Chapter 25+26
Viewers 2k

👨‍❤️‍👨Chapter 25

– အနီရင့်ကလည်း အနီရောင်ပါပဲ



“ နွေဦးဆောင်းဦးခန်းမက သောက်ကျေးဇူးကန်းတဲ့သူတွေပဲ...." သူက အခြားသူများ၏ မျက်လုံးထဲ စိုက်ကြည့်လိုက်ရင်း မေးခွန်းထုတ်လာသည် 


" သူများတွေ ငါတို့နေရာကို အခွင့်ကောင်းယူသွားတာကို ကြည့်နေရုံပဲ တတ်နိုင်ကြတာလား...."


အချို့လူများက မထူးခြားသလို ပုခုံးတွန့်ပြလာကြပြီး အချို့က မနေနိုင်၍ မေးလာကြတော့သည် " ငါတို့က ဘာတတ်နိုင်မှာမို့လို့လဲ....တကယ်လည်း ငါတို့က ဘာမှအသုံးမကျတဲ့သူတွေပဲလေ....မင်း အလုပ်သမားရေးရာဌာနကို သွားပြီး တိုင်မှာတော့ မဟုတ်ဘူးမို့လား...."  


ယွမ်ဖန် "......" ပွင့်ပွင့်လင်းလင်းပြောရလျှင် နွေဦးဆောင်းဦးခန်းမက ယခုကိစ္စတွင် ဘာမှမလွန်မှန်း ရင်ထဲအသည်းထဲကနေ သူလည်း သိပါသည်။


လက်ရှိနွေဦးဆောင်းဦးခန်းမက အရည်အချင်းရှိသည့်သူများကို လိုအပ်ပြီး သူကလည်း ထိုအချက်များနှင့် မကိုက်ညီ၍ အထုတ်ခံရသည်က သဘာဝပင်။


“ ဘာအလုပ်သမားရေးရာဌာနလဲ....အလုပ်ရှုပ်ဦးမယ့် ကိစ္စတွေ..." ယွမ်ဖန်က လှည့်ထွက်သွားပြီး ဝေးဝေးရောက်မှ နှာမှုတ်လိုက်သည် " သွမ့်ရှူးထုံက ငါ့ကို ခက်ခဲအောင် လုပ်ခဲ့တာပဲလေ....ငါ ဘာလို့ သွားမတိုင်ရမှာလဲ...."


သူ့စိတ်ထဲ အကြံတစ်ခု ပေါ်လာသော်လည်း ထပ်ပြောနေရန်က မကောင်းတော့ပေ။


ထုတ်ကုန်သစ် စတင်မထုတ်မီ တစ်ရက်အလိုတွင် လူကြိုက်များသည့် skincareဖိုရမ်တစ်ခုတွင် ဖိုရမ်အဖွဲ့ဝင်များကြား မကျေမနပ်ဖြစ်စေမည့် ပို့စ်တစ်ခုတက်လာသည်။


ထိုပို့စ်က " အသိစိတ်ဝင်လာတဲ့သူ" ဆိုသည့် နာမည်အောက်တွင် တင်ထားခြင်းဖြစ်သည်။


ပိုစ့်ခေါင်းစဥ်က တည့်တိုးဆန်ပြီး ရှော့ရစရာပင်။ ရွှံ့အတုတွေ....နွေဦးဆောင်းဦးခန်းမရဲ့ ထုတ်ကုန်သစ်က ရလဒ်မြန်မြန်ထွက်တယ်....ဘာလို့လဲဆိုတော့ ငယ်ရွယ်နုပျိုမှုတွေကို လောင်ကျွမ်းသွားစေလို့ပဲ....


