part 110
ချီယန်စကားတစ်ခွန်းမှ မပြောဘဲ သူ၏နှုတ်ခမ်းများအားဖိကာ သူ၏အမူအယာမှာ တည်ငြိမ်နေသော်လည်း သူသည်သိသိသာသာပင် စိတ်တိုနေပြီဖြစ်သည်။
ချီကျိုးချန်သည် တစ်စုံတစ်ခုအားထပ်ပြောလိုက်ချင်နေသော်လည်း ချီယန်မှစိုက်ကြည့်လာသည့်အတွက် နောက်ဆုတ်ပေးလိုက်တော့သည်။
ဝမ်ကျင်စန်းသည် သူ၏လက်ဖက်ရည်ခွက်အားကောက်ယူလိုက်ကာ အရေးမထားသောအသံဖြင့် " အကိုချီ အချိန်တွေကကွာခြားသွားပြီ…ယခုအချိန်မှာ ဝမ်မိသားစုက မင်းရဲ့ချီမိသားစုနဲ့ တကယ့်ကိုယှဉ်စရာမရှိတော့ဘူး…တကယ်လို့ မင်းတို့ဒီပရောဂျက်ကနေ နှုတ်ထွက်ချင်တယ်ဆိုရင်လည်း အဆင်ပြေတယ် ငါတားမှာမဟုတ်ဘူး မင်းတို့ရဲ့ဘိုးဘေးစဉ်ဆက်စီးပွားရေးထဲကအများအပြားကို ကျဆုံးရအောင်လုပ်မလုပ်ဆိုတာက အဲ့ဒါက မင်းအပေါ်ပဲမူတည်တယ်…"
သိသိသာသာပင်.. သူသည်ပွဲကြည့်ချင်နေသည့်ပုံပေါက်နေ၏…
" ခင်ဗျားကြီး အတော်လွန်သွားပြီ…" ချီကျိုးချန်မနေနိုင်တော့ပဲ ဒေါသတကြီးပြောလာလေသည်။
ရှူဝေနှာခေါင်းရှုံ့လိုက်ပြီး " ငါတို့ဝမ်မိသားစုက ရိရန်နဲ့ချင်ယုတို့ရဲ့မင်္ဂလာပွဲကို ဦးဆောင်ပြီး ကျင်းပသွားမယ်ဆိုတာက မင်းတို့ချီမိသားစုကို မျက်နှာသာပေးထားတဲ့အရာပဲ… အဲ့ဒါကို မင်းတို့ကငါတို့တံခါးထိလာပြီး ပြသနာလုပ်ရဲတယ်လား…ကောင်းပြီလေ အဲ့လောက်သတ္တိတွေပြည့်နေမှာတော့ ပူးပေါင်းထားတာကိုရပ်လိုက်ကြတာပေါ့…" သူမချီကျိူးချန်အားကြည့်နေခဲ့လေသည်။
သူမကြည့်နေရင်းမှ " ကောင်လေး မင်းပိုပြီးလေ့လာသင့်တယ်…အဲ့လောက်ဒေါသကြီးမနေနဲ့…"
" မင်းကဒီမှာစကားပြောဖို့အခွင့်အရေးရှိလို့လား…" အထပ်ထပ်အခါခါ အနိုင်ကျင့်ခံရပြီးသည့်နောက်တွင် ချီယန်သည်လည်း ဒေါသထွက်လာခဲ့တော့သည်။
သူထရပ်လိုက်ပြီး ဝမ်ကျင်စန်းအားကြည့်ကာ
" ကောင်းပြီ အခုအချိန်မှာ ဝမ်မိသားစုကပိုမြင့်တဲ့နေရာကိုရောက်နေတာဆိုတော့ ငါတို့ရဲ့ချီမိသားစုကို အရေးတယူလုပ်နေစရာမလိုတော့ဘူးပေါ့ ဟုတ်တယ်မလား…တကယ်လို့ အရင်တုန်းကသာ ချီမိသားစုက ဝမ်မိသားစုကိုမကူညီခဲ့ဘူးဆိုရင် မင်းတို့အခုရောက်နေတဲ့နေရာကိုရနိုင်မှာတဲ့လား… ဝမ်ကျင်စန်း ငါတော့လုံလောက်သွားပြီ… မင်းကိုပြောမယ် တကယ်လို့ အန်းချင်ယုနဲ့ဝမ်ရိရန်တို့လက်ထပ်မယ်ဆိုရင် ငါတို့ပူးပေါင်းမှုကနေနှုတ်ထွက်မယ်…"
