Part 138
ချီကျန်းကျန်းသည် စာရွက်တစ်ရွက်နှင့် သော့တစ်ချောင်းအားသူမ၏အိတ်ထဲမှထုတ်လိုက်ကာ ဝမ်စီစီ၏ရှေ့သို့ တွန်းပို့လိုက်ပြီး ပြောလာခဲ့လေသည် " ဒါက မြို့တော်အေရဲ့လိပ်စာပဲ အဲ့ကလူနေမှုပတ်ဝန်းကျင်က အရမ်းကောင်းတယ် လုံခြုံရေးအတွက်လည်း စိတ်ချရပြီးတော့ သယ်ယူပို့ဆောင်ရေးလည်းအဆင်ပြေတယ် ဘယ်နေရာကိုမှသွားဖို့မဝေးဘူး ပြီးတော့ငါ့မှာ အဲ့ကိုကြည့်ရှူစောင့်ရှောက်ဖို့လူလည်းရှိတော့ နင်ယာယီနေဖို့အတွက်အသင့်တော်ဆုံးပဲ "
ဝမ်စီစီတောင့်ခဲသွားပြီး သူမ၏ပါးစပ်ကိုဖွင့်လိုက်သော်လည်း မည်သည့်စကားမှမပြောခဲ့ပေ။
" အိမ်ငှားခကဈေးမပေါဘူး အဲ့တော့ ငါတစ်နှစ်စာပဲငှားထားခဲ့တယ် အဲ့ဒီတစ်နှစ်အတွင်းက နင့်အတွက် ပြောင်းလဲဖို့ကော ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာတစ်ခုကိုရှာဖို့အတွက်ရော လုံလောက်ပါတယ်…" ချီကျန်းကျန်းသည် ကြင်ကြင်နာနာဖြင့်ဆက်လက်ပြောလိုက်လေသည် " ဝမ်မိသားစုအတွက်ကတော့ နင်လွတ်လွတ်လပ်လပ်ပိုက်ဆံပို့လို့ရပါတယ်.. ပစ္စည်းပို့တာပဲဖြစ်ဖြစ် သွားလည်တာပဲဖြစ်ဖြစ် … နင့်ရဲ့ဘဝနဲ့ပျော်ရွှင်မှုကို အဲ့အတွက်နဲ့လက်လွှတ်လိုက်ဖို့မလိုပါဘူး…"
ဝမ်စီစီစကားမပြောခဲ့ပဲ ခဏအကြာတွင် သူမ၏လက်ဖြင့်မျက်နှာကိုအုပ်ကိုင်လိုက်ပြီး သည်းထန်စွာငိုကြွေးခဲ့လေသည်။
ချီကျန်းကျန်းသည် သူမအားမချော့မော့ခဲ့ပါ။ သူမ၏ဆန့်ကျင်ဘက်တွင်ထိုင်နေခဲ့ပြီး သည်းထန်စွာငိုကြွေးနေပြီး နှာရည်များမျက်နှာတစ်ခုလုံးတွင်ပေပွနေသည့်မိန်းကလေးအား တည်ငြိမ်စွာကြည့်နေခဲ့လေသည်။
သူမသည် ပျော်ရွင်ခြင်းကော ဝမ်းနည်းခြင်းပါ နှစ်မျိုးစလုံးပါဝင်သည့် ခံစားအပြည့်ဖြင့်ငိုကြွေးနေခဲ့၏။
မည်သည့်ခံစားချက်မဆိုဖြတ်ကျော်ကာ အချိန်အတန်ကြာအောင် တစ်ချိန်လုံးမြိုသိပ်ခဲ့ရသည်။ ထိုအခိုက်အတန့်တွင် နိုက်ကလပ်၏ဆူညံမှူများမှာလည်းထွက်ပေါ်လာခဲ့သည်။
" ချီကျန်းကျန်း…" ဝမ်စီစီအဝငိုကြွေးပြီးနောက် သူမအားကြည့်လာခဲ့သည်။
ချီကျန်းကျန်းသည် သူမအားကြည့်နေခဲ့ပြီး သူမစကားပြောလာသည်အားစောင့်ဆိုင်းနေခဲ့လေသည်။
