Chapter 51
Viewers 2k

👨‍❤️‍👨Chapter 51

– ရှလကာရည်နင်သွားခြင်း [စစ်ကန်း - မနက်၁နာရီမှ ၃နာရီထိ ]



သွမ့်ရှူးထုံ၏ အမြင်အရ နွေဦးပန်းနံပါတ်၂က ကလေးကစားစရာလောက်သာ ရှိသော်လည်း လင်မန့်မန့်အတွက်က ထူးဆန်းအံဖွယ်တစ်ခု ဖြစ်နေသည်။


“ အင်း....တစ်ဖက်လူသာ ဆန္ဒရှိရင်ပေါ့..." သွမ့်ရှူးထုံက ယုံကြည်ချက် ပြည့်နေသော အပြုံးနှင့် ပြန်ဖြေလိုက်သည်။


လင်မန့်မန့်နှင့် မိတ်ဆွေဖြစ်နိုင်သည့်သူက သာမန်လူ မဖြစ်နိုင်ပေ။ သူသာ ထိုလူ၏ ရောဂါကို ကုသပေးနိုင်လျှင် နွေဦးဆောင်းဦးခန်းမအတွက်လည်း ကြော်ငြာကောင်းကောင်း ရသွားမည် ဖြစ်သည်။ တစ်ချက်လှုပ်လိုက်ရုံနှင့် အများကြီး ပြန်ရနိုင်သည်။


လင်မန့်မန့်က စက္ကန့်အနည်းငယ်ခန့် တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလာသည် " ကောင်းပါပြီ...ကျွန်မ သူ့ကို မေးလိုက်ပါ့မယ်..."


သွမ့်ရှူးထုံက နည်းနည်းလောက် စောင့်ရဦးမည် ထင်ခဲ့သော်လည်း နောက်တစ်နေ့တွင် လင်မန့်မန့်က သူမမိတ်ဆွေကို ခေါ်ခဲ့ပြီး လမ်းတွင် ရောက်နေပြီဟု ဖုန်းဆက်လာလေသည်။


အဲ့ဒီလောက်ထိကျ....


စိတ်ချရအောင် သွမ့်ရှူးထုံက သူ့အိမ်တွင် တွေ့ဖို့ပြောခဲ့သည်။


သူက အလုပ်ဆင်းပြီး အိမ်ပြန်လာသည့်အချိန် သူ့အိမ်အပြင်ဘက်တွင် ကုတ်ချောင်းကုတ်ချောင်း စောင့်နေကြသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ လူသတိထားခံရမှာစိုး၍ ထိုနှစ်ယောက်က ဦးထုပ် မျက်မှန်နှင့် နှာခေါင်းစည်းများပါ ဝတ်ထားကြလေသည်။


သွမ့်ရှူးထုံကို မြင်သောအခါ လင်မန့်မန့်က လက်ယမ်းပြလာသော်လည်း ဘာမှပြောမလာချေ။


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း တံခါးဖွင့်ကာ အိမ်ထဲ ဝင်ခိုင်းလိုက်သည်။ သူက ဧည့်ခန်းထဲ ခေါ်သွားပေးလိုက်ပြီး ရေသုံးခွက်ယူလာသည်။


လင်မန့်မန့်က အဖုံးအကာများကို ချွတ်ထားပြီးပြီ ဖြစ်သော်လည်း သူမဘေးက လူက ဝတ်ထားဆဲ ဖြစ်သည်။ 


သွမ့်ရှူးထုံ ရေခွက်ကိုင်ပြီး ရောက်လာမှ ခေါင်းမော့ပြီး စကားဆိုလာသည် " ကျေးဇူးပါ..."


ထိုလူ့အသံက နားထောင်လို့ကောင်းသည်။ ကြည်လင်ပြီး သြဇာသံပါသည်။ 


ထိုလူက ထရပ်လိုက်ပြီး လက်ဆန့်လာသည်။ သူ၏ အပြောအဆို အပြုအမူတစ်ခုချင်းစီတိုင်းက ပညာတတ်ဆန်သည်။ 


" တွေ့ရတာ ဝမ်းသာပါတယ်...သခင်လေးသွမ့်...ကျွန်တော်က လုရှီပါ..." 


