Part 111
ထိုအချိန်တွင် ဝမ်မိသားစု၏ဂိတ်တံခါးမှထွက်လာခဲ့သော ချီမိသားစုဝင်သုံးဦးသည် ကားပေါ်သို့ ဒေါသတကြီးဝင်သွားခဲ့ပြီးနောက် သူတို့၏အမူအယာများမှာ ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့သည်။
ချီကျိုးချန် နှာခေါင်းရှူံ့လိုက်ပြီး " အဲ့ဝမ်မိသားစုကပိုပိုပြီးမောက်မာလာတာပဲ အခု သူတို့မေးတွေကို ကောင်းကင်ပေါ်တက်တော့မလိုကို မော့ထားကြတာ…"
ချီယန်တည်ငြိမ်စွာပြောလိုက်လေသည် " သူတို့ရဲ့အခြေအနေကိုကြည့်လေ ဝမ်မိသားစုကအနှေးအမြန်ပြီးသွားတေ့ာမယ်ဆိုတာကို ငါတို့သိထားပြီးသားပဲကို…ဝမ်ယွီကဘာမှမလုပ်ခဲ့ရင်တောင်မှ သူတို့သေတွင်းကိုသူတို့တူးလိမ့်မယ်..."
ချမ်းသာနေမှုသည် ရုတ်သိမ်းခံရပေမည်။ ဝမ်ယွီသည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ ပြုလုပ်သည့်အချိန်၌ အလွန်တော်သည့်ပုံပင်၊ ပထမဆုံးအနေဖြင့် သူသည် သူတို့အားအပေါ်သို့ပင့်တင်ထားပြီး ထို့နောက်တွင် ရုတ်တရက်ဆိုသလို အကြင်နာကင်းမဲ့စွာချေမွပစ်လေမည်ဖြစ်သည်။ ထိုကဲ့သို့သော နာကျင်မှုမျိုးသည် ဝမ်မိသားစုအား ပို၍ ပို၍နှိပ်စက်သလိုဖြစ်နေပေမည်။
တင်းရိကျွင်းသက်ပြင်းချလိုက်ပြီး " တကယ်လို့ ဝမ်မိသားစုသာ ဒီတခေါက်ပြုတ်မကျခဲ့ရင် ကျွန်မတို့…"
" ငါက သူတို့ရဲ့အဆုံးသတ်ကို ပိုပြီးတော့တောင် သေချာမြင်နေသေးတယ် သူတို့ပြုတ်ကျလိမ့်မယ်…"
ချီယန်သူ၏ခေါင်းအားခါရမ်းလိုက်ပြီး တစ်ခါတရံတွင် သူရုတ်တရက်ကျော်ကြားမှုနှင့်ကံကြမ္မာကောင်းများဆီမှ အနားယူကာ အရာဝတ္ထုများအားပို၍ကွဲပြားအောင်ကြည့်ချင်မိသည်။
ချီကျိုးချန်ခေါင်းငြိမ့်ကာ ထပ်ပြောလာခဲ့သည်
" အဖေ ဒီညဆေးရုံမှာနေဦးမှာလား….နောက်ဆက်တွဲတွေကိုကျွန်တော်နဲ့ချန်ထားလို့ရပါတယ် တကယ်လို့အဖေပေါ်လာပြီး ပူးပေါင်းမှုကနေနှုတ်ထွက်လိုက်ရင် ဝမ်မိသားစုကသံသယဝင်သွားလိမ့်မယ်…"
ချီယန်ခဏတာမျှ တုန့်ဆိုင်းပြီး တွေးလျက် ပြောလာလေသည်။
" ဒါပေမယ့် ဒီကိစ္စမှာ ချီမိသားစုရဲ့စတော့ရှယ်ယာတွေကတော့ ပြုတ်ကျသွားလိမ့်မယ် ပြီးတော့ မင်းအတွက်နာမည်ဆိုးကျန်သွားမှာ…"