ဝမ်ကျင်စန်း၏အမူအယာမှာလည်း အနည်းငယ်ပြောင်းလဲသွားကာ ကဲ့ရဲ့လိုသည့်အသံဖြင့်
" အဲ့ဒါဆို နှုတ်ထွက်ပေါ့… မင်းတို့နှုတ်ထွက်ခဲ့ရင် မင်းတို့ပဲဘာမှမရမှာ.. ချီမိသားစုကလဲ အတော်ထိသွားမှာပဲလေ… ငါတို့ကဒီပရောဂျက်မှာ ရင်းနှီးမြုပ်နှံဖို့အတွက် တခြားစီးပွားဖက်တွေကို မရှာနိုင်နေတာမှမဟုတ်တာ…"
" မင်း…" ချီယန်သည် ဒေါသဖြစ်ရလွန်းသဖြင့် သူ၏လက်များတုန်ယင်ကာ အနောက်သို့လန်ကျသွားလေသည်။
ချီကျိုးချန် သူ့အား အလျင်အမြန် ဖမ်းထိန်းလိုက်ရပြီး သူ၏မျက်လုံးများပြူးကျယ်ကာ နဖူးပေါ်၌ အပြာရောင်သွေးကြောများ ထောင်ထလာသည့်အထိ သွားများအားကြိတ်လိုက်ပြီး ဝမ်ကျင်စန်းအားစိုက်ကြည့်နေခဲ့လေသည်။
" နှုတ်ထွက်တာပေါ့…အခုပဲနှုတ်ထွက်မယ်… ငါတို့ချီမိသားစုမရှိရင် မင်းတို့ဝမ်မိသားစုက ဒီပရောဂျက်ကိုဘယ်လိုရှေ့ဆက်နိုင်မှာလဲ…ခင်ဗျားတို့ကိုပြောလိုက်မယ် ခင်ဗျားတို့က ကျွန်တော့အဖေကိုလာတောင်းပန်မယ်ဆိုရင်တောင်မှပဲ ကျွန်တော်တို့ဒီပူးပေါင်းမှူကနေနှုတ်ထွက်မယ်…"
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် တင်းရိကျွင်းနှင့်အတူ ချီယန်အားဖေးကူကာ ဒေါသတကြီးထွက်လာခဲ့လေသည်။
သူတို့ထွက်သွားပြီးနောက် ရှူဝေမျက်မှောင်ကြုတ်ကာ စောဒကတက်လိုက်သည်။
" အဲ့ချီမိသားစုကတကယ်ရဲတာပဲ…သူတို့ကများ နှုတ်ထွက်မယ်ဆိုပြီးပြောရဲသေးတယ် …သူတို့လုပ်ရဲတယ်ဆို နှုတ်ထွက်ပြီးနောက် သူတို့ချီမိသားစုဘယ်လိုကောင်းကောင်းအဆုံးသတ်သွားမလဲဆိုတာ ကျွန်မမြင်ချင်မိသေးတယ်…"
ဝမ်ကျင်စန်း၏အမူအယာမှာလည်း ကောင်းမနေခဲ့ပေ။ သူသည် တည်ငြိမ်သောအမူအယာဖြင့်ပြောလာခဲ့လေသည် " အဲ့ဒီချီယန်က ပိုပြီးတော့ကို မိုက်မဲလာတာပဲ…အထူးသဖြင့် သူ့သားချီကျိုးချန်က စိတ်မြန်ပြီး အဆင်အခြင်မရှိဘူး ပြီးတော့ စကားကိုလည်းမစဉ်းစားပဲပြောတတ်ပြီး အဲ့စကားတွေကိုတောင်ပြောခဲ့သေးတာ သူတို့တွေဘယ်လိုအဆုံးသတ်မလဲကြည့်ကြတာပေါ့…"
ဝမ်ရိရန်မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းအားကိုက်လိုက်ပြီး အချိန်အတန်ကြာသည်အထိစဉ်းစားနေခဲ့လေသည်။ ကိစ္စတစ်ခုလုံးသည် တစ်နေရာရာတွင်တော့ တစ်ခုခုမှားယွင်းနေသည့်ပုံပင်။
