Chapter 3: အလုပ်သွားခြင်း
ထိုခေတ်က ဘဝသည် ဤမျှ ခက်ခဲမည်ဟု မထင်ခဲ့ပေ။လျှိုဖုန်းကျန်းအတွက် အတော်ကိုခက်ခဲသည်။သားသမီးများ ကြီးပြင်းလာပြီး အလုပ်လုပ်နိုင်သည်အထိ အတော်ရုန်းကန်ရသည်။သမီးများ အားလုံး အိမ်ထောင်ကျပြီး နှစ်နှစ်အတွင်း ပင်စင်ယူခဲ့သည်။
သူမ၏ခင်ပွန်း ဝမ်လီချမ်၏ ဖခင်သည် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဖေက စက်ရုံမှာ ကုန်ပစ္စည်းများ သယ်ယူရာမှ အလံတိုင်က ရုတ်တရက် ပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ကား၏ လက်ကိုင်ဘရိတ် ကျိုးသွား၍ ကုန်တင်ကားကြီးသည် လမ်းချော်ကာ အလံတိုင်ကို တိုက်မိသွားကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။အလံတိုင်က ဝမ်လီချမ်၏ အဖေကို ထိသွားခြင်းပင်။
အဖေဖြစ်သူသည် အငြိမ်းစားမယူမီ တစ်နှစ်အလိုတွင် ကွယ်လွန်ခြင်းဖြစ်ပေသည်။အငြိမ်းစားယူပြီးလျှင် အလုပ်ရှာပြီး သူ့သားလက်ထပ်ဖို့ ပိုက်ဆံစုမည်ဟု လျှိုဖုန်းကျန်းကို ပြောခဲ့ဖူးသည်။
လျှိုဖုန်းကျန်း နေမကောင်း ဖြစ်သောအခါ၊ကံကောင်းထောက်မစွာပင် အစ်မများက သူမကို အလှည့်ကျ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူမသည် စိတ်ဓာတ်ခိုင်မာသူပီပီ သားဖြစ်သူအား ချွေးမနှင့်လက်ထပ်ရန် စုထားသော ပိုက်ဆံကုန်သွားမည်စိုး၍ သူမဘာသာသူမ ပြန်နေကောင်းအောင် ကြိုးစားခဲ့သည်။
လျှိုဖုန်းကျန်းသည် နှစ်နှစ်ေစာပြီး ပင်စင်ယူလိုက်၍ စက်ရုံမှ နစ်နာကြေး ပိုက်ဆံနည်းနည်း ဆုံးရှုံးသွားသည်။ ဝမ်လီချမ်၏ မိဘများသည် စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်ပြီး လျှိုဖုန်းကျန်း စောစီးစွာ အငြိမ်းစားယူဖို့ကိုလည်း ဝမ်လီချမ်က စက်ရုံကိုသွား၍ တောင်းဆိုခဲ့သည်။သူ့အဖေ၏ အသက် လျော်ကြေးငွေတစ်ဝက်ကိုလည်း သူ့အမေ၏ ပင်စင်ငွေထဲသို့ ထည့်လိုက်သည်။
ဖခင်ဖြစ်သူ၏လုပ်ငန်းအတွေ့အကြုံမှာ ၂၆ နှစ်ဖြစ်ပြီး လျှိုဖုန်းကျန်း၏ လုပ်ငန်းအတွေ့အကြုံမှာ ၁၇ နှစ်သာရှိသည်။လျှိုဖုန်းကျန်း ပင်စင်ယူချိန်တွင် နှစ်ယောက်စာ နှစ် 30 အလုပ်အတွေ့အကြုံအတွက် စရိတ်စကပြန်ရခဲ့၏။
ဒီဘက်ခေတ်မှာ လုပ်သက်ပိုရှည်လေ၊ လစာတိုးလေ၊ ပင်စင်လည်း မြင့်လေလေပင်။
