အပိုင်း ၁၅၀
Viewers 26k

Part 150


ချီယန်သူတို့အားနောက်ဆုံးတွင်ရှောင်နိုင်သွားခဲ့ချိန်မှာတော့ ချီကျိုးချန်သည်မေးလာခဲ့၏ " အဖေသူတို့ကိုရှင်းမထုတ်ဘူးလား…"


" သူတို့ထွက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး…" သူသည်ထိုအရာအားအကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ပြီးပြီဖြစ်သည်။


ချီကျိုးချန် : " အဲ့ဒါဆို သူတို့ကိုဒီတိုင်းနေခိုင်းတော့မလို့လား ချီကျန်းကျန်းနဲ့ဝမ်ယွီရောက်တဲ့အခါကျရင် သူတို့တွေပေါက်ကရပြောနေတာကို ဟိုကနားထောင်နေရမှာလား…"


" ဘာကိုချီကျန်းကျန်းလဲ အဲ့ဒါမင်းအစ်မနော်.." ချီယန်သူ့အားစိုက်ကြည့်လာခဲ့သည်။


ချီကျိုးချန်သူ၏နှာခေါင်းအားထိကာ " ကျွန်တော်အမြဲမေ့သွားတယ် ဒါပေမယ့်စိတ်ထဲမှာတော့ အစ်မဆိုတာထည့်ထားပါတယ်…" 


အရင်အချိန်တုန်းကအမြဲနာမည်ကိုသာခေါ်ခဲ့ဖူးသဖြင့် သူပြောင်းရန်အမြဲမေ့နေခဲ့လေသည်။


" မင်းအစ်မရဲ့ဒေါသကအရင်ကလိုမဟုတ်တော့ဘူး ပြီးတော့ဝမ်ယွီကလည်းသွားရှုပ်လို့ရတဲ့လူမဟုတ်ဘူး မပူနဲ့ သူတို့ခံစားရမှာမဟုတ်ဘူး…"


သူရပ်လိုက်ပြီး ဆက်ပြောလာခဲ့သည် " ငါဧည့်သည်တွေကိုတစ်ခေါက်သွားတွေ့တာပိုကောင်းပါတယ်လေ ကျန်းကျန်းကဒီတစ်ခါလည်းအကြာကြီးနေမှာမဟုတ်ဘူး သူတို့ပေါက်ကရပြောနေတာတွေကိုမကြားရရင်ပိုကောင်းလိမ့်မယ်…"


ချီယန်ပြောပြီးနောက် ထွက်လာကာ ဧည့်သည်များအားနောက်တစ်ကြိမ်ထပ်မံဧည့်ခံနေခဲ့၏။


သို့သော်လည်း သိသိသာသာပင်ထိုလူများမှာ လိုက်ကပ်နေခဲ့ကြပြီး ချီယန်သိသိသာသာပြုမူထားသော်လည်း သူတိုအနည်းငယ်ထပ်နေချင်သေးကြောင်းအား ခိုင်ခိုင်မာမာဖော်ပြနေကြသေးသည်။ သူတို့သည် ကျန်းကျန်းအား မမြင်ရသည်မှာ အတော်ကြာပြီဖြစ်၍ တစ်ချက်ကြည့်ချင်နေကြ‌သည်။


ချီကျန်းကျန်းနှင့်ဝမ်ယွီတို့ရောက်လာသည့်အချိန်တွင် သူတို့လူအုပ်ကြီးအားမြင်လိုက်ရတော့သည်။


ချီမိသားစု၏လက်ရှိနေအိမ်မှာ အလွန်မကြီးလှချေ။ ထို့ကြောင့် ရုတ်တရက်အခန်းမှာလူများဖြင့် ပြည့်သွားပြီး လူအချို့မှာ ဆိုဖာ၏လက်တန်းများပေါ်တွင်ထိုင်နေကြကာ အချို့မှာ တန်းလျားများနှင့်ခုံများပေါ်တွင်ထိုင်နေခဲ့ကြသည်။


ချီကျန်းကျန်းတို့ တံခါးရှေ့ခြေချသည်နှင့်တပြိုက်နက် ထိုလူအုပ်စုကြီး၏မျက်လုံးများအား မြင်တွေ့လိုက်ရတော့သည်။


သူတို့ ခဏတာကြောင်အသွားပြီး ချီယန်နှင့်တင်းရိကျွင်းအား ကြည့်လိုက်မိချိန်၌ သူတို့၏မျက်နှာပေါ်တွင်အရှက်ရနေသည့်ပုံများအား မြင်တွေ့လိုက်ရသောကြောင့် သူမချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့၏။


