Chapter 59
Viewers 4k

👨‍❤️‍👨Chapter 59

– နောက်ဆုံးတော့ နားလည်မှုလွဲနေတာတွေ အားလုံး ရှင်းသွားခဲ့ပြီ




ရှီသွမ်း စင်ပေါ်တက်ပြီး မိန့်ခွန်းတိုတို ပြောပြီးသွားသည်နှင့် သူ့နောက်က ကိုယ်စားလှယ်များကလည်း ဆယ့်ငါးမိနစ်ထက် ပိုမပြောကြတော့ပေ။


ပွဲပြီးသွားသည့်အချိန် ရွှီယာ့ဇယ်ကလွဲ၍ လူတိုင်းက ကျေနပ်နေကြသည်။ အမှန်တွင်လည်း မည်သူမှ ဤနေရာတွင် တစ်နေ့လည်လုံး အချိန်မဖြုန်းချင်ကြပေ။


အစည်းအဝေးပြီးနောက် ရွှီယာ့ဇယ်က ပွဲကနေ အမြန်ပြေးသွားတော့သည်။ မိန်မိန်ဆိုသည့် ကောင်မလေးကိုပါ သူ့ပြိုင်ကားဆီ ခေါ်သွားလိုက်သည်။ သူက ကားစတီယာရင်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး အံတင်းတင်းကြိတ်မိသည် " လူတိုင်းက ငါ့ကို အနိုင်ကျင့်လို့ ရနေကြတယ်..."


သိုသော်လည်း သူ့ဒေါသကို စိတ်ထဲ ထားရုံသာ တတ်နိုင်သည်။ သူက သွမ့်ရှူးထုံနှင့် ရန်ဖြစ်နိုင်သော်လည်း ရှီသွမ်းကိုတော့ ရန်စဖို့ သတ္တိမရှိပေ။


ချစ်သူတစ်ယောက် အနေနှင့် မိန်မိန်က ရှူးဂါးဒယ်ဒီ၏ စိတ်ကို ဂရုစိုက်ပေးရမည်ဖြစ်၍ နူးနူးညံ့ညံ့လေသံလေးနှင့် နှစ်သိမ့်ပေးလိုက်သည် " သခင်လေးသွမ့်က ကိုကို့ကို ဘာမကောင်းတာ ပြောလိုက်လို့လဲ..." 


“ သူနဲ့ မဆိုင်ဘူး..." ရွှီယာ့ဇယ်က သူ့ပြဿနာကို ထိန်းမထားနိုင်တော့၍ မိန်မိန့်ဆီ တိုင်တန်းမိသည်။ သူက စီနီယာဖြစ်သည့် ရှီသွမ်းက ဂျူနီယာဖြစ်သည့် သူ့ကို လူပုံအလယ် ဘယ်လိုအနိုင်ကျင့်ခဲ့ကြောင်း ပြောပြမိသည်


 " ကိုယ်က နည်းနည်းကြာကြာလေး ပြောမိတာကို သူက ကိုယ့်ကို တမင်သက်သက် စောင်းပြောတော့တာ..."


ဥက္ကဌရှီက သိက္ခာရှိတဲ့သူလေ သူ့ကို ဘယ်လိုလုပ် မကောင်းပြောလို့ရပါ့မလဲ။


မိန်မိန် "...." သူမ ဘာမှမပြောလိုက်သော်လည်း စိတ်ထဲတွင် တွေးမိသည်။ အဲ့ဒါ အချိန်မလေးစားတဲ့ ရှင့်ရဲ့အမှားပဲလေ။ ပြီးတော့ တစ်ဖက်လူက အကောင်ကြီးကြီး။ သူ့အချိန်က အရမ်း တန်ဖိုးရှိတယ်။


သူမခေါင်းထဲ အတွေးတစ်ခု ရှိလာသော်လည်း မျက်နှာတွင်ဖြင့် မပေါ်အောင် ထားရသည်။  


“သူကိုက မှားတာပါ...ဘာပဲဖြစ်ဖြစ် ကိုကိုက ယာ့လန်ရဲ့ ဆက်ခံသူလေ....ဒီတစ်ခေါက် ပြပွဲကလည်း ယာ့လန်က ဦးဆောင်တာ...သူက ဘယ်လိုလုပ် ကိုကို့ကို မျက်နှာသာမပေးရတာလဲ..."


