Part 89
သူမသည် ဒီလောက်ထိ ဒေါသကိုသည်းခံနေရသည်မှာ ပထမဆုံးဖြစ်ပြီး သူမ၏ မျက်လုံးများအတွင်းတွင် ဒေါသများကို ထိန်းချုပ်ထားရပုံပေါ်နေသည်။
"ချီကျန်းကျန်း?" ဝမ်ကျင်းစန် မျက်မှောင်ကြုတ်လိုက်သည်။
ရှုဝေက သူမကို စက်ဆုပ်စွာ ကြည့်ပြီး ချက်ချင်းပြောလိုက်တယ် "ချီကျန်းကျန်း၊ ညည်းဒီမှာဝင်ပြောပိုင်ခွင့်မရှိဘူး။ မိန်းကလေးတစ်ယောက်မှာရှိရမဲ့ အမူအကျင့်ကိုမရှိဘူး။"
ချီကျန်းကျန်းက ဝမ်ယွီ အနားကို လျှောက်သွားကာ သူ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး "သူက ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပဲ၊ ဘာလို့ ဝင်ပြောခွင့်မရှိရမှာလဲ။ ရှင့်နဲ့တူတဲ့ အမူအကျင့်မျိုး သေချာပေါက် ကျွန်မမှာဘယ်ရှိပါ့မလဲ။"
သူမ မေးစေ့ကို အနည်းငယ်မော့ပြီး စကားလုံးတိုင်းကို တစ်လုံးချင်ဖိပြောသည် "နှစ်ပေါင်းများစွာ အငယ်အနှောင်းအဖြစ်နေပြီး အိမ်ကြီးကို ဝင်လာတဲ့အချိန်ကျ မယားကြီးကလေးကို နှိပ်စက်တဲ့အမူအကျင့်မျိုး ကျွန်မမှာ မရှိဘူး"
"နင်၊ နင်၊ နင်၊ နင်" ရှုဝေက သူ့လက်ကို မြှောက်ပြီး ချီကျန်းကျန်းကို လက်ညှိုးထိုးရင်း တစ်ကိုယ်လုံး တုန်ရီနေသည်။
သူမသည် အမှန်ပင် အငယ်အနှောင်းဖြစ်ခဲ့သော်လည်း သူမသည် ဝမ်မိသားစုတွင် လက်ထပ်ခဲ့ပြီးကတည်းက မည်သူမျှ မပြောဝံ့ခဲ့ပေ။ ချီကျန်းကျန်းသည် ရိုင်းစိုင်းစွာ ထုတ်ပြောရဲသော ပထမဦးဆုံးသောလူဖြစ်ပြီး လျှာစောင်းထက်တဲ့ ရှုဝေကို စကားမပြောနိုင်လောက်အောင် ဒေါသထွက်အောင်လုပ်နိုင်ခဲ့သည်။
"ချီကျန်းကျန်း!" ဝမ်ရိရန်က သူမကို စိုက်ကြည့်ပြီး အော်လိုက်ကာ ရှုဝေကို ကာပြောပေးဖို့ ရှေ့သို့ တိုးလာသည်။
ချီကျန်းကျန်းက လေးနက်စွာ "ကျွန်မက ဝမ်ယွီရဲ့အိမ်မှာ ပြောနေတာ၊ မကြားချင်ရင် ထွက်သွားလို့ရတယ်။ ရှင်တို့ကိုဒီမှာမကြိုဆိုဘူး။"