ချီမိသားစုသည် အရင်ကအခြေအနေမဟုတ်တော့ပေ။ ချီယန်၏ဂုဏ်သိက္ခာမှာလည်း အရင်ကလောက် မဟုတ်တော့သောကြောင့် ယခုအချိန်တွင် လူများက သူ့အားကြောက်လန့်ခြင်းကင်းမဲ့လာခဲ့ကြသည်။


ထို့အတူသိသိသာသာပင် ထိုလူများမှာ ချီမိသားစုအတွက်လာခဲ့ကြသည်မဟုတ်ဘဲနဲ့ ဝမ်ယွီကိုသာစောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။


ထိုအရာမှာအာဏာ၏အလုပ်လုပ်ပုံပင်ဖြစ်သည်။ အရင်အချိန်မှာတော့ ထိုလူများသည် သူတို့အားလျစ်လျူရှူခဲ့ကြပြီး သူတို့နှစ်ဦးမှာ အရှူံးသမားများဖြစ်သောကြောင့် အချင်းချင်းလိုက်ဖက်ညီကြသည်ဟုပင်ကဲ့ရဲ့ခဲ့ကြသည်။ သို့သော်လည်း တစ်ပတ်လည်သွားပြီးနောက်တွင် ထိုလူများသည် သူတို့အား စကားအမျိုးမျိုးဖြင့်မြှောက်ပင့်လာကြတော့သည်။ သူတို့သည် ဘဲများကဲ့သို့ပြေးလာကာ သူတို့နှင့်ပတ်သက်နိုင်မည့်နည်းလမ်းမှန်သမျှအားရှာဖွေနေခဲ့ကြသည်။


( ဘဲများကဲ့သို့ အပြေးအလွှားပြေးလာကြခြင်းသည် မရနိုင်သောအရာအတွက် ရူးသွပ်စွာ ပြေးလွှားနေသော လူအုပ်ကြီးအား ဆိုလိုခြင်းဖြစ်သည် )


" ကျန်းကျန်းပြန်လာပြီပဲ အချိန်အတော်ကြာပြီ ငါ့ကိုမှတ်မိသေးလား အကြီးဆုံးဝမ်းကွဲလေ…"


" ကျန်းကျန်း အန်တီကလေးယောက်မြောက်အဒေါ်လေ ကျန်းကျန်းကတကယ်လိုလူကြီးဖြစ်လာပြီး ပိုပိုလှလာတာပဲ…"


" မဟုတ်သေးဘူး ဒါကဝမ်ယွီလား သူကအတော်လေးထူးချွန်တာပဲ…"


" ဝမ်သခင်ငယ် ကျွန်မကကျန်းကျန်းရဲ့ဒုတိယဝမ်းကွဲပါ ကျန်းကျန်းလိုပဲ ဒုတိယဝမ်းကွဲလို့ခေါ်လို့ရပါတယ်…"


ယောင်္ကျားလေးအများစုမှာ မလှုပ်ရှားလာကြသေးပေ။ မိန်းမများသာအရှေ့တက်လာပြီး ချီကျန်းကျန်းအနားသို့ကပ်လာကြခြင်းဖြစ်သည်။


ချီကျန်းကျန်းအဖြေရှာနိုင်သည့်အရာအား ဝမ်ယွီမည်ကဲ့သို့နားမလည်ဘဲနေမည်နည်း…


သူသည် အခန်းအပြည့်‌ဖြစ်နေသောလူအုပ်ကြီးအားမြင်ရုံနှင့်ပင် ချက်ချင်းဆိုသလိုနားလည်သဘောပေါက်ခဲ့သည်။ ထိုအချိန်၌ လူများလာရောက်စကားပြောချိန်တွင် သူသည်အပြုံးဖျော့ဖျော့သာပေးနေခဲ့ကာ မည်သူ့ကိုမှအရေးထားမနေခဲ့ချေ။


ချီယန် လက်ယမ်းလိုက်ပြီး " ကျန်းကျန်း ဝမ်ယွီ မင်းတို့ဘာလို့လက်ဆောင်တွေသယ်လာကြတာလဲ…"


" အဖေ အမေ ကျိုးချန် " ချီကျန်းကျန်းသူတို့အားပထမဆုံးနှုတ်ဆက်လိုက်ကာ အပြုံးတစ်ပွင့်ဖော်ထုတ်လိုက်ရင်း " ဝမ်ယွီကအကုန်လုံးကိုလုပ်ခဲ့တာ ပျော်ရွှင်စရာနှစ်သစ်ကူးပါ အဖေတို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်…"


