Chapter 31+32
Viewers 2k

👨‍❤️‍👨Chapter 31

 â€“ ရောင်းချမှုနှုန်း တိုးမြင့်လာခြင်း




“ရော့ဝိန်း.....ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ...."


ဖိန်ရော့ဝိန်းက တစ်ချက်မှ မရွေ့ပဲ မထူးခြားသလိုပုံစံနှင့် ပြောလာသည်


 " ရှင့်မှာ စေ့စပ်ထားတဲ့သူ ရှိနေတာပဲလေ....ကျွန်မတို့ကလည်း လမ်းခွဲပြီးသားလူတွေပဲ...."


လိရှောင်းက အပျော်လွန်သွားရသည် " မင်း သဝန်တိုနေတာလား...."


ဖိန်ရော့ဝိန်း "....." ရှင့်အတွေးတွေက အရူးကျနေတာပဲ။


သူမက လိရှောင်းကို ဘယ်လို ဖယ်ထုတ်ရမလဲ စဥ်းစားနေစဥ် ရုတ်တရက် အနောက်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ကြည်လင်ပြတ်သားသည့် အသံတစ်ခုက သူမနားထဲ ဝင်ရောက်လာသည် 


" လိရှောင်း....မင်း ဒီလောက် စိတ်ပျက်စရာကောင်းမယ်လို့ ငါအရင်က မသိခဲ့မိဘူး...."


ဖိန်ရော့ဝိန်းက နောက်လှည့်ကြည့်လိုက်ရာ မျက်လုံးအစုံ မြောက်တက်သွားရသည် 


" သခင်လေးသွမ့်...."


သူမမျက်နှာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၍ လိရှောင်းက ပိုပြီး ဒေါသထွက်လာရသည်။ ယခင်က သွမ်ရှူးထုံကို အမြင်မကြည်ရုံသာ ဖြစ်ခဲ့သော်လည်း ယခုတွင် ပိုမုန်းတီးလာရသည်။


သူ့မျက်လုံးထဲမှာတော့ သွမ့်ရှူးထုံက စိတ်ပျက်စရာ ဗီလိန်ကြီးပဲ။ သွမ့်ရှူးထုံက သူနဲ့ ရော့ဝိန်းကို ခွဲနေတာ။ ရော့ဝိန်းကို ငှက်တွေတောင် ချေးလာမပါတဲ့ ဘာမှန်းမသိတဲ့ ဒီနေရာကြီးဆီ ရောက်လာအောင် ဖျားယောင်းခဲ့တာ။ နောက်တစ်ဆင့်တက်ဖို့ တစ်လှမ်းဆုတ်လိုက်တဲ့ ဒီနည်းလမ်းက တော်တော်ကောင်းတာပဲ။


" မင်း ဒီနေရာကို ဘာလာလုပ်ပြန်ပြီလဲ...." သူက အေးစက်စက် မေးလိုက်သည်။ 


သွမ့်ရှူးထုံက သူ့ကို လုံးဝဂရုမစိုက်ပဲ ဖိန်ရော့ဝိန်းကိုသာ ပြောလိုက်သည်


 " မင်း အရင်က ကိုယ့်ကို အများကြီး ကူညီထားတာ....ကိုယ် ကျေးဇူးတင်ချင်လို့ ထမင်းအတူတူစားဖို့ လာဖိတ်တာပါ...."


ဖိန်ရော့ဝိန်းက သူမ၏ အကူအညီအတွက် ဆုယူချင်စိတ် မရှိသော်လည်း ယခုအခြေအနေအရ သွမ့်ရှူးထုံ၏ သွင်ပြင်က သူမကို မျှော်လင့်ချက်ပေးနေသည်။


" ကောင်းပါပြီ...."


“ မရဘူး...." လိရှောင်းက ကြားဖြတ်ဝင်ပြောလာသည် " 


သွမ့်ရှူးထုံ....မင်းခေါင်းထဲက အတွေးတွေကို ငါမဖတ်တတ်ဘူးလို့ ထင်မနေနဲ့....ဒီနေ့ ငါလာတာက သူမကို ဒီကနေ ခေါ်ထုတ်သွားဖို့ပဲ...."


