part 109
ဖိတ်စာရပြီးသည့်နောက်တွင် သူတို့နောက်ထပ်အကြိမ်အနည်းငယ်လုပ်ခဲ့ကြပြီး၊ လာမည့်ရက်အနည်းငယ်အတွင်း သူမသည် ဝတ္ထုဆန်သည့်အတွေ့အကြုံပြီးနောက် ရက်စက်သော ကျားနှင့်ဝံပုလွေဖြစ်လာသော ယောင်္ကျားတစ်ဦးနှင့်ရင်ဆိုင်ရင်းအလုပ်များနေတော့သည်။
မည်သို့ပင်ဖြစ်စေ ဖိတ်စာရပြီးနောက်တွင် ချီမိသားစုသည် ချက်ချင်းဆိုသလိုထိုအရာအားကန့်ကွက်လိုက်တော့သည်။
ဝမ်မိသားစုမှာ ထိတ်လန့်သွားပြီး အန်းချင်ယုသည်ပင်လျှင် အံ့ဩသွားခဲ့ရသည်။
သူမမူလကထင်ထားခဲ့သည်မှာ ဝမ်မိသားစုထဲသို့လက်ထပ်ပြီးဝင်ခြင်းသည် ချီမိသားစုမျှော်လင့်နေသည့် အရာတစ်ခုဟူ၍ပင်၊ ထိုအရာမှာ သူတို့၏ဝေးကွာနေသောဆက်ဆံရေးအား ပြေလျော့စေပြီး ချီမိသားစုသည် သူမအားအလွန်လေးစားရသည့် ဝမ်းကွဲတစ်ယောက်အဖြစ် ပြန်လာခွင့်ပြုလိမ့်မည်ဟု သူမထင်မိခဲ့သည်။
ချီမိသားစုသည် ဆန့်ကျင်လိမ့်မည်ဟု သူမမည်ကဲ့သို့တွေးထားမိမည်နည်း….
ချီမိသားစုမှာ မိသားစုဝင်သုံးဦးသည် ဝမ်မိသားစုတံခါးရှေ့သို့ရောက်လာခဲ့၏။
" ချီယန် ငါကြားတာမင်းက ချင်ယုနဲ့ရိရန်တို့လက်ထပ်မှာကို သဘောမတူခဲ့ဘူးဆို… ဘာတွေဖြစ်နေလို့လဲ… " ဝမ်ကျင်စန်းသည် လေးစားမှုမရှိသည့်အသံဖြင့် ချက်ချင်းဆိုသလိုမေးလာခဲ့သည်။
သူသည် ချီယန်အား အကိုချီဟူ၍ မခေါ်ခဲ့ပဲ ချီယန်၏ပထမနာမည်အားခေါ်လာခဲ့သည်မှာ သိသိသာသာပင် သူချီမိသားစုအားထပ်မံ၍ အလေးမထားတော့ဘူးဟူသည့် သဘောပင်ဖြစ်သည်။
ချီယန်ချက်ချင်းမျက်မှောင်ကြုတ်လိုက်ပြီး သူ့နှုတ်ခမ်းအားဖိကိုက်ကာ မည်သည့်စကားမှမဆိုခဲ့ပေ။ သူ၏မျက်မှာမူ အလွန်ပင်ကြည့်ရဆိုးနေလေသည်။
တင်းရိကျွင်းမှာ အန်းချင်ယုအားကြည့်လိုက်ပြီး အပြစ်ရှိနေမှုများ သူ၏မျက်လုံးထဲတွင်ဖြတ်ခနဲထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူသည်လေးနက်သည့်အမူအရာဖြင့်သာရှိနေသေးပြီး စကားဆိုလာခဲ့သည်။
" ငါတို့မိသားစုရဲ့ကျန်းကျန်းက အခုထိပြန်ရောက်မလာသေးဘူး… အရင်တုန်းက ငါတို့ခေါင်းတွေရှုပ်ထွေးနေခဲ့လို့ ကျန်းကျန်းကိုထည့်မတွက်ခဲ့ပဲ သူမရဲ့နောက်ကွယ်မှာ ဝမ်ရိရန်နဲ့အန်းချင်ယုကို ကြိတ်ပုန်းခုတ်ခွင့်ပြုခဲ့မိတာ… ဒါပေမယ့် အခုတော့ ငါတို့အသိတရားဝင်သွားပြီမလို့ ကျန်းကျန်းကသာ ငါတို့သမီးဖြစ်တဲ့အတွက် ငါတို့ ကျန်းကျန်းကိုသစ္စာဖောက်ပြီး ဝမ်ရိရန်နဲ့အန်းချင်ယုကို လက်ထပ်ခွင့်မပြုနိုင်ဘူး…"