ရွှီယာ့ဇယ်က ကားစတီယာရင်ကို ပိုက်လိုက်ပြီး စိတ်ဓါတ်ကျနေတော့သည် " ငါ အရင်တုန်းကလည်း လိုက်မေးခဲ့ဖူးပါတယ်...အဲ့ဒီဥက္ကဌရှီက စိတ်ဓါတ်သေးသိမ်တဲ့သူမျိုး မဟုတ်ပါဘူး..."


မိန်မိန်က ခွေးလိုခေါင်းကို ရိုက်ပစ်ချင်မိသည်။ သူ၏ တွန့်ချိုးနေသော မျက်ခုံးများက သမင်ငတုံးနှင့်တူသည်ဟု ထင်မိသည်။ သူမက နှစ်သိမ့်ပေးလိုက်သည် " ဥက္ကဌရှီက ကိုကို့ကို ရည်ရွယ်ပြီး ပြောတာတော့ မဟုတ်လောက်ပါဘူး...အဲ့ဒါက..."  


သူမ စကားမဆုံးခင် ရွှီယာ့ဇယ်က ဆတ်ခနဲ ခေါင်းမော့လာသည်။ သူမက သူကြည့်သည့်ဘက် လိုက်ကြည့်မိရာ လူနှစ်ယောက် အတူတူလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဒါက သခင်လေးသွမ့်နဲ့ သူ့ရဲ့ သိုးထိန်း မဟုတ်ဘူးလား။


[T/N : သိုးထိန်းက ရှီသွမ်းကို ပြောတာပါ။ ဓါတ်လှေကားထဲမှာတုန်းက သိုးပေါက်လေး သွမ့်ရှူးထုံကို ဝံပုလွေမကြီး မိန်မိန်ဆီကနေ ကာကွယ်ပေးခဲ့လို့ ပြောတာပါ]


သူမက ထိုအမျိုးသား နှစ်ယောက်၏ ဆွဲဆောင်မှုတွင် နစ်မျှောနေစဥ် ရွှီယာ့ဇယ်က ခါးသက်သက် ပြောလာသည် " သွမ့်ရှူးထုံက တကယ်ပဲ ရှီသွမ်းနဲ့ ဆက်ဆံရေးကောင်းတာပဲ..." 


သူက ရှီမိသားစုနှင့် သွမ့်မိသားစုကြားက ပူးပေါင်းမှုကို မသိလို့ မဟုတ်သော်လည်း ရှီသွမ်းလိုလူမျိုးက သွမ့်ရှူးထုံလိုလူနှင့် လက်တွဲလိမ့်မည်ဟု မထင်ထားခဲ့ခြင်းသာ။ ယခု သူက မျက်မြင်တွေ့ခဲ့ရပြီဖြစ်၍ မစဥ်းစားတတ်အောင် ဖြစ်ခဲ့ရသည်။


မိန်မိန်က အံ့သြသွားရသည် " သူ့ကို ရှီသွမ်းလို့ ပြောလိုက်တာလား..." ဒီလူက ဓါတ်လှေကားထဲမှတုန်းက သူ့အစာကို စောင့်ကြပ်နေတဲ့ သိမ်းငှက်လို လူကြီး မဟုတ်ဘူးလား။


ရွှီယာ့ဇယ်က ခေါင်းညိမ့်ပြသည်။ သူက နှစ်ယောက်အတူတူ ကားထဲ ဝင်သွားသည်ကို မြင်သောအခါ မနေနိုင်ပဲ နှာခေါင်းရှုံ့မိသည် " သွမ့်ရှူးထုံ ရဲတင်းနေတာ မအံ့သြတော့ပါဘူး...သူ့နောက်မှာ ရှီသွမ်း ရှိနေတာကိုး...." 


မိန်မိန် "...."


တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူမက မနေ့က ဓါတ်လှေကားထဲတွင် ဖြစ်ခဲ့သည့် အကြောင်းကို ပြောပြလိုက်သည်။ သူမက ဇာတ်လမ်းတစ်ခုလုံးကို တန်ဆာဆင်ပြောမနေပဲ လိုရင်းကို ပြောလိုက်သည်။


ရွှီယာ့ဇယ်က ဤနယ်ပယ်တွင် ကျင်လည်နေသည်မှာ ကြာပြီဖြစ်သည်။ သူမပြောသည့် အဓိပ္ပါယ်ကို နားလည်ဖို့ အချိန် သိပ်မကြာလိုက်ပေ။ သူက မိန့်မိန့်လက်ကောက်ဝတ်ကို တင်းတင်း ဆွဲကိုင်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ထူးဆန်းနေသည် 


"မင်းပြောတာ အမှန်ပဲလား..." 


