Chapter 35,36
Viewers 2k

👨‍❤️‍👨Chapter 35

 â€“ ဥက္ကဌရှီက အဲ့ဒီလောက် အချိန်တွေ ပေါနေတာလား




"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်ဝန်းလေးတွေ ရှိတယ်" ဆိုသည့် ထိုဘလော့ဂါက သွမ့်ရှူးထုံ၏ အရက်မူးပြီး ကားမောင်းသည့်ကိစ္စ ပေါ်လာသည့်တိုင် လူများက နွေဦးပန်းကို ဆက်ပြီး အားပေးနေဦးမည်ဟု ထင်မထားခဲ့ပေ။


ဒါက လူစိတ်မရှိတော့တာလား....ဒါမှမဟုတ် လူသားတွေရဲ့ သဘောလက္ခဏာတွေ ပျက်စီးကုန်တော့တာလား...


ဘာလို့ အဲ့ဒီအင်တာနက်သုံးစွဲသူတွေက ရုပ်ရည်ကို အရမ်းကြည့်ရတာလဲ။ ရုပ်ချောတာက ဗိုက်ပြည့်လို့လား။ ရုပ်ချောနေတာနဲ့ပဲ သူတို့လုပ်ခဲ့တာတွေကို ခဝါချပေးလိုက်တော့မှာလား။


ထိုအကောင့်ပိုင်ရှင်က ပြဿနာမွှေရမှာ မကြောက်သလို ယွမ်မျိုးရိုးနှင့် ထိုလူလိုခဲ့သည့် အရာတိုင်းက အမှန်တရားများသာ။ 


သူက ကောလဟာလ ဖြန့်ဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူးလေ။


လွန်ခဲ့သော နှစ်လခန့်က သွမ့်မိသားစု၏ သခင်လေးမှာ အရက်မူးပြီး ကားမောင်းခဲ့သည့်အတွက် ဝေ့ပေါ်တွင် hot search အထိ ရောက်ခဲ့ရလေသည်။ ထိုအခါတုန်းက အင်တာနက်သုံးစွဲသူများမှာ သူ့ကို ဆိုးဆိုးဝါးဝါး ပြစ်တင်ပြောဆိုခဲ့သည်။ 


အခုမှ ဘာလို့ လူတွေက မေ့သွားရတာလဲ။


သူက မကျေနပ်၍ အားအင်စုပြီး အခြားအင်တာနက်သုံးစွဲသူများနှင့် တစ်ပြန်တစ်လှည့် တိုက်ပွဲဝင်တော့သည်။


[အင်တာနက်သုံးစွဲသူ ၁ : နွေဦးပန်းနံပါတ်၁က တကယ် သုံးရလွယ်တာပဲဟာ....ဒါက သခင်လေးသွမ့်က ရုပ်ချောပြီး အရည်အချင်းလည်း ရှိကြောင်း ပြနေတာပဲ....လူသားတွေက အပြစ်ကင်းစင်တဲ့ ဗုဒ္ဓဘုရားမှ မဟုတ်တာ....အတိတ်မှာ အပြစ်မလုပ်ဖူးတဲ့သူရယ်လို့ ရှိလို့လား....မူရင်းပို့စ်ပိုင်ရှင်က ရွှေဦးနှောက်ရဲ့ ဘဝဇာတ်ကြောင်းကို တူးဆွဖို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပြီ....ဒီနေရာမှာ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပဲ ဖြစ်ရမယ်.... ]


"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးလေးတွေရှိတယ်"က ပြန်လည်ဝေဖန်ရေး လုပ်လာသည် : [အရက်မူးပြီး ကားမောင်းတာက ရာဇဝတ်မှုနော်....မင်းက ဥပဒေနဲ့ ဆန့်ကျင်နေတဲ့သူကို အားပေးအားမြောက်ပြုနေတာလား....မင်းရဲ့မိဘတွေရော ဒီအကြောင်း သိကြရဲ့လား...]


