အပိုင်း ၁၄၄
Viewers 26k

Part 144


ဒီဇင်ဘာလ၌ ဆောင်းရာသီသည် တဖွဲဖွဲကျဆင်းလာသော ပထမဦးဆုံးနှင်းစက်များနှင့်အတူ  ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ချီကျန်းကျန်းထံသို့ ဝမ်စီစီဆီမှ စာတစ်စောင်ရောက်ရှိလာခဲ့လေသည်။


သူမပြောခဲ့သည်မှာ မြို့အသစ်တွင် သူမအလုပ်တစ်ခုရှာတွေ့ခဲ့ပြီး သူမ၏ပထမဆုံးအလုပ်ဖြစ်သောကြောင့် အနည်းငယ်အဆင်မပြေသေးသော်လည်း သူမလိုက်လျောညီထွေဖြစ်အောင်ကြိုးစားသွားမည်ဟူ၍ဖြစ်သည်။


ချီကျန်းကျန်းသည် စာအားဖတ်လိုက်ပြီးနောက်တွင် ရုံးခန်းထဲ၌အလုပ်လုပ်‌နေသော ဝမ်ယွီအားကြည့်လိုက်တော့သည်။ ထို့နောက် သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့လေသည်။


ယခုအချိန်မှာ မူလဇာတ်ကြောင်း၌ ဝမ်စီစီသေကြောင်းကြံစည်သွားသည့်အချိန်ပင်ဖြစ်၏။


သို့သော်လည်း ယခုအချိန်မှာတော့ အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပြီဖြစ်လေသည်။


" ဘာတွေပျော်နေတာလဲ…" ဝမ်ယွီကြည့်လိုက်ချိန်တွင် သူမပြုံးနေသည်အားမြင်လိုက်ရသောကြောင့် မေးလာခဲ့သည်။


ချီကျန်းကျန်းခေါင်းခါလိုက်ပြီး " ဘာမှမဟုတ်ဘူး ကျွန်မဒီတိုင်းပျော်နေလို့…"


ဝမ်စီစီ၏အဆုံးသတ်မှာပြောင်းလဲသွားခဲ့ပြီး ဝမ်မိသားစုမှာမူ ပြင်းထန်စွာထိခိုက်သွားရသော်လည်း အသက်ရှင်နေသေးသည်။ ဝမ်မိသားစုသည် မြောက်များစွာသော အပြစ်ပေးမှူများအားခံရပြီးနောက် မြို့တော်မှထွက်ခွာသွားခဲ့ရသည်။ ထို့နောက် သူမသိရှိထားသော ဇာတ်ကြောင်းများမှာလည်း ပြောင်းလဲသွားခဲ့သည်။


ထို့ကြောင့် ဝမ်ယွီသည် ချစ်ရေးချစ်ရာမပါသော ဝတ္ထု၏ဇာတ်လိုက်ဖြစ်ခဲ့သော်လည်း သူ၏‌ချစ်ခြင်းပေါ်ပေါက်လာခဲ့သည်။


ဝမ်ယွီပြုံးလိုက်သောကြောင့် သူ၏နှုတ်ခမ်းထောင့်များမှာ အနည်းငယ် မြင့်တက်သွား‌ကြသည်။


သူလက်လှမ်းကာ ချီကျန်းကျန်းအားဆွဲခေါ်လိုက်ပြီး " သွားရအောင် အောက်ထပ်ကိုထမင်းစားဖို့ဆင်းကြမယ်…"


" အိုးး ခဏစောင့်ပါဦး ကျွန်မဘာသာပြန်နေတာအခုထိမပြီးသေးဘူး ဒီညပေးရမှာမလို့လေ…" ချီကျန်းကျန်းညဉ်းညူလိုက်လေသည်။


ဝမ်ယွီ : " အဲ့ဒါဆိုမပေးနဲ့လေ…"


ချီကျန်းကျန်းစိုက်ကြည့်လိုက်ပြီး " ကျွန်မပိုက်ဆံမရဘဲနေမှာပေါ့…"


ဝမ်ယွီ : " မရလဲ မရဘူးပေါ့…"


ချီကျန်းကျန်း : " ရှင့်အတွက်ပြောရလွယ်ပေမယ့် အဲ့ဒါကအလုပ်လုပ်တဲ့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်လေ… မေ့လိုက်တော့ အလုပ်ပြီးမှပဲ ကျွန်မစားလိုက်တော့မယ်…အခုကဆယ့်တစ်နာရီပဲရှိသေးတာဆိုတော့ စားဖိုမှုးကအခုမှရောက်ဦးမှာ…"


