Part 106
ချီကျန်းကျန်းဆိုဖာပေါ်လှဲနေရင်း သူ့အားဆက်လက်ဆူပူနေတော့သည်။ သူမအသံအားနှိမ့်၍တီးတိုးပြောလာခဲ့သည်။
" လျို့ကျိုးအာ လျို့ကျိုး မင်းကောင်းတဲ့ခွေးလေးပဲလုပ်ရမှာနော် မင်းအဖေလိုမျိုးဖြစ်လာဖို့မသင်ရဘူး "
" အာ ဝူးးး "
ချီကျန်းကျန်းသူ့အားကြည့်လိုက်ပြီ " ဘာ၊ မင်းက မင်းအဖေဆီကနေသင်ချင်နေသေးတာလား "
" ဝူးး ဝူးး "
" ပြန်ပြောနေသေးတယ် "
" အာ ဝူးး "
ချီကျန်းကျန်းစိတ်တိုသွားပြီး သူမခေါင်းအားလှည့်ကာ တစ်ဖက်သို့လည်ခဲ့လေသည်။ ထို့နောက် လျို့ကျိုးအား လျစ်လျုရှုလိုက်တော့သည်။
လျို့ကျိုးမှာမူ ချီကျန်းကျန်း သူနှင့်ဆော့ကစားနေသည်ဟုထင်နေသဖြင့် အပေါ်သို့တက်ကာ သူ့အမြီးအားဝှေ့ယမ်းရင်း သူမအနားသို့ရောက်လာပြီးနောက် သူ့ခေါင်းလေးနှင့် တိုက်နေတော့သည်။
ချီကျန်းကျန်းသူ့အားအဝေးသို့တွန်းလိုက်သည်။
သူပျော်ရွှင်စွာခုန်ပေါက်နေကာ ဆက်လက်၍သူမအားခေါင်းနဲ့တိုက်နေခဲ့သည်။
သူမ သူ့အားထပ်တွန်းလိုက်ပြီး၊ သူက သူမအားထပ်တိုက်လိုက်သည်။
တစ်ယောက်မှာ အမြီးအားရွှင်မြူးစွာဝှေ့ယမ်းနေချိန်၌ တစ်ယောက်မှာစိုက်ကြည့်နေလေသည်။
ချီကျန်းကျန်းသူ့အားကောက်ချီလိုက်ပြီး သူမအသံအားနိမ့်ကာ ဒေါသထွက်သံဖြင့်ပြောလာခဲ့သည် " မင်းအဖေကအရမ်းလွန်တယ်၊ မင်းကလဲအရမ်းလွန်တယ် မင်းတို့က ငါ့ကိုစိတ်ဆိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲသိကြတာ "
" ချီကျန်းကျန်း " ဝမ်ယွီ မီးဖိုချောင်မှ ပန်းကန်လုံးတစ်လုံးကိုင်ကာ ထွက်လာပြီး သူမအားကြည့်ကာ " စားဖို့အချိန်ရောက်ပြီ "
" အိုး " ချီကျန်းကျန်း ပြန်ဖြေလိုက်ပြီး လျို့ကျိုးအားချကာ သူမလက်များအားဆေးပြီးနောက် စားပွဲတွင်ထိုင်ချလိုက်လေသည်။
ဝမ်ယွီ၏မျက်ခုံးမှာ တစ်ကြိမ်ခန့်တွန့်ချိုးမိပြန်သည်။
အရင်အချိန်၌ ချီကျန်းကျန်းသည် သူ့၏ဘေးနားတွင်ထိုင်ခဲ့ပြီး ယခုမူသူနှင့်ဆန့်ကျင်ဘက်၌ထိုင်နေလေသည်။
သူမထိုင်ချပြီးသည်နှင့် ခေါင်းအားငုံ့ကာ ထမင်းပန်းကန်ထဲတွင်သာ နှစ်မြုပ်ထားခဲ့သည်။