"ကောင်းပြီလေ" ဝမ်ကျင်စန်း၏ လက်များ တုန်ရီနေပြီး "မင်းက သားအဖဆက်ဆံရေးကို ဖြတ်ချင်တယ်ဆိုတော့ ဖြတ်ကြတာပေါ့။ ဒီနေ့ကစပြီး မင်းက ငါ ဝမ်ကျင်စန်းရဲ့သားမဟုတ်တော့ဘူး။ အခုချိန်ကစပြီး မင်းက ဝမ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့ လုံးဝမပတ်သက်တော့ဘူး။"
ဝမ်ယွီက သူ့ကို မကြည့်ဘဲ ချီကျန်းကျန်းကို ဆက်ကြည့်နေသည်။
သူက "ဝမ်းသာပါတယ်"ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ဝမ်ကျင်းစန်သည် ပို၍ပင် ဒေါသထွက်လာပြီး နီရဲနေသောမျက်နှာဖြင့် ကျိန်ဆဲလိုက်သည် "မင်းဒီလိုဖြစ်လာမှာကိုသာ ငါကြိုသိခဲ့ရင် မင်းကိုမွေးကတည်း မင်းကို ရေနစ်သတ်ခဲ့သင့်တယ်။ ခုတော့ အတောင်စုံပြီပေါ့။ ဝမ်ယွီ မင်းကို ပြောဦးမယ်။ ဝမ်မိသားစုက ထွက်သွားပြီးရင် ချီကျန်းကျန်းက မင်းနဲ့ စေ့စပ်ထားတဲ့လူဖြစ်ဦးမယ်လို့ထင်လား။ ချီမိသားစုက ချီကျန်းကျန်းနဲ့မင်းကို လက်ထပ်ပေးပါဦးမလား။ အိပ်မက်ဆက်မက်နေလိုက်။ ဝမ်မိသားစုက ထွက်သွားပြီးတာနဲ့ မင်းက ဘာမှမဟုတ်တော့ဘူး။"
ချီကျန်းကျန်းက သည်းမခံနိုင်တော့ပဲ အင်္ကျီလက်များကိုဆွဲတင်ကာ "ဝမ်ယွီကို ကျွန်မလက်ထပ်ထပ်၊ မထပ်ထပ် ဒါက ကျွန်မရဲ့ကိစ္စပါ။ ချီမိသားစုက ဝင်စွက်ဖက်ခွင့်မရှိဘူး။ သူ့ကို ရေနစ်သတ်မယ်တဲ့လား။ ဒီနှစ်ပေါင်း၂၀တစ်လျှောက်လုံး သူ့ကို သတ်တာနဲ့မကွာတဲ့အရာတွေ ရှင်လုပ်ခဲ့တယ်မဟုတ်ဘူးလား။ သူ့အရည်အချင်းကြောင့် အခုအချိန်အထိ အသက်ရှင်နေတာ၊ ရှင့်ကြောင့်လို့ထင်မနေနဲ့။"
"မင်း-"
"ဘာမင်းလဲ၊ လုပ်ကျလုပ်ရဲပြီး အပြောကျမခံနိုင်ဘူးလား။ တကယ်ကိုအရှက်မရှိလိုက်တာ၊ ပြီးတော့ သူက ဝမ်မိသားစုက ထွက်သွားရင် ဘာမှမဟုတ်တော့ဘူးတဲ့လား။ အဟက်၊ ရှင့်မျက်လုံးက လင်းနို့လိုကို ကန်းနေတာပဲ။ သားအဖ ဆက်ဆံရေးကို အမြန်ဖြတ်ပြီး နောက်ကျ မိသားစုတွေလို့ လာခေါ်မနေနဲ့တော့..."
