Part 143
သေချာတာပေါ့ သူမအားတော့ထည့်ထားမည်မဟုတ်ချေ။
ဝမ်ယွီမှာမူ အလွန်အမင်းအံ့ဩသွားခဲ့ရ၏။
ချီကျန်းကျန်းဆက်လက်မာန်ဖီနေခဲ့ပြီး " ကျွန်မသူဌေးတွေကိုမုန်းတယ်…"
သူသည် သူမလိုဆင်းရဲသားလေးအား ဘယ်လိုတောင် မရေတွက်နိုင်သည့် နံပါတ်များပြရဲသည်နည်း…
အရမ်းစိတ်တိုဖို့ကောင်းတာပဲ…
ဝမ်ယွီသည် အလျှင်အမြန်ပြန်ပြောလိုက်ရတော့သည် " မဟုတ်ပါဘူး ကိုယ်အဲ့လိုဆိုလိုတာမဟုတ်ဘူး…"
" ရှင်… အဲ့ဒါဘာကိုဆိုလိုတာလဲ ရှင်ကရှင့်ရဲ့ပိုင်ဆိုင်မှူတွေကိုကြွားလုံးထုတ်နေတာမဟုတ်ဘူးလား အဲ့ဒါဘာကိုဆိုလိုချင်တာလဲ ပြော…"
" ကိုယ်… ကိုယ်ကဒီတိုင်း မင်းကိုယ့်ကိုလက်ထပ်စေချင်လို့လေ…"
ချီကျန်းကျန်း၏လက်များတောင့်ခဲသွားခဲ့ရသည်။ သူမမျက်နှာအမူအယာမှာလည်း တောင့်တင်းလာပြီး သူမရှေ့ရှိဝမ်ယွီအားရှော့ရနေသည့်မျက်နှာဖြင့်ကြည့်လာခဲ့သည်။
ဝမ်ယွီသည်လည်းတောင်ခဲနေခဲ့ပြီး ခဏအကြာတွင် အထစ်ထစ်အငေ့ငေ့နှင့် " မ မဟုတ်ဘူး ကိုယ်ဆိုလိုတာက ဒါကကိုယ်တို့လက်ထပ်ပြီးရင် နှစ်ယောက်လုံးပိုင်ဆိုင်ရမဲ့ ပိုင်ဆိုင်မှုလေ…အာမဟုတ်ဘူး… ကိုယ်ပြောတာက မင်းသာကိုယ့်ကိုလက်ထပ်ချင်ခဲ့ရင်လေ…"
ချီကျန်းကျန်း၏လက်များရုတ်တရက်ပြေလျော့သွားကာ သူ့အားမကြည့်နေဘဲ သူမ၏မျက်နှာမှာအနည်းငယ်နီမြန်းနေပြီး " ရှင်ဘာတွေပြောနေတာလဲ…"
ဝမ်ယွီစကားထစ်နေခြင်းမှာ ရှားပါးလှသောအခြေအနေဖြစ်သည်။
သို့သော်လည်း ချီကျန်းကျန်းက သူ့ကိုနောက်ပြောင်နိုင်ရန်အတွေးမရှိခဲ့ပဲ သူမ၏ဦးနှောက်တစ်ခုလုံးသည် ဗလာဖြစ်နေသည်ဟူ၍ခံစားနေခဲ့ရသည်။
ဝမ်ယွီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏လက်ဖဝါးများစိုစွတ်လာသည်အထိ သူ့လက်များအား တင်းကြပ်စွာညစ်နေခဲ့သည်။
အဆုံး၌ သူသည်တည်ငြိမ်သောလူသာဖြစ်လေသည်။ သူသည်အသက်ရှူသံအားပုံမှန်ဖြစ်အောင်လုပ်လိုက်ပြီး လေးနက်နေသည့်အသံဖြင့်ပြောလာခဲ့သည် " ကိုယ်ကအခုဝမ်မိသားစုနဲ့ပြသနာတွေရှင်းပြီးသွားပြီ… အခုကစပြီးတော့ မင်းနဲ့ထာဝရအတူရှိသွားချင်တယ်…"
ဒုတ် ဒုတ် ဒုတ်…
သူမသည် သူမ၏နှလုံးခုန်သံအားကြားနေရသောကြောင့် လက်အားမြှောက်ကာ သူမ၏ရင်ဘတ်ကိုဆုပ်ကိုင်ထားလိုက်ရတော့သည်။
ခဏအကြာ၌ " ဝမ်ယွီ ကျွန်မတို့အတူရှိတာဘယ်လောက်ကြာသေးလို့လဲ… ဒီလောက်အမြန်ကြီးဘယ်လိုလုပ်လက်ထပ်လို့ရမှာတုန်း…အနည်းဆုံး အနည်းဆုံးတော့ ကျွန်မတို့ပိုပြီးချစ်မိလာတဲ့အထိအချိန်ယူရမယ်လေ…"