[အင်တာနက်သုံးစွဲသူ ၂ : ငါကြားတာ သခင်လေးသွမ့်က ၂၃နှစ်ပဲ ရှိသေးတာတဲ့....ရုပ်လည်းချော ပိုက်ဆံလည်းရှိတဲ့ ရွှေအမျိုးသားလောင်းလေး....ဘေဘီရေ....ငါ့ကို မြောက်တက်အောင် ရိုက်ချလိုက်ပါတော့... ]  


"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးလေးတွေ ရှိတယ်" က သည်းခံမနေပဲ လှောင်လာသည် : [နာမည်ဆိုးရှိတဲ့ ရွှေအမျိုးသားလောင်းလား....ဟဟ...မင်းငါ့ကို ရယ်ချင်လာအောင် လုပ်နေတာပဲ....]


[အင်တာနက်သုံးစွဲသူ ၃ : ကမ္ဘာပေါ်မှာ အရက်မူးပြီးကားမောင်းတဲ့သူတွေ အများကြီးရှိတယ်....မူရင်းပို့စ်တင်တဲ့သူက သူတို့ကိုကျ သွားအပြစ်မတင်ပဲ ဘာလို့ ငါတို့ ဒါရိုက်တာသွမ့်နားမှာ သေလောက်အောင် တွယ်ကပ်နေရတာလဲ....]


"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးလေးတွေရှိတယ်" က လှောင်ရယ်လိုက်ရင်း လက်နှစ်ဖက်လုံးနှင့် ကီးဘုတ်ကို တစ်ဂျောင်းဂျောင်း မြည်အောင်ရိုက်လိုက်သည် 

[: သူ အရင်တုန်းက hot searchမှာ နာမည်ကြီးသွားတုန်းက ငါ သူ့ကို ဘာမှမပြောခဲ့ဘူး....ဒါပေမယ့် အခု ငါက ငါ့သံသယတွေကို ပြချင်ရုံသက်သက်ပဲ....ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးက ညတွင်းချင်း သုတေသနဌာနရဲ့ ဘော့စ်ကြီး ဖြစ်သွားတာတဲ့....မင်းတို့ဆိုရင်ရော ယုံနိုင်လောက်လား....]


သွမ့်ရှူးထုံ၏ ရုပ်ရည်နှင့် အရည်အချင်းကြောင့် စွဲလမ်းသွားသည့် ဖန်များမှလွဲ၍ မူရင်းပို့စ်တင်သည့်သူကို ထောက်ခံသည့်သူများလည်း ရှိလေသည်။ သူတို့လည်း ဤကိစ္စက ရှင်းပြရခက်သည်ဟု တွေးမိကြလေသည်။


သွမ့်ရှူးထုံ၏ အတိတ်က အညစ်အကြေးများက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ မကြာမီ အခြား တစ်ယောက်က သူ့အကြောင်း ဖော်လာပြန်သည်။


 á€žá€°á€á€­á€Żá€ˇá€€ သူ၏ လတိုင်းကောင်မလေး ထည်လဲတွဲသည့်အကြောင်း ကောလိပ်တက်ခဲ့စဥ်က အဆင့်အရမ်းနိမ့်ခဲ့သည့်အကြောင်း ဖော်ကြလိမ့်မည်။


အင်တာနက်သုံးစွဲသူများ : ???


ဒါက တကယ့်ကို အမြင်မှန်ရသွားစေတာပဲ။


လူနှစ်ယောက်ကြားက ကြည်နူးဖွယ်ချစ်ခြင်းတရားကို တန်ဖိုးထားကြသည့် အမျိုးသမီးများအဖို့ ထိုသတင်းမျိုး ကြားလိုက်ရသည်က လက်ထဲ ကိုင်ထားသည့် နွေဦးပန်းနံပါတ်၁ပင် ရုတ်တရက် မမွှေးတော့သလို ခံစားမိသည်။