သွမ့်ရှူးထုံက လက်ဆွဲနှုတ်ဆက်လိုက်သည် " မစ္စတာလု...ထိုင်ပါဦး..."


သွမ့်ရှူးထုံက အေးအေးဆေးဆေးပုံစံ ဖြစ်နေ၍ လင်မန့်မန့်က အနည်းငယ် အံ့သြသွားရသည် " ရှင် သူ့ကို မမှတ်မိဘူးလား..." 


ယခုမှ အံ့သြသွားရသည့်သူက သွမ့်ရှူးထုံ ဖြစ်သွားရသည် " မစ္စတာလု....က အနုပညာရှင်တစ်ယောက်လား..."


လင်မန့်မန့်က ပါးစပ်ဟပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း လုရှီက လက်ဆန့်ပြီး တားလာသည်။ သူက ဖွဖွလေး ပြုံးပြလိုက်သည်။ ထို့နောက် သွမ့်ရှူးထုံရှေ့တွင်ပင် နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို ချွတ်၍ သူ့မျက်နှာကို ပြလာသည်။


သူ့မျက်နှာထက် ပျက်စီးထားသော အရိပ်ရောင်များ ရှိနေသော်လည်း အေးဆေးတည်ငြိမ်သော မျက်လုံးများနှင့် သွမ့်ရှူးထုံကို ကြည့်နေသည်။ လူငယ်လေး၏ အံ့သြသလို တွန့်ဆုတ်ဆုတ်အမူအရာမျိုးကို မမြင်ရသဖြင့် သူ့မျက်လုံးများက အနည်းငယ် ပျော်ဝင်သွားရသည်


 " ဒါကို ကုလို့ရနိုင်မလား..."


သွမ့်ရှူးထုံက သူ့မျက်နှာကို သေသေချာချာ အကဲခတ်ကြည့်သည်။


အရေပြားဆက်ထားသည့် လက္ခဏာများ သိသိသာသာရှိနေ၍ သူ့မျက်နှာတစ်ခုလုံးက သိပ်ပြီး အချိုးမညီသော်လည်း အရမ်းကြီး ဆိုးဝါးမနေပေ။ သွမ့်ရှူးထုံက ထိုအမျိုးသား၏ မျက်နှာကို ပိုပြီး သဘာဝဆန်ဆန် ပြန်လုပ်ပေးနိုင်ဖို့ ယုံကြည်ချက်ရှိလေသည်။


သူ့ဘက်က သေချာနေသလို ပြန်ဖြေလာသည် " ရတာပေါ့..."


လင်မန့်မန့်က အံ့သြဘနန်းဖြစ်သွားမိသည် " လုရှီရှုံး...အဲ့ဒါ ကောင်းတာပဲ..."


[T/N : ရှီရှုံး - ဆရာတစ်ယောက်တည်းဆီမှာ သင်ဖူးတဲ့ စီနီယာအစ်ကိုကို ပြောတာပါ။ ]


လုရှီက အရမ်း စိတ်လှုပ်ရှားသွားသော်လည်း ငယ်ကတည်းက လေ့ကျင့်လာခဲ့၍ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားနိုင်လိုက်သည်။ သို့သော်လည်း အနည်းငယ် တုန်ယင်နေသော အသံနှင့် မေးလိုက်မိသည် " အချိန် ဘယ်လောက်လောက် ကြာနိုင်မလဲ..."  


“မစ္စတာလုရဲ့ အခြေအနေက ဆိုးတဲ့အထဲမှာ မပါဘူး...ခန့်မှန်းခြေ နှစ်လသုံးလပဲ ကြာနိုင်မယ်..."