" ကျန်းကျန်း မင်းအဲ့လောက်အလုပ်မကြိုးစားလဲရပါတယ်…" ဝမ်ယွီ၏အသံမှာ ကူကယ်ရာကင်းမဲ့နေပုံပေါ်နေ၏။


" အဲ့ဒါကအရမ်းအလုပ်လုပ်နေတာမဟုတ်ဘူး… ကျွန်မကအတော်လေးအားနေလို့ ကျွန်မဘာသာအချိန်ကိုပြင်ဆင်ထားတာ…နှစ်ကူးပြီးတာနဲ့ကျွန်မအပြင်ထွက်အလုပ်လုပ်တော့မှာ… အဲ့ဒါက အမှန်ပဲ ပြီးတော့…"


ဝမ်ယွီ၏ခြေလှမ်းများရပ်တန့်သွားခဲ့သည်။


ချီကျန်းကျန်းသည် အနောက်မှလိုက်နေခဲ့သောကြောင့် သူမသည်လည်းရပ်တန့်သွားခဲ့ရလေသည်။ သူမခေါင်းအားမော့ကာ သူအားကြည့်လိုက်ပြီး " ဘာလို့ဆက်မလျှောက်တာလဲ…"


" အပြင်ထွက်ပြီး အလုပ်လုပ်မှာ…" ဝမ်ယွီသူမအားကြည့်ကာ ရေရွတ်နေခဲ့သည်။


ချီကျန်းကျန်းခေါင်းငြိမ့်ကာ သူမ၏လက်ချောင်းများဖြင့်ရေတွက်နေခဲ့ပြီး " ဟုတ်တယ်လေ ကျွန်မအကုန်‌စဉ်းစားပြီးသွားပြီ… ကျွန်မသွားပြီး ပထမဆုံး အချိန်နဲ့တပြေးညီတပြိုင်နက်တည်းဘာသာပြန်ရတဲ့အလုပ်ကိုလုပ်မယ် ပြီးရင်…"


ဝမ်ယွီ၏နှုတ်ခမ်းများမှာ ရုတ်တရက်ဖိကိုက်ခံလိုက်ရကာ ခဏအကြာ၌ပြောလာခဲ့သည် " ကျန်းကျန်း မသွားလို့မရဘူးလား…"


" ကျွန်မကဘာလို့မသွားရမှာလဲ… ကျွန်မမှာလည်းအလုပ်တစ်ခုရှိဖို့လိုတယ်လေ…" ချီကျန်းကျန်းသည် ခေါင်းကိုစောင်းအား ဝမ်ယွီအား အံ့ဩနေသည့်အကြည့်ဖြင့်ကြည့်လာခဲ့သည်။


ဝမ်ယွီဘာမှဆက်မပြောတော့ဘဲ သူ၏နှုတ်ခမ်းကိုသာဖိကိုက်နေခဲ့သည်။


ချီကျန်းကျန်းမျက်မှောင်ကြုတ်လိုက်ကာ ဝမ်ယွီအားလေးနက်သည့်အမူအယာဖြင့် ကြည့်နေခဲ့သည် " ဝမ်ယွီ ကျွန်မမှာလည်း အလုပ်တစ်ခုရှိဖို့လိုအပ်တယ်…ပိုက်‌ဆံအတွက်ကြောင့်မဟုတ်ပဲနဲ့ ကျွန်မဘဝအတွက်အဓိပ္ပါယ်ရှိစေဖို့အတွက်ပဲ…ကျွန်မအိမ်မှာပဲအမြဲမနေနိုင်ဘူး…"


ဝမ်ယွီနားမလည်ခဲ့ပေ " အိမ်မှာနေတာကမကောင်းလို့လား… ကိုယ်မင်းကိုနေ့တိုင်းမြင်နိုင်တယ်လေ မင်းလည်းကိုယ့်ကိုနေ့တိုင်းမြင်ရတယ်…"


" ကျွန်မလည်းအလုပ်သွားမှာပဲလေ ကျွန်မတို့နေတိုင်း အတူတူဖြစ်နေမှာပဲကို…" ချီကျန်းကျန်းသည် သူ့အားလေးနက်စွာကြည့်နေခဲ့ပြီး သူမ၏မျက်လုံးများမှာ ရှုပ်ထွေးနေပုံပေါ်သည်။