ဝမ်ယွီသည် အနည်းငယ်စိတ်ပျက်သွားသကဲ့သို့ ခံစားခဲ့ရပြီး သူမအားကြည့်ကာ " ကိုယ်တို့လက်ထပ်ဖို့အချိန်ဘယ်လောက်ယူရမှာလဲ…"
ချီကျန်းကျန်းသည် သူမခေါင်းအားလှည့်လိုက်ပြီး သူ့အားစိုက်ကြည့်ကာ ပြင်းပြင်းထန်ထန်ပြောလာခဲ့သည်။
" ရှင့်ရဲ့ပြုမူပုံကိုမူတည်ပြီးတော့ပေါ့… ပြီးတော့ ရှင်လူကိုဘယ်လိုလုပ်ပြီး အခုလိုလက်ထပ်ခွင့်တောင်းရဲရတာလဲ… အဲ့ဒါက အတော်လေးနှလုံးသားမရှိတာပဲ…ရှင်လူကိုဘယ်လိုလုပ်ပြီး ကွန်ပြူတာစာရင်းတွေနဲ့လက်ထပ်ခွင့်တောင်းရတာလဲ…"
ထိုအရာမှာ ချစ်ရေးဆိုနေခြင်းမဟုတ်ပေ။ ချမ်းသာကြွယ်ဝခြင်းဖြင့် ဖိသတ်နေသည်နှင့်ပို၍တူလေသည်။
သူမ၏ပြင်းထန်နေသောအမူအယာမှာ သူ့အားခြိမ်းခြောက်နေခြင်း သို့မဟုတ် သေစေနိုင်ခြင်းမဟုတ်ပေ။
သို့သော်လည်း ဝမ်ယွီ၏နှလုံးသားမှာတင်းကြပ်သွားပြီး ချီကျန်းကျန်း၏လက်အားစိုးရိမ်တကြီးကိုင်လာကာ " အဲ့တာကနှလုံးသားမရှိတာမဟုတ်ပါဘူး… ကိုယ်က ရုတ်တရက်ကြီးကိုယ်တို့နောက်ဖြစ်လာမဲ့ အကြောင်းတွေးမိသွားလို့ပါ…"
သူ၏အမူအယာမှာ ပျာယာခတ်နေပြီး တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
ချီကျန်းကျန်းသည် သူ၏တည်တည်ငြိမ်ငြိမ်နှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင်သော ပုံစံဖြင့် အသားကျနေခဲ့သည်။ ထို့အတူ သူ၏ဝမ်မိသားစု၏ကိစ္စများအား တည့်တဲ့ဆန်ပြီးထိရောက်သည့်နည်းလမ်းများဖြင့် ဖြေရှင်းခဲ့သည်ကိုသာ မြင်ခဲ့ရသူဖြစ်လေသည်။ ထို့ကဲ့သို့သော ယောင်္ကျားတစ်ယောက်အနေဖြင့် ဤကဲ့သို့ပျာယာခတ်နေသည့်အမူအယာအားထုတ်ပြလာသောကြောင့် သူမ၏နှလုံးသားလေးမှာလည်း ချက်ချင်းဆိုသလိုနူးညံ့သွားရတော့သည်။
" ကျွန်မက ရှင့်ကိုအပြစ်တင်နေတာမဟုတ်ပါဘူး.. အဲ့ဒါ… အဲ့ဒါကလေ…" ချီကျန်းကျန်းမှာ ယောက်ယက်ခတ်သွားခဲ့သည်။
" ကိုယ်တောင်းပန်ပါတယ် အဲ့ဒါကိုယ့်အပြစ်တွေပါ ဒါပေမယ့်က နှလုံးသားမရှိတာမဟုတ်ပါဘူး… ကိုယ်မင်းကိုအဲ့လိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး… ဘယ်သောအခါမှပဲ…" ဝမ်ယွီလျှင်မြန်စွာပြောလာခဲ့သည်။
ချီကျန်းကျန်းသည်ကျယ်လောင်စွာအော်လိုက်ပြီး " ကျွန်မရှင့်ကိုအပြစ်မတင်ဘူးလို့ပြောနေတယ်လေ… ကျွန်မကဒီတိုင်းရှက်နေခဲ့တာ… ရှက်နေတာလို့.. ရှင်နားလည်လား…"
အာ….