သွမ့်ရှူးထုံ၏ ခန့်မှန်းခြေဆိုသည့် အသံက ကျန်လူနှစ်ယောက်၏ ရင်ထဲထိ ရိုက်ခတ်သွားလေသည်။ သူတို့ရင်ထဲ သံသယလေးများ ရှိနေသေးသော်လည်း အနည်းဆုံး မျှော်လင့်ချက်ရောင်ခြည်လေးကို ရှာတွေ့သွားနိုင်ပြီ ဖြစ်သည်။


“တစ်ခုရှိတာက..." သွမ့်ရှူးထုံက ရေတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလာသည် " လိမ်းဆေးလုပ်ဖို့ သုံးရက်အချိန်ယူရမယ်...ပြီးတော့ မစ္စတာလုရဲ့ အခြေအနေကို သုံးသပ်ဖို့ တစ်ပတ်အချိန်ယူရမှာ ဖြစ်တဲ့အတွက် မစ္စတာလုက ဒီနေရာမှာ ဆယ်ရက်လောက် နေဖို့လိုပါမယ်..."


လင်မန့်မန့်က ထိန်းမထားနိုင်ပဲ ပြောလာသည် " ကျွန်မ တစ်ယောက်ယောက်ကို ဒီနားမှာ အိမ်ဝယ်ခိုင်းလိုက်မယ်..." 


လုရှီက သူ့ဆုံးဖြတ်ချက်ကို စောင့်နေသလို သွမ့်ရှူးထုံကို ကြည့်လာသည်။


သွမ့်ရှူးထုံက ပြန်ဖြေလာသည် " အဆင်ပြေမယ်ဆို ကျွန်တော်နဲ့ အတူတူနေလို့ရပါတယ်..."


ထိုလူက ပြုံးပြလာသောအခါ သူ့မျက်နှာပေါ်က အရေပြားက အနည်းငယ် ထူးဆန်းသွားလေသည် " ကောင်းပါပြီ..."


ထိုအခါမှ သွမ့်ရှူးထုံက သူ့မြေခွေးအမြီးလေးကို ထုတ်ပြလာလေသည် " အခု စျေးအကြောင်း ပြောကြတာပေါ့..." 


[*T/N: မြေခွေးတွေကို ကလိမ်ကကျစ်တွေလို့ တင်စားကြပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က မြေခွေးအမြီးကို ပြလာတယ်ဆိုတာက ဥာဏ်ဆိုးလေးကို ပြလာတယ်လို့ ပြောတာပါ။ ဒီနေရာမှာတော့ ညစ်ကျယ်ကျယ်နိုင်တာကို ပြောပါတယ်။]


“ဘယ်လောက်လဲ..." လင်မန့်မန့်က သတိထားပြီး မေးလိုက်ရသည်။


" ၈၈၈၈ယွမ်...." 


လင်မန့်မန့် "...."


နွေဦးပန်းနံပါတ်၂က ၈၈၈ယွမ်သာ ကျလေသည်။ မှာကုန်က ပုံမှန်ထုတ်ကုန်ထက် ပိုစျေးကြီးတတ်သော်လည်း ၈၈၈၈ယွမ်က သူမအတွက် မပြောပလောက်သည့် ပမာဏလေးသာ ဖြစ်နေသည်။  


လုရှီက တုံ့ဆိုင်းမနေပဲ ပြန်ဖြေလာသည် " ရတယ်..."


သွမ့်ရှူးထုံက ပြုံးပြလာသည် " ပြီးတော့ မစ္စတာလု နေတဲ့အချိန်အတွင်းမှာ အိမ်မှုကိစ္စရယ် အစားအသောက်ဖိုးရယ် မျှခံကြတာပေါ့..."


လင်မန့်မန့် : !!!


ရုပ်ရှင်ဧကရာဇ်လုကို အိမ်မှုကိစ္စလုပ်ခိုင်းသည့်သူမျိုး သူမ တစ်ယောက်မှ မမြင်ဖူးခဲ့ပေ။


"ဟားဟား..." လူချောလေးက ရှက်ဝဲဝဲပြုံးပြလာသည် " နောက်တာပါဗျာ...."


