အပိုင်း ၁၅၂
Viewers 27k

Part 152


ချီကျိုးချန်သည် ချီကျန်းကျန်း၏ဘေးမှလျှောက်နေရင်း ဘာပြောရမှန်းမသိဖြစ်နေခဲ့ပြီး သူ၏အမူအယာမှာ ရှုပ်ထွေးနေပုံပေါ်နေခဲ့သည်။


သူတို့အောက်ထပ်သို့ဆင်းလာသည်အထိ သူဘာမှမပြောခဲ့ပေ။ သူ၏ပါးစပ်အားဖွင့်ပြီးနောက် ပြန်ပိတ်သွားခဲ့သည်။


သူတို့အောက်ထပ်သို့ရောက်ပြီးနောက်တွင် ချီကျန်းကျန်းဘက်မှစပြောလာခဲ့သည် " ကောင်းပြီ မြန်မြန်ပြန်တော့ နင်ကဒီနေ့ဝတ်ထားတာ အရမ်းပါးတယ်လို့ထင်တယ် ဒီနေ့ကအတော်အေးနေတာကို နင်အောက်ဆင်းတဲ့အခါဆို ပိုပြီးထူထူဝတ်သင့်တာ.."


သူမသည် အမှန်တကယ်ကိုချီကျိုးချန်အပေါ်၌အမြင်ကောင်းရှိနေခဲ့သည်။ မူလဇာတ်ကြောင်းတွင် သူသည်နှိုးဆွခံရပြီး လမ်းလွဲသွားရခဲ့သော်လည်း သဘာဝအရဆိုးသွမ်းသူမဟုတ်ခဲ့ပေ။


" အိုးး " ချီကျိုးချန်ပြန်ဖြေလာခဲ့သည်။


သူသည်မြေပြင်ပေါ်သို့ခြေဆောင့်လိုက်ပြီး ပြောလာခဲ့သည် " နင်ကလာပြီးတာနဲ့ပြန်တာပဲ ခဏလေးတောင် မနေသွားဘူး…"


" ငါကသိပ်မကြာခင်ပြန်မှာပါပဲ အိမ်ကျရင် ညစာစားရဦးမှာ…" 


" ဒီမှာစားသွားလေ…"


ချီကျန်းကျန်းပြုံးပြလိုက်ကာ ဘာမှမပြောတော့ချေ။


ချီကျိုးချန်သည် ချက်ချင်းဆိုသလိုသဘောပေါက်သွားခဲ့သော်ကြောင့် အထီးကျန်နေသည့်အမူအယာအားထုတ်ပြလာခဲ့လေသည်။


ထိုအချိန်၌ ချီကျန်းကျန်းသည် ခြေဖျားထောက်ပြီး ကြည့်ကာ သူ၏ပုခုံးအားပုတ်လိုက်ပြီး " ကောင်းပြီ မြန်မြန်ပြန်တော့ ကုမ္ပဏီမှာလည်းလုပ်စရာတွေများတယ်ဆိုပေမယ့် နင်စာလဲသေချာလုပ်ဦး နင့်အရွယ်ကစာပဲလုပ်သင့်တာ.."


ချီကျိုးချန်သည်မနာခံသလိုပြုမူလိုက်သော်လည်း သူ၏မျက်လုံးထဲတွင် ပျော်ရွှင်မှုများပြည့်နေခဲ့သည် " ငါသိပါတယ်ဟ ပူညံပူညံလုပ်မနေစမ်းပါနဲ့…"


သူ၏စကားလုံးများမှာ မကြိုက်သလိုဖြစ်နေသော်လည်း သူ၏မျက်နှာမှာတော့ပျော်ရွှင်နေခဲ့လေသည်။ ထိုအမူအယာမှာ ချီကျန်းကျန်းအား လျို့ကျိုးကိုသတိရမိသွားစေသည်။ အကယ်၍ချီကျိုးချန်တွင်သာ အမြီးရှိခဲ့မည်ဆိုလျှင် ယခုအချိန်၌အရူးအမူးဝှေ့ယမ်းနေမည်ဖြစ်သည်။