ရှန်းချွမ်ကောင်တီ၏ အပြင်ဘက်တွင် နေသည့်သူများအတွက် နွေဦးဆောင်းဦးခန်းမက နာမည်မရှိသည့် ကုမ္ပဏီလေးပင်။


ရှန်းချွမ်ကောင်တီ၏ အတွင်းတွင် နေထိုင်သည့် ဒေသခံများအဖို့ နွေဦးဆောင်းဦးခန်းမက နာမည်ဆိုး ရှိပြီးသား ကုမ္ပဏီတစ်ခုသာ။


အပြင်လူများက " နွေဦးဆောင်းဦးခန်းမက ဘာလဲ" သိချင်စိတ်ကြောင့် သံသယများနှင့် ပိုစ့်ကို ဝင်နှိပ်ကြည့်ကြသည်။ ဒေသခံများကလည်း ပေါက်ပေါက်ဝါးရင်း ပိုစ့်ကို ဝင်နှိပ်ကြည့်လိုက်ရာ " ရလဒ်မြန်မြန်ထွက်တယ်" ဆိုသည့်နေရာအရောက် အံ့သြသွားကြသည်။ 


နွေဦးဆောင်းဦးခန်းမက ဝန်ထမ်းတစ်ယောက်က ဤပို့စ်ကို မြင်သွားသည့်အချိန် အရမ်းနောက်ကျသွားပြီဖြစ်သည်။


ပိုစ့်ထဲက လူများက နွေဦးဆောင်းဦးခန်းမကို ဒေါသတကြီး တော်လှန်နေကြပြီဖြစ်သည်။ အချို့က နွေဦးဆောင်းဦးခန်းမ၏ အပေါက်ဝဆီလာပြီး ကန့်ကွက်ဖို့ပင် ဆွေးနွေးနေကြသည်။


ပို့စ်ထဲက ရန်စနေသည့် အကြောင်းအရာများကို တွေ့သွားသည့် ဝန်ထမ်းက တုန်ယင်သွားရသည်။


သူက ဌာနခေါင်းဆောင်ကို အမြန်သတင်းပို့လိုက်ပြီး ဌာနခေါင်းဆောင်မှတစ်ဆင့် ကျိုင်ကျွင့်ဆီ သတင်းရောက်သွားသည်။


ကျိုင်ကျွင့်က အရူးမဟုတ်ပေ။ သူက ပို့စ်ထဲက အကြောင်းအရာများကို ဖတ်ကြည့်ပြီးနောက် ပို့စ်ပိုင်ရှင်က ဖိုရမ်အဖွဲ့ဝင်များကို သိမ်းသွင်းနိုင်သည်အထိ နွေဦးဆောင်းဦးခန်းမအကြောင်းကို ကောင်းကောင်းသိနေမှန်း သဘောပေါက်သွားရသည်။


ထိုလူက ကုမ္ပဏီ၏ အတွင်းလူ ဖြစ်ဖို့များသည်။


အသိစိတ်ဝင်တဲ့သူ : ငါ တကယ်ပဲ လူတွေကို အန္တရာယ်မပေးချင်ပါဘူး....ဒါပေမယ့် ဌာနရဲ့ ခေါင်းဆောင်အသစ်က နောက်ခံတောင့်တယ်လေ....ဒါကြောင့် ငါက ဒေါသထွက်ရုံပဲ လုပ်ပေးနိုင်တာ....ဘာမှ ထုတ်မပြောရဲဘူး....


အင်တာနက်သုံးစွဲသူ ၁: မူရင်းပို့စ်ပိုင်ရှင်ရေ...လာပါ....ဖက်ထားပေးမယ်....ဘယ်လိုတောင် အသိတရားမရှိ ရက်စက်တဲ့ ကုမ္ပဏီလဲ....မင်းထွက်လာတာ မှန်တယ်....အရဲစွန့်ပြီး ငါတို့ကို ပြောပြပေးလို့ ကျေးဇူးပါ....သေချာပေါက် နွေဦးဆောင်းဦးခန်းမကို ဆန့်ကျင်ကြမယ်....


အင်တာနက်သုံးစွဲသူ ၂ : နွေဦးဆောင်းဦးခန်းမဆိုတာကို တစ်ခါမှ မကြားဖူးဘူး....ဒါက ပရိုမိုးရှင်းဆင်းတဲ့ နည်းဗျူဟာ တစ်ခု မဟုတ်ဘူးလား....