လုရှီက တစ်ခဏလောက် ကြောင်သွားပြီးမှ ဟက်ဟက်ပက်ပက် ရယ်လာသည်။


ဤသို့ဖြင့် သူစိမ်းသုံးယောက်ကြားက နေရခက်နေသလို ခံစားချက်ကလည်း အမြန်ပျောက်ကွယ်သွားတော့သည်။


******


တစ်မနက်ခင်းလုံး ဓါတ်ခွဲခန်းထဲတွင်သာ နေပြီးနောက် နေ့လည်စာ စားသည့်အချိန်မှ သွမ့်ရှူးထုံက "လုရှီ" ဆိုသည့် နာမည်ကို ရှာကြည့်လိုက်သည်။


ထိုအခါမှ လုရှီကို မမှတ်မိသည့် သူ့အဖြစ်က ကျောက်ဆောင်အောက်တွင် နေသည့် တောသားတစ်ယောက်လို ဖြစ်သွားစေသည်။


အသက် သုံးဆယ့်နှစ်နှစ်အရွယ် လုရှီက ရုပ်ရှင်ဧကရာဇ် ရွှေတံဆိပ်ဆုကို သုံးကြိမ်တိုင်တိုင် ရထားဖူးပြီး အသက်ဆယ့်လေးနှစ်အရွယ် ပွဲဦးထွက်ကတည်းက ရုပ်ရှင်ပေါင်း လေးဆယ့်ငါးခုနှင့် ရုပ်သံဇာတ်လမ်းတွဲသုံးခု ရိုက်ကူးပြီးပြီဖြစ်သည်။ သူက တိုင်းသိပြည်သိ သရုပ်ဆောင်တစ်ယောက် ဖြစ်လေသည်။    


သူ၏ အဖိုးတန်လမ်းကြောင်းပေါ် ဆက်လျှောက်ရမည် ဖြစ်သော်လည်း ရုပ်ရှင်ရိုက်ကူးနေစဥ်အတွင်း ထိခိုက်ဒဏ်ရာရပြီး ပုံပျက်သွား၍ ထိုကတည်းက ရုပ်ရှင်ပိတ်ကားထက် ပျောက်သွားခဲ့ခြင်းဖြစ်သည်။


[T/N : ဒီနေရာမှာ သုံးထားတဲ့ ထိခိုက်ဒဏ်ရာကလေ မီးလောင်ပေါက်ကွဲမှုကြောင့် ရသွားတဲ့ ဒဏ်ရာလိုမျိုးပါ]


ထိုကိစ္စဖြစ်ပြီးကတည်းကဆို အချိန် နှစ်နှစ်ခန့် ကြာသွားခဲ့ပြီ ဖြစ်သည်။


နှစ်နှစ်ဆိုသည့် အချိန်က အရာပေါင်းများစွာ ပြောင်းလဲပစ်နိုင်သည်။ သူက အချိန်ကာလတစ်ခုထိ နာမည်ကြီး ရုပ်ရှင်ဧကရာဇ် တစ်ယောက် ဖြစ်ခဲ့လျှင်ပင် သူ့အောင်မြင်မှုက တိတ်တဆိတ် လျော့ပါးသွားနိုင်ရုံသာ ရှိတော့သည်။


သွမ့်ရှူးထုံက မနေ့က လုရှီနှင့်ဆုံခဲ့သည့်အချိန် ထိုသူ့မျက်ဝန်းထဲက တည်ငြိမ်မှုတို့ကို မလေးစားပဲ မနေနိုင်ချေ။ ထိုကဲ့သို့ စိတ်ခံယူချက်မျိုးနှင့် အသက်ငယ်ငယ်လေးနှင့် ရွှေတံဆိပ်ဆုသုံးခု ရသွားသည်မှာ မဆန်းပေ။


ညစာစားပြီးနောက် သူက သုတေသနဌာနဆီ ပြန်သွားလိုက်သော်လည်း ဓါတ်ခွဲခန်းကုတ်အင်္ကျီ မဝတ်ခင် ကျိုင်ကျွင့်က ဟယ်ယွင့်ကို ခေါ်လာပြီး သူ့ကို လာရှာသည်။


ကျိုင်ကျွင့်၏ မျက်နှာက အားတင်းပြီး ပြုံးနေရသည့်ပုံစံ အရေးအကြောင်းတို တွန့်ချိုးနေသည် " သခင်လေးသွမ့်...NTကုမ္ပဏီအကြောင်း ကြားပြီးပြီလား...." 