မိန်မိန့်မှာ မလှုပ်ရဲချေ " ကျွန်မပြောတဲ့ အထဲမှာ မှားတာ တစ်ခုမှ မပါဘူး...." 


“ဟ..." ရွှီယာ့ဇယ်က အစွန်အဖျား ရောက်နေသလို ရယ်မိသည် " စိတ်ဝင်စားစရာပဲ....ရှီသွမ်းနဲ့ သွမ့်ရှူးထုံ...." သူက မေးစေ့ကို ပွတ်မိသည် " ပြောရမယ်ဆို ရုပ်ရည်အရဆို သူတို့က တကယ် လိုက်သားပဲ..."


မိန်မိန် "...."  


ရွှီယာ့ဇယ်က လှောင်ရယ်လိုက်သည်။ ယခု ရှီသွမ်း သူ့ကို ပစ်မှတ်ထားနေသည့် အကြောင်းရင်းကို သိလိုက်ရလေပြီ။ သွမ့်ရှူးထုံက သူ့ကို တိုင်ထား၍ ရှီသွမ်းက လက်စားချေပြီး ကူညီပေးခြင်း ဖြစ်နိုင်ပေသည်။


ကားထဲရောက်သွားသည့် သွမ့်ရှူးထုံက ရုတ်တရက် နှာချေလိုက်မိသည်။ ရှီသွမ်းက တစ်သျှူးစတစ်ခု ထုတ်ပေးလာ၍ သွမ့်ရှူးထုံက တစ်သျှူးကို ယူလိုက်သည် 


" ကျေးဇူးပါ...."


" နောက်ပိုင်း အပြင် မထွက်နဲ့တော့...ရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ လွယ်တယ်..." ရှီသွမ်းက အကြံပေးလိုက်သည်။


“ဒါပေမယ့် ကျွန်တော် တစ်ခုခု ဝယ်ချင်သေးတယ်..." လူငယ်လေးက ထပ်ပြီး နှာချေလာပြန်သည်။ သူ့နှာခေါင်းထိပ်လေးများက နီရဲနေသည်။ သူက ပြောလာသည်။


 " ကျွန်တော် ပြန်ပြီး အနွေးထည်ထူထူ ဝတ်လိုက်ရုံလေးပါ....အဆင်ပြေသွားမှာပါ..." 


ရှီသွမ်းက တွန့်ဆုတ်ခြင်းမရှိ ပြောလာသည် " ကိုယ် မင်းကို ဝယ်ပေးမယ်လေ...."


" ရပါတယ်ဗျာ..." သွမ့်ရှူးထုံက ပြုံးပြလိုက်သည် ။


" ဟိုတယ်နဲ့ သိပ်မဝေးပါဘူး...မိနစ်နည်းနည်းလောက် သွားလိုက်ရင် ရောက်တယ်..."


မောင်းသူထိုင်ခုံမှ လျိုကျစ်ဖေးက ကြင်ကြင်နာနာ ပြုံးပြလေသည်


 " သခင်လေးသွမ့် ဘယ်မှာ ဝယ်မလဲဗျ...ကျွန်တော် မောင်းပို့ပေးမယ်..."


ရှီသွမ်းနှင့် အချိန်အတော်ကြာထိ နေပြီးနောက် လျိုကျစ်ဖေးနှင့် ချန်နင်တို့က သူတို့ဘော့စ်၏ အတွေးကို ဖတ်နိုင်ပြီ ဖြစ်သည်။ ယခုဆို သူတို့ဘော့စ်က ပြောမပြရင်တောင် သွမ့်ရှူးထုံကို မိတ်ဆွေအဖြစ် သတ်မှတ်ထားမှန်း ရှင်းလင်းနေ၍ သူတို့ဘက်ကစပြီး သခင်လေးသွမ့်ကို ကူညီပေးရပေမည်။


ရှီသွမ်းက အရမ်းကျေနပ်သွားရသည် " အဲ့လို လုပ်လိုက်..."


သွမ့်ရှူးထုံ "....ယာ့လန်စတိုးပါ..."


သူက မနေ့က လမ်းလျှောက်ရင်း ဆိုင်ကို မြင်ခဲ့သည်။ ယနေ့ ထုတ်ကုန်သစ်ကို စမ်းသုံးကြည့်ပြီးနောက် ဝယ်သွားပြီး ဟိုမှာ လေ့လာကြည့်ရန် ဆုံးဖြတ်ခဲ့သည်။


" ကောင်းပါပြီ...." လျိုကျစ်ဖေးက အမြန်ဖြေလာသည်။ 


သို့သော်လည်း ကံမကောင်းစွာ ယာ့လန်စတိုးအနီး၌ ပါကင်ရပ်ဖို့နေရာ ကောင်းကောင်း မရှိချေ။ အနီးဆုံး ကားရပ်သည့်နေရာက ဟိုတယ်မှာသာ ရှိသည်။


ချန်နင်က ပြောလာသည် " သခင်လေးသွမ့် ဝယ်ချင်တာကို သွားဝယ်ပေးပါ့မယ်..."