အင်တာနက်သုံးစွဲသူ ၃ : နွေဦးဆောင်းဦးခန်းမက ပြည်တွင်းကုမ္ပဏီတစ်ခုပါ....အဲ့ဒါက တစ်ဝက်သေနေပြီးသား ဘရန်းပဲ....လတ်တလော သူတို့ လူထုဘက်ကို ကြော်ညာလာဖို့ရှိတယ်....အဲ့ဒါကို သုံးဖူးတဲ့ ဝီချတ်ကလူတွေ ပြောတာ ရလဒ်က အံ့သြစရာကောင်းအောင် လှတာတဲ့....အကျိုးဆက်က အရမ်းကြောက်စရာကောင်းမယ်လို့ ထင်မထားခဲ့ဘူး....ကံကောင်းလို့ မူရင်းပို့စ်တင်သူ စိတ်ကောင်းရှိလို့သာ .... 


အသိစိတ်ဝင်လာတဲ့သူ : အမျိုးသမီးငယ်လေးတွေ ရုပ်ဆိုးပန်းဆိုးဖြစ်သွားမှာကို ထိုင်မကြည့်နိုင်ကြဘူးမို့လား....ထုတ်ကုန်သစ်က အတုကြီးပဲ....မင်းတို့ မဝယ်ရဘူးနော်....


ကျိုင်ကျွင့် : ....


သူက ကောင်းဖန်ကို မေးလိုက်သည် " ဒါရိုက်တာသွမ့်ရော ဒီကိစ္စအကြောင်း သိလား...."


ကောင်းဖန်က ပြန်ဖြေရန်ပြင်လိုက်စဥ် သူက ချက်ချင်း ထရပ်ပြီး ပြောလာသည် " ကိစ္စမရှိဘူး....ငါကိုယ်တိုင် သွားရှာလိုက်မယ်..." ထို့နောက် သူက လက်နောက်ပစ်ပြီး သုတေသနဌာနသို့ စိတ်အေးလက်အေးမျက်နှာနှင့် လျှောက်သွားလေသည်။


ကောင်းဖန် : ဘာလို့ မန်နေဂျာကျိုင်က အရမ်းပျော်နေသလို ခံစားနေရတာပါလိမ့်....သူမများ မှားတွေးမိတာလား....


ကျိုင်ကျွင့်က တကယ် ပျော်နေခြင်းပင်။ မတိုင်မီရက်က သွမ့်ရှူးထုံမှာ ထိုကိစ္စဖြစ်လာနိုင်သည့်အကြောင်း ကြိုပြောထားခဲ့သည်။


သုတေသနဌာနကနေ လူတွေအများကြီး ရုတ်တရက် အထုတ်ခံလိုက်ရတာ....ဘယ်လိုလုပ် အဲ့ဒီလူတွေ အပြစ်မတင်လာပဲနေမှာလဲ....သူတို့သာ မကျေနပ်ကြောင်း ပြချင်တယ်ဆိုရင် သေချာပေါက် ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်ကို ရမယ်ရှာလာကြမှာပဲလေ...


သူက ထိုအချိန်က သွမ့်ရှူးထုံ ပြောခဲ့သည့်စကားကို မှတ်မိပါသေးသည် " အနီရင့်ကလည်း အနီရောင်ပါပဲ...."တဲ့။


နွေဦးဆောင်းဦးခန်းမက တိတ်ဆိတ်ပြီး ငြိမ်သက်နေ၍ နည်းနည်းလေးမှ အာရုံစိုက်မခံရပေ။ သူတို့သာ လူထုအာရုံကို ရခဲ့လျှင် ကြော်ငြာပေးဖို့ တမင်လုပ်စရာမလိုတော့ပေ။


တစ်ယောက်ယောက်က ဒီနေရာကို ကူညီပေးချင်နေမှတော့ နွေဦးဆောင်းဦးခန်းမကလည်း ကြိုဆိုလျက်ပေါ့။ ဘာပဲဖြစ်ဖြစ် ရွှေအစစ်က မီးကို မကြောက်ပါဘူး။ ထုတ်ကုန်အသစ်ရဲ့ ထိရောက်မှုအစွမ်းတွေကတော့ အချိန်ကြာလာတာနဲ့အမျှ အမှန်တရားကို မြင်လာကြမှာပါ။