“NTလား...”


သွမ့်ရှူးထုံက တစ်ခဏမျှ အံ့သြသွားရသည်။


သူနှင့် အလုပ်တွဲလုပ်မည့် ကုမ္ပဏီတစ်ခု ရှာနေချိန်က ထိုNTဆိုသည့် ကုမ္ပဏီကို တော်တော်လေး အာရုံစိုက်မိသည်။ အခြေတည်ပြီးသား ဥသြငှက်ကုမ္ပဏီကို ယှဥ်နိုင်လောက်သည့် အဆင့်မျိုး မရှိသော်လည်း ထုတ်ကုန်အရည်အသွေးက ဥသြငှက်ကုမ္ပဏီအောက် ပိုမဆိုးနိုင်ပေ။ ဥသြငှက်ထက်ပင် ပိုပြီး အရည်အသွေးကောင်းနိုင်သည်။


တစ်ခုရှိသည်က NTကုမ္ပဏီက ရည်မှန်းချက်မြင့်ပြီး အဆင့်အတန်းမြင့်သည့် လမ်းကြောင်းကိုသာ ယူနေ၍ပင်။ သူတို့၏ လုပ်ငန်းပါတနာအားလုံးက ထိပ်တန်းအဆင့်ချည်းပဲ ဖြစ်သည်။ ယာ့လန်လို ကုမ္ပဏီမျိုးပင် ပူးပေါင်းလို့ရနိုင်သည့်အထဲ မပါချေ။


သူတို့မျက်လုံးထဲတွင် နွေဦးဆောင်းဦးခန်းမက ပုရွက်ဆိတ်သာသာ သာ ရှိသည်။


ကျိုင်ကျွင့်က ဝမ်းပန်းတသာ ပြောလာသည် " ဒါတွေအားလုံးက ဒါရိုက်တာဟယ်ကို ကျေးဇူးတင်ရမှာပဲ...."


သွမ့်ရှူးထုံ မေးလာမည်ကိုပင် မစောင့်ပဲ ဟယ်ယွင့်ပုခုံးကို ပုတ်ကာ သွမ့်ရှူးထုံ၏ အတွေးများကို ရှင်းပြပေးလာသည် " ကံကောင်းလို့ ဒါရိုက်တာဟယ်က NTကုမ္ပဏီရဲ့ ဥက္ကဌကျန်နဲ့ ရင်းနှီးနေလို့...မဟုတ်ရင် ယာ့လန်ကြောင့် ဘာမှန်းမသိပဲ အကြီးကြီး ဆုံးရှုံးရတော့မှာ...." 


ဟယ်ယွင့်က အနည်းငယ် နေရခက်သွားသည်။ သူက ခေါင်းမော့၍ မျက်မှန်ပင့်လိုက်ကာ ယဥ်ကျေးပြဟန် ပြုံးပြလာသည်။


သွမ့်ရှူးထုံက သူ့အမူအရာကို ရိပ်စားမိသည်။ တစ်လျှောက်လုံး ထူးဆန်းနေသလို ထင်မိသော်လည်း ပြုံးပန်းဆင်၍ ပြောလိုက်သည် 


" ဒါဆို ဒီတစ်ခေါက် ဒါရိုက်တာဟယ်ကို ကျေးဇူးတင်ရမှာပဲ...NTရဲ့ ပစ္စည်းတွေက ထိပ်တန်းအဆင့်လို့ ခေါ်ရတဲ့အထိ မြင့်မားတယ်..." 


ဟယ်ယွင့်က လက်ယမ်းပြရင်း ရိုရိုကျိုးကျိုး ပြောလာသည် " ကျွန်တော့်ဘက်က အများကြီး မကူညီလိုက်ရပါဘူး...ဒါရိုက်တာသွမ့်ရဲ့ အရည်အချင်းတွေကိုက အရမ်းကောင်းနေတာပါ..."