သွမ့်ရှူးထုံ မငြင်းခင် ရှီသွမ်းက ဦးအောင် ငြင်းလာသည် " ငါ သူနဲ့ လိုက်သွားလိုက်မယ်...မင်းတို့နှစ်ယောက် အရင်ပြန်နှင့်လိုက်ကြ..."


ကားလေးက လမ်းတစ်ဖက်တွင် ရပ်သွားပြီး ရှီသွမ်းက သွမ့်ရှူးထုံနှင့်အတူတူ ဆင်းလိုက်ကြသည်။


" ဥက္ကဌရှီ...ပြီးသွားရင် ကျွန်တော့်ကို ခေါ်လိုက်ပါနော်..." လျိုကျစ်ဖေးက ရယ်ပြလာသည်။ 


သွမ့်ရှူးထုံ "..." နီးနီးလေးပါ...လမ်းလျှောက်ပြန်လိုက်ရင် ရပါတယ်။


ထို့ပြင် ရှီသွမ်းက သူနှင့်လိုက်ခဲ့ပေးဖို့ တကယ် မလိုအပ်ပေ။


ရှီသွမ်းက ထိုသို့မစဥ်းစားချေ။ အကြောင်းပြချက်ကြောင့် သူ့ခံစားချက်များကို ဖိနှိပ်ထားရသော်လည်း သူလုပ်မိသည့်အရာက စိတ်လိုက်မာန်ပါ ဖြစ်သွားသည်။


အတိတ်တွင် သူ့မှာ လူငယ်လေးနောက်လိုက်ပြီး ပစ္စည်းဝယ်ဖို့က လုံးဝမဖြစ်နိုင်ချေ။


သို့သော်လည်း ယခု သူက ဘာအတွက်ပဲဖြစ်ဖြစ် လူငယ်လေးနား ရှိနေချင်မိသည်။ သူ့ဘေးနား နေချင်မိသည်။ သူ့ဘဝထဲ ဝင်ပါချင်မိသည်။ နောက်ပြီး...


“ဥက္ကဌရှီ..." ရှီသွမ်းက အသံတိတ်နေ၍ လျိုကျစ်ဖေးက ဝေခွဲမရဖြစ်သွားသည်။


ရှီသွမ်းက အသိပြန်ဝင်လာသည် " ရတယ်...မလိုဘူး..."


လျိုကျစ်ဖေးနှင့် ချန်နင်တို့ ထွက်သွားပြီးနောက် လူနှစ်ယောက်တည်းသာ ရှိတော့သည့် ကမ္ဘာတစ်ခု ပြန်ဖြစ်သွား၏။


 á€›á€žá€Žá€žá€˝á€™á€şá€¸á€€ သူ့အပေါ်ဝတ်ကို ချွတ်ပြီး သွမ့်ရှူးထုံဆီ ပေးလိုက်ချင်သော်လည်း လူငယ်လေးက အပိတ်ပြောလာသည်။


“ကျွန်တော် တကယ် မအေးပါဘူး..."


ရှီသွမ်းက စိတ်လျှော့လိုက်ရုံသာ တတ်နိုင်သည်။


သွမ့်ရှူးထုံနှင့် ရှီသွမ်းက ယာ့လန်စတိုးဆိုင်ထဲ အတူတူ ဝင်သွားကြသည်။ အရပ်ရှည်ရှည် ရူပ်ချောချော အမျိုးသားနှစ်ယောက် ဆိုင်ထဲ ဝင်လာသည်ကို မြင်သောအခါ ရုတ်တရက် လူတိုင်း၏ အာရုံကို ဆွဲဆောင်မိသွားသည်။


ဘုရားရေ...ဒီနေ့က ဘယ်လိုမှော်ဝင်နေ့မျိုးပါလိမ့်။ခုနလေးတင် ကောင်ချောလေး တစ်ယောက် ရောက်လာပြီး အခု ကိုယ်လူချောနှစ်ယောက် ရောက်လာတယ်။ အကြည့်မလွှဲနိုင်အောင်ကိုပဲ။


အရောင်းစာရေးမလေးက အနားရောက်လာပြီး တစ်ခုခု ပြောရန် ပြင်လိုက်ချိန် သွမ့်ရှူးထုံက ပြောလိုက်သည်။


 " ယာ့လန်ရဲ့ အသစ်ထွက် ထုတ်ကုန်ကို ဝယ်ချင်လို့ပါ..."