စစချင်းတွင် ကျိုင်ကျွင့်က တော်တော်လေး စိုးရိမ်သွားခဲ့သော်လည်း သွမ့်ရှူးထုံက ထိုသို့ပြောခဲ့၍ ထွက်လာမည့် မကောင်းသတင်းများကို ကြိုတင်မှန်းဆထားခဲ့သည်။


ဤမြို့သူမြို့သားများက ဂိမ်းဘယ်လို ကစားရမှန်း သိနေသည့်အချက်ကိုတော့ သူဝန်ခံရလိမ့်မည်။ သူတို့ခေါင်းထဲမှာ အကြံတွေ တော်တော်များများ ရှိနေကြတာပဲ။


သူက သွမ့်ရှူးထုံကို ရှာတွေ့သွားသည့်အချိန်တွင် လူငယ်လေးက စမ်းသပ်စားပွဲကို မှီရပ်နေပြီး မှတ်တမ်းများကို ကြည့်နေရင်း ကျိုးလင်က ခါးကုန်း၍ ပစ္စည်းများကို အလိုက်တသိ ရှင်းလင်းပေးနေသည်။ 


သူက ကျိုင်ကျွင့်လာသည်ကို မြင်သောအခါ သွမ့်ရှူးထုံက ဖြောင့်ဖြောင့်ရပ်လိုက်ရင်း ပြောလာသည် " ကိစ္စတစ်ခုခု ရှိလို့လား....မန်နေဂျာကျိုင်...."


ကျိုင်ကျွင့်က ပြုံးပြလိုက်သည် " တစ်ယောက်ယောက်ကတော့ အွန်လိုင်းမှာ ကျွန်တော်တို့ကို ပေါက်ကွဲအောင် ပြောနေပြီလေ...." 


“ အဲ့ဒါ ကောင်းတယ် မဟုတ်ဘူးလား..." သွမ့်ရှူးထုံက ထိုဟာသလေးများကို အာရုံထားမနေချေ။ 


" ထုတ်ကုန်သစ်က ဒီနေ့ စျေးကွက်ထဲကို ရောက်တော့မှာ....ရောင်းပန်းကတော့ လှမယ့်ပုံမရှိနိုင်ဘူး...."


ကျိုင်ကျွင့်က ခေါင်းညိမ့်ပြလာသည်။ သူက ဤအကြောင်းကို နားလည်သည်။


နွေဦးဆောင်းဦးခန်းမ၏ နာမည်နှင့် ထိုပို့စ်ကိစ္စကြောင့် ကုမ္ပဏီ၏ ထုတ်ကုန်သစ်က အချိန်တိုအတွင်း ရောင်းကောင်းလိမ့်မည် မဟုတ်ပေ။


သူက မေးလိုက်သည် " အဲ့ဒီပို့စ်ကို ဒီအတိုင်းထားလိုက်တော့မှာလား...."  


သွမ့်ရှူးထုံက မှတ်တမ်းစာအုပ်ကို ချထားလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလာသည် " အနက်ပိုင်းထိ တော်တော်လေး မည်းနက်သွားလည်း သေချာပေါက် အနီပဲ ရှိနေဦးမှာလေ....အခုခေတ်မှာ တန်ပြန်တိုက်တဲ့ ဇာတ်ကွက်တွေက ခေတ်စားနေတာ.....တွေဝေမိန်းမောသွားအောင်ထိ စောင့်လိုက်ကြတာပေါ့...."