ချီယန်၏လက်ရှိခံစားနေရသောခံစားချက်များပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလိုပြုံးလာကာ ပစ္စည်းများအားမကြည့်ဘဲ မရပ်မနားခေါင်းငြိမ့်နေခဲ့သည် " အဖေကျေနပ်ပါတယ် အရမ်းကိုကျေနပ်တယ် မင်းတို့လည်း ပျော်ရွှင်စရာနှစ်သစ်ပါ…"


တင်းရိကျွင်းသည်လည်း ပြုံးလိုက်ပြီး အရှေ့သို့တိုးကာ ချီကျန်းကျန်း၏လက်အားကိုင်ရန်ပြုပြီးမှ မဝံ့မရဲ ပြန်ရုတ်သိမ်းသွားခဲ့လေသည်။


ဝမ်ယွီက ထိုအချိန်၌ပြောလာခဲ့၏ " အန်ကယ်ချီ အန်တီတင်း ကျိုးချန်…" သူသည်အလွန်ယဉ်ကျေးနေခဲ့လေသည်။


ချီယန်နှင့် တင်းရိကျွင်းတို့၏မျက်နှာပေါ်ရှိအပြုံးများမှာပို၍ သိသာထင်ရှားလာခဲ့ပြီး ချီကျိုးချန်သည်ပင် မတတ်နိုင်တော့ဘဲ ခေါင်းငြိမ့်နေခဲ့‌သည်။ သူတစ်စုံတစ်ခုဝင်၍ပြောလိုက်ချင်မိသော်လည်း နောက်ဆုံး၌ဘာမှမပြောနိုင်ခဲ့ပေ။


အခန်းထဲရှိဆွေမျိုးများအား ချီကျန်းကျန်းယဉ်‌ယဉ်ကျေးကျေးဖြင့် ခေါင်းငြိမ့်ပြလိုက်သော်လည်း မနှုတ်ဆက်ခဲ့ပေ။ ဝမ်ယွီသည်လည်း ချီကျန်းကျန်းလုပ်သည်အားလိုက်ပြီး ခေါင်းငြိမ့်ပြပြီးနောက် သူတို့အားလျစ်လျူရှူထားခဲ့၏။ ရုတ်တရက်ဆိုသလိုပင် သူတို့၏အမူအယာများမှာ အမြင်မတော်ဖြစ်လာကာ အချို့မှာမူ တစ်ကြိမ်ထဲဖြင့် ပြိုကွဲသွားကြတော့သည်။


" ကျန်းကျန်း မင်းရဲ့‌ဒုတိယအဒေါ်ကမင်းကြီးလာတာကိုစောင့်ကြည့်ပေးခဲ့တာ မင်းငယ်ငယ်တုန်းကလဲ ချီပိုးခဲ့ဖူးတယ် အခုဘာလို့ရိုင်းပြနေရတာလဲ… မင်းကစွမ်းဆောင်နိုင်သွားပြီ‌ဆိုတော့ ဆွေမျိုးတွေကိုအသိအမှတ်မပြုတော့ဘူးပေါ့…" လူလတ်ပိုင်းထဲမှအမျိုးသမီးတစ်ဦးသည် ပြောလာခဲ့၏။


သူမသည်ဆိုးရွားစွာမဝတ်ဆင်ထားခဲ့သော်လည်း အလွန်ကြမ်းတမ်းစွာပြောဆိုနေကာ ရွှေငွေများဝတ်ထားပြီး ခပ်ဝဝဖြင့် သူတို့အား ရွဲ့စောင်းပြောနေသည့်ပုံပေါ်နေလေသည်။


" ဟုန်မေ မင်းဘာတွေပြောနေတာလဲ…" တင်းရိကျွင်းမှာ စိတ်တိုသွားခဲ့ရသည်။


ထိုအမျိုးများမှာ ချောမွေ့နေသည့်အရာအား အဆုံးသတ်သွားအောင်ပြုလုပ်နေကြသည်ပင်…


" အိုက်ယား ဟုန်မေ ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ…"


" ဟုတ်တယ် ကျန်းကျန်းက ငါတို့ကိုမမြင်တာကြာလို့မမှတ်မိဘူးဖြစ်နေတာပါ…"


" အစ်မဟုန်မေ ရှင့်ရဲ့စီနီယာကျတာကိုအခွင့်ကောင်းယူပြီး ကျန်းကျန်းကို အနိုင်မကျင့်ပါနဲ့တော့…"


ထိုလူများအားလုံးသည် ဝမ်ယွီနှင့်ဆက်ဆံရေးကောင်းရန်လိုချင်ကြသည်သာဖြစ်သည်။ သူတို့အားစော်ကားရန်မဟုတ်ပေ။