အနားယူပြီးနောက် ဝမ်လီချမ်သည် သူ့မိခင်ကို အပြင်သို့ အလုပ်ထွက်လုပ်ခွင့်မပေးတော့ဘဲ အနားယူစေသည်။ထိုအချိန်တွင် တတိယအစ်မမှာ ကိုယ်ဝန်ရှိနေခဲ့ပြီဖြစ်သည်။ တတိယ ယောက်ဖ၏ မိခင်မှာ အစောပိုင်းကတည်းက သေဆုံးသွားခဲ့ပြီး ဖခင်ကတော့ စစ်တပ်တွင် အလုပ်လုပ်သည်။ တတိယ ယောက်ဖကလည်း သူ့ဖခင်ဖြစ်သူနှင့်အလုပ်လုပ်ရာ နေရာတူသောကြောင့် တတိယအစ်မကို ပြုစုစောင့်ရှောက်မည့်သူမရှိဖြစ်နေသည်။သူတို့အားလုံးက ယောက်ျားများဖြစ်၍ ဘာမှနားမလည်ကြချေ။
ထို့ကြောင့် လျှိုဖုန်းကျန်းသည် အိမ်မှာသာ စိတ်အေးချမ်းသာစွာ နေပြီး တတိယသမီးအတွက် ကိုယ်ဝန်ဆောင်ချိန်ဖြစ်၍ အရသာရှိသော ဟင်းလျာများကို အခါအားလျော်စွာ ချက်ပြုတ်ကျွေးခဲ့ရသည်။ တတိယသားမက်က ကလေးအဝတ်အစားနှင့် အနှီးအတွက် ပိုက်ဆံပေးသည်။
သည်ဘက်ခေတ်မှာ ကလေးများကို အဝတ်အစားအသစ် သိပ်မဆင်ကြပေ။လျှိုဖုန်းကျန်းက ပိုက်ဆံကိုယူပြီး ရက်အနည်းငယ်အတွင်း သူမ၏ တတိယသမီးလေးအတွက် အနည်းငယ်သုံးဖို့တွေးထားသည်။ အဝတ်အစားနှင့် အနှီးများအား၊ သမီးအကြီးဆုံးနှင့် ဒုတိယသမီး တို့ဆီက ကောင်းကောင်း ခွဲပေးဖို့တောင်းထားသည်။
ဒီခေတ်မှာ အဝတ်အစား တစ်ထည်ကို အကြိမ်ပေါင်းများစွာ ဝတ်လေ့ရှိကြသည်။
ယနေ့ ဝမ်လီချမ်သည် အခန်းထဲမှာ တစ်ရက်လုံး နေနေ၍ လျှိုဖုန်းကျန်း နည်းနည်းတော့ စိတ်ပူသွားရသည်။သူမက ညစာစားချိန်၌
"လီချမ်၊ နေမကောင်းဘူးလား၊ ဆေးရုံပြန်သွားချင်လား"
"ဟင့်အင်း၊ ကျွန်တော်အဆင်ပြေပါတယ်"
သူ၏ လက်ရှိအပြုအမူသည် အနည်းငယ် သံသယဖြစ်ဖွယ်ရှိကြောင်း ဝမ်လီချမ် သိလိုက်ရသည်။ များသောအားဖြင့် ဝမ်လီချမ်သည် စနေ၊တနင်္ဂနွေများတွင် အပြင်ထွက်ခြင်းကို နှစ်သက်သည်။ အမှန်တော့ သူ အပြင်ထွက်လျှင် ဘာမှလုပ်စရာ မရှိချေ။ အိမ်ထဲမှာပဲ မနေချင်တာကြောင့်ထွက်ရခြင်းသာ။
သူ စက်ရုံထဲအလုပ်ဝင်ပြီး နှစ်နှစ်မြောက်မှာ စက်ရုံက အတော်အောင်သွယ်ကောင်းသော အစ်မကြီးဝမ်က ကောင်မလေးတစ်ယောက်နှင့် မိတ်ဆက်ပေးသည်။
ထိုမိန်းကလေးသည် အသက် 25 နှစ်ရှိပြီဖြစ်ကာ လီလန်ဖန်းဟုခေါ်ပြီး သူ့ထက် အသက်တစ်နှစ်ပိုကြီးသည်။သူတို့ နှစ်ဦးသည် တစ်နှစ်ကျော်ကြာ သူငယ်ချင်းဖြစ်ပြီး တွဲခဲ့ကြသည်။ ထိုစဉ်က သူတို့သည် စနေ၊ တနင်္ဂနွေများတွင် အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်သည်ဖြစ်စေ၊ ဈေးဝယ်ထွက်သည်ဖြစ်စေ လုပ်ကြသဖြင့် တစ်လကို ရသည့် ယွမ် ၅၀ က အကုန်ပြောင်တော့သည်။