ခဏနားလိုက်ပြီး သူမထပ်ပြောလာခဲ့သည် " ပြီးတော့ ဝမ်ယွီက ကျန်းကျန်းရဲ့သတို့သားလောင်းဖြစ်နေပြီးပြီ သူတို့ကနောက်တစ်ချိန်ကျရင်လက်ထပ်ကြတော့မှာ… တကယ်လို့သာ ချင်ယုနဲ့ရိရန်တို့က လက်ထပ်ထားတဲ့ဆက်ဆံရေးဖြစ်ခဲ့ရင် ငါတို့သူတို့လက်ထပ်တာကိုသဘောတူဖို့မဖြစ်နိုင်ဘူး… သူတို့သာလက်ထပ်ခဲ့ရင် ဝမ်ယွီနဲ့ကျန်းကျန်းကလဲ သူတို့နဲ့အမျိုးတော်နေရလိမ့်မယ်… အဲ့ဒါကအဆင်ပြေမှာမဟုတ်ဘူး…"
တကယ်တမ်းမှာတော့ သူတို့လက်ထပ်ချင်သည့်ကိစ္စ တရားဝင်သည် မဝင်သည်မှာ ထိုမျှလောက်အရေးမပါချေ၊ သို့သော် တင်းရိကျွင်းထိုသို့ပြောလာခဲ့သည်မှာ သူတို့အားမျက်နှာသာပေးရန်တွေးပေးနေခြင်းသာဖြစ်သည်။
သို့သော်လည်း ထိုအရာများမှာ အသေးအဖွဲ့ကိစ္စများသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည်ထိုအရာအားဆန့်ကျင်နိုင်မည့်အခွင့်အရေးအဖြစ် အသုံးပြုနေကြခြင်းဖြစ်၏။ ထို့အတူ ချီမိသားစုသည်လည်း သူတို့စားသောက်နေထိုင်ဖို့အတွက် အာရုံစိုက်ရမည်ဖြစ်ပေသည်။
ဝမ်ယွီသည် ဝမ်မိသားစုအားဖျက်ဆီးနိုင်သည်ဟူသောကိစ္စအား သူမအများကြီးယုံကြည်ချက်မထားထားသော်ငြားလည်း သူမသည် အမြဲတမ်းသူမ၏ခင်ပွန်းနှင့်သားအားနားထောင်ခဲ့သည်။ ယခုအချိန်မှာတော့ သူမတို့သုံးယောက်အတူရှိနေသည်ဖြစ်သည့်အတွက် အရှေ့ထွက်ကာရှင်းပြပေးရမည့်သူမှာ သူမသာဖြစ်သင့်လေသည်။
သူမ၏နှလုံးသားထဲတွင် အန်းချင်ယုအတွက် ခံစားချက်အချို့ရှိနေသေးသော်လည်း သူမ၏ကိုယ်ပိုင်သမီးရင်းကပင် သူမခင်ပွန်းနှင့်သားများအတွက် မနှိုင်းယှဉ်နိုင်ပေ။ သို့ဖြစ်ရာ အန်းချင်ယုမှာ သူတို့နှင့်မည်ကဲ့သို့ယှဉ်နိုင်မည်နည်း…
သို့ဖြစ်ရာ သူမအန်းချင်ယုအတွက်စိတ်မကောင်းဖြစ်မိသည်ဆိုလျှင်ပင် သူမလာရောက်ပြီး ကျယ်ကျယ်လောင်လောင် ကန့်ကွက်ရသည်ဖြစ်၏…
" အန်တီ…." အန်းချင်ယု သူမအားမယုံကြည်နိုင်စွာကြည့်နေပြီး သူမ၏အသံမှာတုန်ယင်နေလေသည်။
တင်းရိကျွင်းမည်သည့်အရာမှပြန်မပြောပဲ အဝေးသို့သာကြည့်နေခဲ့သည်။
ဝမ်ရိရန်မယုံကြည်နိုင်ဖြစ်နေကာ မေးလာခဲ့သည် " ခင်ဗျားတို့ ချင်ယုနဲ့ကျွန်တော်လက်ထပ်တာကို သဘောမတူနိုင်ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ "
" ဟုတ်တယ် ငါတို့သဘောမတူနိုင်ဘူး…" ချီကျိုးချန်၏မျက်နှာမှာအေးစက်နေခဲ့သည်။