သွမ့်ရှူးထုံကဖြင့် လိရှောင်းကို အီးပေါက်နေသည်ဟုသာ မသိချင်ယောင်ဆောင်ထားလိုက်ရင်း ဖုန်းထုတ်လိုက်သည်။


ထိုအရာကို မြင်သောအခါ လိရှောင်းက နှာမှုတ်လိုက်ရင်း လှောင်လာသည် 


" လင်မန့်မန့်က လေယာဥ်ပေါ်မှာ အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ....သူမ ဒီနေရာကို ထွက်လာနိုင်မှာ မဟုတ်ဘူး...."  


သွမ့်ရှူးထုံက ရယ်မိမလို ဖြစ်သွားရသည်။ သူက လိရှောင်းကို ထူးဆန်းသလို ကြည့်လိုက်ပြီး ဖုန်းနံပါတ်တစ်ခုဆီ နှိပ်ကာ စပီကာဖွင့်လိုက်သည်။


" သွမ့်ရှူးထုံလား...." အမျိုးသားတစ်ယောက်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။ ထိုအသံကို ကြားပြီးနောက် လိရှောင်း၏ မျက်နှာက တစ်ခဏတွင်း မည်းမှောင်သွားသည်။


သွမ့်ရှူးထုံက ပြုံးလိုက်ပြီး စကားဆိုလိုက်သည် " ဥက္ကဌလင်....ခဏလောက်ပါဗျာ....ခင်ဗျားနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ...."


လိရှောင်းက စူးစူးရဲရဲ စိုက်ကြည့်လာသည်။ ယခုတစ်ခေါက်တွင် သွမ့်ရှူးထုံက လမ်းကြောင်းပြောင်းပြီး လင်မန့်မန့်ကို မခေါ်ပဲ သူမအစ်ကိုကို သွားခေါ်မည်ဟု ထင်မထားခဲ့ပေ။


လင်မိသားစုရဲ့ ဆက်ခံသူ လင်ဟွမ့်က ညီမအချစ်တော်တစ်ယောက်ဆိုတာ မသိတဲ့သူ ရှိလို့လား။ လင်ဟွမ့်သာ ဖိန်ရော့ဝိန်းရဲ့ တည်ရှိမှုကို သိသွားခဲ့မယ်ဆိုရင် သေချာပေါက် လိရှောင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။


ပထမဆုံးအကြိမ်ဖြင့် လိရှောင်းက လိမိသားစုဆက်ခံသူဖြစ်သည့် သူ့ဘဝက ခက်ခဲလွန်းကြောင်း ခံစားလိုက်ရသည်။


လင်ဟွမ့်က အံ့သြသွားသလို မေးလာသည် " ဘာကိစ္စများလဲ....သခင်လေးသွမ့်..." 


သွမ့်ရှူးထုံက လိရှောင်းကို ကြည့်လိုက်ရင်း ဖြေးဖြေးချင်း ပြောလိုက်သည်


 " မိန်းကလေးလင်မန့်မန့် အကြောင်းပါ...."


လိရှောင်းက ဖိန်ရော့ဝိန်းလက်မောင်းကို အမြန်လွှတ်လိုက်ပြီး သွမ့်ရှူးထုံကို အကြည့်နှင့်တင် သတ်ချင်နေလေသည်။


သွမ့်ရှူးထုံက လိရှောင်း၏ အလျှော့ပေးလိုက်သည့် ပုံစံကြောင့် အရမ်းကျေနပ်သွားရသည်။ ယင်းက ဖိန်ရော့ဝိန်းအတွက်လည်း လိရှောင်းကို လုံးဝလက်လွှတ်သွားစေသည်။


ဖိန်ရော့ဝိန်းက မာနကြီးပြီး စိတ်ကြီးဝင်နေတတ်သော သခင်လေးလိတွင်လည်း ထိုသို့ ရှက်စရာကောင်းသည့် ပုံစံမျိုး ရှိနေမှန်း သတိမထားခဲ့မိပေ။


ဒါက ထူးထူးခြားခြားကို အမှန်တရားကို ပွင့်ပွင့်လင်းလင်း သိလာရတာပဲ။


[*T/N : ဟုတ်ပါတယ်....စာရေးသူက သောက်ကျိုးနည်းဆိုတဲ့ စကားလုံးအတွက် စကားလုံးလှလှလေး သုံးပေးထားတာပါ]


လင်ဟွမ့်က လက်ရှိအခြေအနေအကြောင်း မသိသေးပေ။ နားမလည်နိုင်ခြင်းများစွာနှင့် မေးလိုက်မိသည်


 " မန့်မန့်လား....သူမ တစ်ခုခုဖြစ်လို့လား..."