ဝမ်ယွီကတကယ်ပဲ တော်သင့်နေပြီ…
သူဘာလို့အဲ့လောက်တောင် နှေးကွေးပြီး သူမဘာသာထုတ်ပြောရအောင်လုပ်ရတာလဲ…
သူဘာလို့ မိန်းကလေးတွေရဲ့အတွင်းတစ်မျိုး အပြင်တစ်မျိုးဖြစ်တာကိုတောင် နားမလည်နေရတာလဲ…
ချီကျန်းကျန်းသည် သူမ၏မျက်နှာအားကာလိုက်ရပြီး သူမ၏လက်နှစ်ဖက်ဖြင့် အေးသွားစေရန် လုပ်နေလေသည်။ သူမ၏မျက်လုံးဝိုင်းကြီးများမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ ဝမ်ယွီအားမကြည့်ရဲဘဲရှိနေခဲ့သည်။
ဝမ်ယွီသည် ကြောင်အသွားခဲ့ရသည်။
ခဏကြာပြီးနောက် သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်းနှင့် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး ထရပ်လိုက်ကာ သူမ၏အနောက်ဘက်သို့လျှောက်လာခဲ့လေသည်။ သူမအနားသို့ရောက်သောအချိန်တွင် ကိုယ်အားကိုင်းကာ သူမနောက်ကျောအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့သည်။
" အဲ့ဒါဆိုလည်း အချိန်အကြာကြီး ချစ်ကျွမ်းဝင်ကြတာပေါ့ကွာ…"
" အမ်…"
" မင်းလုံလောက်ပြီလို့သတ်မှတ်တဲ့အချိန်ကြမှ ကိုယ်တို့လက်ထပ်ကြမယ်…"
" အာ…" အဲ့ဒါရှင့်အပေါ်ပဲမူတည်တယ်။
" မင်း တရုတ်ရိုးရာလက်ထပ်ပွဲကိုသဘောကျလား အနောက်တိုင်းစတိုင်လက်ထပ်ပွဲကိုသဘောကျလား…"
"...."
" ကိုယ်တို့ဘယ်နေရာကိုဟန်းနီးမွန်းသွားကြမလဲ…မင်းသွားချင်တဲ့မြို့တစ်ခုခုမရှိဘူးလား.."
"...."
" ဧည့်ခံပွဲပြီးရင် မင်း…."
" ဝမ်ယွီ… ကျွန်မတို့အခုထိလက်မထပ်ရသေးဘူးလေ…"
ဝမ်ယွီပြုံးကာ ခေါင်းအားငုံ့၍ သူမအားနမ်းလိုက်ပြီး " သိပ်မကြာခင်ဖြစ်လာမှာပဲကို…"
ချီကျန်းကျန်း : "....."
သူမသည် သူ့အားစိုက်ကြည့်လိုက်ပြီးနောက်ရှက်သွေးဖြာနေလျက် သူမ၏နှုတ်ခမ်းထောင့်မှ ပြုံးလိုက်ပြီး တခစ်ခစ်ရယ်နေတော့သည်။
.....
