Chapter 7
Viewers 112

Volume 1 (သေမျိုးနယ်မြေ ၀၀၇)


Chapter 7 (ငါအသက်ရှင်ချင်တယ်)

"ဝမ်းရှောက်…" လီယိဖေးတို့သုံးယောက်သား ရင်းနှီးသောအသံကို ကြားလိုက်သောအခါတွင် တညီတညွတ်တည်းအော်လိုက်ကြသည်။

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝမ်းရှောက်ထွက်သွားသော လမ်းကြားဆီသို့ ပြေးသွားကြသည်။

လင်ချီးယဲ့သည် အမှောင်လမ်းကို မျက်မှောင်ကြုတ်ကာ တစ်နေရာတည်းတွင် ရပ်နေပြီး သူ့အမူအရာမှာ အနည်းငယ် တည်ကြည်နေသည်။

အဖြစ်အပျက်ကို သူမသိသော်လည်း သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။

မြို့ဟောင်းအပြင်ဘက်မှာ လူငါးယောက်၊ စိတ္တဇလူသတ်သမား၊ ထူးထူးဆန်းဆန်းပုပ်စော်အနံ့၊ အော်ဟစ်သံ…

တစ်ခုခုတော့မှားနေပြီ။

သူ ခဏတာ တုံ့ဆိုင်းသွားပြီး စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုများ လုပ်ပြီးနောက် ကူကယ်ရာမဲ့ သက်ပြင်းချကာ နောက်ဆုံးတွင် သူ့လက်ထဲက လမ်းပြတုတ်ကို ကိုင်ပြီး လမ်းကြားဆီသို့ ပြေးသွားသည်။

သာမာန်နေ့သာဆိုလျှင် လင်ချီးယဲ့သည် ထိုသို့သောအခြေအနေမျိုးတွင် မည်သည့်အခါမှ သွား၍ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ထို့အစား သူက တတ်နိုင်သလောက် ဆန့်ကျင်ဘက်ကို ပြေးသွားလိမ့်မည်။

လူတိုင်း အော်ဟစ်နေတာကြောင့် ဒါက ကောင်းသောကိစ္စမဟုတ်တာ သေချာပါသည်။

ကောင်းသောကိစ္စမဟုတ်တာကြောင့် ပြဿနာဖြစ်တယ်လို့ ဆိုလိုသည်။ 

လုယက်မှု၊ လူသတ်မှု၊ သို့မဟုတ် လူသတ်မှုတစ်ခု၏ မြင်ကွင်းကို မျက်မြင်တွေ့ခြင်း ... ၎င်းတို့ထဲက တစ်ခုနဲ့မျှ လင်ချီးယဲ့ မပတ်သက်ချင်ပါ။
 
သူသည် ဘာတွေဖြစ်နေလဲဆိုတာ မသိချင်သလို ပြင်းပြင်းထန်ထန် စူးစမ်းလိုစိတ်လည်း မရှိဘူး။ သူသည် သူရဲကောင်းမဖြစ်ချင်သလို စာနာစိတ်အပြည့်ရှိနေသူလည်း မဟုတ်ဘူး။

အရေးကြီးဆုံးအရာက သူ ဘယ်လိုတိုက်ခိုက်ရမလဲ မသိသောကြောင့် သူ့အသက်ဆုံးရှုံးသွားလျှင် ဘယ်လိုလုပ်မည်နည်း။

သို့သော် လက်ရှိအခြေအနေက မတူဘူး။

သူတို့သည် အစပြု၍ လင်ချီးယဲ့ကို အိမ်ပြန်လိုက်မပို့ပေးပါက ဝမ်းရှောက်သည် တခြားလမ်းကနေ အိမ်ပြန်သွားပေမည်။ ဒါမှမဟုတ် မိနစ်အနည်းငယ်စော၍ အိမ်ပြန်ရောက်ကာ ဤအခြေအနေမျိုး ဖြစ်လာမည်မဟုတ်ပေ။

သူသည် စပ်စုရတာ တကယ်မကြိုက်ပေမယ့် အကြွေးတင်နေတာကို ပိုလို့တောင်မကြိုက်ဘူး။

မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ သူသည် ဖြစ်ပျက်ခဲ့တာကို ကြည့်ရှုပြီး သူအကောင်းဆုံးလုပ်ဆောင်မည်။ သူ အန္တရာယ်တစ်ခုခု ကြုံလာရလျှင် ထွက်ပြေးရုံသာရှိသည်။