ထို့နောက် ဒုတိယအဒေါ်၏သမီးသည်လည်း သူမအားအနောက်သို့ဆွဲခေါ်လိုက်ရတော့သည်။


ထိုအခါ ဒုတိယအဒေါ်သည် သူမအသံအားပိတ်လိုက်ကာ ဆက်မပြောတော့ပေ။


သူမ၏အရင်ဘဝ၌ဆွေမျိုးများဟူ၍မရှိခဲ့ဖူးပေ။ တီဗီပေါ်မှလွဲ၍ ထိုကဲ့သို့မြင်ကွင်းများအား သူမမမြင်ခဲ့ရဖူးပါ။ ဤနေရာမှာ သူမ၏အိမ်မဟုတ်သဖြင့် သူတို့အားကန်ထုတ်၍လည်းမရနိုင်ချေ။ ထို့ကြောင့် သူမသည် ဝမ်ယွီအားစိတ်ညစ်နေသည့်ပုံဖြင့်ကြည့်လာခဲ့လေသည်။


ဝမ်ယွီက သူမ၏လက်အားဆုပ်ကိုင်ပြီး လွှတ်မပေးခဲ့ချေ။ သူ သူမကိုသာကြည့်နေပြီး ငြင်သာစွာပုတ်ပေးနေခဲ့ကာ တိတ်တဆိတ်အားပေးနေခဲ့သည်။


အဆုံးတွင် နှစ်ပေါင်းများစွာအာဏာရှိခဲ့ဖူးသော ချီယန်သည် လူတိုင်းအားကြည့်ကာ သူ၏အကြည့်အားချီကျန်းကျန်းပေါ်တွင်ရပ်လိုက်ပြီး " ကျန်းကျန်း မင်းအမေကမင်းကိုလွမ်းနေတာ မင်းအမေနဲ့အခန်းထဲလိုက်ပြီး စကားပြောကြချည်.."


ချီကျန်းကျန်းသည် ခဏတာတုန့်ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ပြလာခဲ့၏။


ဝမ်ယွီသည်လည်း သူမလက်အားလွတ်ပေးလိုက်တော့သည်။


ထို့ကြောင့် ချီကျန်းကျန်းသည် တင်းရိကျွင်း၏နောက်သို့လိုက်၍ သူမအခန်းထဲသို့ဝင်သွားခဲ့သည်။


ချီယန်၏အကြည့်အားဝမ်ယွီဆီသို့ရွှေ့လိုက်ပြီး "ဝမ်ယွီ မင်းကဒီကိုပထမဆုံးရောက်ဖူးတာဆိုတော့ အန်ကယ်နဲ့စာကြည့်ခန်းမှာဆွေးနွေးကြမယ်ဆို ဘယ်လိုလဲ…"


" ကောင်းပြီ…" ဝမ်ယွီခေါင်းကိုသာငြိမ့်လာခဲ့သည်။


ထို့ကြောင့် တစ်ယောက်သည် စာကြည့်ခန်းထဲဝင်သွားပြီး တစ်ယောက်သည် အိပ်ခန်းထဲသို့ဝင်သွားခဲ့သည်ဖြစ်ရာ ဝမ်ယွီအားတွေ့ချင်နေကြသည့် ဆွေမျိုးများမှာ ဧည့်ခန်းတွင်ထိုင်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြရတော့သည်။


ဒုတိယအဒေါ်က ဆက်ပြီးစကားပြောရန်ပြင်လာသည်ကိုမြင်သည့်နှင့် ချီကျိုးချန်ရှေ့တိုးကာ သီးခြားဆန်သည့်အပြုံးဖြင့် ယဉ်ကျေးစွာပြောလာခဲ့သည် " သူတို့မှာလုပ်စရာရှိနေတော့ ကျွန်တော်ကအကြီးတွေကိုအဖော်ပြုပေးပါ့မယ်…"


လူတိုင်းမှာ တိတ်ဆိတ်သွားခဲ့ရသည်။


သူတို့ဘယ်နေရာမှာ ဆံဝါကောင်လေးရဲ့ကုမ္ပဏီကိုလိုနေလို့လဲ… သူတို့က ဝမ်ယွီအားတွေ့ရန်လာခဲ့ကြခြင်းသာဖြစ်သည်။


သို့သော် ထိုလူသည် စာကြည့်ခန်းထဲသို့ဝင်သွားခဲ့ပြီးဖြစ်ရာ သူ၏နောက်လို့လိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လူအများ၏မျက်နှာမှာ အတော်လေးမအီမသာဖြစ်နေကာ စကားမပြောချင်သည့်ပုံပေါ်နေခဲ့လေသည်။


ချီကျိုးချန် သူ၏လက်ဖက်ရည်ခွက်အားကိုင်ကာ ခေါင်းကိုငုံ့လျက် တိတ်တဆိတ် မျက်လုံးသာလှန်မိလိုက်တော့သည်။


xxxxx