ဝမ်ယွီချက်ချင်းမလှုပ်ရှားခဲ့ပဲ ခဏကြာပြီးနောက် သူဂရုတစိုက်မေးလာခဲ့သည် " မင်း စိတ်အခြေအနေမကောင်းဘူးလား ဘယ်သူမင်းကိုမပျော်အောင်လုပ်တာလဲ "
သူနောက်ဆုံးစာကြောင်းကို ပြောသည့်အခါ၌ မျက်ခုံးများတွန့်ချိုးလာပြီး မျက်လုံးများက ရုတ်တရက် စူးရှလာခဲ့သည်။
ချီကျန်းကျန်းသူမခေါင်းကို မော့လိုက်ပြီး သူ့အား စိုက်ကြည့်ကာ စကားမပြောဘဲ ခေါင်းငုံ့၍ ဆက်စားနေခဲ့သည်။
ဘယ်သူဖြစ်နိုင်မှာလဲ
သေချာပေါက်ရှင်ပဲပေါ့
ချီကျန်းကျန်းနည်းနည်းတော့မပျော်နေခဲ့ပါ ၊ ကောင်းပြီ၊ သူမအရမ်းကိုမပျော်နေခဲ့ဘူး။
သူတို့နမ်းခဲ့ပြီး ဖက်ခဲ့သည်။ သို့သော် သူကတစ်ခွန်းမှဟမလာခဲ့ချေ။
အကယ်၍ သူမက တစ်ဖက်သက်အချစ်တစ်ခုကိုသာတွေးနေခဲ့မိလျှင် ထိုအရာမှာ အဆင်ပြေသည်။ သို့သော် သူသည်အမှန်တကယ်ကို လက်ထပ်မည့်အကြောင်းတွေးနေခြင်းပင်ဖြစ်သည်။
ထိုအရာမှာ အဓိပ္ပါယ်ရှိရဲ့လား
ချီကျန်းကျန်း အတော်လေးအထင်လွဲနေသည်ဟု ခံစားလိုက်ရသည်။ သူမတစ်ခါတရံတွင် သိသိသာသာကိုပင် ဝမ်ယွီသူမအားသဘောကျသည်ကို ခံစားမိသည်။ သို့သော် သူမထိုအကြောင်းအားတွေးမိခဲ့သည်
သူ သူမအားအရာအားလုံးပေးပြီး ကောင်းကောင်းဆက်ဆံနေခြင်းမှာ သူမရဲ့သူ၏ဇနီးလောင်းဟူသောနေရာကြောင့်ဖြစ်နိုင်လေမလား
တကယ်၍သူမမဟုတ်ခဲ့ပဲ နိုးထလာသည့်မူလပိုင်ရှင်ဆိုလျှင်ကော သူမူလပိုင်ရှင်အား တူညီစွာဆက်ဆံမည်လား
အဆုံးမှာတော့ ဝမ်ယွီသည် စုံတွဲမပါသောဝတ္ထု၏ဇာတ်လိုက်ဖြစ်သည်။ ဝတ္ထု၏မူရင်းဇာတ်ကြောင်း၌ သူ့အားချစ်ရေးချစ်ရာကိစ္စများ မပေးထားခဲ့ချေ။
ထိုအရာသည် သူမအားအလွန်စိတ်ပျက်စေခဲ့သည်။
တစ်ခါတရံ၌ သူမပျော်သည်။ တခါတရံတွင်မူ သူမစိတ်လှုပ်ရှားပြီး တခါတရံတွင်သူမစိတ်ပျက်မိပြန်သည်။ အချစ်…အားးး သောက်ကျိုးနည်းလိုပဲ။
" ကျန်းကျန်း " ဝမ်ယွီမှာ သတိထားနေခဲ့သည်။
အတိအကျကိုပင် သူမ သူ့ကိုစိုက်ကြည့်နေပုံမှာ သူ့အားအမှန်တကယ်ကို ထိတ်လန့်စေခဲ့သည်။