သူက ထိုကိစ္စကို မျှော်မှန်းထားပြီး ဖြစ်သော်လည်း တစ်ဖက်လူက ပို့စ်တင်မှာကို သူ့ဘက်က တားလို့မရနိုင်ပေ။ ကုမ္ပဏီကိစ္စ အခြေအနေငြိမ်သွားရန်အတွက် ထိုသူ့ကို ဒီအတိုင်း သွားဖျောင်းဖျရုံနှင့် မရနိုင်ပေ။ ဒေါသတကြီး တုံ့ပြန်မည့်အစား အခြေအနေငြိမ်ပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်လိုက်သည်က ပိုကောင်းလေသည်။


ထို့ပြင် သူ့ယခင်ဘဝတွင်လည်း သူ့ထုတ်ကုန်ကို ဝယ်ဖို့အတွက် ငွေပုံအောပေးလာသည့်သူများ ရှိခဲ့၍ ယခုကမ္ဘာတွင် သေချာပေါက် သူမရှုံးနိုင်ပေ။


သွမ့်ရှူးထုံ၏ အပိုင်တွက်ထားသည့် လေသံကြောင့် ကျိုင်ကျွင့်မှာ စိတ်အေးသွားရသည်။ ကျိုင်ကျွင့်က ဆက်ပြောရန်ပြင်လိုက်စဥ် ကြော်ငြာဌာနက အမှုဆောင်ဒါရိုက်တာက စိုးရိမ်နေသည့် မျက်နှာထားနှင့် အပြေးအလွှား ရောက်လာသည်။ 


" မန်နေဂျာ....ပြဿနာတက်နေပြီ....ဘလော့ဂါတစ်ယောက်က အဲ့ဒီပို့စ်ကို ပြန်တင်ထားတာ...ကျွန်တော်တို့တော့ ရစရာမရှိအောင် နာမည်ပျက်တော့မယ်..."  


ကျိုင်ကျွင့်က သွမ့်ရှူးထုံကို ဆတ်ခနဲကြည့်လိုက်မိသည်။


သွမ့်ရှူးထုံက လှလှလေး ပြုံးနေနိုင်သေးသည် " ဒါ ကောင်းတာပဲ....ကျွန်တော်တို့ ကုမ္ပဏီမှာ တရားဝင် ဘလော့ရှိတယ်မို့လား....ပြန်ဖြေလိုက်ကြတာပေါ့.."


ကြော်ငြာဌာနက အမှုဆောင်ဒါရိုက်တာ : ဘာကြီး???



👨‍❤️‍👨



👨‍❤️‍👨Chapter 26

 â€“ စျေးကွက် တုံ့ပြန်မှု 



ဖုန်ရန်က ဝေ့ပေါ်တွင် အရမ်းနာမည်ကြီးသည့် အလှအပရေးရာ ဘလော့ဂါ တစ်ယောက် ဖြစ်သည်။ သူမတွင် ဖန်ပေါင်း သန်းနှင့်ချီ ရှိလေသည်။သူမ၏ ဝေ့ပေါ်အကောင့်တစ်ခုတည်းနှင့်တင် အထင်သေးလို့မရသည့် အရာဖြစ်သည်။


သူမက အသားအရေထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကိုသာ ပုံမှန်အာရုံထားသည့်သူ ဖြစ်သည်။ ပို့စ်ပိုင်ရှင်၏ ပြောဆိုပုံကို လူတော်တော်များများက လက်ခံယုံကြည်ထား၍ သူမက ထိုလူတင်ထားသည့် ပိုစ့်ကို မြင်သွားခဲ့သည်။ သူမကလည်း ယခင်က နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်များကို သုံးခဲ့ဖူး၍ ပို့စ်ပိုင်ရှင်၏ ပြောစကားက ၁၀၀ရာခိုင်နှုန်း မမှန်လျှင်တောင် ၈၀ရာခိုင်နှုန်းလောက်တော့ မှန်နိုင်သည်ဟု ထင်မိသည်။  


နောက်ပိုင်းတွင်လည်း ဘာတိုးတက်မှုမှ မတွေ့ရ၍ ဖုန်ရန်က သူမ၏ အခြေအနေကို ပြောပြရန် ဝေ့ပေါ်တွင် ဝဘ်ဆိုက်တစ်ခု၏လင့်ကို တင်ပေးလာသည်။


 " ကျွန်မ သူတို့ထုတ်ကုန်တွေကို အရင်က သုံးခဲ့ဖူးတယ်....ရလဒ်ကြီးကြီးမားမား ထွက်လာတာမျိုး မရှိခဲ့ပါဘူး...."