လူတော်တော်များများက သွမ့်ရှူးထုံကို အွန်လိုင်းတွင် အပြစ်တင်ဝေဖန်နေကြပြီး ကုမ္ပဏီ၏ တရားဝင်ဘလော့သို့ သွားကာ ကန့်ကွက်ကြလေသည်။


အမှန်တကယ် အင်တာနက်သုံးစွဲသူ အရေအတွက်က ဘယ်နှစ်ယောက် အင်တာနက်ပေါ် ပို့စ်တင်သည့်အလုပ်သာ ရှိသောသူက ဘယ်နှစ်ယောက် စသည်ကိုဖြင့် မည်သူမှ မသိနိုင်လောက်ပေ။


နွေဦးဆောင်းဦးခန်းမ၏ ဘလော့က အင်တာနက်သုံးစွဲသူများ အညစ်အကြေးစွန့်သည့် အမှိုက်ပုံးကြီး ပြန်ဖြစ်သွားလေသည်။


ပြည်သူ့ဆက်ဆံရေးဌာန၏ ဒါရိုက်တာက ခေါင်းအစခြေအဆုံး ဖတ်ကြည့်လိုက်ပြီးနောက် ကျိုင်ကျွင့်နှင့် သွမ့်ရှူးထုံတို့ဆီ တင်ပြခဲ့သည်။


ကျိုင်ကျွင့်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး အမိန့်ထုတ်လာသည်


 " ဘာလို့ နောက်ထပ် ဝေဖန်ရေးသမားက ပေါ်လာရပြန်တာလဲ....ဒီလူတွေက ဘယ်လိုများ သခင်လေးသွမ့်ကို အပြစ်ပြောနိုင်ရတာလဲ....ကောမန့်ရေးတဲ့နေရာကို အမြန်သွားပိတ်ကြ...."


သူ့ကို ပြောထားတဲ့ ကောမန့်တွေကြောင့် သွမ့်ရှူးထုံ ခေါင်းကိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ကျိုင်ကျွင့်က သခင်လေးသွမ့် နွေဦးပန်းနံပါတ်၂ကို ထုတ်လုပ်မည့်ကိစ္စအား စောင့်မျှော်နေသေးလေသည်။


မထင်ထားစွာ သွမ့်ရှူးထုံက ပြုံးလိုက်ရင်း ဂရုမစိုက်သလို ပြလာသည်။ ထို့နောက် သူက ဟာသနှောပြီး ပြောလိုက်သည် 


" မလိုပါဘူးဗျာ....အချိန်တစ်ခုထိ သူတို့ကို ပြောခွင့်ပေးလိုက်ပါ....ကြော်ငြာခ သက်သာတာပေါ့...."  


သူ့အမြင်အရ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အရင်က လုပ်ခဲ့သည့်ကိစ္စများက အနှေးနှင့်အမြန် တူးဆွခံရမည်ဖြစ်ပြီး သိပ်မကြာမီ လူထုက သူ့ကို ခွေးတစ်ကောင်လို အပြစ်တင်ခံရတော့ပေမည်။ အမြစ်ကနေ ပြင်းပြင်းထန်ထန် ဆွဲနှုတ်လိုက်ခံလိုက်ရသည့် နေရာက နာကျင်မှုအချို့တော့ ရှိနိုင်မည်။ သို့သော်လည်း မြန်မြန်မဆွဲနှုတ်လျှင် ပိုပိုဆိုးလာပေလိမ့်မည်။


ဤကိစ္စနှင့်ပတ်သက်၍ တော်တော်များများ ပြောပြီးသွားချိန် အနာဂတ်မှာ တစ်ယောက်ယောက်က ပြန်ပြီး ရေနောက်အောင် လုပ်လာလျှင်ပင် မည်သူမှ ဂရုစိုက်နေကြတော့မည် မဟုတ်ပေ။


ကျိုင်ကျွင့်နှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဒါရိုက်တာတို့ နှစ်ယောက်လုံး သခင်လေးသွမ့်ကို သဘောထားကြီးလွန်းသည်ဟု သဘောတူမိကြသည်။