" ငါ့အတွက်နင့်ကိုတသက်လုံးစာသူငယ်ချင်းအဖြစ်ရထားရုံနဲ့တင် လုံလောက်နေပါပြီ.. ကျေးဇူးတင်ပါတယ် " ဝမ်စီစီသည်လေးလေးနက်နက်ပြောလာကာ ချီကျန်းကျန်းအား သူမ၏နှလုံးသားတစ်ခုဖြင့် မှတ်ယူနေသကဲ့သို့ စေ့စေ့စပ်စပ်ကြည့်ရှူနေခဲ့သည်။
သူမ၏နှလုံးသားထဲ၌ ထိုမျှများပြားသောခံစားချက်များပြည့်လျှံနေသည့်အား မတွေ့ကြုံခဲ့ဖူးချေ…
ချီကျန်းကျန်း.... ထိုမိန်းမသည် အဆိပ်ပြင်းသောပါးစပ်ရှိပြီး သူမအားရယ်မောခဲ့ လှောင်ပြောင်ခဲ့ ခြိမ်းခြောက်ခဲ့သူဖြစ်ပြီး သူမ၏သူငယ်ချင်းများထက် ချစ်သူအားပို၍ချစ်သည့်သူမျိုးဖြစ်သည်။ သူမသည် စစ်မှန်သည် နွေးထွေးမှုသည် ပြတ်သားပြီး မေ့ရခက်သောသူပင်ဖြစ်၏။
ဝမ်စီစီတွင် သူငယ်ချင်းများစွာရှိခဲ့ပြီး ချီကျန်းကျန်းသည် သူမ၏ရန်သူဖြစ်ခဲ့ဖူးသည်…
သို့သော် အဆုံး၌ သူမ၏သူငယ်ချင်းများအားလုံးစွန့်ခွာသွားကြပြီး သူမနှင့်သူငယ်ချင်းကောင်းများဖြစ်ခဲ့သည်မှာ လပိုင်းသာရှိသေးသော ချီကျန်းကျန်းတစ်ယောက်ထဲသာ သူမအတွက်ရှိနေပေးခဲ့၏။
ဝမ်စီစီ၏မျက်နှာမှ ခံစားချက်များမှာ အလွန်သိသာနေသည့်အတွက် ချီကျန်းကျန်းသက်ပြင်းသာချလိုက်မိတော့သည်။
သူမလက်လှမ်းကာ ဝမ်စီစီအား တစ်ရှူးနှစ်ရွက်ကမ်းပေးလိုက်ပြီး " နင့်နှပ်တွေသုတ်လိုက်ဦး ညစ်ပတ်ချက်ပဲ အာ…"
အလွန်ခံစားချက်ပြင်းထန်နေသော ဝမ်စီစီ : "..."
သူမချီကျန်းကျန်းအား မျက်စောင်းထိုးကာ တစ်ရှုးအားယူလိုက်ပြီး သူမ၏မျက်နှာအား အသေအချာသန့်စင်လိုက်သည်။
ထို့နောက် ဝမ်စီစီထရပ်ကာ ပြောလာခဲ့သည် " ချီကျန်းကျန်း သွားကြစို့… အခုင့ါဦးလေးကရူးနေပြီ သူက ငါလက်ထပ်လိုက်တာနဲ့ သူတို့သူ့ကိုကယ်ပေးမယ်လို့ ခေါင်းမာမာနဲ့ယုံကြည်နေတာ…သူထပ်ပြီး မရူးသွားဖို့အတွက် ငါမနက်ဖြန်မနက်ကျရင်ထွက်သွားမယ်… ငါတို့နောက်မှထပ်ဆုံကြတာပေါ့…"
သူမနှင့်ချီကျန်းကျန်း၏ သူငယ်ချင်းဆက်ဆံရေးမှာ တည်ရှိနေသေးသော်လည်း ဝမ်ယွီနှင့် ဝမ်မိသားစုတို့ကြောင့် သူမတို့ မကြာခဏအဆက်အဆံပြုလုပ်၍မရချေ..
