အပိုင်း ၁၄၅
Viewers 26k

Part 145


သူတို့စားသောက်ပြီးနောက်တွင် ချီကျန်းကျန်း မနေနိုင်ပဲပြောလာခဲ့၏ " ဝမ်ယွီမြန်မြန်စားချည် မနက်ဖြန်ကနှစ်သစ်ကူးအကြိုနေ့လေ ကျွန်မတို့သွားတာနောက်ကျရင် သေချာပေါက်ကိုလူတွေများနေလိမ့်မယ်…"


" ကိုယ်လာပြီ…" ဝမ်ယွီပြန်ဖြေလိုက်သည်။


သူရောက်ခဲ့ပြီးနောက် လက်ထဲတွင်လည်စည်းပုဝါနှင့် လက်အိတ်ပါလာခဲ့သည်။ သိသိသာသာပင် သူနောက်ကျနေရသည်မှာ ထိုပစ္စည်းနှစ်ခုအားသွားယူနေခြင်းကြောင့်ဖြစ်သည်။


ချီကျန်းကျန်း၏ရှေ့သို့လျှောက်လာခဲ့ပြီး အလျင်မလိုနေဘဲ သူမအားဖြည်းဖြည်းချင်းပုဝါပတ်ပေးနေခဲ့သည်။ သူမအားတင်းကြပ်စွာဖုံးအုပ်ထားသောကြောင့် သူမမျက်နှာ၏တစ်ဝက်ကိုသာ မြင်နိုင်လေသည်။


သူသည် သူမအားလက်အိတ်များကိုလည်းဝတ်ပေးလိုက်ပြီး သူမအဝတ်အစားများသေသေချာချာဇစ်ဆွဲချကာ ဘေးတွင်ချိတ်ထားသောဦးထုပ်အားယူ၍သူမအားဆောင်းပေးလိုက်လေသည်။


အရင်အချိန်၌ ဝမ်ကျန်းအိမ်ရာသည် အလွတ်ကြီးဖြစ်သည်။ ဝမ်ယွီနေသည့်ဗီလာမှာ အိမ်ပုံစံအရုပ်ကဲ့သို့ဖြစ်နေကာ ရှုပ်ပွနေခြင်းမျိုးမရှိဘဲ အဝင်ဝ၌နေရာအကျယ်ကြီးရှိခဲ့သည်။


သို့သော် ချီကျန်းကျန်းပြောင်းလာပြီးသည့်အချိန်မှစ၍ ဗီလာထဲသို့ ပစ္စည်းများပို၍ ပို၍ဝင်လာခဲ့သည်။ တချို့သောအရာများအား ချီကျန်းကျန်းအဝတ်လဲခန်းအထိပြန်၍မယူရစေရန်အတွက် လျောက်လမ်းအဝင်၏ဘေးတွင်ချိတ်ဆွဲထားလေသည်။


ဝမ်ယွီသည် အခြားမည်သူကိုမျှသန့်ရှင်းခွင့်မပေးခဲ့ချေ။ နေ့တိုင်းနေ့တိုင်း သူအိမ်သို့ပြန်ရောက်ချိန်တွင် တံခါးဖွင့်လိုက်သည်နှင့်မြင်ရသည်မှာ ဦးထုပ်တစ်လုံး၊ လက်အိတ်တစ်စုံနှင့် ချီကျန်းကျန်းပေါ့ပေါ့ပါးပါးထားထားသော ပစ္စည်းတချို့တလေဖြစ်သည်။ ထိုအရာများအား မြင်လိုက်ရသည့်အချိန်တိုင်း သူပြုံးမိသွားပြီး အလွန်နွေး‌ထွေးသွားသည်ဟုခံစားရလေသည်။


" ပူတယ်…" ချီကျန်းကျန်းနှုတ်ခမ်းစူလိုက်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။


နေအိမ်ထဲတွင် အပူဓာတ်မှာရှိသေးသော်လည်း ဝမ်ယွီသူမအား တင်းကြပ်စွာထုပ်ပိုးထားရန်မစောင့်နိုင်ဖြစ်နေတော့သည်။


" လိမ္မာပါကွာ အပြင်မှာအေးတယ်…" ဝမ်ယွီတံခါး‌ဖွင့်နေရင်းမှ ပြောလိုက်လေသည်။


အပြင်ဘက်တွင် နှင်းကျနေပြီးဖြစ်သောကြောင့် လေအေးမှာချက်ချက်းဆိုသလို တိုက်ခတ်လာခဲ့လေသည်။


ချီကျန်းကျန်း အလျှင်အမြန်ပြောလိုက်ကာ " နေဦး ရှင်လည်း လက်အိတ်နဲ့လည်စည်းပုဝါဝတ်ထားသင့်တယ်…"