သူက နောက်ထပ်တစ်နှစ်စောင့်ဖို့ စီစဉ်ထားပြီး တရားဝင် လက်ထပ်၍ရသည့် အသက်ပြည့်လျှင် သူတို့နှစ်ယောက် လက်ထပ်မည်ဟု တွေးထားသည်။လီလန်ဖန်ကို သူ့အကြံအား ပြောပြသည်။ ရလဒ်အနေနှင့် လီလန်ဖန်သည် သူ့မိသားစုက သဘောမတူနိုင်ဘူးဟု ပြောသည်။နောက်ထပ်တစ်နှစ်စောင့်လျှင် သူမ အသက် ၂၃ နှစ်ပြည့်တော့မည်ဖြစ်သည်။
လီလန်ဖန်သည် သူနှင့် တစ်ဖက်သတ် လမ်းခွဲခဲ့သည်။ထိုအချိန်မှာပင် ဝမ်လီချမ်၏ ဖခင်သည် မတော်တဆမှုဖြစ်ပွားခဲ့သည်။ဝမ်လီချမ်သည် အိမ်တွင် အရာအားလုံးကို ဖြေရှင်းပြီး လီလန်ဖန်ထံ ပြန်ဆက်ဖို့ပြင်နေစဥ်မှာပင် လီလန်ဖန် လက်ထပ်တော့မည့် သတင်းကို ကြားလိုက်ရသည်။
လီလန်ဖန် နှင့်တွဲစဥ်က မိသားစုထဲက ဘယ်သူမှ မသိခဲ့ကြပေ။ယခု ကွဲကွာသွားသောအခါတွင် ဖခင်ဖြစ်သူကလည်း မကြာသေးခင်ကပင် ဆုံးပါးသွားသည်ဖြစ်၍ သူ့အမေကို စိတ်မပူစေချင်ပေ။
ဝမ်လီချမ်၏သည် ပုံမှန်အတိုင်း စနေ၊တနင်္ဂနွေဆိုလျှင် လမ်းလျှောက်ခြင်း သို့မဟုတ် ပန်းခြံသို့သွား၍ စစ်တုရင်ကစားပွဲများအား သွားကြည့်တတ်သည်။ တစ်ခါတစ်ရံ အခြား မရေမရာအလုပ်များကိုသာ ပြုလုပ်လေ့ရှိသည်။
သူ၏ လက်ရှိမြို့သည် ခရိုင်အဆင့်မြို့ဖြစ်သည်။သူ့အဖေက မြို့ထဲရပ်ကွက်ကဖြစ်ပြီး အမေက ကျေးလက်ကဖြစ်သည်။ သူ့မိသားစု၏ လက်ရှိအိမ်သည် 1979 ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဤမြေကို ဝမ်လီချမ်၏ ဖခင်ပိုင်ဆိုင်သည်။အမွေရခြင်းဟုဆိုနိုင်သည်။ သူ့အဖေက မိသားစုတွင် တတိယမြောက်သားဖြစ်သည်။
သူ့အိမ်ဘေးမှာ ဦးလေးအိမ်ရှိပြီး နောက်ဘက်မှာလည်း ဦးလေးအိမ်ရှိသည်။အဖွား သက်ရှိထင်ရှားရှိစဉ်က ညီအစ်ကိုသုံးယောက် အတော်လေး ရင်းနှီးခဲ့ကြသော်လည်း အဖွားဆုံးပါးသွားပြီးမှ ဆက်ဆံရေးက အေးစက်လာခဲ့သည်။လွန်ခဲ့သည့် နှစ်နှစ်လောက်က အဖေဆုံးပါးသွားပြီးနောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ် သိပ်မရှိတော့ပေ။
အဘိုးက စောစော ဆုံးသွားခြင်းဖြစ်ပြီး အဖွားကတော့ ဆုံးသွားသည်မှာ ခြောက်နှစ်၊ ခုနစ်နှစ်ရှိပြီဖြစ်သည်။သူ့အဖေ၏ အောက်မှာ ညီမတစ်ယောက်ရှိသည်။သူမသည် စစ်သားတစ်ဦးနှင့် လက်ထပ်ပြီးနောက် တာဝန်ကျရာမှာသာ လိုက်နေခဲ့သည်။ သူမ ပြန်မလာသည်မှာ နှစ်အတော်ကြာပြီးဖြစ်ကာ အဆက်အသွယ်လည်းပြတ်တောက်နေ၏။