ချီကျန်းကျန်းသည်လည်း သူမဘာလို့အဆက်အဆံမလုပ်သင့်ကြောင်းကို နားလည်ခဲ့သောကြောင့် သူမနေထိုင်နိုင်ရန်နေရာတစ်ခုအား ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
" အဲ့လောက်အမြန်ကြီးလား…" ချီကျန်းကျန်းသည် အနည်းငယ်အံ့ဩသွားခဲ့ရသည်။
သူမပွင့်လင်းမြင်သာမှုရှိခဲ့လျှင်ပင် ဝမ်စီစီနှင့်သူမတို့ မည်သည့်အချိန်တွင်ဆုံနိုင်မည်ဆိုသည်အား မသိရကြောင်း သူမနားလည်ခဲ့သည်။
ကမ္ဘာကြီးသည်ကျယ်လွန်းပြီး အကယ်၍မတူညီသည့်မြို့နှစ်မြို့တွင်နေထိုင်ကြသည့် လူနှစ်ဦးကသာ အထူးတလည်မဆက်သွယ်ခဲ့ကြပါလျှင် ထိုသူနှစ်ဦးမှာ ထပ်၍ဆုံနိုင်ရန် မဖြစ်နိုင်တော့ပေ။
သူမတို့နှစ်ဦးသည်ကော တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ဖို့ရန် အထူးတလည်ကြိုးစားကြမည်လား…
ချီကျန်းကျန်းသည် သူမတို့မဖြစ်နိုင်ကြောင်း သိနေခဲ့၏။ ဝမ်စီစီသာ မဆက်သွယ်လာခဲ့ပါလျှင် သူမသည်လည်း ဆက်သွယ်မည်မဟုတ်ချေ။
" အဲ့ဒါက ဆုံးဖြတ်ပြီးပြီဆိုမှတော့ အချိန်ဆွဲနေစရာမလိုတော့ဘူးလေ " ဝမ်စီစီလက်ကိုဆန့်ကာ လိပ်စာနှင့်သော့အားယူလိုက်ပြီး နောက်ထပ်တစ်ကြိမ် အသံတိုးတိုးဖြင့်ပြောလာခဲ့သည် " ကျေးဇူးတင်ပါတယ်…"
" သွားကြစို့ ငါနင့်ကိုလိုက်ပို့ပေးမယ်…" ချီကျန်းကျန်းထရပ်ကာ သူမ၏အိတ်အားကောက်ကိုင်လိုက်လေသည်။
သူမတို့နှစ်ဦးအတူတကွလမ်းလျောက်သွားကာ ကျသင့်ငွေအား ဝမ်ယွီ၏ကဒ်ထဲသို့မထည့်ပဲ ကဒ်အားယူကာ အပြင်ထွက်လာခဲ့သည်။
ထို့နောက် သူမဝမ်စီစီအား တက်ဆီငှားနိုင်ရန်လိုက်ပို့ခဲ့လေသည်။
" ငါသွားပြီနော်…" ဝမ်စီစီမှာ ငြင်သာစွာပြောလာခဲ့ပြီး သူမ၏အသံမှာ အနည်းငယ်အက်ရှနေခဲ့သည်။
ချီကျန်းကျန်းလက်ပြလိုက်ကာ " မြန်မြန်သွားတော့ နင်ကမငယ်တော့ဘူး အရမ်းမပေါ့ဆနဲ့…"
ထိုနောက်ခဏရပ်လိုက်ကာ သူမဆက်ပြောလာခဲ့သည် " တစ်ခုခုရှိရင် ဖုန်းဆက်လိုက်နော် ငါ့နံပါတ်ကိုပြောင်းမှာမဟုတ်ဘူး…"
ဝမ်စီစီသည် စကားပြန်မပြောခဲ့ပေ။
ခဏအကြာ၌ သူမ၏အသံမှာပိုမိုအက်ကွဲလာပြီး ပြောလာခဲ့၏ " ငါသိတယ် ချီကျန်းကျန်း ဝမ်ယွီက သူ့နှလုံးသားကိုပြောင်းလဲမဲ့လူမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ်လို့ သူ့နှလုံးသားသာပြောင်းလဲသွားခဲ့ရင် ဒါမှမဟုတ် နင်မတရားတယ်လို့ခံစားခဲ့ရရင် ငါ့ဆီလာခဲ့နော်…"
" ကောင်းပြီ…" ချီကျန်းကျန်းပြန်ဖြေသည့်အနေဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။