ချီကျန်းကျန်းသူမထမင်းပန်းကန်အား လက်စသတ်လိုက်ပြီး ထရပ်ကာ အားနည်းနေသည့်အသံဖြင့်ပြောလာခဲ့သည် " ကျွန်မဝပြီ ရှင်ဆက်စားပါ "
သူမ ဒေါသတကြီးခြေဆောင့်ပြီး လှေကားပေါ် တက်သွားလေသည်။
ဝမ်ယွီ ထမင်းစားပွဲတွင် အတွေးနစ်မျောပြီး ကျန်နေခဲ့သည်။
သူမဘာလို့ စိတ်အခြေအနေမကောင်းတာလဲ
ဖိတ်စာအားဖတ်နေသည့်အချိန်တုန်းက သူမအဆင်ပြေနေသေးသည်မဟုတ်ဘူးလား
ဝမ်ယွီ ချီကျန်းကျန်းမှာအဘယ့်ကြောင့်စိတ်အခြေအနေမကောင်းသွားသည်အား အစမှစတင်ကာ စတင်၍စဉ်းစားနေတော့သည်။ သူ သူမအားလက်ထပ်ပွဲအကြောင်းပြောနေသည်မှာ အတွေး၌ပေါက်လာခဲ့သည်။
အဲ့ဒါဆို သူမသူနဲ့လက်မထပ်ချင်တာဖြစ်မည်လား
ဝမ်ယွီနှုတ်ခမ်းများအားခဏတာဖိလိုက်မိတာ သူ၏နှလုံးသားမှာကိုက်ခဲလာခဲ့သည်။ သူ့မသိစိတ်မှ လက်အားမြှောက်ကာ ရင်ဘတ်ပေါ်သို့ဖိထားခဲ့ရသည်။
ချီကျန်းကျန်း ကုတင်ပေါ်၌ အခါခါလှိမ့်နေပြီး သူမခေါင်းအား ကုတင်နှင့်တိုက်နေခဲ့သည်။
" သူငါ့ကိုကြိုက်တယ် မကြိုက်ဘူး ကြိုက်တယ် မကြိုက်ဘူး " သူမခေါင်းအားတစ်ခါတိုက်လိုက်ပြီး တစ်ခါရွတ်ခဲ့သည်။ တစ်ခါထပ်တိုက်ကာ တစ်ခါထပ်ရွတ်ဆိုပြန်သည်။
" အား "
အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ
" ဒေါက် ဒေါက် ဒေါက် " ထိုစဉ်တစုံတယောက်တံခါးခေါက်လာခဲ့သည်။
" ဘယ်သူလဲ " ချီကျန်းကျန်းထကြည့်လိုက်ပြီး သူမအသံမှာ စိတ်တိုနေပုံပေါ်နေ၏။
" ကိုယ်ပါ " ၎င်းက ဝမ်ယွီ၏အသံပင်ဖြစ်သည်။
ချီကျန်းကျန်းတောင့်ခဲသွားပြီး ခဏအကြာတွင် သူမမသိစိတ်ကြောင့် အော်ပြောလိုက်သည် " ကျွန်မအိပ်ပျော်နေပြီ "
တံခါးမှ မည်သည့်အသံမှထွက်မလာတော့ပေ။
သူသွားပြီလား
သူမအိပ်ရာထဲမှထွက်လိုက်ပြီး ဖြည်းဖြည်းလေးလျှောက်ကာ တံခါးအားဖွင့်လိုက်သည်။
ဝမ်ယွီမှာ တံခါးရှေ့တွင်ရှိနေသေးပြီး သူမတံခါးဖွင့်လိုက်ပြီးနောက် သူ၏မျက်လုံးများနှင့်ဆုံတွေ့လိုက်ရတော့သည်။ သူ၏အမူအယာသိပ်ပြီးကောင်းမနေချေ။ သူ့မျက်လုံးများကမဲမှောင်နေကာ သူ့အားကြည့်ရသည်မှာ အတော်လေးကြောက်စရာကောင်းနေလေသည်။
ချီကျန်းကျန်းတုန်ယင်သွားပြီး သူမခေါင်းအားနှိမ့်လိုက်မိလေသည်။