မတိုင်မီက ဝေဖန်ရေးသမားများက နွေဦးဆောင်းဦးခန်းမကို အပြစ်တင်နေကြချိန်ထိ သခင်လေးသွမ့်၏ တည်ငြိမ်နေမှုကို နားလည်နိုင်သေးသည်။ အမှန်တွင်လည်း ရေဆိုးများက သူ့အပေါ် တိုက်ရိုက်လောင်းမချခဲ့၍ ဖြစ်သော်လည်း ယခုတွင် အပြောခံရသည်မှာ သခင်လေးသွမ့် ကိုယ်တိုင် ဖြစ်နေသည်။ 


ဒါကို ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်သလို အေးအေးဆေးဆေး နေနိုင်ရတာလဲ။


ကုမ္ပဏီတွင်းက လူအချို့ပင် တိတ်တိတ်လေး လက်ညှိုးနေကြသည်များလည်း ရှိနေသည်။


အမျိုးသားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ကျိုင်ကျွင့်က စကားစပြောလာသည် ။


" သူတို့ကို ဒီအတိုင်း လျှောက်ပြောနေခွင့် ပေးလိုက်တော့မယ်လို့ မပြောလိုက်နဲ့နော်...."


သွမ့်ရှူးထုံက ကျိုင်ကျွင့်၏ စကားလုံးများကို အတည်ယူလိုက်ပြီး ချင့်ချိန်စဥ်းစားကြည့်သည်။ ထို့နောက် အပြုံးလေးနှင့် တုံ့ပြန်လာသည်။ သူ၏ ကော့တက်သွားသော အပြုံးတစ်ပွင့်က မျက်စိကျိန်းလောက်၍ သူတို့နှစ်ယောက်ပင် လန့်သွားရသည်။


အင်တာနက်သုံးစွဲသူများက နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။ မည်မျှ လှောင်ခံနေရပါစေ ဘာမှပြန်ဖြေလာခြင်း မပြုသော ဘလော့က အပြာရောင်စာလုံးများနှင့် အသစ်တင်လာခဲ့သည်။


ထုတ်ကုန်၏ ပထမဆုံးဖန်စာရင်းဝင် ဖုန်ရန်ကလည်း ဤရှိုးပွဲကို သေချာပေါက် အလွဲမခံပေ။


ရိုးရိုးသားသားပြောရလျှင် သူမက သခင်လေးသွမ့်၏ ချစ်မှုရေးရာအမြင်ကို သဘောမကျသော်လည်း နွေဦးပန်းနံပါတ်၁၏ ပြောင်းလဲမှုများက သူမကို နွေဦးဆောင်းဦးခန်းမ၏ အမာခံပရိတ်သတ် ဖြစ်စေသေး၏။


သူမက နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့ကို ဖောလိုးနှိပ်ထား၍ သတင်းအသစ်တင်လာသည်နှင့် ဖတ်ကြည့်ရန် မစောင့်နိုင်တော့ပေ။




👨‍❤️‍👨



👨‍❤️‍👨Chapter 36

 â€“ ဥက္ကဌရှီက အဲ့ဒီလောက်အချိန်တွေ ပေါနေတာလား



နွေဦးဆောင်းဦးခန်းမ၏ အပြုအမူက ယခင်ကအတိုင်း မပြောင်းမလဲဘဲ အထင်ကြီးလောက်စရာပင်။ ယင်းက ကမ္ဘာကြီးကို စိတ်ကုန်နေသော မျက်နှာနှင့် လူတစ်ယောက်က အင်တာနက်သုံးစွဲသူများ၏ အပြစ်တင်ဝေဖန်မှုတို့ကို ဓါတ်ပုံလေးတစ်ပုံ လှည့်ပြရင်း တုံ့ပြန်လိုက်သည်နှင့် တူသည်။ 