ဟယ်ယွင့်ပြောသည့်ထဲတွင်လည်း အမှားမပါချေ။ နွေဦးဆောင်းဦးခန်းမသာ အစွမ်းအစတစ်ခုခု ထုတ်မပြနိုင်ခဲ့လျှင် ဘယ်လောက်ပဲ ရင်းနှီးသည်ဆိုဦးတော့ သူတို့ဘက်မှ ပူးပေါင်းလာမည် မဟုတ်ပေ။


ကျိုင်ကျွင့်က သုတေသနဌာနကနေ ပြုံးတုံ့တုံ့ထွက်သွားသည့်အချိန် သွမ့်ရှူးထုံက ဟယ်ယွင့်ကို တည့်တည့်ကြည့်လာသည် " ဒါရိုက်တာဟယ်က NTရဲ့ ဥက္ကဌကျန်နဲ့ တကယ်သိတာလား..."


ဟယ်ယွင့်နှင့် အချိန်အတော်ကြာ သိလာပြီးနောက် သွမ့်ရှူးထုံက သူ့အကျင့်ကို တစ်ခု နားလည်မိသည်။ ထိုသူက မလိမ်တတ်ပေ။ စောစောက ကျိုင်ကျွင့် သူ့ကို ချီးမွန်းနေသည့်အချိန် ဟယ်ယွင့်ပုံစံက နေရခက်နေဟန်ရှိသည်။


ဟယ်ယွင့်သာ ဥက္ကဌကျန်နှင့် တကယ်သိလျှင် ထိုသို့ဖြစ်မနေနိုင်လောက်ပေ။


ဟယ်ယွင့်က မျက်မှန်ကို နောက်တစ်ကြိမ် ထပ်ပင့်လိုက်ရင်း သွမ့်ရှူးထုံကို မကြည့်ရဲပဲ "အင်း" ဟု တိုးတိုးလေးဆိုလာသည်။


" ကျွန်တော်ကြားတာ ဥက္ကဌကျန်က ဒီနှစ်မှ သုံးဆယ်ကျော်ပဲ ရှိသေးတာတဲ့...သူက တကယ် ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည် ရှိတဲ့သူပဲ...တစ်ခါလောက် အခွင့်အရေးရင် မိတ်ဆွေဖွဲ့ချင်မိတယ်..." သွမ့်ရှူးထုံက သူ့သဘောထားကို ပြလာသည် " ဒါရိုက်တာဟယ်က မိတ်ဆက်ပေးလို့ရမလား..." 


ဟယ်ယွင့်က နေရခက်သည့် အခြေအနေမှ လွတ်မြောက်သွားပြီဟု တွေးမိရင်း ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်။


ထို့နောက် သွမ့်ရှူးထုံက ပြောလာသည် " ဒါဆို ခင်ဗျားက ဥက္ကဌကျန်ကို တကယ် မသိဘူးပဲ..."


ဟယ်ယွင့် "...."


သွမ့်ရှူးထုံ ရှင်းပြလာသည့်ချိန် သူက ကြောင်တောင်တောင် ကြည့်နေမိသည် " မစ္စတာကျန်က လေးဆယ်ကျော်ပြီ...တရားဝင်မှတ်တမ်းတွေ တော်တော်များများမှာလည်း ရေးထားကြတယ်လေ..."


ဟယ်ယွင့် "...." 


အခုခေတ်လူငယ်တွေက အရမ်းသံသယများကြတာပဲ....


ဟယ်ယွင့်က ရှက်သွားသလို အကြည့်လွဲလိုက်ရင်း ဝန်ခံလာသည် " ဒီကိစ္စတွေ ကြားပြီးတဲ့နောက် ချန်နင်က NTကုမ္ပဏီအကြောင်း ညွှန်းပေးခဲ့တာပါ...." 


သွမ့်ရှူးထုံက အိုဗာဖြစ်လွန်းသည့် အမူအရာမျိုး ပြမလာပဲ ပြုံးရုံပြုံးနေသည်။ သူက စကားဆိုလာသည် " ခင်ဗျားနဲ့ ချန်ကောက မိတ်ဆွေတွေလေ....နွေဦးဆောင်းဦးခန်းမရဲ့ ကံကောင်းမှုအတွက် ခင်ဗျားကို ကျေးဇူးတင်ရမှာပါ...အခု အကြောင်းရင်းကို သိသွားပြီဆိုတော့ ကျွန်တော် ဓါတ်ခွဲခန်းဆီ အရင် ပြန်လိုက်ပါဦးမယ်...." 