သူ ယနေ့ည စောစောအိပ်ပြီး မနက်ဖြန် အလုပ်အတွက် စောစောထရမည်ဖြစ်သည်။ညရောက်သောအခါ သူသည် အိပ်မက်နောက်တစ်ခု မက်ပြန်၏။သူတို့ မောင်နှမလေးယောက် အတူတူ ဆော့ဖို့ ထွက်သွားကြပြီး နောက်ကျမှပြန်ရောက်လာ၍ အဖေဖြစ်သူက ဆော်ပလော်တီးသည့်အကြောင်းပင်။၉၀ခုနှစ် ငယ်ဘဝကား လွမ်းမောဖွယ်ရာအတိတည်း။
မနက်ခုနစ်နာရီမှာ သူ့အမေက နှိုးတော့သည်။ မနေ့ညက ထမင်းကျန်များအား ပြန်ကြော်ထားကာ ဟင်းကျန်နှင့် စားရသည်။အလုပ်မသွားခင်တစ်ညမှာ သူ့အမေက နောက်နေ့မနက်အတွက် ထမင်းများများချက်ထားပေးသည်။အလုပ်မှာ ခေါက်ဆွဲစားပါက ဗိုက်မဆာစေပေ။
မနက်စာစားပြီးသည်နှင့် ဧည့်ခန်းထဲမှာ ရပ်ထားသော ဘားတန်းပါသည့် အနက်ရောင်စက်ဘီးကို တွန်းထုတ်လိုက်၏။ စက်ဘီးသည် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ရာ၌ အများသုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်သည်။ စက်ရုံက အတော်လေးဝေးပြီး စက်ဘီးစီးလျှင် ၁၅ မိနစ်နှင့်ရောက်ကာ လမ်းလျှောက်ပါက အနည်းဆုံး နာရီဝက်ကြာသည်။
ယခင်ဘဝက အထက်တန်းကျောင်းသို့ စက်ဘီးစီးပြီး အသွားအပြန်သွားစဉ်က စက်ဘီးစီးရသည်မှာ လွယ်ကူသည်ဟု ခံစားမိသည်။သို့သော် ယခုသူ့ခြေထောက်အောက်မှ စက်ဘီးက စီး၍မလွယ်ပေ။ထိုင်ခုံသည် မြင့်မားလွန်းပြီး ရှေ့တွင် အလျားလိုက် ဘားတန်းတစ်ခုရှိသည်။မူလ ဝမ်လီချမ်သည် နောက်လူတင်ခုံမှာ ထိုင်၍ ခြေနင်းကိုပင် တစ်ပတ်ပြည့်အောင် လည်သည်အထိ စီးတတ်သူဖြစ်သည်။ သို့သော် သူမကတော့ မိန်းကလေးဘဝမှ လာသူဖြစ်၍ ထိုသို့မလုပ်နိုင်ပေ။
စက်ဘီးက လေးလံပြီး စီးရသည်မှာလည်း ပင်ပန်းလှသည်။ လမ်းက မကောင်းတော့ ပေါင်နှင့်တင်ပါးများလည်း ထုံကျင်ကိုက်ခဲနေသည်။
ယနေ့ သူ စက်ရုံကို စက်ဘီးစီးသွားရာ မိနစ် ၂၀ ကြာသည်။ နံနက်ခင်းတွင် အလုပ်က အတော်ပင် အေးအေးဆေးဆေးဖြစ်ပြီး သူ့လို နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးသမားများသည် သောကြာနေ့ကတည်းက အလုပ်မဆင်းမီ စက်ကိရိယာကို စစ်ဆေးထား၍ တနင်္လာနေ့နံနက်တွင် စက်ချို့ယွင်းမှု ဖြစ်နိုင်ခြေနည်းပါးသည်။
နေ့ခင်းဘက်မှာတော့ နည်းပညာရှင်အနည်းငယ်နှင့် စက်ရုံက စားသောက်တန်းမှာ ထမင်းစားပြီး စားပွဲပေါ်မှာ တစ်ရေးတစ်မော အိပ်ဖို့ ရုံးခန်းကို ပြန်သွားလိုက်သည်။