ချီကျန်းကျန်းက ပြောလိုက်သည်။
မူရင်းဝတ္ထုထဲတွင်၊ ဝမ်မိသားစု ဒေဝါလီခံရပြီးနောက် ဝမ်ကျင်စန်းသည် ဝမ်ယွီနှင့် 'သားအဖဆက်ဆံရေး' ဆိုသည်ကို အသုံးပြုပြီး ပြဿနာများရှာခဲ့ကာ ဝမ်ယွီကို အကြွေးပင် ဆပ်ခိုင်းခဲ့သည်။
ဒါကြောင့် ဒီသားအဖဆက်ဆံရေးကို အမြန်ဖြတ်ပစ်နေသည်ကို သူမသဘောကျလေသည်။
ရှုဝေသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး ကျယ်လောင်စွာ ကဲ့ရဲ့သည် "ကောင်းပြီလေ၊ ချီကျန်းကျန်း။ နောက်ကျ ညည်းဘယ်လိုဖြစ်မလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်။"
"ကျေးဇူးတင်ပေမယ့် စိတ်ပူပေးစရာမလိုပါဘူး။ ကျွန်မရှင့်ထက် အဆတစ်ရာ ပိုကောင်းနေမယ်ဆိုတာ သေချာပါတယ်။ ရှင်ကျွန်မကို စိတ်ပူပေးနေတာထက် ကိုယ့်အနာဂတ်ကိုယ်ပဲစိတ်ပူနေသင့်တယ်။"ဟု ချီကျန်းကျန်း ပြောလိုက်သည်။
ဝမ်ကျင်းစန်က ချီကျန်းကျန်းကို နိုင်အောင်မပြောနိုင်တာကြောင့် ဒေါသထွက်နေပြီး ဝမ်ယွီကို တိုက်ခိုက်တော့သည် "မင်းက မင်းရဲ့အရှက်မရှိတဲ့အမေအတိုင်းပဲ။ ငါဝမ်ကျင်စန်းရဲ့ တစ်ဘဝလုံးအတွက် အရှက်ရစရာအကောင်းဆုံး…"
အရှက်မရှိလိုက်တာ၊ ဝမ်ယွီရဲ့အမေအကြောင်းကိုတောင် ထုတ်ပြောလာတယ်။
ချီကျန်းကျန်းသည် ထိုစကားကိုကြားသောအခါ ဝမ်ယွီ၏မျက်နှာကို မကြည့်ဝံ့ပေ။
သူမအရမ်းဒေါသထွက်ကာ ခေါင်းပေါ်မီးတောက်လောင်နေပုံရနေသည်။ သူမသည် ဝမ်ယွီကိုလွှတ်လိုက်ပြီး အန်တီလီမသိမ်းလိုက်ရသော တံမြက်စည်းရှိနေသည့်လှေကားဆီသို့ အမြန်လျှောက်သွားလိုက်သည်။
ထို့နောက် သူမသည် တံမြက်စည်းကို ကိုင်လိုက်ပြီး "ထွက်သွား။ လုံးဝကိုအရှက်မရှိတာပဲ၊ ဒါက ဝမ်ကျင်းအိမ်ရာ၊ ရှင့်ရဲ့ ဝမ်အိမ်မဟုတ်ဘူး။ ဒီနေရာမှာ ဝမ်ယွီကို လာမတိုက်ခိုက်နဲ့၊ ထွက်သွားတော့။ ပြီးတော့ သားအဖဆက်ဆံရေးကို ဖြတ်ချင်ရင်လည်း ဆက်လုပ်ပါ၊ ဝမ်ယွီနဲ့ကျွန်မ ရှင့်ကို တကယ်ကို ကျေးဇူးတင်နေမှာပါ။"
သူမသည် တံမြက်စည်းကို ဝှေ့ယမ်းလိုက်တာကြောင့် လူတိုင်းသည် ချက်ချင်းပင် နောက်သို့ပြန်ဆုတ်သွားကြသည်။
ချီကျန်းကျန်းက "ဦးလေးလီ၊ အန်တီလီ၊ အန်တီဝမ်၊ သူတို့ကို အမြန်လိုက်ပို့လိုက်တော့။"
ခဏကြာတော့ အပြင်မှာစောင့်နေတဲ့ လူများသည် အသံကြားလို့ ဝင်လာပြီး သူတို့ကိုခေါ်သွားကြသည်။
အန်တီဝမ်က ဝမ်ယွီကို အမြဲကျေးဇူးတင်နေခဲ့တာဖြစ်သည်။ အခု သူမသည် ဒီစကားကို ကြားလိုက်ရတဲ့အခါ ချက်ချင်းဆိုသလို ကျယ်လောင်စွာ ဆဲဆိုခဲ့ပြီး ချီကျန်းကျန်းထက်ပင် ပိုပြင်းထန်လေ၏
ချီကျန်းကျန်း၏စကားများသည် ဒေါသကြောင့်ဆိုပေမဲ့ ဆဲဆိုသောစကားတစ်ခွန်းမှ မပါခဲ့ပေ။
ဒါပေမယ့် အန်တီဝမ်ကတော့ မတူပေ...