သို့သော်လည်း သူမည်သည့်အရာကိုမှစဉ်းစား၍မရပဲ သူတစ်ခုသာပြောနိုင်လေသည် " တကယ်လို့သူတို့သာ တကယ်နှုတ်ထွက်မယ်ဆိုရင် ကျွန်တော်တို့လည်း အတော်လေးတော့ဒုက္ခရောက်လိမ့်မယ်… ဝမ်မိသားစုတစ်ခုထဲနဲ့ ဒီလောက်ကြီးတဲ့ပရောဂျက်ကိုထမ်းမထားနိုင်ဘူး …ပြီးတော့ ချီမိသားစုမှာက သူတို့မိသားစုရဲ့အရင်းအမြစ်တွေရှိသေးတယ် "
" သူတို့နှုတ်ထွက်ရဲမှာမဟုတ်ပါဘူး… ချီယန်က သူတို့ဘိုးဘေးတွေရဲ့စည်းစိမ်တွေကုန်တဲ့အထိမိုက်မဲရဲမလားဆိုတာကြည့်ချင်သေးတယ်… သူတို့အတွက် ကောင်းတာဘာမှရှိမှာမဟုတ်ဘူး… သူ့ခံစားချက်တွေက သူ့ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လောက်သက်ရောက်သက်ရောက် သူကျိန်းသေပေါက် လုပ်ရဲမှာမဟုတ်ဘူး… ဒီတစ်ကြိမ်တော့ငါကညှာမှာမဟုတ်ဘူး သူတို့ကိစ္စတွေအကုန်လုံးကို အဆင်ပြေပြေပြီးသွားချင်ဆိုရင်တောင်မှ ငါကသူ့စကားတွေပြန်သုံးပြီး ပိတ်ဆို့ပေးလိုက်မယ်… သူ့အမြတ်အစွန်းတွေထဲကတချို့ကိုလက်လွှတ်ပေးရင်တော့ တမျိုးပေါ့ … ဟမ့်…" ဝမ်ကျင်စန်းမှာ ပြစ်တင်ရှုတ်ချနေခဲ့လေသည်။
သူတို့သည် ချီယန်ပြန်လာ၍လိုက်လျောမှုများလုပ်မည်ဟုသေချာနေသည့်ပုံစံများဖြင့် လှောင်ပြောင်ပြောဆိုနေခဲ့ကြသည်။
ရှူဝေသဘောတူလိုက်ကာ ဝမ်ကျင်စန်းအတွက်လက်ဖက်ရည်ထည့်ပေးနေခဲ့သည်။ သူမ၏အသံမှာ ပို၍ကဲ့ရဲ့သည့်ပုံပေါက်နေခဲ့ပြီး " ချီမိသားစုက ပိုပြီး ပိုပြီး ရူးလာကြတာပဲ…သူတိုနဲ့ပူးပေါင်းနေရတာတောင် အတော်လေးရှက်ဖို့ကောင်းတယ်…နောက်ကျရင် ငါတို့ဝမ်မိသားစုက သူတို့ကိုနင်းချေပစ်ရလိမ့်မယ်… သူတို့ဘယ်လိုဝောာင် ချီကျန်းကျန်းနဲ့ဝမ်ယွီကိုထောက်ခံတဲ့အကြောင်းပြောရဲရတာလဲ…ဟမ့် သူတို့တွေကတကယ်ကိုရူးနေကြပြီ…"
မကြာသေးမှီကပင် ဝမ်မိသားစုမှာမြင့်တက်လာသည့်အတွက် ဇနီးများအသိုင်းအဝိုင်း၌ ရှူဝေ၏နေရာသည် တင်းရိကျွင်းထက်ပို၍မြင့်လေသည်။ ထို့ကြောင့် သူမသည် ချီမိသားစုအား အတော်အတန်ပင်အထင်အမြင်သေးခဲ့သည်။
ဝမ်ယွီ၏အကြောင်းအားထုတ်ဖော်လာသည့်အတွက် ဝမ်ကျင်စန်း၏အမူအယာမှာကြည့်ရဆိုးသွားခဲ့ပြီး သူ၏မျက်နှာသည်မဲမှောင်လာခဲ့၏။