" သွားရအောင် မကြည့်နဲ့တော့…" ဝမ်ရိရန်၏အသံမှာ စိတ်မပါသည့်ပုံပေါ်နေလေသည်။
အန်းချင်ယုသည်လည်း သူမ၏နောက်မှာအိမ်ငယ်လေးအား ခေါင်းကိုလှည့်ကာကြည့်လိုက်တော့သည်။ ထိုအရာမှာ ဝမ်မိသားစုဒေဝါလီခံရပြီးနောက် သူတို့နေခဲ့ရသောအိမ်ဖြစ်၏။ သူမထိုအိမ်အားအလွန်မုန်းတီးနေသော်လည်း အနည်းဆုံးတွင် ထိုနေရာမှာမြို့တော်တွင်ဖြစ်နေသေးသည်။ သူမတို့ပြောင်းရွှေ့ရမည့် မြို့တော်စီကဲ့သို့သေးငယ်သောနေရာမှမဟုတ်ချေ။
သူမ၏မျက်လုံးများအား ရုတ်သိမ်းလိုက်ပြီး ဝမ်ရိရန်အားစိုက်ကြည့်ကာ " ကျွန်မမလိုက်ဘူးလို့ပြောနေတယ်လေ… ရှင်သွားချင်တယ်ဆိုရင် ရှင့်မိသားစုနဲ့ကိုယ့်ဘာသာပဲသွားတော့… ကျွန်မမိသားစုကမြို့တော်မှာရှိနေတာ ကျွန်မထွက်သွားမှာမဟုတ်ဘူး…"
" မင်းကဝမ်မိသားစုနဲ့လက်ထပ်ထားပြီးပြီ အဲ့တော့ရိရန်သွားသမျှကို မင်းလည်းလိုက်ရမယ်…" ရှူဝေကားမှထွက်လာကာ အန်းချင်ယုအားဆွဲခေါ်လိုက်ပြီး ပြောလာခဲ့သည် " ငါပြောမယ် နင်ကဝမ်မိသားစုထဲကထွက်သွားချင်တယ်ဆိုရင် အိမ်မက်ထဲမှာပဲရမယ်…"
ရှုဝေသည်လည်း ထွက်မသွားချင်ခဲ့ပေ။ သို့သော် သူမချီကျန်းကျန်းအား သွားရှာခဲ့ခြင်းသည် အကူအညီမရခဲ့သည့်အပြင် ဝမ်ယွီဆီမှသတိပေးမှုကိုသာ လက်ခံရခဲ့လေသည်။
ဝမ်စီစီသည်ထွက်ပြေးသွားပြီး လက်မထပ်ချင်ခဲ့သောကြောင့် သူတို့သည်လည်း မြို့တော်တွင်နေနိုင်ရန်မဖြစ်နိုင်တော့ချေ။ ဝမ်ရိရန်သည် ဝမ်ကျင်စန်းအားခေါ်သွားမည်ဖြစ်သောကြောင့် ရှူဝေမည်မျှပင်ဆန္ဒမရှိပါစေ သူမ၏ခင်ပွန်းနှင့်သားနောက်သို့လိုက်ရမည်သာဖြစ်သည်။
ဝမ်ကျင်စန်းသည်အိပ်ရာထဲလဲနေပြီး ပြုစုစောင့်ရှောက်ရန်လူလိုအပ်သဖြင့် သူမအန်းချင်ယုအားထွက်သွားခွင့်ပေးလို့မရပေ။
အန်းချင်ယုခေါင်းခါလိုက်ပြီး " ချီမိသားစုက အခုထိမြို့တော်မှာပဲရှိသေးတယ် ပြီးတော့ တင်းမိသားစုနဲ့အန်းမိသားစုလည်းရှိသေးတာ… ရှင့်မှာ ရှင်တို့နဲ့လိုက်ခဲ့ဖို့တောင်းဆိုပိုင်ခွင့်မရှိဘူး…"
သူမ၏မျက်လုံးမှာ ပြူးကျယ်နေပြီး ဆံပင်များရှုပ်ထွေးနေလျက် ရူးနေသည့်မိန်းမနှင့်တူနေလေသည်။
ဝမ်ရိရန်သူမအားစိုက်ကြည့်လိုက်ပြီး စီးကရက်အားမီးညှိကာ အေးစက်စွာပြောလာခဲ့သည် " မင်းမသွားလို့မရဘူး… ချီမိသားစုကမင်းကိုဂရုစိုက်မှာမဟုတ်တဲ့အပြင် တင်းမိသားစုနဲ့အန်းမိသားစုက သူတို့ပိုက်ဆံတွေဆုံးရှုံးခဲ့ပြီးပြီ… သူတို့တွေက မင်းသူတို့ကိုဆွဲချသွားတာလို့တွေးနေကြလို့ နောက်ကျရင် မင်းကိုလာမရှာဖို့ပြောခဲ့ပြီးသား…မင်းဒီမှာနေပြီးဘာလုပ်မှာမလို့လဲ… သွားစရာနေရာကောရှိလို့လား…"
အန်းချင်ယုသည် ကြောင်အသွားခဲ့ပြီး သူမ၏ပါးစပ်အားဟကာ မည်သည့်စကားမှမဆိုနိုင်တော့ပေ။