ဝမ်ယွီထပ်မံတိတ်ဆိတ်သွားခဲ့ရပြီး ခဏအကြာ၌ " အဲ့ဒါကမတူဘူးလေ…"


" ဘာကွာလို့လဲ…" ချီကျန်းကျန်းမှာခေါင်းမာနေခဲ့သည်။


ဝမ်ယွီစကားဆက်မပြောတော့ပေ။


သူတို့နှစ်ဦးလုံးခဏတာမျှ တောင့်ခဲနေခဲ့ကြသည်။


" ကျန်းကျန်း မသွားရင်ကော ဘယ်လိုလဲ…" အဆုံးတွင် ဝမ်ယွီအရင်ဆုံးစကားစလိုက်ကာ လက်လှမ်းလိုက်ပြီး သူမအားသူ၏ရင်ခွင်ထဲသို့ ထည့်ဖက်လိုက်ကာ " ကိုယ့်နားမှာပဲနေပါ… ကိုယ်မင်းကိုအမြဲထောက်ပံ့ပြီးတော့ အရာအားလုံးပေးပါ့မယ်…"


ချီကျန်းကျန်းသူ၏လက်များအားဖယ်လိုက်ကာ ပွေ့ဖက်ထားမှုမှရုန်းထွက်လိုက်ပြီး သူ၏မျက်လုံးအားကြည့်လျက် " မတူဘူးလေ ကျွန်မကငှက်တစ်ကောင်မဟုတ်ဘူး…ရှင်ကျွန်မကိုအိမ်ထဲထည့်ပိတ်ပြီး ကျွန်မလုပ်သမျှလိုက်ထိန်းချုပ်နေလို့မရဘူး…"


" ကိုယ်မင်းကိုဂရုစိုက်လို့လေ…"


" ရှင်ကျွန်မကိုဂရုစိုက်တာ သိပါတယ်…ဒါပေမယ့်အဲ့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး…" ချီကျန်းကျန်းမှာ ထူးထူးခြားခြားအလွန်ခေါင်းမာနေခဲ့၏ " ကျွန်မမှာလည်း ကိုယ်ပိုင်နေရာတော့ရှိသင့်တယ်… ကျွန်မဘာမှမလုပ်နိုင်ဘူးဆိုရင် အတော်လေးပျော်ရွှင်ရမှာမဟုတ်ဘူး…"


သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ထပ်မံစိုက်ကြည့်လိုက်ကာ နေရာမှာပင်တောင့်ခဲနေကြပြန်သည်။


ခဏအကြာ၌ ဝမ်ယွီသည် သက်ပြင်းရှည်တစ်ချက်ရှူသွင်းလိုက်ပြီး ညှင်သာစွာရှူထုတ်လိုက်လေသည်။


ထို့နောက် ပြုံးကာ အသံနိမ့်နိမ့်ဖြင့် သူမအားချော့မော့လာခဲ့သည် " ကောင်းပါပြီ မင်းသွားချင်တယ်ဆိုရင်လဲ သွားပါ…"


ချီကျန်းကျန်း၏မျက်လုံးများမှာ သံသယဝင်နေပုံဖြင့် " အဲ့ဒါကရှင်တကယ်တွေးထားတာလား… ကျွန်မကိုအပြင်ထွက်အလုပ်လုပ်ခွင့်ပေးမယ်ပေါ့…"


" အင်း ကိုယ်ပေးပါတယ်…" ဝမ်ယွီသူမအားထပ်မံဖက်လိုက်ကာ မျက်လုံးထဲရှိ လှိုင်းကြမ်းများအားမမြင်နိုင်စေရန်အတွက် သူမ၏မျက်နှာအား သူ့ရင်ခွင်ထဲတွင် မြုပ်နှံလိုက်လေသည် " ကိုယ်မကြိုက်ဘူးဆိုပေမယ့်လည်း ကိုယ်မင်းကိုကြိုးစားထောက်ပံ့ပြီးတော့ပျော်အောင်လုပ်ပေးပါ့မယ်…"