လင်ချီးယဲ့သည် သူ့မျက်လုံးများကို အုပ်ထားပေမယ့် သူ့အရှိန်က လုံးဝမနှေးဘူး။ အော်သံထွက်လာသောနေရာကို သူနီးလာလေလေ သူ့မျက်ခုံးများ ပိုတင်းကျပ်လာလေလေဖြစ်သည်။

အနံ့က ပို၍ပို၍ပြင်းလာသည်။

"အား…"

အရှေ့ဘက်ထောင့်မှ ဒုတိယအော်သံ ထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင် အမျိုးသမီးအသံဖြစ်သည်။

ကျန်ချန့်ပဲ။

လင်ချီးယဲ့သည် လမ်းထောင့်တွင် ရုတ်တရက် ရပ်လိုက်ပြီး ကျန်ချန့်တို့သုံးယောက်သည် သူ၏စိတ်အာရုံခံစားမှု အကွာအဝေးအတွင်း ပေါ်လာသည်။

သူ့ရှေ့နှင့် မဝေးတော့သောနေရာတွင် ကျန်ချန့်သည် မြေပြင်ပေါ်မှာ လဲကျနေပြီး သူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ထိတ်လန့်စွာ ရှေ့ကို လှမ်းကြည့်လိုက်ရာ သူမတစ်ကိုယ်လုံး တုန်ယင်နေသည်။

သူမရှေ့တွင် လျှိုယွမ်နှင် လီယိဖေးတို့သည် ကျောက်ပန်းပုရုပ်တုများကဲ့သို့ အေးခဲနေပြီး ရှေ့တည့်တည့်ကို စိုက်ကြည့်နေသော မျက်လုံးများသည်လည်း တုန်ယင်နေသည်။

ဘယ်လောက်ပဲ ဝေးနေပါစေ… လင်ချီးယဲ့သည် ၎င်းကို အာရုံခံစားလို့မရတော့ဘူး။

သူ့မျက်လုံးများကို မဖွင့်နိုင်သောကြောင့် သူ့ကိုယ်ပိုင်အမြင်အာရုံဖြင့် ကမ္ဘာကြီးကို မမြင်နိုင်သလို သူ့စိတ်အာရုံခံစားမှု၏ အကွာအဝေးက ဆယ်မီတာပဲရှိတာကြောင့် ဒါက အလွန်ရှက်စရာကောင်းသော အခြေအနေကို ဖန်တီးနေသည်။

ဆယ်မီတာအတွင်း အရာအားလုံးကို သူမြင်နိုင်ပြီး ဆယ်မီတာအကွာတွင် သူသည် တကယ့်မျက်မမြင်တစ်ယောက်ဖြစ်သည်။

ကျန်ချန့်တို့သုံးယောက်က ဒီလိုထိတ်လန့်သွားတာ ဘာကိုမြင်လိုက်လို့လဲ။

သူမမြင်နိုင်သော်လည်း သူ့အကြားအာရုံသည် အလွန်တုံ့ပြန်နိုင်သည်။ သူသည် မဝေးသောနေရာမှ အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို ဝါးစားနေသလိုမျိုး မြိန်ရေရှက်ရေ အားရပါးရ ဝါးမြိုနေသည်။

အင်း… ရှောင်ဟေးက အရိုးကိုက်နေသလို အသံနဲ့ဆင်တူသည်။

"ဘာဖြစ်တာလဲ။" လင်ချီးယဲ့က အသံတိုးတိုးဖြင့် မေးလိုက်သည်။

ကျန်ချန့်သည် လင်ချီးယဲ့၏အသွင်အပြင်ကြောင့် ထိတ်လန့်သွားပုံရကာ သူမသည် ထိတ်လန့်တကြားဖြင့် သူမအဝတ်စကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သွားများ တဆတ်ဆတ် တုန်နေသည်။

"မကောင်းဆိုးဝါး… မကောင်းဆိုးဝါးက ဝမ်းရှောက်ရဲ့မျက်နှာကို ကိုက်စားနေတယ်!"

