကြောင့် အစ်ကိုရိရန်နှင့် ဦးလေးတို့ပင် မပျော်မရွှင်ဖြစ်နေရသည်။
အခုပြန်တွေးကြည့်လိုက်တော့ ဝမ်ယွီက ဘာအမှားလုပ်ခဲ့လဲ။
ဝမ်မိသားစုမှ မွေးဖွားလာခဲ့တာကလွဲလို့ သူဘာအမှားမှ မလုပ်ခဲ့ပေ။
ဒါပေမဲ့ သူလည်း ဝမ်မိသားစုမှာ မွေးဖွားလာရတာကို သဘောကျပါ့မလား။
သူ့ကို ရွေးချယ်ခွင့် ပေးလိုက်ရင် ဝမ်မိသားစုကို လုံးဝ ရွေးချယ်မှာ မဟုတ်လောက်ပေ။
မိဘများသည် ကလေးယူသင့်တာကိုပဲဖြစ်ပါစေ၊ ကလေးမွေးသည်ကိုပဲဖြစ်စေ၊ ကိုယ့်ကလေးများအတွက် မည်သို့ပတ်ဝန်းကျင်ပေးချင်လဲဆိုသည်ကိုပါ ဆုံးဖြတ်နိုင်သော်လည်း သားသမီးများသည်တော့ သူတို့ရဲ့ မိဘ၊ မိသားစုပတ်ဝန်းကျင်ကို ရွေးချယ်ပိုင်ခွင့် မရှိပေ။
"တောင်းပန်ပါတယ်…" ဝမ်စီစီ ရုတ်တရက် ညည်းတွားလိုက်သည်။
ချီကျန်းကျန်းက အသက်ပြင်းပြင်းရှူရင်း သူမကိုကြည့်ကာ လေးလေးနက်နက်ပြောသည်။
"တောင်းပန်ပါတယ် စီစီ၊ ငါတို့က သူငယ်ချင်းတွေမလို့ နင်နဲ့တော့အဆက်အဆံလုပ်မှာပါ။ ဒါပေမယ့် ငါနင်တို့ ဝမ်မိသားစုကို ခွင့်လွှတ်ဖို့ ဝမ်ယွီကို စည်းရုံးပေးမှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ဆုံးဖြတ်ချက်တွေကိုလည်း ငါဝင်စွက်ဖက်မှာ မဟုတ်ဘူး။"
ဝမ်စီစီ အံ့အားသင့်သွားပြီး "အင်းပါ။"
ခဏလောက်တွေးလိုက်ပြီး သူမကဆက်၍ "အကြီးဆုံးဦးလေးတို့က နင်တို့ကို တစ်ခုခုလုပ်မှာကို ငါစိုးရိမ်တယ်။ သူတို့တကယ် စိတ်ဆိုးနေကြသလိုပဲ။ ဦးလေးက ဝမ်ယွီအပေါ် ဘာခံစားချက်မှ မရှိဘူးဆိုတော့ မညှာလောက်…"
"သူတို့ဘာလုပ်နိုင်မှာမလို့လဲ။" ချီကျန်းကျန်းက လှောင်ပြောင်စွာ ရေရွတ်လိုက်သည် "ဘယ်နေ့ပျက်ဆီးမလဲဘဲစောင့်နေသင့်တယ်။"
"ဟမ်..." ဝမ်စီစီက သူမကို နားမလည်သလို ကြည့်သည်။
"ဘာမှမဟုတ်ပါဘူး။ နေ့လည်ဘာစားချင်လဲ။ ငါတိူ့ ဒီနေ့နေ့လည် ဘယ်သွားကြမလဲ။" ချီကျန်းကျန်းသည် ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။
"ငါစဉ်းစားဦးမယ်။ ရှီရှန်းလမ်းက ပြင်သစ်စားသောက်ဆိုင်မှာ စားချင်တယ်၊ ဘယ်လိုလဲ"
"ပြင်သစ်အစားအစာ၊ ဟုတ်ပြီ။ ငါဒီနေ့ နင့်ကို ကျေနပ်အောင် ဒကာခံပေးမယ်။"
"ဟေ့၊ ဒီနေ့လည် escape roomကို သွားကြမလား။"
ချီကျန်းကျန်း အံ့အားသင့်သွားပြီး "သွားရဲတယ်ပေါ့၊ မကြောက်ဘူးလား။"
ဝမ်စီစီ အနည်းငယ်ရှက်သွားသည်။ သူမ မျက်လွှာချကာ သူမကို မကြည့်ဘဲ တိုးတိုးလေး "ကြောက်တော့ကြောက်ပေမဲ့ ထွက်လာတဲ့အချိန် နေလို့ကောင်းတယ်..."
ချီကျန်းကျန်းသည် သူမအတွက် ကမ္ဘာသစ်တစ်ခုရဲ့ တံခါးကိုဖွင့်ပေးလိုက်ကြောင်း သူမ ဝန်ခံရပါမယ်။
ချီကျန်းကျန်း: "ဟားဟား!!!"
"မရယ်နဲ့"
"ဟားဟားဟား!!!"
"ချီကျန်းကျန်း!!"