ထိုရုပ်ပုံက ကြောငြာချက် ရေးထားသည့် နံရံတစ်ခုပုံ ဆွဲထားပြီး ပြောထားသည်က :** အမှားတွေဆိုတာ တစ်သက်လုံး မုန်းတီးစက်ဆုပ်နေဖို့ မလိုအပ်ပါဘူး....လက်ရှိ ကျွန်တော်ကတော့ လူသစ်တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ထားပါတယ်....**


[T/N : ဒီနေရာမှာ ပြောသွားတဲ့ "လူသစ်" ဆိုတာက " အသစ်ဝင်လာတဲ့သူ" သို့မဟုတ် " အတွေ့အကြုံနုသေးတဲ့သူ" ကို ပြောတာ ဖြစ်နိုင်ပါတယ်။ သွမ့်ရှူးထုံကို skincareလောကမှာ အသစ်ဝင်လာတဲ့သူအနေနဲ့ သတ်မှတ်လို့ရသလို အင်တာနက်က တိုက်ခိုက်ရေးသမားတွေကို သွယ်ဝိုက်ပြောလိုက်တဲ့ ပုံတစ်ပုံလည်း ဖြစ်နိုင်ပါတယ်]


ဟမ်....။ ဒါက ဘာကို ပြောချင်တာလဲ...။


သူတို့က သနားကြင်နာမှတ်ရဖို့ " အသုံးအဖြုန်းကြီးတဲ့ သားက အိမ်ပြန်ရောက်လာတာ ရွှေထက် ပိုအဖိုးတန်တယ်" ဆိုတဲ့ ကတ်ကို ကစားနေကြတာလား။


ဖုန်ရန်က ဤသည်ကို အထင်သေးမိပြီး ဘာမှဝင်မပြောသည်က ပိုကောင်းမည်ဟု ထင်မိသည်။


သူမက ကောမန့်များကို လှန်လှောကြည့်မိသည်။


ကောမန့်အများစုက နာမည်ခေါ်နေသော ကောမန့်များဖြစ်ပြီး အချို့က ဓါတ်ပုံ၏ အကြောင်းအရာကို ဆွေးနွေးနေကြကာ လူနည်းစုကသာလျှင် ဟဟများပေးထားကြလေသည်။


ဘာရယ်စရာကောင်းနေလို့လဲ။


နောက်ဆုံးတွင် အင်တာနက်သုံးစွဲသူ တစ်ယောက်က အမှန်တရားကို ထုတ်ပြလာသည် :[ အိုးမိုင်ဂေါ့...နွေဦးဆောင်းဦးခန်းမက တကယ်ဆိုးတာပဲ....အထဲက စာက ထောင်ကို ပြောတာမဟုတ်ဘူးလား...ဟဟဟုတ်လား...ဒီလိုမျိုးက တကယ် ဟာသလုပ်လို့ကောင်းတဲ့အရာလား....တကယ်တော့ သခင်လေးသွမ့်က အရက်မူးပြီး ကားမောင်းလို့သာ အပြစ်ရှိတာလေ....ပြီးတော့ သူက တကယ်ကြီး ထောင်ကျခဲ့တာမှ မဟုတ်တာ....]


ဖုန်ရန်က အင်တာနက်ကို စစ်ဆေးကြည့်မိသည်။ ကြည့်ရတာ အဲ့ဒီအင်တာနက်သုံးစွဲသူ ပြောတာ အမှန်ထင်တယ်။


သူမက ကောမန့်နေရာသို့ ရောက်သောအခါ စကားပြောပုံ ပြောင်းသွားကြပြီး လူတော်တော်များများက ပုံအောက်က ထောင်ဆိုသည့် စာတန်းကို ပို့စ်တင်ကြတော့သည်။ ယင်းက တရားဥပဒေအဖွဲ့အစည်းမှ စာများနှင့်ပင် တူနေသည်။ 


[“အသုံးအဖြုန်းကြီးတဲ့ သားက အတိတ်က အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ ပြန်လာတဲ့အချိန် ကာလတစ်ခုကြာပြီးနောက်မှာ အသစ်ထွက်လာတဲ့ သစ်ရွက်လေးအဖြစ် ပြောင်းသွားပြီး အသစ်ပြန်လည် မွေးဖွားလာခဲ့တယ်...."]