သွမ့်ရှူးထုံ၏ အကြည့်အောက်တွင် လိရှောင်းက ရွေးစရာမရှိပဲ အောက်ထပ်ကို ဆင်းပြီး ပြန်သွားရတော့သည်။ မသွားခင် သွမ့်ရှူးထုံကို စိုက်ကြည့်သွားသေးသည်။


ဖိန်ရော့ဝိန်းက စိတ်အေးသွားသလို သက်ပြင်းချမိသည်။


သွမ့်ရှူးထုံက အပြုံးလေးနှင့် ဖုန်းပြန်ဖြေလိုက်လေသည် " မိန်းကလေးလင်မန့်မန့်က ခင်ဗျားကုမ္ပဏီရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်ဆိုတော့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ပြောချင်လို့ပါ...."


" မရဘူး..." လင်ဟွမ့်က ချက်ချင်း ဖုန်းချပစ်လိုက်သည်။


သူက သွမ့်ရှူးထုံအပေါ် ထင်မြင်ချက်ကောင်း မရှိ၍ သူလျှောက်ပြောနေသည့် အရာများကို မယုံကြည်ပေ။


သွမ့်ရှူးထုံကလည်း အံ့သြမသွားချေ။ မည်သို့ဆိုစေ လင်မန့်မန့်ကိုလည်း သူ့ထုတ်ကုန်ကို ကြော်ငြာခိုင်းဖို့ စိတ်ကူးမရှိခဲ့၍ဖြစ်သည်။


လိရှောင်းကို ခြောက်လန့်ချင်ရုံသက်သက်ပဲ။


ဖိန်ရော့ဝိန်း၏ တောင်းပန်သလို အကြည့်ကြောင့် သွမ့်ရှူးထုံမှာ မနေနိုင်ပဲ ပြောလိုက်ရသည် 


" လိရှောင်းက ဒီနေရာကို တစ်ကြိမ်မကဘူး နှစ်ကြိမ်တောင် ရောက်လာတယ်ဆိုတော့ နောက်ထပ်လည်း လာဦးမှာပဲ....မင်း တကယ်ပဲ နေရာမပြောင်းချင်ဘူးလား...."


ဖိန်ရော့ဝိန်းက ခေါင်းခါလိုက်ရင်း သက်ပြင်းချမိသည်


 " ကျွန်မ ဘယ်သွားသွား သူရှာနိုင်ဦးမှာပဲ...."


သွမ့်ရှူးထုံက တစ်ခဏမျှ စဥ်းစားလိုက်ရင်း အကြံတစ်ခု ပေါ်လာလေသည်။


ဒီကိစ္စတွေကျ သူ့မှာ စုံစမ်းစစ်ဆေးဖို့ အဆက်အသွယ်တွေ မရှိဘူး။ ရှီသွမ်းကတော့ သေချာပေါက် သူ့ထက်ပိုပြီး ဒီနယ်ပယ်မှာ ကျွမ်းကျင်လိမ့်မယ်။ ဒါဆို ရှီသွမ်းကို အကူအညီတောင်းလိုက်ရင်ရော။




👨‍❤️‍👨



👨‍❤️‍👨Chapter 32

 â€“ ကိုယ့်ဆီ ပြောင်းလာခဲ့ပါ 




ရှီသွမ်းက အလုပ်ဆင်းရန် ပြင်နေသည့်အချိန် သွမ့်ရှူးထုံဆီမှ ဖုန်းဝင်လာခဲ့သည်။


" အလုပ်လုပ်နေတုန်းလား...." 