တခါတရံ စက်ရုံအလုပ်များသောအခါတွင် အခြားဌာနများသို့ ကူညီရန် လူအနည်းငယ် စေလွှတ်တတ်သည်။ စေလွှတ်သူအများစုမှာ အလုပ်သင်များဖြစ်သည်။ယခင်ကဆို ဝမ်လီချမ်ကို မကြာခဏ ခေါ်ယူခဲ့သည်။
နေ့ခင်းဘက်တွင် စက်ကိရိယာ အများအပြား ပျက်သွားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း စက်ကိရိယာများ မကြာခဏ ပျက်လာတတ်သည်။ စက်က ဟောင်းနေပြီး အသစ်နှင့် အစားထိုးဖို့ အချိန်တန်နေသော်လည်း စက်ရုံက အသစ်အစားထိုးဖို့ မတတ်နိုင်ပေ။စက်များပျက်ခြင်းက နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းသည့် အလုပ်သမားများအနေဖြင့် ပြဿနာရှိလာသည့်အခါ ပြုပြင်ဖို့ တာဝန်ရှိသည်ဟု ပိုင်ရှင်က ပြောလေသည်။
ဝမ်လီချမ်သည် အတော်လေးရိုးရှင်းသော စက်ကိရိယာချို့ယွင်းမှုပြဿနာကို ကြုံတွေ့ခဲ့ရသည်။ စက်ထဲသို့ တစ်ခုခုပြုတ်ကျပြီး ပိတ်မိသွားခြင်းဖြစ်သည်။ ဤပြဿနာမျိုးက အတော်လေး အဖြစ်များပြီး အိပ်မက်ထဲမှာလည်း အကြိမ်ပေါင်းများစွာ ကြုံဖူးထား၏။
ပိတ်ဆို့နေသော အပိုင်းကို ဖယ်ရှားပြီး သန့်စင်ကာ ပြန်တပ်၍ စက်ကို ချိန်ညှိပေးရသည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် မိနစ် 30 သာကြာသည်။
မကြာသေးမီက စက်ရုံသည် အထည်တစ်သုတ်ကို အလျင်စလိုလုပ်ခဲ့ရပြီး ယခုအခါ လုပ်ငန်းပြီးစီးလုနီးပါးဖြစ်နေ၍ ယခုအချိန်တွင် ကြန့်ကြာနေ၍မရပေ။
နံနက်ခင်းတွင် လျှိုဖုန်းကျန်း သည် ပန်းကန်များကို ဆေးကြောပြီး မနေ့ညက သားဖြစ်သူ ချွတ်ထားသော အဝတ်များကို လျှော်ဖွပ်နေချိန်၌ တံခါးခေါက်သံ ကြားရလေသည်။
တံခါးသွားဖွင့်ပေးရာ လက်ရှည်ဝတ်စုံများကို ၀တ်ဆင်ထားသည့် အသက် 20 နှင့် 30 အတွင်းရှိ အမျိုးသမီး နှစ်ဦးကို တွေ့ရလေသည်။လျှိုဖုန်းကျန်း သူတို့ကို မနေ့က ဆေးရုံမှာ တွေ့ဖူးထားသည်။
"တဆိတ်လောက်၊ ဒါက ဘာတွေပါလဲ"
သူတို့နှစ်ဦးသည် အိတ်ကြီးကြီးများ၊ ပိုက်ကွန်အိတ်များ၊ ကတ်ထူပုံးတစ်ပုံးအပြည့်တစ်ခုကို ပေးလိုက်ကြသည်။
"မင်္ဂလာပါ အဒေါ်၊ ဝမ်လီချမ်ကို ကျေးဇူးတင်လို့ ကျေးဇူးဆပ်ချင်လို့ ဒီကို လာတာပါ၊သူက ကျွန်မတို့ ကလေးတွေကို ကယ်တင်ခဲ့တာပါရှင်"
လျှိုဖုန်းကျန်းက ယဉ်ကျေးစွာ ပြောဆိုနေသော အမျိုးသမီးနှစ်ယောက်အား ဧည့်ခန်းထဲကို ခေါ်လာသည်။ထို့နောက် သူမသည် သူတို့နှစ်ယောက်အတွက် ရေနွေးနှစ်ဖန်ခွက်ကို အသစ်စက်စက်ဖန်ခွက်ထဲ ငှဲ့ထည့်ပေးလိုက်သည်။