လင်ချီးယဲ့၏အမူအရာ ချက်ချင်းပြောင်းသွားသည်။

"ပြေးတော့။"

လင်ချီးယဲ့နှင့် လီယိဖေးတို့က တစ်ချိန်တည်းတွင် အော်ပြောလိုက်သည်။

စကားထွက်လာသည်နှင့် တစ်ပြိုင်နက် လျှိုယွမ်သည် ရူးသွပ်သွားသော ခွေးရိုင်းတစ်ကောင်လိုပင် နောက်ပြန်လှည့်ကာ အသည်းအသန် ပြေးသွားသည်။ လင်ချီးယဲ့၏ပခုံးကို တိုက်မိပြီးနောက် ယိမ်းယိုင်သွားပြီး သူသည် အလျင်အမြန် ပြန်ထကာ ပြင်းပြင်းထန်ထန် ပြေးသွားလေသည်။

"မကောင်းဆိုးဝါး… ကယ်ပါဦး။ လာကြပါဦး။ မကောင်းဆိုးဝါး။" သူသည် ပြေးရင်း ကျယ်လောင်စွာ အော်လိုက်သည်။

လင်ချီးယဲ့သည် ရုတ်တရက် ဝင်တိုက်မှုကြောင့် သတိလက်လွှတ်ဖြစ်ကာ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်နှင့် ခပ်လှမ်းလှမ်းတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

မြေပြင်ကို ဆောင့်နင်းနေသော ဝက်ဝံညိုကဲ့သို့ သူ့ဆီပြေးလာလေသည်။

ကျန်ချန့်၏မျက်လုံးအိမ်များသည် ရုတ်တရတ် ကျုံ့သွားကာ ခွန်အားဘယ်ကရလာမှန်းမသိဘဲ သူမသည် လျှပ်စီးလက်သလို မြေပြင်မှ ထကာ အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သည်။

လီယိဖေးအတွက်ကတော့… 'ပြေးတော့' ဟူသော စကားလုံးကို အော်ပြောပြီးနောက် လင်ချီးယဲ့ကို တိုက်မိသွားသော လျှိုယွမ်ထက်ပင် ပိုမြန်လေသည်။

လျှိုယွမ်သာ အခုလေးတင် လင်ချီးယဲ့ကို ဝင်မတိုက်ခဲ့ပါက သူသည် အဝေးကို ထွက်ပြေးသွားတာ ကြာလှပြီ။

သို့သော် ဤမျှ တဒင်္ဂနှောင့်နှေးမှုနှင့်အတူ သူသည် ကျန်ချန့်ကဲ့သို့ပင် နေရာတွင်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် လူတိုင်းသည် 'မသန်စွမ်း' လူတစ်ယောက်အနေဖြင့် လင်ချီးယဲ့၏အခြေအနေကို မေ့သွားပုံရသည်။ သူ့ကို အိမ်ပြန်လိုက်ပို့ပေးမည် ကတိပြုထားသော အတန်းဖော်များက သူ့ကို လုံးဝမေ့သွားကြသည်။

သူတို့ရှေ့က ဤကဲ့သို့သွေးသံတရဲရဲနှင့် ကြောက်စရာကောင်းသောမြင်ကွင်းကို ရင်ဆိုင်ရသောအခါ ကြောက်ရွံ့မှုက သူတို့စိတ်ထဲကို သိမ်းပိုက်ထားခဲ့သည်။

လင်ချီးယဲ့သည် သူ့စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။

ယခုအချိန်မှာ ထိုအရာများကို စိတ်ပူဖို့ အချိန်မရှိပေ။ လင်ချီးယဲ့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သောအခါ သူ၏စိတ်အာရုံခံစားမှုမှ ဆယ်မီတာအတွင်း တစ်စုံတစ်ခု ပြုတ်ကျသွားခဲ့သည်။

ထိုအရာက လူနှင့်တူသော်လည်း လူကဲ့သို့မဟုတ်ချေ။

ခြေလက်အင်္ဂါနှင့် ဦးခေါင်းသည် လူနှင့်တူသောကြောင့် လူဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင် လူသားမဟုတ်သော တောရိုင်းခွေးတစ်ကောင်ကဲ့သို့ ခြေလက်လေးချောင်းလုံးသည် မြေပြင်ပေါ်တွင် ပြေးလွှားနေကာ ၎င်း၏ခန္ဓာကိုယ်က ဝက်ဝံညိုကဲ့သို့ ထွားကျိုင်းနေသည်။

အရေးကြီးဆုံးမှာ ၎င်း၏ခေါင်းပေါ်တွင် ရှုံ့မဲ့နေသောမျက်နှာရှိသည်။

ဖြူဖျော့ကာ တွန့်လိမ်နေသည်။

ရှည်လျားပြီး နီမြန်းသောလျှာသည် ရှည်လျားသော မြွေတစ်ကောင်နှင့်တူပြီး ပါးစပ်မှ မီတာဝက်ခန့် ဆန့်ကာ ပျော့ပြောင်းစွာ တွန့်လိမ်နေသည်။