ချီကျန်းကျန်းရီလိုက်ပြီး လက်ပြကာ ဝမ်ယွီနှင့်ထွက်သွားရန်ပြင်ဆင်နေခဲ့လေသည်။


မည်သို့ပင်ဖြစ်စေ ဝမ်ယွီသည်ချီကျိုးချန်အား မည့်သည့်ခံစားချက်မျှမရှိသည့်ပုံဖြင့်သာ ခြေဆုံးခေါင်းဆုံးကြည့်နေခဲ့၏။


ချီကျန်းကျန်းက သက်တောင့်သက်သာမဖြစ်မှုကြောင့် ရွှေ့လာကာ သူ့အားစိုက်ကြည့်လိုက်ပြီး " ရှင်ဘယ်ကိုကြည့်နေတာလဲ ရှင်ကဘာလုပ်လုပ်တော်တယ်‌ဆိုပေမယ့် စဉ်းတောင်မစဉ်းစားနဲ့နော်… ကျွန်မပြောမယ် ရှင်သာချီကျိုးချန်ကို အနိုင်ကျင့်ရဲရင် ကျွန်မရှင့်ကိုလွှတ်ပေးမှာမဟုတ်ဘူး ရှင်ဘယ်လောက်တတ်နိုင် တတ်နိုင် ရှင့်မှာလည်းအသက်တစ်ချောင်းပဲရှိတာ ရှင်လဲသေမျိုးပဲ…"


ဤသည်မှာ ခြိမ်းခြောက်မှုပင်ဖြစ်၏။


ဝမ်ယွီ၏အမူအယာမှာ မပြောင်းလဲပဲရှိနေခဲ့ပြီး ချီကျိူးချန်အားကြည့်ကာ မထီမဲ့မြင်ပြုသည့်အသံဖြင့်ပြောလာခဲ့သည် " ကောင်စုတ်လေး…"


ချီကျိုးချန် : "!!!!" သူ ဝမ်ယွီအား အရှေ့သို့သွား၍ သေအောင်ကိုက်ပစ်ချင်သော  သေစေနိုင်သည့်အကြည့်တစ်ချက်သာပေးလိုက်မိတော့သည်။ 


ဝမ်ယွီ : " စာသေချာလုပ် မင်းရဲ့အဲ့လောက်အရည်အချင်းသေးသေးလေးနဲ့ ဘာမှတိုးတက်လာနိုင်မှာမဟုတ်ဘူး…"


ထိုသို့ပြောလိုက်ပြီးနောက် သူသည် ချီကျန်းကျန်းအားခေါ်ကာထွက်လာခဲ့လေသည်။


ချီကျိုးချန် : "...." 


ခဏအကြာတွင် သူသက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် ဝမ်ယွီအားလှမ်းအော်လာခဲ့လေသည် " ကျေနပ်မနေနဲ့ ဝမ်ယွီ တစ်နေ့ကျရင် ကျွန်တော်ခင်ဗျားကြီးကိုရအောင်ကျော်ပြမယ်…"


ကားပေါ်သို့လှမ်းနေသည့် ချီကျန်းကျန်းမှာ ထပ်မံ၍အော်ရီ‌မိသွားတော့သည်။


ဝမ်ယွီက ကောင်ငယ်လေး၏ဒေါသအားလျစ်လျူရှူလိုက်ကာ ကားထဲသို့သာ လိုက်၍ဝင်ခဲ့လေသည်။


သူသည်ချီကျန်းကျန်းအားပြုံးလျက်ကြည့်နေခဲ့ပြီး " အိမ်ပြန်ကြမလား…" 


ချီကျန်းကျန်းသည် အံ့ဩသွားခဲ့ပြီးနောက် သူမ၏အပြုံးမှာ ပို၍တောက်ပလာကာ သူမ၏မျက်ခုံးလေးများတွန့်ကွေးနေရင်းမှ " အိမ်ပြန်ကြတာပေါ့…" 


စကားနှစ်လုံးတည်းနှင့်ပင် သူမ၏ခံစားချက်များနှင့် ရှူပ်‌ထွေးနေမှုအား ဘေးသို့ပို့ထားလိုက်တော့သည်။ ဆောင်းရာသီလများမှာ အလွန်အေးလှသော်လည်း သူမ၏နှလုံးသားထဲမှာတော့ နွေး‌ထွေးနေခဲ့လေသည်။