" နည်းနည်းထပ်စားလိုက်ဦး မင်းဒီနေ့ညနည်းနည်းပဲစားရသေးတယ် " ဝမ်ယွီသူ့ပါးစပ်ဖွင့်ကာဆိုလာပြီး သူ့အသံမှာ အနည်းငယ်အက်ရှနေခဲ့သည်။
" ကျွန်မဗိုက်မဆာဘူး " ချီကျန်းကျန်းသူမခေါင်းအားငုံထားဆဲဖြစ်၏။
ဝမ်ယွီ: " အဲ့ဒါဆိုကိုယ်နဲ့အတူစားပေး ကိုယ်အခုထိမစားရသေးဘူး "
ချီကျန်းကျန်းမျက်လုံးများရုတ်တရက်ပြူးကျယ်သွားပြီး သူ့အားကြည့်ကာ " ရှင်ဘာလုပ်နေတာလဲ ရှင်ဘာလို့မစားရတာလဲ "
" အဲ့ဒါဆို မင်းကကောဘာလို့စိတ်တိုနေရတာလဲ " ဝမ်ယွီသူမအား ခေါင်းမာမာနှင့်ကြည့်နေခဲ့သည်။
ချီကျန်းကျန်း သူမခေါင်းကိုငုံ့ပြီး ခြေချောင်းလေးများအားကြည့်နေရင်း သူမခြေချောင်းများအား လှုပ်နေခဲ့သည် " ကျွန်မပြောရင်တောင် ရှင်နားလည်မှာမဟုတ်ပါဘူး "
" အဲ့ဒါက မင်းကိုယ့်ကိုလက်မထပ်ချင်တာကြောင့်လား " ဝမ်ယွီစတင်ပြောလာလေသည်။
ချီကျန်းကျန်းလန့်သွားပြီး သူ့အားကြောင်တောင်တောင်ကြည့်လာခဲ့သည်။
သူဘယ်လိုတောင်အဲ့လိုဆုံးဖြတ်ရဲရတာလဲ
ဝမ်ယွီ၏မျက်နှာမှာအမူအယာကင်းမဲ့နေသည်။ သို့သော် သူ၏မျက်လုံးများမှာ နာကျင်နေပုံပေါက်နေပြီး သူအသံမှာအက်ရှနေခဲ့သည်။
" ချီကျန်းကျန်း မင်းမလုပ်ချင်ရင် ကိုယ်တွန်းအားမပေးပါဘူး ဒါပေမယ့် ကိုယ့်တစ်ယောက်ထဲကိုပဲ လက်ထပ်ရမယ် ဘယ်သူမှမဖြစ်ရဘူး "
ထိုအရာမှာသူ့အတွက်ခက်ခဲ၏။ သို့သော်လည်း အကယ်၍ သူမသာအမှန်တကယ်မလုပ်ချင်ဘူးဆိုလျှင် သူလက်ခံပေးရုံသာရှိတော့သည်။
သို့သော် သူချီကျန်းကျန်းအခြားသူနှင့်အတူရှိနေပြီး အခြားသူနှင့်လက်ထပ်မည်ကိုမူ လက်မခံနိုင်ပေ။ ထိုအရာမှာ သူ့၏အောက်ဆုံးစည်းဖြစ်သည်။
ချီကျန်းကျန်း : ".... "
သူ၏မျက်လုံးများမှာ နာကျင်မှုများနှင့်ပြည့်နေပြီး အတွင်း၌ကြေကွဲနေမှုများရှိနေသည်အား သူမတွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူမစိတ်ဆင်းရဲခြင်း သို့မဟုတ် အပြစ်ရှိစိတ်များ မဖြစ်တော့ပဲ သူမဒေါသသာ အလုံးလိုက်အရင်းလိုက်ပေါ်ထွက်လာခဲ့တော့သည်။
xxxxx