ချီကျိုးချန်ခါးသီးစွာ ပြုံးလိုက်ကာ " ပူးပေါင်းမှုကို ရပ်စဲနိုင်ထားသ၍ ချီမိသားစုရဲ့စတော့တွေက မကျပဲဘယ်နေလိမ့်မလဲ… ဒါပေမယ့် ကျွန်တော်တို့ ကြိုမပြင်ခဲ့လို့လား… ကျွန်တော်တို့အိမ်ကိုတောင် ပေါင်နှံဖို့အဆင်သင့်ပြင်ထားတာလေ… ကျွန်တော်တို့နာမည်တွေဘာဖြစ်ဖြစ် ချီမိသားစုက ဒီအခက်အခဲကိုကျော်ဖြတ်ပြီး ပြန်လာနိုင်သရွေ့ အဲ့ဒါတွေက အရေးမပါပါဘူး… ကျွန်တော့်မှာ ကုမ္ပဏီကိုမလာခင် အချိန်နှစ်အနည်းငယ်ကျန်ပါသေးတယ်…လူတွေကမေ့လွယ်ပါတယ်… ဝမ်မိသားစုကျဆုံးသွားတဲ့အခါကျရင် လူတွေက ကျွန်တော်တို့ကိုကြည့်လာလိမ့်မယ် "
ထိုအရာကားကြားပြီးသည့်နောက် တင်းရိကျွင်းအနည်းငယ်စိတ်မသက်မသာခံစားလာရသောကြောင့် သူမနူးညံ့စွာပြောလာလေသည်။
" မင်းတို့ပြောသလို ဝမ်ယွီကအရမ်းအင်အားကြီးတယ်ဆိုရင် မင်းတို့သူ့ကိုကူညီပေးဖို့ ပြောလိုက်လို့မရဘူးလား… သူနဲ့ကျန်းကျန်းက…"
ချီယန် မည်သည့်အရာမှမပြောနိုင်ခင် ချီကျိုးချန်သူမအား နှောင့်ယှက်လိုက်တော့သည်။
" အမေ ဝမ်ယွီကကျွန်တော်တို့ကိုလိုက်နေတာမဟုတ်ဘူး… အဲ့တော့ သူ့ချိတ်ဆီကနေ ကျွန်တော်တို့ကိုရှောင်ခွင့်ပေးလိမ့်မယ်…ချီကျန်းကျန်းကလဲ အခုထိအိမ်ကိုပြန်လာသေးတာလဲမဟုတ်ဘူး… ကျွန်တော်တို့က သူမကိုခွင့်လွတ်ပေးဖို့တောင် မပြောရသေးတာ ဘယ်လိုလုပ်ပြီး ဝမ်ယွီကိုကူညီခိုင်းလို့ရမှာလဲ…သူ့ဘက်ကဆန္ဒရှိတယ်ဆိုရင်တောင် ကျွန်တော်တို့အဲ့လိုလုပ်လို့မရဘူး…"
ဖြစ်နိုင်သည်မှာ သူသည် သူ့အမေ သူမ၏ခေါင်းကို နှိမ့်ချကာ ချီကျန်းကျန်းနှင့်ဝမ်ယွီတို့အား သွားရှာမည်အား စိုးရိမ်နေခြင်းပင်ဖြစ်သည်။ ချီကျိုးချန်စကားဆက်လာလေသည်။
" ကျွန်တော်တို့အမှားတွေအများကြီးလုပ်ခဲ့ပြီးပြီ အစ်မကိုလဲ အများကြီးမှားယွင်းခဲ့ကြတယ်… ကျွန်တော်ထပ်ပြီးအမှားတွေမလုပ်ချင်တော့ဘူး… ချီမိသားစုအတူတူရှိနိုင်သေးသရွေ့ အဲ့ဒါကအမြဲတမ်းပြန်ကောင်းလာနိုင်ပါသေးတယ် အခုအခြေအနေထပ် ပိုကောင်းလာနိုင်မှာပါ…"
တင်းရိကျွင်းသက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိတော့သည်။ တကယ်တမ်းမှာတော့ သူမ၏သမီးအား သူမအလွန်လွမ်းဆွတ်မိလေ၏။ သို့သော်လည်း သူမအားသွားတွေ့နိုင်သည့် မျက်နှာကား ရှိမနေချေ။
ချီယန်သည်လည်း ခက်ခဲနေသော အပြုံးတစ်ခုညှစ်ထုတ်လိုက်ကာ ပြောလာလေသည်။
" ကျိုးချန် မင်းတကယ်အရွယ်ရောက်လာပြီပဲ…"
လူတစ်ယောက်၏ဘဝတွင် အတက်အကျများအား မကြုံဖူးသည့်သူ မည်သူရှိမည်နည်း…
