အပိုင်း ၁၄၁
Viewers 26k

Part 141


သူမ၏မျက်လုံးများ ချက်ချင်းဆိုသလိုဝိုင်းစက်သွားကာ ဝမ်ယွီအားမယုံနိုင်သည့်ပုံဖြင့် ကြည့်လာခဲ့သည်။


သူတကယ်ကြီးပုလဲဘားကိုဝယ်လိုက်တာလား…


သူမ နောင်တစ်ချိန်တွင်ပုလဲဘားသို့သွားသည့်အခါ၌ မန်နေဂျာသည် သူမအားဖျော်ရည်သာပေးမည် သို့မဟုတ် ထပ်၍ပုံကြီးချဲ့ချင်လျှင် နို့သာရတော့မည်ဟူသော ရည်ရွယ်ချက်များရှိနေသည်အား ယုံကြည်လေသည်။


ထိုအရာမှာ ဝမ်ယွီသေချာပေါက်ကိုလုပ်မည့်အရာပင်ဖြစ်သည်။


သို့သော်လည်း ယခုအချိန်တွင် သူ၏မျက်နှာမှာ အလွန်လေးနက်နေပြီး ကြည်နူးမှုအပြည့်ဖြင့်ဖြစ်နေသောကြောင့် သူမသည်လည်း အသက်သာရှူသွင်းလိုက်ကာ ဘာပြောရမှန်းမသိအောင်ဖြစ်နေတော့သည်။


ချီကျန်းကျန်း သက်ပြင်းရှည်ကြီးချလိုက်ပြီး ဝမ်ယွီ၏မျက်နှာကိုသာထိလိုက်မိတော့သည်။


သူမကိုင်ထားသည့် ဝမ်ယွီ၏မျက်နှာမှာ နာနာခံခံရှိနေပြီး ချွန်မြပြီး နက်ရှိုင်းသောမျက်နှာသွင်ပြင်နှင့် အလွန်အမင်းကိုပြီးပြည့်စုံနေသော သူ၏မျက်နှာမှာ သူမ၏လက်ဖဝါးထဲတွင်ရှိနေခဲ့၏။ ထိုမျက်နှာသည် အလွန်ကြည့်ကောင်းနေကာ သူမအားစွဲလမ်းသွားအောင်ပြုလုပ်နေခဲ့လေသည်။ သို့သော် သူမအားပို၍ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့်အရာမှာမူ ချစ်ခြင်းတရားဖြင့်ပြည့်နှက်နေသော သူ၏မျက်လုံးများပင်ဖြစ်သည်။


သူ၏ယခုလိုစူးစိုက်ကြည့်ခြင်းအားခံလိုက်ရသည့် မည်သည့်မိန်းမမဆို မူးမေ့မသွားစေနိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။


ချီကျန်းကျန်း၏နှလုံးသားတစ်ခုလုံးတွင် နွေးထွေးမှုများဖြင့်ပြည့်နှက်နေသော်လည်း သူမပြောလိုက်လေသည် " ဝမ်ယွီ ဝမ်ရှောင်ယွီ ယွီယွီ အဲ့ဒါကကလပ်ရဲ့ပြသနာမဟုတ်ဘူး… ကျွန်မကဘားကိုပြသနာလုပ်ဖို့သွားမှာမဟုတ်ဘူးလေ အဲ့ဒါကအတွဲတွေရဲ့ကိစ္စပဲလေ… ကျွန်မတို့ချစ်သူတွေ အနာဂတ်မှာလည်းအတူရှိသွားကြမှာ…"


( t/n: 闻余 ဝမ်ယွီ 闻小鱼 ဝမ်ရှောင်ယွီ 鱼鱼 ယွီယွီ - သူ၏နာမည်ပြောင်မှာ ငါးကလေးဖြစ်သည် )


သူမအနည်းငယ်ရှက်သွေးဖြာသွားပြီးနောက် ဆက်ပြောလာခဲ့သည် " ကျွန်မတို့ကသက်ဆုံးတိုင်အောင် အတူရှိသွားကြရမှာ… ဒါပေမယ့် အဲ့ဒါကကိုယ်စီရဲ့သီးသန့်နေရာလေးမရှိရတော့ဘူးလို့မဆိုလိုဘူး… ရှင်ကျွန်မအတွက်အရမ်းစိတ်လှုပ်ရှားနေရတယ်ဆိုတာသိပေမယ့် အဲ့ဒါကအရမ်းစိတ်ပူနေရ 