" မောင်းတော့…" ဝမ်စီစီသူမ၏အသံအားညှစ်ထုတ်ကာ ပြောလိုက်လေသည်။
ကားမှာ တဖြည်းဖြည်းထွက်ခွာသွားခဲ့လေပြီ…
ဝမ်စီစီ သူမ၏ခေါင်းအားတစ်ချက်လှည့်ကြည့်လိုက်ချိန်တွင် ချီကျန်းကျန်းသည် ထိုနေရာ၌ပင်ရပ်နေကာ သူမထွက်သွားသည်ကို ကြည့်နေခဲ့လေသည်။
သူမ၏ပါးစပ်အားအုပ်ကာ ဝမ်စီစီထပ်မံငိုကြွေးလိုက်မိတော့သည်။
သူငယ်ချင်းအစစ်အမှန်အားရှာဖွေရသည်မှာ မြင့်မားသောတောင်များနှင့် စီးဆင်းနေသောရေများကဲ့သို့ပင်ဖြစ်သည်။ သူမလုံးဝမထင်ထားခဲ့သည်မှာ ချီကျန်းကျန်းကဲ့သို့သော သူငယ်ချင်းသည် သူမအား ရွံညွန်ထဲမှဆွဲထုတ်ကာ လမ်းအသစ်ကိုရှာဖွေရန် အားပေးခဲ့လေသည်။
( t:n / ကြမ်းတမ်းသောအဖြစ်မှန်အားရည်ညွှန်းထားပြီး အရည်အချင်းနှင့်လုပ်နိုင်စွမ်းများသည် သူတို့အားအမှန်တကယ်တန်ဖိုးထားမည့်သူများနှင့်တွေ့ဆုံပေးရန်ရှားပါးသည်ဟုဆိုလိုသည်… ယခုအဖြစ်တွင် သူမသည် ထိုကဲ့သို့လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်မှာ အလွန်ကံကောင်းကြောင်းနှင့် သူမတို့၏သူငယ်ချင်းဆက်ဆံရေးအားတန်ဖိုးထားကြောင်း ဖော်ပြထားခြင်းဖြစ်သည် )
ချီကျန်းကျန်းကဲ့သို့သော မိန်းမကောင်းလေးသည် သေချာပေါက်ကို ကောင်းမွန်သောဘဝတစ်ခုပိုင်ဆိုင်ရသင့်၏။ သူမသည် အကောင်းဆုံးသောဘဝတစ်ခုရသင့်ပေသည်။
ကားသည် ဝေးရာသို့မောင်းထွက်သွားခဲ့ပြီဖြစ်သည်…
ချီကျန်းကျန်းသက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး မျက်တောင်ခတ်လိုက်ကာ သူမ၏မျက်လုံးများမှာ အနည်းငယ်နီရဲနေခဲ့သည်။
ဝမ်စီစီ တခြားမြို့သို့ ပြောင်းရွှေ့ရာတွင် သူမ၌မည်သည့်အရာမှ ရှိနေမည်မဟုတ်ပေ။ သူမသည် အရာအားလုံးကိုအစမှ ပြန်လည်စတင်ရမည်ဖြစ်သည်။ သူမမည်မျှသောကြမ်းတမ်းမှူများအား ခံစားရမည်အား မသိနိုင်ချေ။
သို့သော်လည်း ထိုအရာမှာ သူမရွေးချယ်ရမည့်လမ်းဖြစ်ပြီး သူမထပ်မံ၍ကူညီနိုင်ရန် မဖြစ်နိုင်တော့ပေ။
သူမတွင်သူငယ်ချင်းတစ်ယောက်သာရှိပြီး သူမအားနောင်တွင် အများကြီးတွေ့နိုင်တော့မည်မဟုတ်ပေ။
ချီကျန်းကျန်းသူမ၏မျက်နှာအားပုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ လှည့်လိုက်ပြီး ပြန်ရန်ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း သူမလှည့်လိုက်သည်နှင့်တပြိုင်နက် သူမ၏ခြေလှမ်းများရပ်တန့်သွားရတော့သည်။
xxxxx