"အဒေါ် အလုပ်ရှုပ်နေပါမယ်၊ ဘာမှမလိုပါဘူး"
သူတို့နှစ်ဦးမှာ ဖန်ကျန်း၏မိခင် လျှိုဟုန်မေနှင့် ရွှယ်ခိုင်၏မိခင် ကျန်းလီဟွာ တို့ဖြစ်သည်။ ဖန်ကျန်းနှင့် ရွှယ်ခိုင်တို့သည် ဝမ်လီချမ် ကယ်တင်ခဲ့သော ရေနစ်နေသည့် ကလေးနှစ်ဦးဖြစ်သည်။
လျှိုဖုန်းကျန်းသည် စကားမပြောသေးဘဲ ထိုင်ခုံပေါ်တွင် သတိထားပြီး ထိုင်နေလိုက်သည်။
"ကျွန်မတို့ဒီကို တခြားရည်ရွယ်ချက်နဲ့ လာခဲ့တာမဟုတ်ပါဘူး၊ ဝမ်လီချမ်ကို ကျေးဇူးတင်ဖို့ပါ၊ဒီအရာတွေက ကျွန်မတို့မိသားစုရဲ့ စေတနာလေးပါ"
"လီချမ် အိမ်မှာမရှိဘူး၊ အလုပ်သွားတယ်မလား၊ ဒီအရာတွေကိုတော့ မငြင်းပါနဲ့နော်၊ ဆေးဖိုးဝါးခအတွက်တောင် ငြင်းထားတာမလား"
လျှိုဟုန်မေ၏ ခင်ပွန်း ဖန်ယဲ့ချမ် က သူတို့အား ဤအချိန်တွင် ဤနေရာသို့ လာရန် အထူးတောင်းဆိုခဲ့ခြင်းဖြစ်သည်။ မနေ့က ဝမ်လီချမ်သည် ကျန်းလီဟွာ၏ခင်ပွန်း ရွှယ်ကျစ်ယုံ၏ ပိုက်ဆံကို ငြင်းပယ်ခဲ့သည်။ ဖန်ယဲ့ချမ်သည် ဝမ်လီချမ်၏ ပင်ကိုယ်စရိုက်အား လေးစားသွားခဲ့ရ၏။အအကယ်၍ ဝမ်လီချမ် အိမ်၌ရှိစဉ် ဤနေရာသို့ လာခဲ့ပါက၊ ဤအရာများကိုလည်း သူလက်မခံနိုင်မည်ဖြစ်သောကြောင့် အလုပ်သွားမည့်အချိန်ကို အထူးရွေးချယ်၍ လာခြင်းပင်။သားဖြစ်သူက လက်မခံသလို၊အမေဖြစ်သူကလည်း လက်ခံမည်မဟုတ်ဟု သူမတို့ မမျှော်လင့်ထားချေ။
"ဆေးဖိုးဝါးခတွေက ကျွန်မတို့က ပေးရမှာပါ၊ ဒီအရာတွေက ဝမ်လီချမ်ကို ကျွန်မတို့ ကျေးဇူးတင်လို့ ပေးတာပါ၊ အဒေါ် လက်မခံရင် ကျွန်မတို့ အဆင်မပြေဖြစ်တာပေါ့"
လျှိုဟုန်မေသည် အမျိုးသမီး ရေးရာအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး များသောအားဖြင့် အမျိုးသမီးများနှင့် ဆက်ဆံပြောဆိုလေ့ရှိသည်။ ဝမ်လီချမ် ၏မိခင်နှင့် စကားပြောဖို့ သူမက ယုံကြည်ရသည်။
လျှိုဖုန်းကျန်းသည် မူလက ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်သည်။ ဝမ်လီချမ်၏ ဖခင်နှင့် လက်ထပ်ပြီးနောက် အိမ်မှုကိစ္စနှင့် စက်ရုံမှာသာ ကျင်လည်ခဲ့သည်။ဝမ်လီချမ်၏ ဖခင်သည် သူမအား စက်ရုံတွင်အလုပ်လုပ်ရန် မိတ်ဆက်ပေးခဲ့ပြီးနောက် ၁၇ နှစ်ကြာအလုပ်လုပ်ခဲ့သည်။ သူမသည် အနှစ် 50ကြာ လူ့လောကတွင် နေထိုင်ခဲ့သည့်တစ်လျှောက် သူစိမ်းများနှင့် အဆက်အသွယ်လုပ်ခဲသည်။ထို့ကြောင့် ဤအဆင့်မြင့်မြို့သူမြို့သားများနှင့် မည်သို့ဆက်သွယ်ရမည်ကိုပင် မသိနားမလည်ဖြစ်နေရ၏။ သူတို့က အဆင်မပြေဘူးဟု ပြော၍ သူမ နည်းနည်းတော့ လန့်သွားမိသည်။