ဖို့မလိုအပ်ပါဘူး…"


ဥပမာအားဖြင့် သူမယနေ့နိုက်ကလပ်သို့သွားခဲ့ချိန်၌ ဝမ်ယွီသည် သက်တော်စောင့်များအား လိုရမယ်ရတွေ့ဆုံရန် ကြိုတင်မှာကြားထားခဲ့သည်။ စောစောတုန်းက ဘာဖြစ်ခဲ့သည်ကိုပင် စုံစမ်းထားခဲ့ပြီး လမ်းတွင်ဖြစ်သမျှအရာအားလုံးအား သူသိနေခဲ့သည်။


ယခုလို သူသည်ဧည်ခန်းတွင်သူမအားထိုင်စောင့်နေသကဲ့သို့ပင်ဖြစ်သည်။


ဟုတ်ပေသည်။ ချီကျန်းကျန်းက ထိုကိစ္စကြောင့် ဝမ်ယွီသူမအား ဧည့်ခန်းထဲတွင်စောင့်နေခြင်းကိုသိရှိနေခဲ့သည်။


သူက အလွန်အမင်းဂရုစိုက်လွန်းသည်…


သူမကလပ်သို့သွားခဲ့သည့်ယနေ့ညတစ်ညထဲပင်မကပေ၊ သူမတို့အတူရှိနေသည့်အချိန်အစထဲက သူသည် တဖြည်းဖြည်းချင်းယခုလိုပြုမူနေခြင်းဖြစ်သည်။ သူမသည်အရင်ကသတိမပြုမိခဲ့သော်လည်း ယနေ့ညအခြေအနေများပိုဆိုးလာသည့် အချိန်၌ သူမအရာအားလုံးအား တစ်ချိန်ထဲခံစားလိုက်ရခြင်းပင်ဖြစ်သည်။


ဝမ်ယွီ စကားတစ်ခွန်းမျှမဆိုခဲ့ဘဲ သူမ၏မျက်လုံးများကိုသာကြည့်နေခဲ့လေသည်။


ထိုမျက်လုံးဝိုင်းဝိုင်းတစ်စုံမှာ သလင်းကျောက်များကဲ့သို့ အလွန်လှပလေသည်။ သူမပြုံးလိုက်ချိန်တွင် သူမ၏မျက်ခုံးလေးများက ‌ကွေးသွားခဲ့ပြီး သူမ၏ဝိုင်းစက်နေသော မျက်လုံးများမှာ လခြမ်းကွေးလေးများကဲ့သို့ဖြစ်သွားတော့သည်။ ထိုအရာမှာ သူ့ကိုရူးသွပ်စေကာ သူအား တစ်သက်လုံး မည်သည့်အချိန်မှာမှ ခွဲမသွားနိုင်အောင်ပြုလုပ်နေခဲ့သည်။


ထို့အတူ ထိုမျက်လုံးများမှ သူ့ကိုသာကြည့်နေခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်းဟူ၍ထင်မိသည်အထိပင် တပ်မက်နေခဲ့ရသည်။


" ရှင်ကျွန်မပြောတာ နားလည်လား…" ချီကျန်းကျန်းသည် လေးနက်သည့်ပုံစံဖြင့် မေးနေခဲ့သည်။


ဝမ်ယွီ၏ပါးစပ်ထောင့်လေးမှ ဖြည်းညှင်းစွာမြင့်တက်သွားကာ ပြုံးလိုက်ပြီးနောက် ခေါင်းငြိမ့်လာခဲ့သည် " နားလည်ပါပြီ… နောက်ဆို ကိုယ်ပိုပြီး သတိထားပါမယ်…"


သူမသည် သူ၏မျက်နှာအားကိုင်ထားဆဲဖြစ်သောကြောင့် သူခေါင်းငြိမ့်လိုက်ချိန်တွင် သူမ၏လက်ပါ သူနှင့်အတူလိုက်ပါသွားလေသည်။


ချီကျန်းကျန်းတောက်ပစွာပြုံးလိုက်ကာ ခေါင်းအားနိမ့်၍ ဝမ်ယွီ၏လည်ပင်းပေါ်သို့နမ်းလိုက်လေသည်။