ဝမ်ကျန်းအိမ်ရာသို့ပြန်ရောက်ပြီးနောက် ချီကျန်းကျန်းနှင့်ဝမ်ယွီတို့သည်ပါဝင်ပစ္စည်းများအား စတင်ပြင်ဆင်နေခဲ့ကြသည်။


ဝမ်ယွီကအသီးအရွက်များအားဆေးကြောကာ လှီးဖြတ်ခဲ့ပြီး ပန်းကန်များဖြင့်အလုပ်ရှုပ်နေခဲ့၏။


ချီကျန်းကျန်းသည်လည်း သူ့အားအဖော်ပြုကာ ဆေးကြောခြင်း၊ လှီးဖြတ်ခြင်းနှင့် ပန်းကန်များအားနေရာကူချပေးနေခဲ့သည်။


" ရှင်တကယ်ကြီး ကျွန်မအကူအညီမလိုတာလား…" သူမမျက်တောင်ခတ်လိုက်ကာ ဘေးတွင်ရပ်နေပြီးမေးလာခဲ့သည်။


ဝမ်ယွီလှည့်လိုက်ပြီး သူမလက်ထဲမှာကိုင်ထားသည့် အာလူးကြော်အားယူလိုက်ကာ ပြောလိုက်လေသည် " သရေစာတွေလျှော့စား အခုကနှစ်သစ်ကူးအကြိုညစာစားရမဲ့အချိန်လေ…"


" အိုး အိုးး ကောင်းပါပြီ…" ချီကျန်းကျန်းသည်လည်း နာခံမှုရှိနေခဲ့ပြီး သူမမစားရသေးသောအာလူးကြော်များအား ကော်ဖီစားပွဲပေါ်သို့ ပြန်တင်ထားလိုက်တော့သည်။


ဖုန်းအားထုတ်လာပြီးသည့်နောက်တွင် မီးဖိုချောင်ထဲမှ ဝမ်ယွီသည်အော်ပြောလာခဲ့လေသည် " ချီကျန်းကျန်း "


" ဟေးး ဘာဖြစ်လို့လဲ အကူအညီလိုလား…" သူမ၏မျက်လုံးများပင့်တက်သွားခဲ့၏။


ဝမ်ယွီက ပန်းကန်ပြားတစ်ချပ်အား သူမလက်ထဲထည့်ပေးလိုက်ပြီး " အဲ့ဒါ‌ဆိုဒါလေးယူသွားပြီး စားပွဲပေါ်မှာတင်ပေးပါ…"


အမှန်မှာတော့ သူမသူ့အားခေါ်ရခြင်းမှာ သူမအားလာ၍ သူ့ကိုအဖော်လုပ်ပေးစေခြင်းကြောင့်သာဖြစ်သည်။


သူသည်သူမအားသူ၏အမြင်အောက်၌သာ အမြဲရှိနေစေချင်ခဲ့သည်။


" ကောင်းပြီ…" သူမခပ်သုတ်သုတ်လျှောက်ကာ ပန်းကန်ပြားများအား တစ်ချပ်ပြီး တစ်ချပ်သယ်နေခဲ့သည်။


ပါဝင်ပစ္စည်းများ တစ်မျိုးလျှင်နည်းနည်းစီသာရှိသော်လည်း အဆုံးတွင် သူတို့သည် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်ထဲသာဖြစ်လေသည်။ ထို့ကြောင့် စားစရာအများအပြားရှိမနေခဲ့ပေ။


ထမင်း‌စားပွဲပေါ်၌ လေးပိုင်းခွဲထားသော အိုးတစ်အိုးရှိနေခဲ့ပြီး နှစ်ပိုင်းမှာ ပူလောင်ပြီးအနည်းငယ်စပ်သော အနီရောင်ဟင်းရည်ဖြစ်သည်။ တစ်ပိုင်းမှာမူ ကြည်လင်နေသော စွပ်ပြုတ်ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ လျို့ကျိုးအတွက်ရိုးရိုးရေသာဖြစ်လေသည်။