သွမ့်ရှူးထုံက အားရကျေနပ်နေသည့် ပုံစံနှင့် ဆိုဖာပေါ် မှီရင်း တီဗွီကြည့်နေသည်။


" ဆင်းတော့မလို့ပဲ....ဘာကိစ္စရှိလို့လဲ...." ရှီသွမ်း၏ သတ္တုသမျှ အေးစက်နေသည့် အသံက အနည်းငယ် ခြောက်ကပ်နေသည့် နွေလယ်ညကို အတန်ငယ် အေးစက်သွားစေသည်။ 


သွမ့်ရှူးထုံက ခေါင်းငုံ့လိုက်ရင်း လက်ထဲက ရီမုတ်ကို ဟိုသည်နှိပ်ကာ တောင်းဆိုလိုက်သည်


 " ကျွန်တော် အကြံတောင်းချင်လို့ပါ....ဦးလေးရှီ အားရဲ့လားဗျ....အချိန်ရရင် ကျွန်တော့်နေရာဆီလာခဲ့ရင်ရော....ချန်ကောဆီက ကြားခဲ့တာ ညစာမစားရသေးဘူးဆိုလို့....တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ညလယ်စာလုပ်ထားတာရယ်...."


သူတို့နှစ်ယောက်က နေ့စဥ်လုပ်ငန်းဆောင်တာများအကြောင်း သိပ်မပြောမိကြသော်လည်း မိတ်ဆွေအဖြစ် သတ်မှတ်လို့ရနိုင်သေးသည်။


ရှီသွမ်း၏ ပတ်လည်က လူများက သူ့ကို ရိုသေကြသလို ကြောက်လည်းကြောက်ကြသည်။ သူနှင့်မျိုးဆက်တူသည့် မည်သူမှ သူ့ကို ရင်းရင်းနှီးနှီး မဆက်ဆံကြပေ။ သွမ့်ရှူးထုံကဲ့သို့ ဝတ္တရားကျေရုံလောက် မဆက်ဆံတတ်သည့်သူမျိုး မကြုံဖူးပေ။


သူက တစ်ခဏမျှ အသံတိတ်သွားသည်။ အဆုံးတွင်ဖြင့် ဆာလောင်နေသော ဝမ်းဗိုက်က အနိုင်ရရှိသွားလေသည် " အိုကေ....ဆယ့်ငါးမိနစ်အတွင်း အရောက်လာခဲ့မယ်...."


သူက ဆယ့်ငါးမိနစ်ဟု ပြောခဲ့၍ အမှန်ပင် ဆယ့်ငါးမိနစ်အတွင်း အရောက်လာခဲ့သည်။


သွမ့်ရှူးထုံက ခေါက်ဆွဲချက်ပြီးကာစဖြစ်၍ ကားမီးရောင်က ပြတင်းပေါက်ကနေ ဖြတ်ဝင်လာသောအခါ မျက်လုံးစူးခနဲဖြစ်သွားရသည်။


သူက လျှောက်သွားလိုက်ပြီး အရှေ့တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးအပြင်ဘက်တွင် ရပ်နေသည့် အမျိုးသားက အကျအန မီးပူတိုက်ထားသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားလေသည်။ ဧည့်ခန်းထဲမှ ထိုးထွက်လာသည့် မီးရောင်အောက်တွင် သူ၏ ချောမောနေသော မျက်နှာက တော်တော်လေး ပင်ပန်းနွမ်းနယ်နေသည့်ပုံပင်။


" ညနက်နေပြီမို့လို့ အသားငါးတွေ စားနေလို့ အဆင်မပြေတော့ဘူးလေ...." သွမ့်ရှူးထုံက တံခါးပေါက်ဝကနေ နှုတ်ဆက်လိုက်သည် " ကျွန်တော် ခေါက်ဆွဲလုပ်ထားတယ်....ကျေးဇူးပြုပြီး သုံးဆောင်ပေးပါဦး...."


ရှီသွမ်းက အိမ်စီးဖိနပ်အပါးလေးကို ပြောင်းစီးလိုက်ပြီး သွမ့်ရှူးထုံကို တည်တည်ငြိမ်ငြိမ်ကြည့်လာသည်


 " အဲ့လောက်ထိ မလိုပါဘူး...."