ချီကျန်းကျန်းပြုံးလိုက်ကာ ဝမ်ယွီ့အားတင်းကြပ်စွာဖက်လျက် သူ့အားပွတ်သပ်နေပြီး နူးညံ့စွာပြောလာခဲ့သည် " ဝမ်ယွီ ရှင်ကအရမ်းကောင်းတာပဲ…"


ဝမ်ယွီ၏လက်များမှာတင်းကြပ်သွားပြီး မည်သည့်စကားမှပြောမလာခဲ့ပေ။


နှစ်သစ်ကူးချိန်သို့ရောက်ရှိလာခြင်းဆိုသည်မှာ နှစ်အသစ်တစ်နှစ်အား ကူးပြောင်းသွားခြင်းပင်ဖြစ်သည်။


ဤသည်မှာ ဝမ်ယွီနှင့်ချီကျန်းကျန်းတို့၏ပထမဦးဆုံးအတူတကွကုန်ဆုံးသည့်နှစ်သစ်ကူးဖြစ်သောကြောင့် သူတို့နှစ်ဦးစလုံးအလွန်အမင်းအလေးအနက်ထားနေခဲ့ကြသည်။


" ကျန်းကျန်း ထတော့…ကိုယ်တို့ဒီနေ့နှစ်ကူးအတွက်သွားဝယ်မယ်လို့ မနေ့ကသဘောတူထားကြတယ်လေ…" ဝမ်ယွီလက်လှမ်းကာ ချီကျန်းကျန်းအားစောင်ပုံထဲမှမယူလိုက်လေသည်။


ချီကျန်းကျန်းမှာ အိပ်မောကျနေသောကြောင့် ဝမ်ယွီနှစ်ခါမျှအော်လိုက်ပြီးမှသာ သူမ၏မျက်လုံးများပွင့်လာခဲ့သည် " အမ်းးး ဘယ်အချိန်ရှိပြီလဲ…"


" ဆယ်နာရီထိုးနေပြီ…" ဝမ်ယွီပြန်ဖြေလိုက်ပြီး သူမ၏အဝတ်များအားလဲလှယ်ပေးနေခဲ့သည်။


အိမ်တွင်အနွေးပေးစက်တစ်ချိန်လုံးရှိနေစေကာမူ သူမအားအမြဲတမ်းအပေါ်ဝတ်တစ်ထည်ဝတ်ပေးခဲ့သည်သာဖြစ်၏။


" အရမ်းနောက်ကျနေပြီလား…" ချီကျန်းကျန်းမှာ လန့်ဖြန့်သွားကာ ဝမ်ယွီ၏လက်မောင်းအတွင်းမှထိုးဆင်းရန်ရုန်းကန်လိုက်လေသည်။


" ဟုတ်တယ် ထပြီးတော့ မနက်စာစားတော့ ကိုယ်မင်းကိုအောက်ဆင်းပြီး စောင့်နေမယ်…" ဝမ်ယွီရယ်နေခဲ့၏။


" ကောင်းပြီ…" ချီကျန်းကျန်းသည် ဖိနပ်များဝတ်နေရင်းမှ ပြန်ဖြေလိုက်လာခဲ့သည်။


ဝမ်ယွီသူ၏ခေါင်းအားကူကယ်ရာမဲ့စွာခါရမ်းလိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လေသည်။


ချီကျန်းကျန်းဖိနပ်စီးလိုက်ပြီး ရုတ်တရက်ထရပ်လိုက်သောအခါ သူမ၏မျက်လုံးများမဲမှောင်သွားပြီး အိပ်ရာပေါ်သို့ပြန်လဲကျလာခဲ့သည်။


ထို့ကြောင့် သူမမျက်တောင်ခတ်လိုက်ကာ ခေါင်းအားခါရမ်းလိုက်ပြီးနောက် သူမမျက်လုံးများ ပြန်လည်ကြည်လင်လာခဲ့လေသည်။


" ထူးဆန်းတယ် ဘာလို့ခေါင်းနည်းနည်းမူးနေတာလဲ သွေးပေါင်ကျလို့များလား…" သူမရေရွတ်နေခဲ့သည်။


ထို့နောက် ထပ်မံထရပ်လိုက်သည့်အချိန် မည်သည့်အရာမှထပ်မဖြစ်တော့သောကြောင့် သူမလည်းအလေးအနက်မထားလိုက်တော့ဘဲ ရေချိုးခန်းထဲသို့သာ သန့်စင်ရန်ဝင်လိုက်တော့သည်။


xxxxxx