လင်ချီးယဲ့၏ မျက်နှာသည် ရုတ်တရက် ရုပ်ဆိုးသွားသည်။

၎င်း၏အရှိန်က အလွန်မြန်ကာ ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ၎င်းသည် ဆယ်မီတာအကွာမှ သူ၏စိတ်အာရုံခံစားမှုအကွာအဝေးသို့ ပျံသန်းသွားကာ အံ့အားသင့်ဖွယ်အရှိန်ဖြင့် သူ့ဆီ ချဉ်းကပ်နေဆဲဖြစ်သည်။

ကမ္ဘာ့အပြေးချန်ပီယံ လာမည်ဆိုလျှင်ပင် သူသေချာပေါက် ပြေးနိုင်မည်မဟုတ်ကြောင်း လင်ချီးယဲ့ ယုံကြည်သည်။

လင်ချီးယဲ့သည် သူ့စိတ်ထဲတွင် ဒီနေရာမှ လမ်းကြား၏အပြင်ဘက်အကွာအဝေးကို တွက်ချက်ပြီး ရုတ်တရက် ရင်ထဲနစ်မြုပ်သွားသည်။

သူတို့နှစ်ယောက်ကြားက အရှိန်ကွာဟချက်ကြောင့် သူ ဒီလမ်းကြားထဲက မထွက်နိုင်ဘဲ ဖမ်းမိသွားလိမ့်မည်။

တခြားဘာလုပ်ရမလဲ...

လင်ချီးယဲ့၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး အနီးနားရှိ အရာဝတ္တုများအားလုံးကို အာရုံခံကာ သူ့နောက်ကွယ်ရှိ မကောင်းဆိုးဝါးကို ပိတ်ဆို့ရန် တစ်ခုခုကို အသုံးပြုလိုနေသည်။

ရုတ်တရက် သူ့စိတ်အာရုံခံစားမှုသည် ကျန်ချန့်အနောက်က ကျောင်းလွယ်အိတ်ပေါ် ကျသွားသည်။

"ကျောင်းလွယ်အိတ်နဲ့ ရိုက်လိုက်။ ပစ်ပေါက်လိုက်။" လင်ချီးယဲ့က အော်လိုက်သည်။

လင်ချီးယဲ့၏ဘေးတွင်ရှိသော ကျန်ချန့်သည် ထိတ်လန့်သွားပြီး သူမ၏မျက်လုံးများက အေးစက်သောအလင်းရောင်များဖြင့် တောက်ပလာကာ အော်ဟစ်ရင်း ကျောင်းလွယ်အိတ်ကို ဆွဲချွတ်လိုက်သည်...

လင်ချီးယဲ့အား ရိုက်ပုတ်လိုက်သည်။

လင်ချီးယဲ့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားသည်။

ကျန်ချန့်က သူ့ကို တိုက်ခိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

လင်ချီးယဲ့ တုံ့ပြန်လိုက်သောအခါ ကျောင်းလွယ်အိတ်က သူ့ရင်ဘတ်ပေါ် လေးလံစွာ ပြုတ်ကျလာသည်။

စိတ်အာရုံခံစားမှုဖြင့် လင်ချီးယဲ့သည် ကျန်ချန့်၏အမူအရာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

သူမ၏မျက်နှာသည် အလွန်ဖြူဖျော့နေပြီး ကြောက်ရွံ့နေသော ယုန်တစ်ကောင်ကဲ့သို့ သူမ၏မျက်နှာသည် ထိတ်လန့်မှုအပြည့်ရှိသော်လည်း သူမ၏မျက်လုံးများသည် မကြုံစဖူး ရက်စက်ကြမ်းကြုတ်မှုရှိနေပါသည်။

"နင်က အတန်းဖော် လင်ချီးယဲ့မလား။ နင့်ထိုင်ခုံက အဲဒီမှာ အဆင်သင့်ပဲ"

"ကျောင်းသား လင်ချီးယဲ့၊ ငါက ကျန်ချန့်ပါ၊ ဒီအတန်းရဲ့ အတန်းခေါင်းဆောင်ပါ။ နင် တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုခေါ်လို့ရတယ်"

"ငါတို့ကို အထင်ကြီးစေဆုံးအရာက နင့်ဒေါ်လေးပဲ၊ အဲဒီနေ့က ကြက်ဥတောင်းတစ်လုံးနဲ့ ဒီမှာရပ်ပြီး ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြက်ဉတွေ ဝေပေးတယ်။ နင့်ကို ဂရုစိုက်ပေးပါဆိုပြီးတော့…"

"နင့်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်လို့ ငါတို့ နင့်ဒေါ်လေးကို ကတိပေးခဲ့ပြီး ငါတို့ သေချာပေါက်လုပ်ရမှာပေါ့"

"…"

ယခုအချိန်တွင် ရှက်တတ်ပြီး ကြင်နာတတ်သော အတန်းခေါင်းဆောင်သည် ဒေါသူပုန်ထနေသော နတ်ဆိုးတစ်ကောင် ဖြစ်လာပုံရသည်။

သူမက လင်ချီးယဲ့ကို အပြစ်ရှိသလို၊ ရူးသွပ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့်သာ ကြည့်နေသည်...