လူငယ်လေး၏ ပိန်ပိန်ရှည်ရှည် နောက်ကျောပြင်ကို ကြည့်နေရင်း ဟယ်ယွင့်က တစ်ခုခုလွတ်သွားသလို ခံစားနေမိသည်။


အမှန်က သူကိုယ်တိုင်လည်း ဥက္ကဌကျန်ကို ချန်နင် ဘယ်လိုလုပ် သိနေမှန်း နားမလည်ပါချေ။


ဓာတ်ခွဲခန်းဆီ ပြန်ရောက်သည့်အချိန် သွမ့်ရှူးထုံက အလုပ်ဆင်းသည်ထိ သူ့အတွေးအားလုံးကို အလုပ်ထဲတွင်သာ အာရုံစိုက်ထားလိုက်သည်။


သူက အိမ်ရောက်လျှင် ချက်စားဖို့ အစီအစဥ်နှင့် အရန်သင့်စားစရာများကို လမ်းတွင် ဝယ်သွားခဲ့သည်။ ထို့ပြင် အိမ်တွင်လည်း လုရှီ ရှိနေသည်။


လင်မန့်မန့်ကတော့ မနေ့ညကတည်းက ရှန်းချွမ်ကောင်တီမှ ပြန်သွားခဲ့သည်။


မျှော်လင့်မထားစွာ သွမ့်ရှူးထုံ အိမ်ပြန်ရောက်သည့်အချိန် မီးဖိုချောင်ထဲမှ အသံဗလံများကို ကြားလိုက်ရသည်။ ဖိနပ်ပြောင်းစီးပြီးသည့်အချိန် လုရှီက မီးဖိုချောင်ထဲကနေ ထွက်လာပြီး သူ့ကို မြင်သောအခါ ပြုံးပြပြီး လှမ်းနောက်လာသည်


 " မနေ့က အိမ်အလုပ်တွေ အတူတူမျှလုပ်မယ်လို့ သဘောတူထားလို့လေ..." 


သူ့အပြုံးက သိပ်ပြီး သဘာဝမကျသော်လည်း ထိုလူ၏ မူလရုပ်ရည်ကို မသဲမကွဲ ပုံဖော်နိုင်သေးသည်။ ယင်းက တကယ် စိတ်မကောင်းစရာပင်။ [ဒဏ်ရာရသွားတာကို ပြောတာပါ]


သွမ့်ရှူးထုံက စားပွဲပေါ်က ဟင်းခွက်များကို မြင်သောအခါ အံ့သြသွားရသည် " မစ္စတာလုက ဟင်းချက်တော်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."


အနှီရုပ်ရှင်ဧကရာဇ်လုက မီးဖိုချောင်အလုပ်ကို တကယ် ဝါသနာပါမှန်း မြင်တွေ့နိုင်သည်။ သူက ဟင်းချက်ရမည်နှင့် ပတ်သတ်ပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေချေ။ သွမ့်ရှူးထုံ၏ ချီးကျူးစကားကို ကြားသောအခါ လုရှီ၏ မျက်လုံးများက လင်းလက်သွားလေသည်။


ဒဏ်ရာရသွားပြီးနောက် သူ့ပတ်ဝန်းကျင်က လူတိုင်းက သူ့အပေါ် မရဲတရဲ ပုံစံမျိုး ဖြစ်ကုန်ကြသည်။ ယင်းက သူ့ကို မွန်းကျပ်စေပြီး ချုပ်နှောင်ထားသလို ဖြစ်စေသည့်အပြင် စိတ်ထားကောင်းသည့် မိတ်ဆွေများအပေါ်တွင်လည်း ဖွင့်ထုတ်မပြနိုင်ချေ။  


သွမ့်ရှူးထုံကသာ သူမခံစားရတာ ကြာပြီဖြစ်သည့် စိတ်အေးလက်အေး နေလို့ရသလို ခံစားချက်မျိုး ပေးခဲ့သည်။