[" အသုံးအဖြုန်းကြီးတဲ့သားက အိမ်ပြန်လာတာ ရွှေထက်ပိုပြီး အဖိုးတန်တယ်....အနာဂတ်မှာ အောင်မြင်မှုရရှိဖို့ သူ့အိပ်မက်တွေကို ပြန်လည်တည်ဆောက်တယ်..."]


[" လူ့အဖွဲ့အစည်းထဲ ဝင်ရောက်လာပြီး တက်တက်ကြွကြွ ကူညီပံ့ပိုးပေးတယ်..."]


[" အနာဂတ်မှာ အောင်မြင်မှုရဖို့ ရိုးရိုးသားသား ကြိုးစားတယ်...." ]


ဖုန်ရန်၏ ပါးစပ်ထောင့်များပင် ရွဲ့စောင်းကုန်ရသည်။ ဒီဆိုးဆိုးဝါးဝါးပို့စ်တွေရဲ့ နောက်ကွယ်က ဝန်ထမ်းတွေက တကယ်တော်တာပဲ။


ဤကိစ္စပြီးသွားသည့်အချိန် အင်တာနက်သုံးစွဲသူများက သွမ့်ရှူးထုံကို အပြစ်တင်ပြောဆိုရန် ပျင်းသွားကြပေပြီ။


ဒီစာက မှန်တယ်။ ထောင်သားတိုင်းက ထောင်က လွတ်လာတာနဲ့ အရင်အတိုင်းဖြစ်အောင် လုပ်နိုင်တာပဲကို ဘာလို့ သခင်လေးသွမ့်ကျမှ မလုပ်နိုင်ရမှာလဲ။ တကယ်တော့ သူက ကောင်းကင်နဲ့ လူသားမျိုးနွယ်ကို အပြစ်ပြုရလောက်အောင်ထိ သွေးထွက်သံယိုကိစ္စတွေ လုပ်ခဲ့တာမှမဟုတ်တာ။


ပြီးတော့ သခင်လေးသွမ့်က ပြောစရာရှိတာ ပြောပြီး လုပ်စရာရှိတာလုပ်တယ်။ သူက တကယ် ပုံစံပြောင်းသွားပြီး လူ့အဖွဲ့အစည်းကို အကူအညီပေးနိုင်ခဲ့တာပဲ။


အမျိုးသမီးတွေအများကြီး နွေဦးပန်းနံပါတ်၁ကို သုံးပြီးတာနဲ့ ယုံကြည်ချက်တွေ ရှိကုန်ကြလေပြီ။


သခင်လေးသွမ့်က သူ့ကို အပြစ်ပြောတာ ကြမ်းသွားလို့ နှုတ်ထွက်လိုက်တော့မယ်တဲ့ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိန်းကလေးတိုင်းက အစက်အပြောက်တွေ ကင်းနေတာ မဟုတ်ဘူးလေ။ သခင်လေးသွမ့်က အစက်အပြောက်ကင်းစေတဲ့ ထုတ်ကုန်မျိုး ထုတ်နိုင်တယ်ဆိုရင် အချို့အခြေအနေတွေအတွက် ထုတ်ကုန်တွေလည်း ထုတ်နိုင်မှာပေါ့။


တစ်စတစ်စ ပြောင်းလဲလာသည်များကို တွေ့ရသည့်အချိန် ကြော်ငြာဌာန၏ ဒါရိုက်တာက လက်အောက်ဝန်ထမ်းကို အခြားအကောင့်သုံးပြီး နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့ဆီ ပုံနှစ်ခု တင်ပြီး စာရေးခိုင်းလိုက်သည်။


[" ဇိမ်ခံကားတွေကနေ စက်ဘီးပြောင်းစီးတဲ့အထိပါလား....အသုံးအဖြုန်းကြီးတဲ့သားက အိမ်ပြန်လာတာ တကယ် ရွှေနဲ့လှဲဝယ်လို့တောင် မရနိုင်ဘူး..."]