"ဒီအရှက်မရှိတဲ့လူကတော့။ ကိုယ့်မျက်နှာကိုပြန်ကြည့်ဦး၊ ဒီမျက်နှာနဲ့များ အငယ်ထားပြီး တရားမ၀င် ကလေးတောင်မွေးရဲသေးတယ်။ နင့်အိတ်ကပ်ထဲမှာသာ ငွေမရှိရင် ဝက်မကြီးတောင် နင့်ကို ကြည့်မှာမဟုတ်ဘူး။ မစ္စတာဝမ်၊ ဒီလောက်ကြည့်လို့ကောင်းတာက နင့်တို့မိသားစုကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇ ပြောင်းလဲလို့ပဲ ဖြစ်ရမယ်။ ဟိုကောင်မ နင်လည်း ဘာကြည့်နေတာလဲ။ အငယ်အနှောင်းလုပ်ပြီး တရားမဝင်ကလေးမွေးထားတာတောင်မရှက်ဘူး။ နင်က တကယ့်ကို မြေခွေးမပဲ၊ နင်က..."
ချီကျန်းကျန်းသည် အလွန်အံ့သြသွားပြီး အန်တီဝမ်ကို လက်ခုပ်ပင်တီးပေးချင်လိုက်သေးသည်။
ဝမ်ကျင်စန်းတို့သုံးယောက်သားသည် ထိုစကားများကို နားမထောင်နိုင်တာကြောင့် နှာရှုံ့ပြီး "မင်းတို့စောင့်နေကြ"ဟုပြောကာ ဒေါသတကြီး ထွက်သွားကြသည်။
ချီကျန်းကျန်းက မေးစေ့ကို မော့လိုက်ပြီး "ရှင်ဘာဖြစ်မလဲ ကျွန်မဒီမှာနေပြီး စောင့်ကိုကြည့်ဦးမယ်။"
သူမသည် တံမြက်စည်းကိုကိုင်ရင်း လက်ပိုက်ကာ ပြောလိုက်သည်။
"နည်းတောင်နည်းသေးတယ်။ အန်တီဝမ်၊ အရမ်းကောင်းတယ်။ သူတို့လာတိုင်း ဒီလိုဆဲရမယ်။ ဟမ့်။"
ထိုစကားကို ပြောပြီးနောက် သူမသည် ရွှင်မြူးစွာ လှည့်လိုက်ရာ ပထမထပ် လှေကားရင်းတွင် ရပ်နေသော ဝမ်ယွီနှင့် မျက်လုံးချင်သွားဆုံသည်။ သူသည် သူမကို ယခုအချိန်တွင် မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်...
ချီကျန်းကျန်း အေးခဲသွားသည်။
သေစမ်း၊ သေစမ်း၊ သေစမ်း
ခဏအကြာတွင် သတိပြန်ဝင်လာပြီး တံမြက်စည်းကို အမြန်ပစ်ချကာ လှုပ်ရှားမှုကြောင့် အနည်းရှုပ်ပွနေခဲ့သော ဆံပင်ကို နားရွက်နောက်တွင် ညှပ်လိုက်ပြီး အဝတ်အစားများကိုလည်း ပြန်ပြင်လိုက်သည်။ သူမ ဒီနေ့ ပန်းပွင့် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမရဲ့လှိုင်းတွန့်ဆံပင်များသည် သူမရဲ့နောက်ကျောတွင် ပြန့်ကျဲနေတာကြောင့် အရမ်းကို လှပနေသည်။
ချီကျန်းကျန်းက အနည်းချောင်းဆိုးကာ ဝမ်ယွီကို ကြည့်လိုက်ပြီး
"အဟွတ်၊ ငါက အရမ်းနူးညံ့သိမ်မွေ့တယ်လို့ ပြောရင် ယုံမှာလား။"
သူမ၏ပါးပြင်များသည် အနည်းငယ်နီမြန်းလာပြီး နှုတ်ခမ့်များကိုဖိထားကာ သူမ၏မျက်လုံးများသည် အပြစ်ကင်းစင်နေသည်။
ရိုးရိုးရှင်းရှင်းလေး ကြည့်မယ်ဆိုရင်…
အင်း၊ သူမဟာ နတ်သမီးလေးပါပဲ။
xxxxxxx