သူမပြောပြီးသည်နှင့် ဝမ်ယွီအတွက်လည်စည်းပုဝါနှင့်လက်အိတ်ရှာရန်အိမ်ထဲသို့ အမြန်ပြေးဝင်သွားလေသည်။ လျို့ကျိုးသည်လည်း သူမ၏နောက်သို့လိုက်သွားခဲ့ပြီး အရှေ့မှအနောက်သို့ ပျော်ရွှင်စွာပြေးနေခဲ့သည်။


သူမသည် ပစ္စည်းထားနေကျနေရာများအား သိ‌ရှိပြီးဖြစ်သောကြောင့် အလျှင်အမြန်ယူလိုက်ကာ ခြေဖျားထောက်လိုက်ပြီး ရေရွတ်လာခဲ့သည် " ခေါင်းကိုငုံ့လိုက်…"


ဝမ်ယွီရယ်လိုက်ကာ သူမအတွက် ခန္ဓာကိုယ်အားကိုင်းပေးလာခဲ့လေသည်။


ချီကျန်းကျန်းသည် လေးနက်နေသည့်အမူအယာဖြင့် သူ့အားလည်စင်းပုဝါပတ်ပေးလိုက်ပြီးနောက် " လက်ကောပဲ…"


ဝမ်ယွီသူ့လက်အားဆန့်ထုတ်ပေးလိုက်သည်။


ချီကျန်းကျန်းသည် သူ့အားလက်အိတ်ဝတ်ပေးနေခဲ့သည်။


သူမ၏အလေးအနက်ဖြစ်နေသည့်အမူအယာအားမြင်ရပြီးနောက် ဝမ်ယွီမနေနိုင်ပဲ သူ၏ခေါင်းအားငုံ့ကာ သူမနှာခေါင်းထိပ်လေးပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်မိတော့သည်။ သူ၏မျက်ခုံးများမှာပြေလျော့နေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်နေခဲ့၏။


ချီကျန်းကျန်းအနည်းငယ်အံ့ဩသွားပြီးနောက် သူ့အားစိုက်ကြည့်ကာ အနည်းငယ်ရှက်သွေးဖြာနေခဲ့လေသည်။


" ဝုဖ် ဝုဖ်…" လျို့ကျိုးက အမြီးအားဝှေ့ယမ်းကာ သူတို့၏နောက်သို့လိုက်နေခဲ့သည်။


" မရဘူး လျို့ကျိုး… အပြင်မှာတအားနေတာ မင်းလိုက်လို့မရဘူး ပြီးတော့ငါတို့ကစူပါမားကတ်ကိုသွားမှာ မင်းကိုခေါ်လို့မရဘူးလေ…" ချီကျန်းကျန်းသည်လျို့ကျိုးအားလေးလေးနက်နက်ဖြင့်အကြောင်းပြချက်ပေးနေခဲ့၏။


သိသာစွာပင် လျို့ကျိုးမှာမူ နားမထောင်ခဲ့ပေ " ဝုဖ် ဝုဖ်…" ထို့နောက်တံခါးအပြင်ဘက်သို့ ပြေးထွက်နေခဲ့သည်။


အပြင်ဘက်တွင်မူ လေအေးများတိုက်နေပြီး လေပြင်းတစ်ချက်ဝှေ့လိုက်ချိန်၌ လျို့ကျိုးမှာနှာချေမိသွားတော့သည်။


ချီကျန်းကျန်း : " အမြန် အိမ်ထဲဝင်တော့ လျှောက်ပြေးမနေနဲ့…"


လျို့ကျိုးသည်အများကြီးအရွယ်ရောက်လာခဲ့ပြီဖြစ်သော်လည်း ထိုကောင်စုတ်လေးမှာတစ်နှစ်သားရှိပြီဖြစ်သည်။ သူသည် သူမ၏လက်ထဲတွင်ကိုင်ထားနိုင်သည့် အကောင်သေးသေးလေးမဟုတ်တော့ပေ။ သို့သော်လည်း အရင်ကလို လူတအားကပ်နေဆဲပင်ဖြစ်၏။


" ဝုဖ် ဝုဖ်…" လျို့ကျိုးသည် နားမထောင်ခဲ့ချေ။


ထို့ကြောင့်အန်တီဝမ်သည် အိမ်ဘေးတွဲအခန်းမှထွက်လာရပြီး ပြုံးကာ အော်ပြောလိုက်ရ‌တော့သည် " လျို့ကျိုး လာအန်တီနဲ့လိုက်ခဲ့… ဒီနေ့အမေနဲ့‌အဖေကလုပ်စရာရှိနေတယ် မင်းကိုခေါ်သွားလို့မရဘူးကွဲ့…"