လုရှီက သရုပ်ဆောင်တင်မက အချက်အပြုတ်မှာပါ တော်သည်။ သွမ့်ရှူးထုံက မထိန်းနိုင်ပဲ ထမင်းတစ်ပန်းကန် ထပ်တောင်းရတော့သည်။


ညစာစားပြီးနောက် သွမ့်ရှူးထုံက ပန်းကန်ဆေးလိုက်သည်။ ထို့နောက် ဆိုဖာပေါ် ထိုင်ရင်း ဖုန်းနှင့် ဗီဒီယိုကြည့်နေသည့် လုရှီကို မြင်လိုက်ရသည်။ သူက သာမန်ကာလျှံကာ ကြည့်လိုက်ရာ "နွေဦးပန်းနံပါတ်၂"ဆိုသည့် စာလုံးကို တွေ့လိုက်ရသည်။


“ဒါက..." သွမ့်ရှူးထုံက မေးလိုက်သည်။


လုရှီက သွမ့်ရှူးထုံဘက်ကို ဖုန်းစောင်းပြလာရင်း ပြန်ဖြေလာသည် " streamerတစ်ယောက်က နွေဦးပန်းနံပါတ်၂ရဲ့ အာနိသင်ကို လိုက်ဖ်လွှင့်နေတာလေ...ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ...."


သွမ့်ရှူးထုံ "...."


လက်ရှိတွင် ဗီဒီယိုက လိုက်ဖ်လွှင့်သည့် အမျိုးသမီး၏ လက်မောင်းပေါ်က အမာရွတ်ရှည်ကြီးကို ပြနေသည်။ သူက သေသေချာချာ ကြည့်လိုက်ပြီး ဖြေပေးလိုက်သည် " ဒီအမာရွတ်က ဆယ်နှစ်ကျော်လောက် ရှိနေပြီ....နွေဦးပန်းနံပါတ်၂က သူမအမာရွတ်အတွက်ဆို အရမ်းကြီး မပျောက်ကင်းနိုင်လို့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ဖြေဖျက်ပေးနိုင်လိမ့်မယ်...." 


ယခု လုရှီ ဆွံ့အသွားသည့် အလှည့် ဖြစ်သွားသည်။


သူက သွမ့်ရှူးထုံကို ကြည့်ပြီး ပြောလိုက်သည် " ဆယ်နှစ်ကျော်ကြာ သက်တမ်းရှိတဲ့ အမာရွတ်တစ်ခုအတွက် ခုနစ်ဆယ်ရာခိုင်နှုန်း ပျောက်ကင်းတာက အရမ်းကို ကောင်းနေပါပြီဗျာ..."


သွမ့်ရှူးထုံ၏ အတွေးပုံစံက မပြောင်းလဲသေး၍ သူ့ဘက်က တောင်းပန်သလို ပြုံးပြလာသည်။


ဤနေရာက သူ့မူလကမ္ဘာ မဟုတ်ပေ။ သူ့နာမည်က သွမ့်ရှူးထုံ ဖြစ်နေသေးသော်လည်း ယခုကမ္ဘာ၏ သွမ့်ရှူးထုံ မဟုတ်တော့ပေ။


" ခင်ဗျား ကြည့်နေပါ...ကျွန်တော် အပေါ်တက်တော့မယ်..."


သူက စာကြည့်ခန်းထဲ ရောက်သွားသည့်အချိန် ချန်နင့်ဆီ ဝီချတ်ကနေ မက်ဆေ့ချ် ပို့လိုက်သည် " ကြိုးစဆွဲတင်ပေးလို့ ကျေးဇူးပါ ချန်ကောရေ...." 


ချန်နင်က ထိုမက်ဆေ့ချ်ကို မြင်သောအခါ လန့်သွားမိသည်။ သွမ့်ရှူးထုံ ယခုလို ပြောလာကတည်းက သူသိသွားပြီဟု ဆိုလိုခြင်းပင်။ သို့သော်လည်း ချန်နင်က စီနီယာဟယ်ယွင့်ကို တည်ကြက်အနေနှင့် သုံးခဲ့သည် မဟုတ်ပါလား။



👨‍❤️‍👨