" ကောင်းတာပေါ့… ကျွန်မရှင့်ကိုအရမ်းသဘောကျတာပဲ…" အားး ဒီလိုနာခံမှုရှိပြီး ကျိုးကြောင်းဆီလျော်တဲ့ နတ်ဘုရားလေး …


" ကိုယ်လဲမင်းကိုသဘောကျပါတယ်…" ဝမ်ယွီသူမအားတင်းကြပ်စွာဖက်လိုက်တော့သည်။


ချီကျန်းကျန်းသူ၏ရင်ခွင်ထဲသို့ထိုးကျသွားကာ သူ့အားပွတ်သပ်နေခဲ့ပြီး သူမ၏အသံမှာချိုမြနေခဲ့သည် " အိုက်ယားး ကျွန်မကအတော်ကံကောင်းတာပဲနော်… ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ကောင်လေးကိုရထားတာပါလိမ့်… ဒီလိုရည်းစားလေး ဒီလိုနတ်ဘုရား ရှင့်ကိုစိတ်ဆိုးရတဲ့အချိန်တိုင်း ကျွန်မကိုယ်ကျွန်မသာရိုက်ပစ်လိုက်ချင်တော့တယ်.."


" မလုပ်ရပါဘူး…"


" ဘာကိုလဲ…" ချီကျန်းကျန်းထိတ်လန့်သွားပြီး သူ့အားကြည့်လာခဲ့သည်။


ဝမ်ယွီ၏အမူအယာမှာအလွန်လေးနက်နေပြီး " မင်းစိတ်တိုတဲ့အချိန်ကျရင် ကိုယ့်ကိုကိုယ်မရိုက်ရဘူးနော်.. ကိုယ်အဲ့ဒါဆိုမခံစားနိုင်ဘူး…"


ချီကျန်းကျန်း : "...."


ခဏအကြာတွင် သူမအကျယ်ကြီးအော်ရီမိတော့သည် " ဟား ဟား ဟား ဟား…"


သူမအစာအိမ်များနာလာသည်အထိကို ရီမိနေတော့သည်။


သူကဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ…


ချီကျန်းကျန်း၏အသက်ရှုသံ ပုံမှန်ပြန်ဖြစ်ပြီးသွားပြီးနောက် ဝမ်ယွီသူ၏မျက်လုံးများအားဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။


သူ၏လက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော သူ့ရင်ခွင်ထဲရှိမိန်းကလေးအားကြည့်လိုက်လေသည်။ အခန်းထဲရှိမီးမှာ အလွန်မှိန်ပြနေခဲ့သော်လည်း ထိုမီးရောင်ဖြင့်ပင် သူ၏ရင်ခွင်ထဲ၌သံသယကင်းစွာအိပ်ပျော်နေသောမိန်းကလေးအား မြင်နိုင်ပေသည်။


ဝမ်ယွီ၏မျက်ခုံးများပြေလျော့သွားကာ သူ၏အသံမှာနူးညံ့နေပြီး " ကျန်းကျန်း တကယ်တေ့ာ ကိုယ်မနားလည်ခဲ့ပါဘူးကွာ…"


ထိုစကားကြောင့် သူ့မျက်လုံးများ မှောင်မဲသွားကာ ကြောက်စရာကောင်းသော တဟုန်းဟုန်းတောက်နေသည့် စိတ်ဆန္ဒများ ဖုံးကွယ်နေသည့်ပုံပင်။


ဧည့်ခင်းထဲတွင် ချီကျန်းကျန်းသည် သူ့အား နားလည်လားဟူ၍မေးခဲ့သည်။


သူသည်နားလည်ပါသည်ဟုပြန်ဖြေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူဘာပြောလျှင် သူမပျော်နိုင်သည်အား သိနေခဲ့လို့ပင်။


ထို့အတူ သူသည် သူမပျော်ရွှင်နေသည်ကိုသာလိုလားခဲ့သည်…


တကယ်တမ်းမှာတော့ သူသဘောမပေါက်ခဲ့သလို နားလည်းမလည်ခဲ့ချေ။


အဘယ့်ကြောင့် သူတို့နှစ်ဦးကြားတွင် သီးသန့်နေရာလိုအပ်ရသည်လဲ၊ အဘယ့်ကြောင့် သူမက သူ မပါသည့် နေရာတစ်ခု‌လိုချင်နေရသလဲ…