ရှီသွမ်းက သွမ့်ရှူးထုံ၏ ယဥ်ကျေးလွန်းသော စကားလုံးများကို တည်တည်ငြိမ်ငြိမ်အမူအရာနှင့် ပြန်ဖြေလာ၍ သွမ့်ရှူးထုံမှာ အတိုင်းမသိ ဝမ်းသာသွားရသည်။


သွမ့်ရှူးထုံက ချက်ချင်းလက်ငင်း ပြုံးပြလိုက်သည်။ ထို့နောက် လှည့်ထွက်သွားပြီး ခေါက်ဆွဲသွားယူရန် မီးဖိုချောင်ဆီ ပြေးသွားကာ စားပွဲပေါ်သို့ တည်ခင်းပေးလာသည်။ 


ခေါက်ဆွဲဖတ်ပေါ် နေရာယူထားသည့် အရာက ကြက်ဥပြုတ်တစ်လုံးပင်။ နီနီရဲရဲ ခရမ်းချဥ်သီးများနှင့် ကြက်သွန်စိမ်းတို့ဖြင့် ခေါက်ဆွဲပန်းကန်ကို အလှဆင်ထားသည်။ အရောင်အဆင်းက လတ်လတ်ဆတ်ဆတ်နှင့် စားချင်စဖွယ်လေးပင်။


ရှီသွမ်းက ယခင်က ခက်ခဲချိန်များကို ဖြတ်သန်းခဲ့၍ အစားအစာ ကြေးမများသော်လည်း အရသာရှိသော အစားအစာကို မြင်တွေ့လိုက်ရချိန် စိတ်လှုပ်ရှားလာမိသည်။


သူ့အစ်ကိုနှင့် မိဘများ ဆုံးပါးသွားပြီးကတည်းက ထိုသို့ ခေါက်ဆွဲတစ်ပန်းကန် စားနိုင်ဖို့ကပင် အနိုင်နိုင် ဖြစ်ခဲ့ရသည်။


သူက ဝယ်မစားနိုင်သည်မျိုး မဟုတ်ပဲ ထိုသို့ ရင်းနှီးမှုမျိုးက ရှားပါးသွားခဲ့၍ပင်။ 


တစ်ယောက်သောသူက ခေါင်းမဖော်တမ်း စားနေသည့်အချိန် ကျန်တစ်ယောက်က မေးပေါ်လက်ထောက်ပြီး တီဗွီကြည့်နေသည်။ တစ်ယောက်မှ စကားမဆိုမိကြသလို နေရခက်နေသည်မျိုးလည်း မရှိကြပေ။ ထိုအစား စိတ်အေးလက်အေး ဖြစ်နေကြသည်။


စားသောက်ပြီးနောက် ရှီသွမ်းက မေးလာခဲ့သည် " ဘာဖြစ်ခဲ့လို့လဲ...."


ရှီသွမ်းက ပန်းကန်ကို ယူပြီး မီးဖိုချောင်ဘက် သွားဆေးရန်ပြင်လိုက်စဥ် သွမ့်ရှူးထုံက အမြန်တားလာသည် 


" ချထားလိုက်ပါ...ကျွန်တော် ဆေးလိုက်ပါ့မယ်...." 


ရှီသွမ်းက အင်္ကျီလက်ကို ပင့်လိုက်ပြီး ပြောလာသည်


 " ကိုယ် အရင်ကလည်း ပန်းကန်ဆေးခဲ့ဖူးတယ်....မင်းရဲ့ ပြဿနာကို ပြောပြကြည့်...."


သွမ့်ရှူးထုံက သူ့ကို မတားလိုက်တော့ပေ။ သူက ရှီသွမ်းနောက်တွင် ရပ်နေရင်း ဦးတည်ရာမဲ့အကြည့်တို့က သူ၏ လက်ဖျံပိန်ပိန်လေးထက် ကျရောက်နေသည်။ ထို့နောက် သူက အဓိကအချက်ကို တည့်တည့်သွားလိုက်သည်


 " လိရှောင်းက ဖိန်ရော့ဝိန်းကို အကြိမ်ကြိမ် လာနှောင့်ယှက်နေတာ.....ကျွန်တော် ဘာလုပ်သင့်လဲ စဥ်းစားပေးပါဦး..."  