ချီယန်ကိုယ်တိုင်သည်ပင် မရေတွက်နိုင်သော သန်မာသည့်လေပြင်းများနှင့် လှိုင်းလုံးကြီးများအား ကြုံခဲ့ဖူး၏။ စီးပွားပျက်ကပ်ကာလတွင် မည်မျှများပြားသည့် မိသားစုကြီးများ ပြိုပျက်ခဲ့ကြသည်နည်း…
ချီကျိုးချန်၏ရင့်ကျက်လာမှုအား မြင်ရပြီးသည့်အချိန်တွင် သူ၏ဆုံးရှုံးမှုမှာ အလကားမဖြစ်သွားဟု ခံစားလာမိတော့သည်။ အနာဂတ်ချီမိသားစု၏ခေါင်းဆောင်ဖြစ်သူ သူ၏သားသည် ပြည့်ပြည့်ဝဝအရွယ်ရောက်ကာ အသိဉာဏ်ကြွယ်ဝလာခဲ့သည်။
ချီယန်၏ကိုယ်ပိုင်အောင်မြင်မှုသည် ဆက်လက်လျှောက်လှမ်းနိုင်သော အောင်မြင်မှုဟူ၍ သတ်မှတ်၍မရချေ။ ထိုအရာသည် အနာဂတ်မျိုးဆက်သစ်၏ အောင်မြင်မှုများလိုအပ်နေလေ၏။
၎င်းက ချီကျန်းကျန်းနှင့် ဝမ်ရိရန်တို့၏ စေ့စပ်မှုဖျက်သိမ်းခဲ့ရသော်လည်း အန်းချင်ယုအား သူဆက်လက်ကောင်းမွန်စွာ ဆက်ဆံပေးနေခြင်း၏အကြောင်းပြချက်ဖြစ်သည်။
သူက ချီကျိုးချန်အား အလွန်ငယ်ရွယ်ကာ ပညာမပြည့်ဝသေးဟု ထင်ခဲ့သည့်အတွက်ကြောင့် အနာဂတ်တွင် ဝမ်ရိရန်ထံမှ အကူအညီများရယူရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင်မူ ချီကျိုးချန်သည် သူ၏ကိုယ်ပိုင်အင်အားဖြင့်ရင့်ကျက်လာခဲ့ပြီ။၎င်းက အရာအားလုံးထက်ပို၍ အရေးအကြီးဆုံးပင်ဖြစ်၏…
ချီမိသားစုနှင့် ဝမ်မိသားစုတို့ အရေးမပါသောကိစ္စများလုပ်နေကြသည့်အချိန်တွင် ချီကျန်းကျန်းမှာမူ အရေးစိုက်၍မနေခဲ့ပေ။ သူမ၏ခေါင်းအားငုံ့အား မုန့်ကိုစားနေခဲ့ပြီး ဝမ်ယွီအား မကြည့်ပဲနေနေလေသည်။
ဝမ်ယွီချောင်းဟန့်လိုက်ကာ အနည်းငယ်ရှက်နေသည့်အသံဖြင့် တောင်းပန်လာခဲ့သည် " ကိုယ်မှားသွားပါတယ်…"
ချီကျန်းကျန်းကြားလိုက်သည့်အချိန်တွင် သူမဝမ်ယွီအားရန်လိုနေသည့် အကြည့်တစ်ချက်ပေးလိုက်မိတော့သည်။ သူမ၏ပုံစံမှာ ရန်လိုနေပြီး ချစ်ဖို့ကောင်းနေခဲ့သည်။
သူမှားသွားသည်မှာ မှန်နေသော်လည်း ပြင်မည်တော့မဟုတ်ပေ…
" ကျန်းကျန်း…. ကိုယ်တကယ်မှားသွားပါတယ်ဆို " ဝမ်ယွီထပ်မံတောင်းပန်လာခဲ့သည်။
ချီကျန်းကျန်း : " အဲ့ဒါဆိုလဲ အခန်းခွဲအိပ်ကြတာပေါ့…"
ဝမ်ယွီ၏မျက်ခုံးများအား ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်ပြီး သူမအားကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးထဲ၌ အံ့ဩစရာကောင်းသော စိတ်ဆိုးနေမှုအားမြင်လိုက်ရတော့သည်။ သူမသည် သူ့အားဒေါသနှင့်မကျေမနပ်ဖြစ်စေမည့် အရာတစ်ခုခုပြုလုပ်မိခဲ့သကဲ့သို့ပင်ဖြစ်နေလေသည်။