သူသည် သူမ၏အကြောင်းများအား အရာအားလုံးသိချင်ခဲ့သည်။ အချိန်တိုင်းတွင် သူမဘာလုပ်မည်အား သိချင်နေခဲ့ပြီး သူမ သူ၏အထိန်းအချုပ်မရှိသည့်နေရာတွင် အနည်းငယ်မျှထိခိုက်သွားနိုင်မည်ကိုပင် သူကြောက်နေခဲ့ရသည်။


" မင်းကဘာလို့များကိုယ်နဲ့ကွာဝေးတဲ့နေရာတစ်ခုလိုချင်ရတာလဲကွာ…" ဝမ်ယွီနှုတ်ခမ်းကိုကိုက်မိတော့သည်။


ည၏အမှောင်ထဲတွင် ချီကျန်းကျန်းသည် အိပ်မော‌ကျနေကာ သဘာဝကျစွာပင် သူမပြန်ဖြေနိုင်ခြင်းမရှိခဲ့ချေ။


သူသည် သူမအနားသို့ ဖြည်းညှင်းစွာတိုးကပ်လိုက်ကာ သူမ၏နဖူးပေါ်သို့ အချစ်နှင့်မထိန်းချုပ်နိုင်တော့တောက်လောင်ခြင်းများပါဝင်နေသည့် အနမ်းတစ်ခုပေးလိုက်လေသည်။


သူတို့နှစ်ဦးလုံး မနက်စာစားရန်အောက်သို့ဆင်းလာခဲ့သည်။


မနက်စာစားပြီးသည့်နောက်တွင် ဝမ်ယွီက သာမာန်ထသွားထလာအဝတ်အစားများကိုသာဝတ်ဆင်ထားပြီး အလုပ်သို့သွားရန် သိသိသာသာကို မရည်ရွယ်ထားသည့်ပုံပင်။


ချီကျန်းကျန်းအနည်းငယ်အံ့ဩသွားပြီး " ရှင်ဒီနေ့အလုပ်မသွားရဘူးလား…"


" ဟင့်အင်း ကိုယ်ဒီနေ့အိမ်ကနေအလုပ်လုပ်မှာ…" ဝမ်ယွီ သူမအားအပြုံးဖျော့ဖျော့တစ်ခုပေးရင်း ဖြေလိုက်လေသည်။


သူပြုံးလိုက်သည်နှင့် တပြိုင်နက် ချီကျန်းကျန်းမှာ မှင်တက်သွားရကာ သူမလှည့်ပတ်‌ပြေးရန် လမ်းစရှာမတွေ့တော့ပေ။


သောက်ကျိုးနည်း… ဒါကြီးကချောလွန်းအားကြီးတယ်…


ထိုကဲ့သို့ချောမောသည့်လူအား ချစ်သူရည်းစားအဖြစ်ရထားသည့်အတွက် ချီကျန်းကျန်း၏နှလုံးသားထဲတွင် ချိုမြိန်မှုများပြည့်နေတော့သည်။ သို့သော် ဒီရက်ပိုင်းတွင် သူအဘယ်ကြောင့်အလုပ်များနေပြီး ကုမ္ပဏီသို့မသွားပဲရှိနေသည်ကိုတော့ သူမမသိခဲ့ပေ။


ထမင်းစားပြီးနောက် သူတို့နှစ်ဦးလုံး စာကြည့်ခန်းထဲတွင် တူညီနေသည့်ပုံစံဖြင့် စားပွဲရှည်ကြီးတွင်ထိုင်ကာ ကိုယ်စီအလုပ်များဖြင့်ရှုပ်နေခဲ့သည်။ သို့သော်လည်း သူတို့ကြည့်လိုက်‌လျှင်တော့ တစ်ယောက်ကိုတစ်ယောက်မြင်နိုင်နေသေးသည်။