"အဒေါ် ဒီပစ္စည်းတွေ ယူထားပါ၊ ကျွန်မတို့လည်း သွားစရာ တစ်နေရာရှိသေးတယ်"
လျှိုဖုန်းကျန်း ထပြီး သူတို့ ထွက်သွားသည်ကို ကြည့်နေသော်လည်း စကားတစ်ခွန်းမှ မပြောမိပေ။ သူတို့ယူလာသည့် ပစ္စည်းများကို သူမအခန်းထဲ သယ်သွားလိုက်သည်။အသီးအနှံတစ်ထုပ်မှလွဲ၍ ကျန်အရာအားလုံးသည် ဖန်ဘူးများထဲတွင်ထည့်ထားခြင်းဖြစ်၏။သူမသည် ယခင်က ဤပစ္စည်းများကို တစ်ခါမှ မမြင်ဖူးသလို စာမတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် ထိုအရာက ဘာမှန်းသူမ မသိပေ။
သူမ သိလျှင်တောင်မှ ရွှေ့ဖို့အဆင်သင့်မဖြစ်သေးသည့်အတွက် သူ့သားပြန်လာချိန်ကိုသာ စောင့်ရဦးမည်။
ဤအရာများကို လက်ခံမိတာ မှန်းသလား၊မှားသလား ဆိုတာတောင် သူမ မသိ၊သားဖြစ်သူက သူမကို အပြစ်မတင်ဖို့သာမျှော်လင့်ရ၏။
ခင်ပွန်းဖြစ်သူ ဆုံးပါးသွားကာ သမီးသုံးယောက်လည်း အိမ်ထောင်ကျပြီး ဖြစ်၍ ယခုအခါ သားဖြစ်သူမှာ တစ်ယောက်တည်း ပံ့ပိုးကူညီမှု ပေးနေပြီဖြစ်သည်။
ထိုစဉ်က မြို့သားတစ်ယောက်နှင့် လက်ထပ်ခွင့်ရတာက ကံကောင်းနေပြီဖြစ်သည်။ မိသားစုထဲမှာ လျှိုဖုန်းကျန်း၏ မောင်ဖြစ်သူက ငယ်သေးသည့်အတွက် သူ၏ ဇနီးမယား တင်တောင်းငွေအား အလောသုံးဆယ်ရှာထားစရာမလိုပေ။
မြို့မှာလည်း မိခင်တစ်ယောက်က သားဖြစ်သူအတွက် ချွေးမတစ်ယောက်လိုက်ရှာနေကြောင်းကြားလိုက်ရသည်။ သို့သော် တင်တောင်း လက်ဆောင်ကတော့ နည်းနည်းပါးပါးပင်။
လျှိုဖုန်းကျန်း၏ အမေဖြစ်သူကတော့ မြို့က နယ်ဘက်ထက် ပိုကောင်းသည်ဟု တွေးသည်။သူမ၏ သမီးအား မြို့မှာနေပါက၊သားဖြစ်သူအတွက်လည်း အနာဂတ်မှာ အထောက်အကူဖြစ်နိုင်သည်။သို့ဖြင့် လျှိုဖုန်းကျန်း သည် မြို့သားနှင့် အကြောင်းပါပြီး မြို့မှာအခြေကျခဲ့၏။
ခင်ပွန်းဖြစ်သူ၏ မိသားစုကလည်း မြို့သားစစ်စစ်များတော့မဟုတ်ပေ။သူတို့လည်း တခြားနေရာမှ မြို့သို့ပြောင်းလာခြင်းသာ။ မြို့မှာ အခြေချစရာ အုတ်မြစ်မရှိ၍ နောက်ပိုင်းမှာ အိမ်ဆောက်လိုက်ကြသည်။
ယောက္ခမဖြစ်သူ၏ အဆိုအရ စုဆောင်းငွေအများစုကို နေအိမ် ဝယ်ယူရန်အတွက် အသုံးပြုခဲ့သည်။နောက်ပိုင်းတွင် သားများ လက်ထပ်လိုက်ကြ၍ ကုန်ကျစရိတ်ကြောင့် စုဆောင်းငွေများကုန်လုနီးပါးဖြစ်ခဲ့သည်။