သူမသည်စကားပြောနေလျက် လျို့ကျိုးအားခေါ်ရန်လျှောက်လာခဲ့လေသည်။


" ဝူး ဝူး…" ဟူသောအသံနှင့်အတူ လျို့ကျိုးသည် ချီကျန်းကျန်းအား သနားစရာကောင်းသည့်ပုံဖြင့် ကြည့်နေခဲ့သည်။


ချီကျန်းကျန်းမတတ်နိုင်ပဲ အနည်းငယ်စိတ်မကောင်းဖြစ်သွားသောကြောင့် သူမထိုင်ချလိုက်ကာ သူ၏ခေါင်းအားပွတ်၍ နူးညံ့စွာပြောလာခဲ့သည် " လျို့ကျိုးလေး မြန်မြန်အန်တီဝမ်နောက်ကိုလိုက်သွားနော်…အမေပြန်လာတဲ့အခါကျ မင်းနဲ့ကစားပေးမယ်…"


" ဝု.." တကယ်လား…


" တကယ်…"


လျို့ကျိုး သူ၏အမြီးအား ကြမ်းကြမ်းတမ်းတမ်းလှုပ်ယမ်းကာ ချီကျန်းကျန်းအားပွတ်နေခဲ့တော့သည်။


ဝမ်ယွီသည် လျို့ကျိုးအားကြည့်လိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ်မဲမှောင်နေကာ ချီကျန်းကျန်းထနိုင်ရန်ကူပေးလိုက်ပြီး " သူအမြဲအန်တီဝမ်နောက်ကိုလိုက်သွားတာပါပဲ… သူ့ကိုစိတ်မပူနေနဲ့တော့ သွားရအောင်…"


စိတ်တိုဖို့ကောင်းလိုက်တာ…


သူအဲ့ခွေးကိုအစထဲကမယူလာသင့်တာ…


ဝမ်ယွီ လျို့ကျိုးအား အေးစက်နေသောမျက်လုံးများဖြင့် သေစေနိုင်‌လောက်သည့်အကြည့်တစ်ချက်ပေးလိုက်လေသည်။


လျို့ကျိုးသည် အသာလေးအနောက်သို့ဆုတ်ကာ အန်တီဝမ်၏နောက်သို့ပြေးလိုက်သွားလိုက်ရတော့သည်။


အဖေကသူ့ကိုစိတ်တိုစရာလို့မြင်နေတယ်…


ဝမ်ယွီသည် သူ့အားအမြဲတမ်းပင် စိတ်တိုစရာလေးဟူ၍မြင်နေခဲ့သည်။ သူသည်ချီကျန်းကျန်းအား အနှောင့်အယှက်ပေးနေခြင်းမှာ စိတ်တိုစရာကောင်းလှ၏။ ချီကျန်းကျန်းသည် လျို့ကျိူးအားအမြဲအာရုံစိုက်နေခဲ့သည်ဟု ထင်နေခဲ့သောကြောင့် သူအိမ်တွင်ရှိနေသည့်အချိန်တိုင်းတွင် လျို့ကျိုးအားအန်တီဝမ့်ကိုအမြဲလာခေါ်ခိုင်းခဲ့လေသည်။


ထို့ကြောင့် ချီကျန်းကျန်းသည်အိမ်တွင်တစ်နေကုန်ရှိနေသော်လည်း လျို့ကျန်းမှာ ချီကျန်းကျန်းရှေ့တွင်အမြဲမနေရဘဲ အန်တီဝမ်နှင့်သာနေခဲ့ရလေသည်။


သို့သော် တချို့သောအကြောင်းပြချက်များကြောင့် လျို့ကျိုးသည် ချီကျန်းကျန်းကိုသာ အနှစ်သက်ဆုံးဖြစ်နေခဲ့၏။ ထိုကြောင့် သူသည်အမြဲဆိုသလို ဘေးဘက်အခန်းမှ ပင်မအိမ်ကြီးထဲသို့ ခိုးဝင်လာလေ့ရှိပြီး အထူးသဖြင့်ဝမ်ယွီအိမ်တွင်မရှိသောအချိန်များတွင် အပျော်ဆုံးဖြစ်နေခဲ့သည်။


" အိုးး ကောင်းပါပြီ…" ချီကျန်းကျန်း လျို့ကျန်းအားနောက်ထပ်အကြည့်တစ်ချက်ပေးနေကာ လျို့ကျိူးသည်လည်း ချီကျန်းကျန်းအား မျက်ရည်ဝဲနေသည့်မျက်လုံးများဖြင့် ပြန်ကြည့်နေခဲ့၏။