" တခြားအခန်းမှာ မအိပ်ပါနဲ့…ကိုယ်ဒီညတကယ်ဘာမှမလုပ်တော့ဘူး…"
အခန်းခွဲအိပ်ခြင်းနှင့် ရိုးသားစွာအိပ်ခြင်းတို့တွင်သူသည် သေချာပေါက်ကို ဒုတိယတစ်ခုကိုသာရွေးချယ်မည်ဖြစ်သည်။
ချီကျန်းကျန်း : " အဲ့ဒါကပိုသဘောကျဖို့ကောင်းသေးတယ်…"
ရုတ်တရက်ဆိုသလို သူမပျော်ရွှင်သွားကာ ဝမ်ယွီကိုကြည့်နေသည်အား မရပ်နိုင်ခဲ့ပေ။
သို့သော် ဝမ်ယွီမှာမူ အလွန်မပျော်မရွှင်ဖြစ်သွားရလေသည်။ ထိုမပျော်ရွှင်မှူသည် ချီကျန်းကျန်းကိုယ်တိုင်ကြောင့် မဟုတ်သော်လည်း သူ၏ခံစားချက်များမှာသိသိသာသာကျဆင်းလာခဲ့ပြီး မကျေမနပ်ဖြစ်နေမှုများအား အချိန်နှင့်အမျှထုတ်ပြလာခဲ့လေသည်။
ချီကျန်းကျန်း : "....."
သူမ ဝမ်ယွီ၏ထိုကဲ့သို့အမူအယာအား မည်ကဲ့သို့သည်းခံနိုင်ပါမည်နည်း…
ထို့ကြောင့် သူမချောင်းဟန့်လိုက်ကာ " အဟမ်းး…အဲ့ဒါဆိုလဲ မနက်ဖြန်ကျ ကျွန်မတို့ဒိတ်လုပ်ရင်ကော ဘယ်လိုလဲ… အပြင်အတူမသွားဖြစ်တာလဲ နည်းနည်းကြာနေပြီလေ "
သူတို့နှစ်ဦးကြားရှိဆက်ဆံမှုများ အနောက်မှပြန်စနေရပြီး ယခုအချိန်တွင် တည်ငြိမ်လာကြသော်လည်း သူတို့ချိန်းတွေ့ခြင်းများအား မလုပ်ခဲ့ကြပေ။
ဝမ်ယွီမျက်တောင်ခတ်လိုက်ပြီး သူ၏မျက်လုံးများ အနည်းငယ်တောက်ပသွားလေ၏။
သူသည်တစ်ခါမျှ ဒိတ်မလုပ်ခဲ့ဖူးချေ။ သို့သော် သူသည် ချီကျန်းကျန်းနှင့် အတူရှိနိုင်နေသ၍ သူတို့ဘာလုပ်လုပ် သူပျော်ရွှင်နေမည်ဖြစ်သည်။
" အဲ့ဒါဆို ကိုယ် မနက်ဖြန်အလုပ်မသွားတော့ဘူး…" ဝမ်ယွီပြောလာခဲ့သည်။
ချီကျန်းကျန်းမှာ ချက်ချင်းဆိုသလို ခါးမတ်မတ်ထိုင်လိုက်ကာ " မဟုတ်ဘူးလေ ရှင်အလုပ်ကိုအရင်သွားပြီး သေချာလုပ်ရမှာပေါ့… ဒီရက်ပိုင်းရာသီဥတုက ပူနေပြီ…ဒိတ်တွေက ပုံမှန်ဆိုလည်း နေ့လည်ခင်းဒါမှမဟုတ် ညနေစောင်းအချိန်မှာ လုပ်ကြတာပဲဟာ… အဲ့ဒါကြောင့် မနက်ဖြန်နေ့ခင်း ရှင်အလုပ်ဆင်းရင် ဒိတ်လုပ်ကြတာပေါ့…"
နေ့လည်ခင်းမှာချိန်းတွေ့တယ်ဆိုတာက ဘာအဓိပ္ပါယ်ဖြစ်နိုင်မှာလဲ…
ထို့အတူ သူမသည်လည်း ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။
သဘာဝကျစွာပင် ဝမ်ယွီသည် ချီကျန်းကျန်းပြောသမျှအား မငြင်းဆန်ခဲ့ပဲ ခေါင်းကိုငြိမ့်ကာ သဘောတူခဲ့လေသည်…
xxxxxxx