သူဝမ်ရိရန်အားကြည့်လိုက်ကာ သူ၏အသံမှာလည်း အေးစက်နေခဲ့သည် " မင်းရဲ့ ငါ့အစ်မအပေါ်အရင်ဆုံးသစ္စာဖောက်ခဲ့တဲ့ကိစ္စက မင်းရဲ့စိတ်ထဲမှာတော့ ပြီးသွားတယ်ဆိုပေမယ့် ငါတို့တွေက မှတ်မိနိုင်သေးတယ်…"
ဝမ်ရိရန်၏အသက်ရှုသံမှာ ရုတ်တရက်တုန့်ဆိုင်းသွားခဲ့တော့သည်။ သူချီကျန်းကျန်းအပေါ်အပြစ်ရှိသည့်စိတ်အား မည်သည့်အချိန်ကမှ မခံစားခဲ့ရပေ၊ သို့သော် ယခုရက်ပိုင်းတွင်မူ သူပို၍တွေးမိလေ သူတစ်ခုခုအမှားလုပ်ခဲ့မိသည်ဟု ပို၍ခံစားလာရလေဖြစ်လာကာ သူမအပေါ်အပြစ်ရှိစိတ်များ ပေါ်ပေါက်လာခဲ့လေသည်။
" လက်ထပ်တယ်ဆိုတာက ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ကိုယ်ပိုင်ကိစ္စပဲ၊ မင်းတို့ကချင်ယုရဲ့ မိဘအရင်းတွေမဟုတ်ဘူးလေ…အဲ့တော့ မင်းတို့အဲ့ကိစ္စအပေါ်ဂရုစိုက်နေဖို့မလိုတော့ဘူး… ပြီးတော့ လူနှစ်ယောက်ချစ်ခင်ကြတာက ဘယ်လိုလုပ်ပြီးဖောက်ပြန်တာဖြစ်သွားရတာလဲ…စကားကိုအဲ့လောက်ထိအောက်တန်းကျအောင်မပြောပါနဲ့…"
ရှုဝေသည်လည်း အေးစက်စွာပြောလာခဲ့ပြီး သူမ၏အသံမှာ ဒေါသများဖြင့် ပြည့်နှက်နေလေသည်။
ချီမိသားစုသည် ချီကျန်းကျန်းနှင့်ဝမ်ရိရန်တို့၏စေ့စပ်ပွဲအား ဖျက်ခဲ့သည့်အချိန်တွင် မည်သည့်မလိုအပ်သောအရာကိုမျှမလုပ်ခဲ့ကြချေ၊ ယခုအချိန်တွင်မှ သူတို့အားအဘယ်ကြောင့် စတင်ဆန့်ကျင်လာရသနည်း…
ချီကျန်းကျန်းအိမ်ကိုပြန်မလာခဲ့လို့များ သူတို့စိတ်ထားတွေပြောင်းလဲသွားကြသည်လား…
ချီမိသားစုသည် ဝမ်ယွီအကြောင်းလဲထည့်ပြော လေသည်။ သူတို့အမှန်တကယ်ပင် ဝမ်ယွီအားသူတို့၏သားမက်အဖြစ် လက်ခံတော့မည်လား…
ဝမ်ကျင်စန်းသည်လည်း ထိုအရာများအား စဉ်းစားလိုက်မိပြီး သူချီယန်နှင့်အခြားသူများအားကြည့်ကာ ပြောလိုက်လေသည် " အဲ့မှာ ဝမ်ယွီကိုထည့်ပြီးစဉ်းစားဖို့မလိုအပ်ဘူး၊ သူနဲ့ငါက အဖေနဲ့သားဆက်ဆံရေးကို ဖြတ်တောက်ပြီးသားပဲ…သူ့အတွက် ငါ့ရဲ့ဝမ်မိသားစုနဲ့သက်ဆိုင်တဲ့အရာတစ်ခုမှမရှိတော့ဘူး…"
လှောင်ပြောင်မှုများသည် ချီယန်၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားပြီး ပြောလာခဲ့သည်။
" အဲ့ဒါက တကယ့်ကို ငါတို့လုပ်နိုင်တဲ့အရာပဲလေ ငါတို့မှာ သမီးတစ်ယောက်ပဲရှိတာ… သူမကအခုဝမ်ယွီနဲ့တွေ့နေတာဆိုတော့ ငါတို့သူမကိုပံ့ပိုးရမှာပေါ့…အဲ့ဒီ အန်းချင်ယုနဲ့ဝမ်ရိရန်တို့ကိစ္စအတွက်ကတော့ ငါတို့ချီမိသားစုကလုံးဝကိုသဘောမတူနိုင်ဘူး…"
" အဲ့ဒါဆို ရှင်တို့ကဘာများလုပ်နိုင်မှာမလို့လဲ…" ရှူဝေလှောင်ပြောင်လိုက်သည်။