ဆေးလိပ်သောက်လိုက်ပြီးနောက် ဝမ်ရိရန်သည်ကားထဲသို့ဝင်ကာ အော်လိုက်တော့သည် " မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ငါမင်းကိုသတိပေးလိုက်မယ်… ဝမ်ယွီကအခုငါတို့မပိတ်ပင်ထားဘူးနော် ဒီတစ်ချိန်ပဲထွက်လမ်းရှိတာ…မင်းကျန်နေခဲ့မယ်ဆိုရင် သူမင်းကိုဘာလုပ်လုပ် ငါ့ကိစ္စမဟုတ်တော့ဘူး…"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ကားတံခါးအားဆောင့်ပိတ်လိုက်တော့သည်။
သူမတွင် သွားစရာနေရာမရှိပေ…
ဝမ်ရိရန်သာကွာရှင်းမပေးဘူးဆိုလျှင် သူမမြို့တော်မှာနေမည်ဆိုလျှင်တောင် အသက်ရှင်နိုင်မည်မဟုတ်ချေ။ ထို့အတူ သူမဗိုက်ထဲတွင်လည်း ကလေးတစ်ယောက်ရှိနေခဲ့လေသည်။
အိမ်ထောင်ပစ္စည်းများသယ်ရန်အတွက် ကားတစ်စီးငှားထားရပြီး သူတို့၏အဝတ်အိတ်များမှာအနောက်တွင်တင်ထားခဲ့သည်။
ဝမ်ရိရန်က ကားခေါင်းခန်း၌ထိုင်ကာ ဆေးလိပ်သောက်နေလျက် မည်သည့်စကားမျှထပ်မပြောတော့ပေ။
ဝမ်ကျင်စန်းသည်အနောက်ခန်းတွင်လှဲနေပြီး ညည်းညူနေခဲ့သည်။ သူ၏ တစ်ချိန်လုံးညည်းညူနေကာ ဝမ်ယွီအား သားရဲကောင်ဟူ၍ ရံဖန်ရံခါဆဲဆိုနေခဲ့သည်။
အန်းချင်ယုနှင့်ရှုဝေတို့ အလယ်ခန်းတွင်ထိုင်နေခဲ့သည် ရှုဝေသည် အရင်အချိန်ကထက်ပို၍ ခါးသီးနေကာ ရိုင်းစိုင်းလာကာ သူမအားအချိန်တိုင်း လမ်းမပေါ်မှငါးစိမ်းသည်ကဲ့သို့ အဆက်မပြတ်အော်ဟစ်ဆဲဆိုနေတာ မရပ်မနားအပြစ်တင်နေခဲ့သည်။
အန်းချင်ယုသည်လည်း…
သူမပြတင်းပေါက်အားမှီကာ တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားသော မြို့ပြပုံရိပ်များအား ကြည့်နေရင်းမှ မျက်ရည်များစီးကျနေခဲ့သည်။
အဘယ့်ကြောင့် အခုလိုမျိုးတွေဖြစ်ရတာလဲ…
သူမသာအစမှပြန်၍စတင်နိုင်မည်ဆိုလျှင် သူမဝမ်ရိရန်အား လုံးဝလက်ထပ်မည်မဟုတ်ပေ။ သူမ… သူမ ချီကျန်းကျန်း၏သတို့သားလောင်းအားခိုးယူတော့မည်မဟုတ်ပေ။
ချီကျန်းကျန်းကိုသာ လက်ထပ်ပြီးဝမ်မိသားစုထဲဝင်ခွင့်ပြုမည်ဖြစ်မည်။
သူမအား ယခုလိုအဖြစ်ဆိုးများကို ခံစားစေမည်…
ကားမှာပို၍ ပို၍ဝေးကွာသွားသည်နှင့်အမျှ ကားပေါ်ရှိဆဲဆိုနေသံများမှာလည်း ဆက်လက်ရှိနေခဲ့သည်။
နွေရာသီ၏အဆုံး၌ ဝမ်မိသားစုသည် မည်သည့်အရာမှမပါသွားပဲ မြို့တော်မှအပြီးပြောင်းရွှေ့သွားခဲ့ရလေသည်။
ဝမ်ယွီသည်လည်း မည်သည့်အရာမှထပ်မလုပ်တော့ဘဲ သူ၏အချိန်အားလုံးအား အလုပ်လုပ်ခြင်း၊ ချီကျန်းကျန်းနှင့်အချိန်ဖြုန်းခြင်းတို့ဖြင့်သာ ကုန်ဆုံးနေခဲ့တော့သည်။
ချီကျန်းကျန်းသိလိုက်ရသည့်အချိန်၌ အံ့ဩသွားခဲ့ရလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာမှာ မူလဇာတ်ကြောင်းတွင် မဖြစ်ခဲ့သောအရာပင်ဖြစ်သည်။ သူမသည်ဝမ်ယွီပြောပြထားသောကြောင့် ကြိုတင်သိနေခဲ့သော်လည်း ဝမ်မိသားစုအမှန်တကယ်ထွက်ခွာသွားရချိန်တွင် အံ့ဩနေရဆဲပင်ဖြစ်သည်။
xxxxx