ခဏကြာပြီးနောက် သူသည်စကားဆိုလာခဲ့သည်။
" ချီကျိုးချန်အဲ့လိုဖြစ်နေတာကိုကြည့်ရုံနဲ့တင် ချီမိသားစုကိုစောင့်ရှောက်ဖို့ဘယ်သူမှမရှိတော့ဘူးဆိုတာကို ငါပြောနိုင်တယ်…ချီယန်ကအသက်အရွယ်ကြောင့် ပိုပြီးရှုပ်ထွေးလာတော့မှာ…ငါသူတို့ရဲ့ ပြပွဲကိုကောင်းကောင်းစောင့်ကြည့်လိုက်ဦးမယ်…"
ဝမ်မိသားစု၏လေထုမှာ သက်တောင့်သက်သာဖြစ်နေသည်ဟုဆိုနိုင်လေသည်။
ဝမ်ရိရန်တစ်ယောက်ထဲသာ တံခါးအားကြည့်ကာ တစ်ခုခုလွဲမှားနေသည့် ခံစားချက်မျိုးရနေဆဲပင်ဖြစ်သည်။ သို့သော်လည်း သူထိုခံစားချက်အား ဆုပ်ကိုင်နိုင်ခြင်းမရှိနေချေ။
သူ၏ဘေးတွင် အန်းချင်ယုသည့် သူ၏လက်အားအကူအညီကင်းမဲ့နေသော အမူအယာဖြင့် ကိုင်ထားလေသည်။
ဝမ်ရိရန် သူ၏အတွေးများအားပြန်လည်ရုတ်သိမ်းလိုက်သည်။ အန်းချင်ယုသည် ချီမိသားစုမှပြသနာရှာထားခြင်းကြောင့် ထိတ်လန့်ကာ သက်တောင့်သက်သာဖြစ်မနေသည်အား သူသိနေခဲ့၏။
သူ့လက်ကိုမြှောက်ကာ သူမ၏လက်များအား ညင်သာစွာပုတ်ပေးလိုက်ပြီး " စိတ်မပူပါနဲ့ မင်္ဂလာပွဲက စီစဉ်ထားတဲ့အတိုင်းပဲ ကျင်းပမှာပါ…"
အန်းချင်ယုသည် ယခုမှသာ စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် စိတ်ရှုပ်ထွေးနေသေးသော်လည်း ဝမ်ရိရန်သည် သူမအား လက်ထပ်ချင်စိတ်ရှိနေသေးသည့်အတွက် နောက်ဆုံး၌ သူမ စိတ်သက်သာရာရသွားလေသည်။
ထိုအရာအားမြင်ပြီး ရှူဝေသည် အန်းချင်ယုအားကြည့်ကာ အေးစက်စွာအသံပြုကာ ရေရွတ်ခဲ့သည် " ဂြိုလ်ဆိုးမ…"
သူမ၏အသံမှာ မတိုးလှသောကြောင့် လူတိုင်းထိုအသံအားကြားလိုက်ရတော့သည်….
သူတို့နှစ်ဦးအားလက်ထပ်ခွင့်ပြုခဲ့ခြင်း၏ တစ်ဝက်မှာ ကလေး၏အကျိုးအတွက်ဖြစ်ပြီး ဝမ်ရိရန်အတွက်လည်းဖြစ်သည်။ သို့သော် သူတို့သည် အန်းချင်ယုအားနှစ်သက်ခဲ့ခြင်းမရှိကြပေ။
အန်းချင်ယု၏မျက်လုံးများနီမြန်းသွားခဲ့လေသည်။
" အမေ…" ဝမ်ရိရန်သည် အန်းချင်ယုအားချော့မော့ကာပုတ်ပေးလိုက်ပြီး သူ၏မိခင်ဖြစ်သူအား စိတ်ပျက်နေသည့် အကြည့်တစ်စုံပေးလာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ရှူဝေသည် အန်းချင်ယုအား ပို၍ပင်မုန်းတီးလာမိတော့သည်။
xxxxxx