နှစ်သစ်ကူးအကြိုည၏ညစာစားပွဲအတွက် မိသားစုတစ်ခုလုံး လူစုံတက်စုံရှိသင့်သည်သာဖြစ်၏။


ချီကျန်းကျန်းစားပွဲတွင်ထိုင်ပြီးနောက် သူမ၏မျက်လုံးများမှာ တောက်ပစွာလင်းလက်နေခဲ့ပြီး မီးဖိုချောင်ဘက်သို့လှမ်းအော်ပြောလိုက်လေသည် " ဝမ်ယွီ အဲ့ဒါကအဆင်သင့်ဖြစ်နေပြီလား…"


" အဲ့ဒါ ဒီမှာပါ…" ဝမ်ယွီပြောလိုက်ပြီးနောက် ဖက်ထုပ်များအားသယ်လာခဲ့လေသည်။


ချီကျန်းကျန်းတစ်ချက်ကြည့်လိုက်ပြီး သူမ၏အမူအယာအနည်းငယ်ထိလွယ်ရှလွယ်ပုံစံပေါ်နေခဲ့သည်။


သူမပြုလုပ်ခဲ့သောဖက်ထုပ်များမှာ ဝမ်ယွီလုပ်ခဲ့သောဖက်ထုပ်များထက်ပို၍ကြည့်ရဆိုးနေခဲ့သည်။ ယခုအချိန်တွင် သူတို့မှာပေါင်းပြီးသားဖြစ်နေသောကြောင့် ပုံပန်းသွင်ပြင်မှာပို၍သိသာထင်ရှားနေခဲ့၏။ ဖက်ထုပ်အပြင်အသားသည် အတူတူဖြစ်ပြီး အထဲရှိအဆာပလာများမှာ အတူတူဖြစ်သည်။ အဘယ်‌ကြောင့်ပါဝင်ပစ္စည်းတူညီသောဖက်ထုပ်များသည် လုံးလုံးမတူညီသောအရာနှစ်မျိုးအဖြစ်ပြောင်းလဲသွားရသည်နည်း။


ပုံမှန်ကဲ့သို့ပင် ဝမ်ယွီသည်ချီကျန်းကျန်း၏ဘေးတွင်ထိုင်လိုက်တော့သည်။ လျို့ကျိုးမှာမူ သူတို့နှစ်ဦးအကြားရှိ မြေပြင်ပေါ်၌လဲလျောင်းနေခဲ့လေသည်။


" ကျွန်မဝိုင်နည်းနည်းလောက်ရမလား…" သူမမျက်တောင်များအား ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ သူမ၏မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။


" တစ်ခွက်ပဲရမယ်…" ဝမ်ယွီတိုးညှင်းစွာရယ်မောနေခဲ့သည်


" ကောင်းပြီ.." ချီကျန်းကျန်းသည် အလျင်အမြန်ဆိုသလို စားပွဲ၏အောက်ရှိ ဝိုင်ထားသည့်နေရာမှ ဝိုင်နီတစ်ပုလင်းယူလိုက်ကာ ဝမ်ယွီအား ပြုံး‌ပြနေလျက်ပေးလာခဲ့၏။


ဝမ်ယွီသည် ပုလင်းအားဖွင့်လိုက်ပြီး ခွက်နှစ်ခွက်ထဲသို့လောင်းထည့်လိုက်တော့သည်။


သူသည်ဝိုင်ခွက်အားကောက်ယူမည်အလုပ်တွင်…


ချီကျန်းကျန်းသူ့အားကြားဖြတ်ပြောလိုက်ကာ " နေဦး ပုံအရင်ရိုက်ရအောင်…"


သူမ၏ဖုန်းအားထုတ်ကာ " ကလစ် ကလစ် ကလစ် " စသည်ဖြင့် ပုံအနည်းငယ်ရိုက်ယူလိုက်ပြီး သူမ၏ခေါင်းအားဝမ်ယွီပေါ်သို့မှီကာ ဝမ်ယွီနှင့် ဓာတ်ပုံအနည်းငယ်ရိုက်ယူလိုက်သည်။ ထို့နောက် သူမ၏ Friend's Circle တွင်တင်လိုက်ပြီးနောက် ဖုန်းအားပြန်ချထားလိုက်တော့သည်။