သူက ရှီသွမ်းက ဖိန်ရော့ဝိန်း ရှမ်းချွမ်ကောင်တီကို ရောက်လာမှန်း သိမသိကို မစဥ်းစားမိလိုက်ပေ။ အမှန်တွင်ဖြင့် မူရင်းဇာတ်လမ်းတွင် ရှီသွမ်းက ဖိန်ရော့ဝိန်း၏ လှုပ်ရှားမှုအားလုံးကို သိနေ၍ ထိုအကြောင်း စဥ်းစားရန် မလိုချေ။


သို့သော်လည်း ရှီသွမ်းက ကြားလိုက်ရသည့် သတင်းကြောင့် အံ့သြသွားမည်ဟု ထင်မထားခဲ့ပေ။ ရှီသွမ်းက ရေပိုက်ခေါင်းကို ပိတ်လိုက်ပြီး သူ့ဘက်လှည့်မေးလာသည် 


" ဖိန်ရော့ဝိန်းကလား....သူမ ဒီရောက်နေတာလား...."  


ယခု အံ့သြရမည့်သူက သွမ့်ရှူးထုံဖြစ်သွားလေသည်။


စာအုပ်ထဲမှာ တတိယဇာတ်လိုက်ကနက်နက်ရှိုင်းရှိုင်း ချစ်မိနေတယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ စာအုပ်ထဲမှာ တတိယဇာတ်လိုက်ပဲ ဖိန်ရော့ဝိန်း ကိုယ်ဝန်ရှိနေတာကို အရင်ဆုံးသိသွားပြီးတော့ ကိုယ်ဝန်အတွက် လိုအပ်တာအားလုံးကို ပေးခဲ့တယ်။ တကယ်လို့ " သခင်လေးသွမ့်" သာ သူမနဲ့ မတိုက်မိခဲ့ဘူးဆိုရင် " သခင်လေးသွမ့်" လည်း ဒီကိစ္စကို သိခဲ့မှာ မဟုတ်ဘူးပဲ။


" ဦးလေးရှီ မသိဘူးလား...."


ရှီသွမ်းက မျက်ခုံးတန်းတို့ကို နိမ့်ချလိုက်ရင်း သူ့ကို ကြည့်လာသည်။ သူ၏ မျက်လုံးနက်နက်များက မှင်ရည်တို့ ဆွတ်ဖြန်းထားသလိုပင်။


 " ကိုယ် သိမှဖြစ်မှာလား...."  


သူ့အသံက ယခင်ကထက် အနည်းငယ် ပိုပြီး သြရှလာသည်။


သွမ့်ရှူးထုံက တစ်ခုခုမှားနေသလို ခံစားရသော်လည်း ဘာမှားနေမှန်း စဥ်းစားမိရ၍ စိတ်ရှည်ရှည်ထားပြီး မေးလိုက်ရသည် 


" အလုပ်အရမ်းများနေခဲ့တာလား...."


ရှီသွမ်း၏ ရှည်မျောမျောပုံရိပ်က အနောက်ဘက် ပြန်လှည့်သွားလေသည်။ သူက ခေါက်ဆွဲပြုတ်ထားသည့် အိုးကို ကောက်ကိုင်လိုက်ပြီး ပွတ်တိုက်ဆေးကြောတော့သည်။


" လိရှောင်းက သူမကို နှောင့်ယှက်ခဲ့တာဆိုတော့ ဘာဖြစ်ခဲ့တာလဲ...."


သွမ့်ရှူးထုံက ဝေခွဲမရဖြစ်သွားပြီး စိတ်တို့ နောက်ကျိသွားကာ အနည်းငယ် လမ်းပျောက်သွားသလို ခံစားရသည်။ သူ၏ မက်မွန်ပန်းပွင့်ပုံ မျက်ဆံများက အိုးတိုက်နေသော လက်များတွင်သာ အကြည့်ရောက်နေရင်း ရယ်စရာအတွေးတစ်ခုလည်း ရောက်လာခဲ့သည်။ 


" ဒီလိုလက်တွေက ဘယ်လိုလုပ် အိုးတိုက်နိုင်ရတာလဲ"


သွမ့်ရှူးထုံက ငြိမ်သွားသည်ကို မြင်လိုက်၍ ရှီသွမ်းက အတန်ငယ် စိတ်ဆိုးလာရသည်


 " မင်းက ဒီအတွက် ငါ့ကို ခေါ်ခဲ့တာလား...."


“အို့....ကျွန်တော်က ဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းနည်းများ ရှိမလား မေးချင်လို့ပါ..."




👨‍❤️‍👨