ဤအကောင့်က မကြာခဏ ပို့စ်တင်တတ်ပြီး အသားအရေထိန်းသိမ်းရကြိုက်သည့် အမျိုးသမီးတစ်ယောက်ပုံကို အတုခိုးထား၍ မည်သူမှ သံသယဝင်ကြလိမ့်မည် မဟုတ်ပေ။


ဓာတ်ပုံနှစ်ပုံကို မြင်ကြပြီးနောက် အင်တာနက်သုံးစွဲသူများက ချက်ချင်း ကြက်လို အော်ကြတော့သည်။


ဖုန်ရန်က ပို့စ်ကို ဝင်ကြည့်လိုက်ရာ သူမရင်ဘတ်ကို ပုတ်မိသွားရသည်။


ပထမပုံက ယခင်သခင်လေးသွမ့်ပုံစံ ဆေးဆိုးထားသည့် ခေါင်းနှင့် ပြိုင်ကားအနီဘေးနား ရပ်နေသည့် ပုံဖြစ်ပြီး ဖျားယောင်းနေသည့် အငွေ့အသက်တို့ စိမ့်ထွက်နေ၍ သူ၏ ဆွဲဆောင်မှုကို ဆွဲချနေသည်။


ဒုတိယပုံက စက်ဘီးပေါ် ထိုင်နေသည့် ငယ်ငယ်ချောချော အမျိုးသားတစ်ယောက်ပုံ ဖြစ်သည်။ သူက စက်ဘီးလက်ကိုင်ကို လက်နှစ်ဖက်လုံးနှင့် ဆုပ်ကိုင်ထားပြီး မြေကြီးပေါ် ခြေတစ်ဖက်ထောက်ထားလေသည်။ ဓါတ်ပုံထဲတွင် သူက တစ်ယောက်ယောက် လှမ်းခေါ်နေသည်ကို ကြားလိုက်ရဟန် ခေါင်းအနည်းငယ် စောင်းကြည့်နေ၏။ သူ၏ မက်မွန်ပွင့်ပုံမျက်ဝန်းများက နေဝင်ရီတရော တိမ်တိုက်များနှင့်အပြိုင် နူးညံ့ပြီး တောက်ပရွှန်းလဲ့နေလေသည်။


ဖုန်ရန်က သူမ နှလုံးသားလေး အကျပ်ရိုက်သွားသလို ခံစားမိသည်။


ဒုတိယပုံက လူငယ်လေးက တကယ် ငါ့typeပဲ။


ဖုန်ရန်တင် မကပေ။ အခြားသော အင်တာနက်သုံးစွဲသူများကလည်း စက်ဘီးပေါ်က ကောင်လေးဆီမှ ဖမ်းစားခံလိုက်ရပြီး အားလုံးက ခံစားချက်အပြည့်နှင့် သက်ပြင်းချမိသည်။ သခင်လေးသွမ့်က တကယ့်ကို အရက်မူးပြီး ကားမောင်းတဲ့ကိစ္စ ပြီးကတည်းက တော်တော်ပြောင်းလဲသွားတာပဲ။


ဘာလို့ သူတို့က ပန်းချီကားတစ်ချပ်လို ချောမောလှပလွန်းတဲ့ လူငယ်လေးတစ်ယောက်ကို ရက်ရက်စက်စက် အပြစ်ပြောရတော့မှာလဲ။


"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်ဝန်းလေးတွေရှိတယ်" ဆိုသည့် အကောင့်က မည်သို့ထင်ကြေးပေးပေး မည်သူမှ သူ့ကို နားမထောင်ကြတော့ပေ။