( Wechat ၏ သူငယ်ချင်းများဖြင့်မျှဝေနိုင်သော Social media လုပ်ဆောင်ချက်တစ်မျိုး )


ဝမ်ယွီသည် စစခြင်းမှာတော့ အံ့ဩသွားခဲ့သော်လည်း သူမအားအလွန်ချစ်မြတ်နိုးနေသောအမူအယူဖြင့်ကြည့်ကာ သူ၏ဖုန်းအားထုတ်၍ သူမအားအသဲတစ်‌ခုပေးလိုက်လေသည်။


ခဏကြာစဉ်းစားပြီးနောက် သူသည် နှစ်ဦးအတူရှိနေသော ဓာတ်ပုံတစ်ပုံထပ်မံရိုက်ကူးလိုက်သည်။


" ဝမ်ယွီ ပျော်ရွှင်စရာနှစ်သစ်ကူးပါ…" ချီကျန်းကျန်းသည် သူမ၏ဝိုင်ခွက်အားမြှောက်တင်နေလျက် စကားဆိုလာခဲ့သည်။


ဝမ်ယွီသည်လည်း သူ၏ခွက်အားကိုင်မြောက်ကာ သူ၏နှုတ်ခမ်းထောင့်ရှိအပြုံးတစ်ပွင့်မှာ မည်သည့်အချိန်မှ ပြန်မကျဆင်းတော့မည့်ပုံဖြင့် " ပျော်ရွှင်စရာနှစ်သစ်ကူးပါ ချီကျန်းကျန်း…"


" ကျွန်မအားယွီကို နှစ်သစ်ကူးမှာ ရှင့်ရဲ့စိတ်ဆန္ဒတွေအကုန်ပြည့်စုံနိုင်ပြီး တစ်နှစ်ထက်တစ်နှစ်ပိုပို ကြီးပွားတိုးတက်နိုင်ပါစေလို့ဆုတောင်းပါတယ်…"


[ 万事如意 - သင်၏ဆန္ဒတိုင်း ပြည့်စုံနိုင်ပါစေ သို့မဟုတ် ရိုးရိုးရှင်းရှင်းဖြင့် အရာအားလုံးအကောင်းဆုံးဖြစ်ပါစေ၊ 年年有余 - တစ်နှစ်ထက်တစ်နှစ်ပို၍ပေါကြွယ်ဝနိုင်ပါစေ (ယွီ၏အမည်ပါဝင်ပြီး) ]


ဝမ်ယွီပြုံးလိုက်ကာ သူမ၏ဆုတောင်းကဲ့သို့အတုယူပြီး ပြောလိုက်လေသည် " ကိုယ်လည်းကျန်းကျန်းအတွက် ပျော်စရာနှစ်သစ်ဖြစ်ဖို့ဆုတောင်းပါတယ် မင်းအတွက် နေ့ရက်တိုင်းပျော်ရွှင်နိုင်ပြီး လုံလုံခြုံခြုံနဲ့ အမြဲရွှင်လန်းနိုင်ပါစေ…"


စဉ်းစားကြည့်ရမည်ဆိုလျှင် ‌ဤသည်မှာ ဝမ်ယွီ၏ပထမဆုံးနှစ်သစ်ကူးအကြိုပွဲဖြစ်လေသည်။ သူသည် ဝမ်မိသားစု၌ရှိနေစဉ်အခါက နှစ်သစ်ကူးအကြိုနေ့များမှ မည်သို့ရှိခဲ့သည်အား မမှတ်မိတော့သော်လည်း ထိုအရာမှာ သူ့အတွက်မည်သို့မှမခြားနားသည့်အရာပင်ဖြစ်ပေသည်။


သူ့အား စာအိတ်နီပေးခဲ့ကြသည်ဆိုလျှင်ပင် သူသည် အချိန်အတန်ကြာဝေဖန်ခံနေရဆဲဖြစ်၏။


[ 红包 - နှစ်သစ်ကူးတွင် လူကြီးများမှ လူငယ်များအား ကံကောင်းစေရန်ပေးလေ့ရှိသော စာအိတ်နီ သို့မဟုတ် ကံကောင်းစေသောပိုက်ဆံ ]


xxxxxx