ချီကျန်းကျန်းတစ်ယောက် ဘာသာပြန်သည့်အလုပ်များလုပ်နေခဲ့ပြီး ထိုအလုပ်တွင် သူမအားအတော်လေးဒုက္ခပေးနေသော အဆင့်မြင့်အသုံးအနှုန်းများစွာပါဝင်နေသောကြောင့် သူမအဘိဓာန်အား မကြာခဏကြည့်နေရပြီး အင်တာနက်ပေါ်မှစာလုံးများအားလည်း ရံဖန်ရံခါဆိုသလိုရှာဖွေနေရလေသည်။


ဝမ်ယွီသည်လည်း သိသိသာသာကိုအလုပ်ရှူပ်နေပြီး ကုမ္ပဏီတွင် ကိစ္စများစွာရှိနေခဲ့သည်။


ဝမ်မိသားစုအားဖျက်ဆီးလိုက်ပြီးနောက် ယုတင်း၏လမ်းကြောင်းအား တိုးချဲ့ခဲ့လေသည်။ ယုတင်းနှင့် ဝမ်မိသားစု၏လမ်းကြောင်းမှာ အနည်းငယ်ထပ်နေခဲ့သောကြောင့် ဝမ်မိသားစုပြိုကွဲသွားချိန်တွင် သဘာဝကျစွာပင် သူတို့သည် ဝမ်မိသားစု၏ဈေးကွက်အားရယူနိုင်ရန်အတွက် မြန်နိုင်သမျှမြန်အောင် လုပ်နေခဲ့ရသည်။


ဝမ်ယွီသည် ရေတိုကိုသာကြည့်သည့်သူမဟုတ်ပေ။ သူသည်ကျန်းယဲ့အား ပိုက်ဆံအလကား‌ပေးနေခြင်းမဟုတ်‌ပါ။ အဘယ့်ကြောင့်ဆိုသော် ဝမ်မိသားစုအားသိမ်းယူပြီးနောက် သူသည် ဝမ်မိသားစုပိုင်လမ်းကြောင်းများအား အခမဲ့ကူညီချင်ခဲ့သည်။


သူ၏လက်စားချေမှုအနေနဲ့ ဝမ်မိသားစုကျဆုံးသွားခဲ့ရသော်လည်း တစ်ချိန်ထဲမှာပင် ကုမ္ပဏီသည် ဝမ်မိသားစု၏ဈေးကွက်များအား အရသိမ်းနိုင်မည့် ပရောဂျက်များကို အချိန်ယူကာပြင်ဆင်ထားခဲ့သည်။ ပိုက်ကွန်မှလွတ်သွားခဲ့သည့် ငါးတစ်ချို့ကတော့ ကျန်သည့်ကုမ္ပဏီများအား  စားစေလိုက်မည်ဖြစ်သည်။


အသိုင်းအဝိုင်းမှ လူတိုင်းသည်သူ့အား နှလုံးသားကင်းမဲ့ကာ ရက်စက်သောကြောင့်အပြစ်တင်ခဲ့ကြသည်။ သူသည် သူ၏ဖခင်ရင်းကိုပင် အဆိပ်ပြင်းကာ ရက်စက်စွာလက်စားချေခဲ့သည်ဟုဆိုနိုင်သော်လည်း အပိုဆောင်းရလျှင်တော့ သူသည် အတော်လေးဆွဲဆောင်နိုင်သည့် ကိတ်မုန့်တုံးကြီးအား စားလိုက်ခြင်းပင်ဖြစ်သည်။


ထို့ကြောင့် ယခုရက်ပိုင်းတွင်အချို့သောကုမ္ပဏီများပူးပေါင်းကာ သူ့အား ပြသနာများစွာဖန်တီးပေးနေကြသည်။


မည်သို့ပင်ဆိုစေကာမူ သူက ကြောက်လန့်နေမည်မဟုတ်ပေ။ ထိုအရာမှာ ဖြစ်လာရမည့်ကိစ္စပင်ဖြစ်သည်။ ယုတင်းစတင်ပြီးသည့်နောက်တွင် ထိုကဲ့သို့သောပြသနာများအား သူမည်မျှပင်ကြုံခဲ့ရကြောင်းကို မသိနိုင်တော့ပေ။ အနည်းငယ်‌အလုပ်များနေသည်မှလွဲ၍ သူနှင့်ကုမ္ပဏီ၏အကြီးတန်းစီမံခန့်ခွဲရေးဌာနမှာအတော်လေးဖြောင့်ဖြူးနေခဲ့လေသည်။


xxxxxxx