ဖန်များက သတင်းဖတ်ရန်အတွက် ထိုဝဘ်ဆိုက်ကို သွားကြည့်ကြသည်။ ဖတ်ကြည့်ကြပြီးနောက် အောက်တွင် မှတ်ချက်ရေးလာကြသည်။ မှတ်ချက်အများစုက နှလုံးသားမဖြူစင်သော စီးပွားရေးသမားများဆီ တိုက်ခိုက်သည့် စာများပင်။ မှတ်ချက်များကို တွေ့သွားကြသည့် ဖြတ်သွားဖြတ်လာအချို့ပင် နွေဦးဆောင်းဦးခန်းမအပေါ် ထင်မြင်ချက်မကောင်းတော့ပေ။


skincareဘလော့ဂါက ဖုန်ရန်တစ်ယောက်တည်း မဟုတ်ပေ။ သူမက ခေါင်းစဥ်ကို နှိုးဆော်ပေးလိုက်၍ အခြားသောဘလော့ဂါများပင် သူတို့ ထင်မြင်ချက်ကို ပြလာကြတော့သည်။  


သူတို့ထဲက အများစုက နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်အသစ်ပရိုမိုးရှင်းက လာဘ်စားထားသည့်ငွေနှင့် ပြည့်နေသည်ဟု တွေးမိကြသည်။


ထိုလူများက skincareဘက်တွင် အထူးကျွမ်းကျင်ကြပြီး စျေးကွက်ထဲက ထုတ်ကုန်အားလုံးကို လက်တွေ့ကျကျ ပြောနိုင်ကြသည်။ ယခုဆို နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်များက သိပ်မကောင်းကြောင်း ပြတ်ပြတ်သားသား ပြောနေကြ၍ ဖန်များက သံသယနည်းနည်းလေးတောင် မဝင်ကြတော့ပေ။ ထို့ပြင် ဝယ်ယူသုံးစွဲသူများနှင့် စိတ်ပုတ်သည့် စီးပွားရေးသမားများက သဘာဝရန်သူများ ဖြစ်နေကြ၍ ထိုသို့ အပြစ်တင်ပြောဆိုသည့် စကားများကြောင့် နွေဦးဆောင်းဦးခန်းမကို အချိန်တိုအတွင်း အင်တာနက်တွင် နာမည်အကြီးဆုံး အကြောင်းအရာထိ ရောက်သွားစေသည်။  


အွန်လိုင်းရှိ အကြောင်းအရာများက ပိုပိုကြီးမားလာ၍ skincareအကြောင်း စိတ်မဝင်စားသည့်သူများပင် ဝင်ရောက်ဆွေးနွေးလာကြတော့သည်။ သူတို့မှာ ပြောကြဆိုကြရင်း ခေါင်းစဥ်က နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်သစ်ကနေ အန္တရာယ်များသည့် စီးပွားရေးသမားများအထိ ရောက်သွားကြလေသည်။ သူတို့က တိုင်းပြည်နှင့် သာမန်လူတန်းစားများကို ဂရုစိုက်ပေးသော စိတ်သဘောထားရှိသူ တစ်ယောက်လို သရုပ်ဆောင်နေကြသည်။


ဖုန်ရန်က သူမ၏ ဝေ့ပေါ်က ရှာဖွေမှုစာရင်းထိပ်ဆုံးထဲ ရောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ serach barတွင် ခုန်ထွက်လာသည့် စာလုံးများကို မြင်လိုက်သောအခါ သူမက စစချင်း စိတ်လှုပ်ရှားသွားပြီး နောက်မှ စဥ်းစားမိသည်။ တစ်ယောက်ယောက်ကများ အမှီလိုက်ပြီး ဦးဆောင်နေတာများလား။