အင်တာနက်သုံးသွဲသူများက သူတို့သဘောထားကို ပြလာကြသည် : သခင်လေးသွမ့်က သူ့ကိုသူ ပြုပြင်နေပြီ...ဒါကို နင်က ဘာလို့ ဆက်ပြီး ဝေဖန်နေသေးတာလဲ။


"ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်ဝန်းလေးတွေ ရှိတယ်" ဆိုသည့် အကောင့်ပိုင်ရှင်က မခံမရပ်နိုင်ဖြစ်လာ၍ အော်မိတော့သည် : [မိုးကောင်းကင်ကြီးတောင် စုံလုံးကန်းသွားပြီပဲ။]


ယခုထိ ဖရဲသီးစေ့စားနေသော ဖုန်ရန်က စကားမဆိုနိုင်သေးပေ။ သူမက ဤလူကို ဆက်ပြီး အာရုံမထားတော့ရန် ဆုံးဖြတ်လိုက်သည်။ နွေဦးပန်းနံပါတ်၁ကို မျှဝေပေးတာက ပိုကောင်းတယ် မဟုတ်ဘူးလား။


အင်တာနက်ပေါ်က ပြဇာတ်က ဤသို့ဤနှယ် အဆုံးသတ်သွားသည်။ အငြင်းပွားစရာ ဖြစ်ရပ်များအပြီး သွမ့်ရှူးထုံ၏ ကိစ္စလည်း ပြီးဆုံးသွားပြီဖြစ်သည်။ နောက်နောင် မည်သူမှ "အရက်မူးပြီးကားမောင်းသည်" ဆိုသည့် ပြက်လုံးမျိုး လုပ်ကြတော့မည် မဟုတ်ပေ။


သို့သော်လည်း " ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးလေးတွေရှိတယ်" ဆိုသည့် အကောင့်ပိုင်ရှင်က ရုတ်တရက် ပို့စ်အသစ်တင်လာသည်။ သူက ကိုယ်ရေးမှတ်တမ်းတစ်ခုကို ပြောထားပြီး မေးခွန်းထုတ်ချင်သည့် ပုံစံမျိုးနှင့် ဆောင်းပါးရေးထားလေသည်


[[ " နွေဦးဆောင်းဦးခန်းမရဲ့ လက်ရှိသုတေသနဒါရိုက်တာက စီးပွားရေးလောကမှာ ကျင်လည်နေတာ ဆယ်နှစ်ရှိပြီ....သူက တက္ကသိုလ်တက်တုန်းကလည်း ထူးချွန်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့တာ...ဘွဲ့ရပြီးတော့ ကုမ္ပဏီတော်တော်များများမှာ အလုပ်လုပ်ခဲ့တယ်....ဒါပေမယ့် သူက ဘယ်တစ်ခုမှာမှ ကြာကြာမမြဲခဲ့ဘူး...မင်းတို့ အကြောင်းရင်းကို ခန့်မှန်းကြည့်ကြပါလား...." ]]


ဟယ်ယွင့်၏ ကိုယ်ရေးကိုယ်တာပင် ဖော်ထုတ်ခံနေရ၍ သွမ့်ရှူးထုံက ထိုင်ကြည့်နေရုံနှင့် မဖြစ်တော့ဟု ခံစားမိသည်။ သူက မျက်ခုံးကြောတို့ကို နိမ့်ချလိုက်ရင်း ထိုအကောင့်ပိုင်ရှင်ကို ပြန်တိုက်ရန်ပြင်လိုက်ချိန် ရှီသွမ်းဆီမှ ဖုန်းခေါ်လာခဲ့သည်။


" ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးရှိတယ်ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ရှာတွေ့ပြီ....ယာ့လန်ကလူပဲ...."


သွမ့်ရှူးထုံ : ??? ဥက္ကဌရှီက အဲ့ဒီလောက် အချိန်တွေ ပေါနေတာလား...



👨‍❤️‍👨


သားအတွက် လုပ်ပေးနေတာလေ သားရယ် အချိန်တွေပေါရမှာပေါ့ 🤭