ဝမ်ကျင်စန်းသည်လည်း သိသာစွာပင် စကားတစ်ခွန်းဝင်မပြောခဲ့ပဲ သဘောတူခဲ့လေသည်။
ဝမ်မိသားစုသည် မကြာသေးသည့်အချိန်ကမှ အခြေအနေကောင်းတစ်ခုနှင့်ကြုံခဲ့ရသောကြောင့် ချီမိသားစုအားအလေးအနက်ထားမနေတော့ပေ။
ချီကျိုးချန်သိသိသာသာစိတ်တိုလာခဲ့ပြီး သူတို့အားလက်ညိုးထိုးလိုက်ကာ " ခင်ဗျားတို့ ဝမ်မိသားစုကရိုင်းပြီးရင်းကို ရိုင်းလာတာပဲ… ကျွန်တော်တို့ မိသားစုနှစ်ခုမှာ ပူးပေါင်းမှူရှိသေးတာကို မမေ့နဲ့ဦး…"
အငယ်တစ်ယောက်ဆီမှ နှာခေါင်းရှေ့သို့ လက်ညှိုးဖြင့်ထိုးခြင်းခံရသည်မှာ ဝမ်ကျင်စန်းမည်မျှပင်ဒေါသဖြစ်နေမည်ဖြစ်ကြောင်းအား တွေးတောနိုင်မည်မဟုတ်ချေ။
သူ့အားဆူပူမည့်အစား ဝမ်ကျင်စန်းခေါင်းမော့လာကာ သူ၏နှုတ်ခမ်းထောင့်၌အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး " အိုး… အဲ့ဒါဆို မင်းကအဲ့အတွက်ဘာလုပ်နိုင်မှာလဲ.. ပူးပေါင်းမှူကိုဖျက်မှာလား… ငါတို့ကစာချုပ်ချုပ်ပြီးသားနော် မင်းတို့ပူးပေါင်းမှုကိုဖျက်လိုက်ရင် ရင်းနှီးမြုပ်နှံထားတာက တပြားမှပြန်ရမှာမဟုတ်ဘူး…"
" မရနိုင်ဘူးဆိုတော့လဲ မယူဘူးပေါ့… ဝမ်ကျင်စန်း ခင်ဗျားရဲ့ဝမ်မိသားစုကရိုင်းလွန်းတယ်… ဒီပရောဂျက်မှာ ချီမိသားစုကိုလည်းလိုအပ်တယ်ဆိုတာကို မမေ့လိုက်နဲ့… တကယ်လို့ ကျွန်တော်တို့ချီမိသားစုကသာနှုတ်ထွက်လိုက်ရင် ပရောဂျက်ကလဲ ပြသနာတက်သွားလိမ့်မယ်… အဲ့ဒါကို ခင်ဗျားတို့ ဝမ်မိသားစုကတတ်နိုင်လို့လား…" ချီကျိုးချန်မှာ ပို၍ဒေါသဖြစ်လာပြီး သူတို့မရနိုင်လျှင်လည်း ယူမနေတော့ဘူးဟူ၍ စိတ်မြန်လက်မြန်ဖြင့်ပြောလာခဲ့လေသည်။
" ကျိုးချန် မဟုတ်တာတွေမပြောနဲ့…" ချီယန် ရုတ်တရက်သူ၏သားအားဆူလိုက်တော့သည်။
" အဖေ သူတို့ဝမ်မိသားစုက ကျွန်တော့ချီမိသားစုရဲ့ကျောပေါ်တက်စီးနေကြတာ… အဖေနှုတ်ထွက်ချင်တယ်ဆိုရင် အခုပဲလုပ်လိုက်သင့်တယ် " ချီကျိုးချန် သူ၏လက်အားတင်းကြပ်စွာဆုပ်ထားပြီး စိုက်ကြည့်လိုက်လေသည်။
" ဟား ဟား…" ဝမ်ကျင်စန်း နှစ်ကြိမ်တိုင်တိုင်ရယ်မောခဲ့သော်လည်း ထိုရယ်မောသံမှာ ကြားရသူတို့အဖို့ သာယာနာပျော်ဖွယ်တော့ ကောင်းမနေခဲ့ချေ။။
ရယ်မောပြီးနောက် ဝမ်ကျင်စန်းသည် စကားဆိုလာခဲ့သည် " အကိုချီ မင်းသိသင့်တာက မင်းတို့ချီမိသားစုကအခုပရောဂျက်ကိုနှုတ်ထွက်မယ်ဆိုရင် မင်းတို့ဘာမှပြန်မရရုံတင်မဟုတ်ဘူး မင်းတို့ရဲ့အသက်သွေးကြောကိုလည်း အများကြီးထိခိုက်စေမှာနော်…"
xxxxxxx