အဲ့လိုမဖြစ်နိုင်ဘူးလေ။ ဘယ်သူကများ နွေဦးဆောင်းဦးခန်းမလို ဘရန်းသေးသေးလေးကို အာရုံစိုက်နေမှာလဲ။


သူမက အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များထဲ ဝင်ကြည့်လိုက်သည့်အချိန် နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့က နောက်ဆုံး ခြေလှမ်းစလာမှန်း တွေ့လိုက်ရသည်။


သွမ့်ရှူးထုံက ကြော်ငြာဌာနက အမှုဆောင်ဒါရိုက်တာကို ဖုန်ရန်၏ ဝေ့ပေါ်ကို forwardခိုင်းလိုက်ပြီး ပြန်ဖြေခိုင်းလိုက်သည်။


 " ဘာမှရင်းနှီးမြုပ်နှံမထားတဲ့သူက ဘာမှပြောရေးဆိုခွင့် မရှိပါဘူး....ပြီးတော့လည်း ထုတ်ကုန်သစ်က စျေးကွက်ထဲကို ရောက်နေပါပြီ....မင်းတို့ ဝယ်ယူအားပေးဖို့ စောင့်နေပါတယ်...." 


Attachတွဲထားသည်က တရားဝင် ဝယ်ယူနိုင်မည့် လိပ်စာနှင့် အသစ်ထွက်သည့် နွေဦးပန်းနံပါတ်၁ဆိုသော ထုတ်ကုန်၏ ပုံလှလှလေးပင်။


အစိုးရထောက်ခံချက်ရ ဝေဖန်အကဲဖြတ်ရေးကော်မတီ အချို့ကပင် ရီဗျူးတစ်ခု ရေးထားလေသည်။


ရေးထားသည်က- နွေဦးပန်းနံပါတ်၁က လူခန္ဓာကိုယ်အတွက် အန္တရာယ် မရှိပါဘူး...


"နွေဦးပန်း" ဆိုသည့်နာမည်က သာမန်ဆန်လွန်း၍ ရာထူးကြီး အမှုထမ်းများဆီမှ ကန့်ကွက်ခံခဲ့ရသေးသည်။


သွမ့်ရှူးထုံက မှတ်ရလွယ်၍ နာမည်လှဖို့က အရေးမကြီးဟု ထင်မိသည်။ ထို့ပြင် " နွေဦးပန်း" ဆိုသည့် နာမည်က သူ့အတွေးအမြင်နှင့်လည်း ကိုက်ညီနေသည်။


တစ်ယောက်က " နံပါတ်၁" ၏ အဓိပ္ပါယ်ကို မေးလာခဲ့သည်။ သွမ့်ရှူးထုံက သူ့အစီအစဥ်အရ နွေဦးပန်းတွင် စီးရီးများရှိ၍ နံပါတ်၂ နံပါတ်၃ စသည်တို့ ထွက်လာဦးမည်ဟု ပြောပြခဲ့သည်။


လူတိုင်း : ....


ထားပါလေ။ နွေဦးပန်းနံပါတ်၁က သွမ့်ရှူးထုံ လွတ်လွတ်လပ်လပ် လုပ်ထားတာဆိုတော့ သေချာပေါက် သူ့မှာ နာမည်ပေးပိုင်ခွင့် ရှိတာပေါ့။


တရားဝင်ဘလော့မှ ကြေငြာချက် ထုတ်ပြန်လာသောအခါ အင်တာနက်သုံးစွဲသူများကြား တအုံနွေးနွေးဖြစ်သွားခဲ့သည်။ လူပေါင်းများစွာက ကုမ္ပဏီက ဆိုးရွားလွန်းသည်ဟု စွပ်စွဲပြီး တရားဝင်ဘလော့ဆီ မက်ဆေ့ချ်များ သွားပို့ကြသော်လည်း နွေဦးဆောင်းဦခန်းမဘက်က မှန်ကန်သည်ဟု အချို့က တွေးမိကြလေသည်။