ဟုတ်တယ်၊ ငါက အတန်းခေါင်းဆောင်ပဲ။

အနာဂတ်မှာ နင့်ကို ပိုကူညီမယ်လို့ ငါပြောခဲ့တယ်။

နင့်ဒေါ်လေးကို နင့်ကို ဂရုစိုက်ပေးမယ်လို့ ငါကတိပေးခဲ့တယ်။

ငါ နင့်ကို မေးခွန်းတွေဖြေတတ်အောင် သင်ပေးနိုင်တယ်၊ နင့်ကို အိမ်ပြန်ခေါ်သွားပေးနိုင်တယ်၊ နင့်အတွက် ချက်ပြုတ်ပေးဖို့ ကူညီပေးနိုင်တယ်… ဒါတွေအားလုံး အဆင်ပြေတယ်။

ဒါပေမယ့် အခုတော့…

ငါအသက်ရှင်ချင်တယ်။

ဒါကြောင့်…

နင်သွားသေလိုက်တော့။

ထိုအချိန်တွင် အချိန်သည် ရပ်တန့်နေပုံရပြီး လင်ချီးယဲ့သည် ကျန်ချန့်၏မျက်လုံးများကို ကြည့်ကာ မျက်လုံးများက ညကကဲ့သို့ အေးစက်ပြီးနက်ရှိုင်းလာသည်။

အိတ်တစ်လုံးပစ်ချတာက မကောင်းဆိုးဝါးတစ်ကောင်ကို စက္ကန့်အနည်းငယ်ကြာအောင် မရပ်တန့်နိုင်သော်လည်း လူတစ်ဦးဆီ ပစ်ချလိုက်ပါက... အသက်ရှင်ရန် အခွင့်အလမ်းပိုရပါသည်။

ဒါက ကျန်ချန့်၏ ရွေးချယ်မှုဖြစ်သည်။

ကျောင်းလွယ်အိတ်က မလေးသလို ရွှေ့လျားစွမ်းအင်က မကြီးမားပေမယ့် သတိလက်လွှတ်ဖြစ်နေသောကြောင့် လဲကျအောင် လင်ချီးယဲ့ အရိုက်ခံလိုက်ရသည်။

သူ့နောက်တွင် လျင်မြန်စွာ ချဉ်းကပ်လာသော မကောင်းဆိုးဝါးသည် ခုန်တက်လာပြီး နောက်ဆုံးတွင်ကျန်နေသော လင်ချီးယဲ့ဆီသို့ ပြေးသွားခဲ့သည်။

အလင်းရောင်နှင့် ကျောက်တုံးများကြားတွင် လင်ချီးယဲ့ ပြုံးလိုက်သည်။

သူက အေးစက်စွာ ပြုံးလိုက်သည်။

သူ့နောက်ကျောသည် မျက်လုံးများရှိသကဲ့သို့ မကောင်းဆိုးဝါး၏ လမ်းကြောင်းကို မျှော်မှန်းကာ ထိုင်ချလိုက်ပြီး မကောင်းဆိုးဝါး၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့လက်ထဲမှာကိုင်ထားသည့် လမ်းပြတုတ်က လျှပ်စီးလက်သလို ရှေ့ကို လွင့်ထွက်သွားပြီး တုတ်ထိပ်က ကျန်ချန့်၏ ခြေကျင်းဝတ်ကို ရိုက်မိသွားသည်။

ကျန်ချန့်သည် အော်ဟစ်ပြီး သူမ၏ဆွဲငင်အား အလယ်ဗဟိုမှာ ပြုတ်ကျပြီး မြေပြင်ပေါ် လဲကျသွားသည်။

လေးလံသော အရိပ်တစ်ခု ရုတ်တရက် ပြုတ်ကျလာပြီး သူမကို ထိမှန်သွားသည်...

နောက်အခိုက်အတန့်မှာတော့ ညက သွေးများဖြင့် နီရဲလာသည်။


TK Team (Chapter 7)