ချက်ချင်းဆိုသလိုပင် သူမမျက်နှာတွင်တုန့်ဆုတ်နေမှုများ ပေါ်လာခဲ့တော့သည်။


" သွားရအောင်…" ဝမ်ယွီ လျို့ကျိုးအားအေးစက်စွာကြည့်လျက် လက်အိတ်များခြားနေသည့် ချီကျန်းကျန်းလက်အားကိုင်ကာ ထွက်လာခဲ့လေသည်။


သူတို့နှစ်ဦးအတူလျှောက်ထွက်လာခဲ့၏။


လမ်းပေါ်ရှိနှင်းများအား အလွန်သန့်စင်သည်အထိရှင်းလင်းထားခဲ့သည်။ သို့သော် ဆောင်းရာသီဖြစ်သဖြင့် မြင်ကွင်းမှာနှင်းများဖုံးနေသည်လမ်းများဖြစ်ပြီး လမ်းမပေါ်မှလွဲ၍ လမ်း‌၏ဘေးနှစ်ဖက်တွင် နှင်းများပုံနေခဲ့၏။ မြက်ခင်းနှင့် အခြားထောင့်များအား မသန့်ရှင်းဘဲထားထားသောကြောင့် နေရာတိုင်းတွင် နှင်းများအားမြင်နေရလေသည်။


သူမမသိလိုက်ခင်တွင် ဤကမ္ဘာသို့ရောက်လာသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်၏။


ထိုတစ်နှစ်အတွင်းအရာများစွာဖြစ်ပျက်ခဲ့ပြီး သံသယကင်းစွာပင် ချီကျန်းကျန်းမှာပျော်ရွင်နေခဲ့ရသည်သာဖြစ်သည်။


သူမ၏အရင်လောကကို တောင့်တနေခြင်းများမရှိတော့ပေ။ သူမ၏အဖိုးအဖွားများသည် စောစောစီးစီးကွယ်လွန်သွားခဲ့ကြပြီး မိဘများမှာလည်း ထွက်သွားခဲ့သည်မှာကြာပြီဖြစ်သည်။ သူတို့အားလုံးအား သူမ၏နှလုံးသားထဲတွင်ထည့်ထားပြီးဖြစ်သောကြောင့် သူမမည်သည့်နေရာသို့ရောက်နေပါစေ လွမ်းနေမည်သာဖြစ်၏။


ပြီးတော့ ဒီကမ္ဘာတွင် သူမ၏အနားမှာ တစုံတယောက်ရှိနေခဲ့ခြင်းကြောင့် သူမဒီကမ္ဘာ၌ ပိုင်ဆိုင်မှုတစ်ခုရှိသည်ဟူသော ခံစားချက်မျိုးဖြစ်နေခဲ့သည်။


ဝမ်ယွီနှင့်ဆိုလျှင် ထိုအရာမှာ ပျော်ရွှင်စရာပင်ဖြစ်၏။


" ယွီယွီ ရှင်စူပါမားကတ်သွားပြီး နှစ်ကူးအကြိုပစ္စည်းတွေဝယ်ဖူးလား…" ချီကျန်းကျန်းမေးလိုက်လေသည်။


သူ့အားယွီယွီ‌ဟုခေါ်သည်အား ကြားသည်နှင့် ဝမ်ယွီမသိမသာတုန်သွားကာ သူမ၏လက်များအားတင်းကြပ်စွာကိုင်လိုက်ပြီးနောက် နူးညံ့စွာပြောလာခဲ့သည် " ဟင့်အင်း…"


သူသည် နှစ်သစ်ကူးပစ္စည်းများမဝယ်ဖူးတင်မကချေ။ နှစ်သစ်ကူးနေ့အား ကျင်းတောင်မကျင်းပခဲ့ဖူးပေ။


ထိုနေ့မှာ သူ့အတွက်နှစ်တိုင်းတူညီသောနေ့များဖြစ်ကာ အထူးအထွေမရှိချေ။


" ရပါတယ် ကျွန်မတို့အခုကစပြီး နှစ်တိုင်း နှစ်ကူးအကြိုပစ္စည်းတွေဝယ်ပြီးတော့ နှစ်သစ်ကူးပွဲကိုအတူတူဆင်နွှဲကြတာပေါ့…"


ဝမ်ယွီမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး သူ့အသံမှာညှင်သာနေကာ ပါးစပ်ဖွင်လိုက်သည်နှင့် လေအေးထဲတွင်ပျောက်ကွယ်သွားခဲ့၏ " ကောင်းပြီ…"


ချီကျန်းကျန်းထိုစကားအားကြားလိုက်ပြီးနောက် သူမ၏အပြုံးများမှာတောက်ပသွားပြီး မျက်ခုံးလေးများကွေးသည်အထိပြုံးနေခဲ့လေသည်။


xxxxxx