ရင်းနှီးမြုပ်နှံထားမှုမရှိပဲ ကိုယ်ပြောချင်ရာပြောသည်က အကျိုးသင့်အကြောင်းသင့် မရှိသလို ထုတ်ကုန်ကလည်း စျေးကွက်ထဲ မရောက်ခင် တင်းတင်းကျပ်ကျပ် စစ်ဆေးထားပြီးသား ဖြစ်သည်။ ဘေးထွက်ဆိုးကျိုး အမှန်တကယ် ရှိနေပါလျှင် မည်သို့များ စျေးကွက်ထဲ ရောက်နိုင်မည်နည်း။


လူအနည်းငယ်က အိပ်မက်လှလှလေးဟု ခေါ်ရလောက်သည့် ပုလင်းပုံစံလေးကြောင့် ဖမ်းစားခံလိုက်ရပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်လာကြသည်။


သူတို့က အွန်လိုင်းစျေးအရောင်းဌာနသို့ ဝင်နှိပ်ကြည့်လိုက်ရာ ဆွံအသွားကုန်ကြသည်။


စျေးနှုန်းက ၆၆၆ယွမ်တဲ့။


[T/N : တရုတ်ဘာသာစကားမှာ ၆၆၆က " လျို့လျို့လျို့" လို့ အသံထွက်တဲ့အတွက် အံ့သြစရာပဲ အမိုက်စားပဲလို့ အဓိပ္ပါယ်ရပါတယ်]


@#$^%&*! ဒါကြီးက အရမ်းနှလုံးသားမဲ့လွန်းသွားပြီ။ သတင်းတွေ ကြားထားတာတော့ အရည်အသွေးက သိပ်မကောင်းဘူးတဲ့။ ဒါပေမယ့် စျေးကလည်း အရမ်းကြီးနေတယ်။ ပုံမှန်ထုတ်ကုန်တစ်စုံတောင်မှ သုံးလေးရာလောက်ပဲ ရှိတာ။ သူတို့က ပုလင်းရောင်းတာလား ထုတ်ကုန်ကို ရောင်းတာလား။


အရူးလုပ်ခံရသလို ဖြစ်သွားကြသည့် အင်တာနက်သုံးစွဲသူများက ဒေါသထွက်ကုန်ကြတော့သည်။  


အခြေအနေကို မြင်သောအခါ ဖုန်ရန်က အင်္ကျီလက်ပင့်ပြီး တိုက်ပွဲဝင်ရတော့သည်။


သူမက သူမ၏ အကဲဖြတ်စွမ်းရည်ကို ဂုဏ်ယူသည့်အပြင် အင်တာနက်သုံးစွဲသူများအတွက် တရားမျှတမှု ရှာပေးရန် ဆုံးဖြတ်လိုက်သည်။ သူမက စကားတစ်ခွန်းမှ ချန်မထားခဲ့ပဲ နွေဦးဆောင်းဦးခန်းမသို့ ထွက်သွားလိုက်သည်။


ထို့ပြင် သူမက ဝေ့ပေါ်တွင်လည်း ပြန်ဖြေထားခဲ့လေသည်။ " ပိုက်ဆံအတွက်နဲ့ ရန်မရှာပါနဲ့....တရားမျှတမှုအတွက် တိုက်ခိုက်ကြပါ....ကျွန်မကိုယ်တိုင်လည်း ပုလင်းတစ်လုံး ဝယ်ပြီး ဒီပစ္စည်းအပေါ် ငွေသုံးလိုက်ဖို့ စီစဥ်ထားပါတယ်....@နွေဦးဆောင်းဦးခန်းမက တကယ် လျို့လျို့လျို့ပါပဲ (အံ့သြစရာပါပဲ) ...."


လှောင်နေ

တယ်ဆိုတာ ဘယ်သူက မသိပဲနေမှာလဲ။


မရေမတွက်နိုင်သော လူပေါင်းများစွာက သြဘာပေးနေကြပြီး နွေဦးဆောင်းဦးခန်းမကို ရိုက်ချပြီး ပြန်လာမည့် ဖုန်ရန်အလာကို ထိုင်စောင့်နေကြလေတော့သည်။




👨‍❤️‍👨