သူမကို ဝမ်စီစီက မလွှတ်ပေးတာကြောင့် သရဲအိမ်မှ KTVအထိ လိုက်ကာ တနေကုန်အရူးထခဲ့ရသည်။
ဝမ်စီစီရဲ့ သီချင်းသံက အရမ်းဆိုးရွားလွန်း၍ သူမ၏နားများ ကန်းသွားတော့မလိုပင်။
ဝမ်စီစီက ချီကျန်းကျန်းကို နိုက်ကလပ်အထိပါ ဆွဲခေါ်သွားချင်ပေမဲ့ ချီကျန်းကျန်းက သဘောမတူခဲ့ပေ။
ထို့နောက် သူမအား ဝမ်ကျင်းအိမ်ရာသို့ ပြန်ပို့ခိုင်းပြီးနောက် နှင်ထုတ်လိုက်သည်။
သိပ်မမှောင်သေးဘူး။ ညစာစားချိန်ရောက်နေပြီ၊ ဝမ်ယွီက အလုပ်မဆင်းသေးဘူးလား မသိ။
ချီကျန်းကျန်းသည် တွေးရင်း ဝမ်ကျင်းအိမ်ရာဆီသို့ လျှောက်သွားသည်။
သို့သော် သူမပြန်ရောက်သောအခါတွင် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။
တံခါးပွင့်သွားသည်နှင့် အန်တီဝမ်၊ ဦးလေးလီနှင့် အန်တီလီတို့သည် ခြံအပြင်ဘက်တွင် အထဲသို့မဝင်ဘဲ အပြင်မှာရပ်နေကြသည်။ အထဲမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး စကားပြောသည့်အသံ ခပ်တိုးတိုးကို ကြားနေရသည်…
ချီကျန်းကျန်းသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
"ဒီနေ့ ငါမလာဘူးဆိုရင် မင်းကအပြင်မှာဘဲဆက်နေပြီး ဝမ်အိမ်ပြန်မလာဖို့လုပ်ထားတာလား..."
ဝမ်ကျင်စန်း၏ အသံထဲတွင် ဒေါသများပြည့်နှက်နေသည်။
ဝမ်ယွီက ပထမထပ်၏လှေကားရင်းတွင် စိတ်ခံစားချက်မဲ့စွာ ရပ်နေသည်။
ခဏအကြာတွင် သူသည် ဒေါသထွက်နေသော ဝမ်ကျင်စန်းအား "ဘယ်လိုဝင်လာတာလဲ"
ဝမ်မိသားစုဟာ ဝမ်ကျင်းအိမ်ရာရဲ့ blacklistထဲတွင်ရှိနေပါသည်။ လုံခြုံရေးဝန်ထမ်းတွေကို အသစ်လဲသင့်ပြီ။
"ဝမ်ယွီ၊ ငါ့ကိုဆန့်ကျင်ပြီပေါ့။ ဒါက ကျန်းယွဲ့ရဲ့အိမ်။ မင်းဒီမှာတစ်သက်လုံးနေနိုင်မယ်လို့ထင်နေလား။ မင်းကျန်းယွဲ့ကို အမြဲမှီခိုနိုင်မယ်လို့ထင်နေတာလား...."
"ခင်ဗျကိစ္စမဟုတ်ဘူး။"
ဝမ်ယွီ အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီး ဧည့်သည်များကို လိုက်ပို့ရန် လုံခြုံရေးကိုခေါ်ဖို့ ဖုန်းကို ထုတ်လိုက်သည်။
"ဝမ်ယွီ၊ ငါမင်းပြောမယ်။ ဝမ်မိသားစုက ထွက်သွားရင်း မင်းမှာဘာမှရှိတော့မှမဟုတ်ဘူး။ အခု မင်းမှာ ဝမ်မိသားစုရဲ့ သခင်လေးဆိုတဲ့နာမည်ရှိသေးတယ်။ မင်းလူကြီးကို ဂရုမစိုက်ရင် ငါတို့သားအဖဆက်ဆံရေးကို ဖြတ်ပြီး မင်းအမွေတစ်ပြားမှမရစေရဘူး။"
ဝမ်ကျင်စန်း အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
သူ့ဘေးမှ ဝမ်ရိရန်က ဝမ်ယွီကို အဓိပ္ပါယ်ရှိရှိကြည့်နေပြီး ရှုဝေသည်တော့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ရှိနေသည်။
ဝမ်ယွီသည် လှောင်ပြုံးတစ်ခုဖြင့် ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
တံခါးဝမှ အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်လာသည်။
"ဒါဆိုကျွန်မတို့ တကယ်ကိုကျေးဇူးတင်ရမှာပဲ။ သားအဖဆက်ဆံရေးကို ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းကို မြန်မြန်သွားဖြန့်လိုက်လေ။ ဒီဆက်ဆံရေးကို ထိန်းထားလေလေ ဝမ်ယွီကို ပိုအရှက်ရစေလိမ့်မယ်။ ပြီးတော့ရှင့်ပိုင်ဆိုင်မှုတွေကိုလည်း သေချာဂရုစိုက်နေလိုက်ဦး...."
ချီကျန်းကျန်းက အေးစက်သောမျက်နှာဖြင့် လမ်းလျှောက်လာရင်း ပြောလိုက်သည်။
xxxxxxx