လျှိုဖုန်းကျန်း၏ ယောင်းမနှစ်ယောက်သည် မြို့တွင်းမှဖြစ်ပြီး အငယ်ဆုံးချွေးမမှာ ကျေးလက် ဒေသမှဖြစ်သည်။ဝမ်လီချမ်၏ အဖေက အရင်လက်ထပ်ခြင်းမဟုတ်ပေ၊သူ၏ ညီနှစ်ယောက်ကသာ အရင်လက်ထပ်ခြင်းဖြစ်ကာ စုဆောင်းငွေအားလုံးနီးပါးကို လက်ထပ်ရန် သုံးစွဲခဲ့ကြသည်။သို့သော််လည် လက်ဖွဲ့ကတော့ ကုန်ကျစရိတ်နှင့်မကာမိဘဲဖြစ်ရသည်။
နောက်ဆုံးတွင် ဝမ်လီချမ်၏ ဖခင်က လျှိုဖုန်းကျန်းကို ချစ်မိသွားခဲ့သည်။ လျှိုဖုန်းကျန်း၏ မိသားစုသည် ခန်းဝင်ပစ္စည်းလက်ဆောင်များစွာကို လိုချင်စိတ်မရှိသလို၊တစ်ဖက်ကလည်း ခန်းဝင်ပစ္စည်းလက်ဆောင် သိပ်မတတ်နိုင်ခဲ့ပေ။ဤသည်ကပင် ကံကောင်းသွားပေသည်။
လျှိုဖုန်းကျန်း အိမ်ထောင်ကျခါစက မြို့မှာ အသားမကျသေး၍ တတ်နိုင်သမျှ ယောက္ခမအိမ် အလုပ်ကိုများများလုပ်သည်။ထိုအချိန်တွင် ခင်ပွန်းသည်၏ မိသားစုမှာ မိသားစုဝင်များသေးသည်။သူမကတော့ မိသားစုကြီး အတွက် မနက်စာစားဖို့ နေ့တိုင်း စောစောထ ချက်ပြုတ်သည်။
ကိုယ်ဝန်ရှိလာပြီးနောက်မှာတော့ သူမလည်း မိသားစုနှင့်သင့်မြတ်လာခဲ့သည်။ယောက္ခမကလည်း တဖြည်းဖြည်း သူမအပေါ် ကောင်းလာ၏။သူမသည် ကျောင်းမတက်ရ၍ စာလည်းမတတ်ပေ။ယောက္ခမဖြစ်သူကသာ သူမအား သွန်သင်ဆုံးမခဲ့သည်။
သူတို့နေထိုင်သည့်အိမ်က 1979 ခုနှစ်မှာဆောက်ခဲ့တာပင်။ယောက်ခထီး 1978 မှာ ဆုံးသွားသော် ယောက္ခမက မိသားစုကို ခွဲလိုက်သည်။ ထိုအချိန်တွင် ဦးလေး၏မိသားစုသည် မြေယာအများဆုံးပိုင်ဆိုင်ထား၍ ယောက္ခမက ထိုဦးလေးနောက်သို့လိုက်သွားသည်။ အခြားညီအစ်ကိုများကလည်း သဘောထားမတိုက်ဆိုင်ခဲ့ပေ။ လွန်ခဲ့သည့် ခြောက်နှစ်လောက်က ယောက္ခမ ကွယ်လွန်ချိန်မှသာ ဦးလေးမိသားစုက ဈာပနကို ကမကထပြုပြီး ဒုတိယဦးလေး၏ မိသားစုနှင့် သူတို့မိသားစုကလည်း ကူညီခဲ့လေသည်။
ယောက္ခမနှင့် ယောက္ခထီးတို့၏ သက်တမ်းတစ်လျှောက်တွင် ချွေးမများကြား ဆက်ဆံရေးသည် အပေါ်ယံက သဟဇာတဖြစ်နေသည်။ ယောက္ခမများ တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားသောအခါ၊လင်ညီအစ်မ အချင်းချင်း တစ်ယောက် နောက်ကွယ်မှာ မကောင်းကြောင်းများပြောနေသည်ဟု သတင်း အကြိမ်ကြိမ်ကြားခဲ့ရသည်။
လျှိုဖုန်းကျန်းသည်လည်း ကျေးလက်ဒေသမှလာသူဖြစ်၍ အမြဲလိုလို နှိမ့်ချခံခဲ့ရသည်။
xxxxxxx