အရောင်းစာရေးမလေးက အံ့သြသွားရသည် " ဆောရီးပါဆရာ...အသစ်ထဲက အမျိုးသားသုံး မရှိပါဘူး..."


" အမ်...ကျွန်တော်က အမျိုးသမီးသုံးထဲက ဝယ်မလို့ပါ..." သွမ့်ရှူးထုံက ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်သည်။


အရေးစာရေးမလေးက သွမ့်ရှူးထုံ၏ မျက်နှာလှလှလေးကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားပြီး အဆက်မပြတ် ရင်ခုန်လာသော်လည်း အတွေ့အကြုံရှိသူတစ်ဦးမို့ အမြန်ထိန်းထားနိုင်လိုက်သည်။ သူမက လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။


 " ဟုတ်ကဲ့...ဒီဘက်မှာပါ ဆရာ..." 


ဘုရားရေ...ဘယ်အမျိုးသမီးလေးကများ ဒီကောင်ချောလေးနှစ်ယောက်ကို skincareဝယ်ဖို့ လာရတဲ့အထိ ကံကောင်းလွန်းရတာလဲ။


သူတို့က အရောင်းနေရာသို့ ရောက်သောအခါ အရေးစာရေးမလေးက ထုတ်ကုန်ကို မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း သွမ့်ရှူးထုံက ဖြတ်ပြောလိုက်သည် " ဘယ်မှာ ငွေချေလို့ရမလဲ မသိဘူး..." 


အရောင်းစာရေးမလေး " QRကုဒ်ကို scanဖတ်ချင်လား...ဒါမှမဟုတ် ငွေသားပဲ ပေးချင်လား...." သူမက ကောင်ချောလေးနှင့် စကားများများ ပြောချင်မိသည်။


သို့သော်လည်း ကျန်သည့် အချောလေးက အေးစက်လွန်း၍ သူမမှာ တော်တော်လေး ရှိန်သွားရသည်။


" QRနဲ့ပါ.." သွမ့်ရှူးထုံက ဖုန်းထုတ်လိုက်သည်။


သူ ပေးပြီးသည်နှင့် သူ့နောက်ကနေ အသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံက အနည်းငယ် ရင်းနှီးနေ၏။


" တွေ့ကြပြန်ပြီနော်..." ယင်းက ပျင်းတိပျင်းရွဲနိုင်သည့် သြရှရှအသံ ဖြစ်နေသည်။    


သွမ့်ရှူးထုံက နောက်ကို ကြည့်လိုက်မိသည်။ ထိုသူက မနေ့က လမ်းဘေးတွင် စကားပြောခဲ့သည့်သူ ဖြစ်နေလေသည်။


သူတို့ ပထမဆုံး ဆုံခဲ့သည့်အချိန်က ညအချိန်ဖြစ်နေသည့်အပြင် သွမ့်ရှူးထုံကလည်း စိတ်ရှုပ်ထွေးနေ၍ ထိုသူ့ရုပ်သွင်ကို အာရုံမစိုက်ခဲ့မိပေ။ သို့သော်လည်း ယခု အနီးကပ်ကြည့်မှ ထိုသူက တော်တော်လေး ကြည့်ကောင်းလှသည်။ သူက ပုံမှန်တွေ့နေကျ အချောလေးများလို မဟုတ်သော်လည်း တစ်မျိုးမျိုးနှင့် ဆွဲဆောင်မှုရှိနေသည်။ 


စကားနှင့်ဖော်ပြရလျှင် မြူတူတူနိုင်၏။


ယင်းက သူ့အကြိုက် မဟုတ်ပေ။


သွမ့်ရှူးထုံက ယဥ်ယဥ်ကျေးကျေး ခေါင်းညိမ့်ပြလိုက်ပြီးနောက် ပစ္စည်းဝယ်ပြီး ပြန်ထွက်ရန်ပြင်လိုက်သည်။


ထိုလူ့အကြည့်က သွမ့်ရှူးထုံဆီကနေ ရှီသွမ်းဆီ ရောက်သွားပြီး သူ့အပြုံးက အဓိပ္ပါယ်မရှင်းလင်းပေ။ ရက်စက်သလို အပြုံးမျိုး မဟုတ်သော်လည်း နည်းနည်းထူးဆန်းနေသလို ခံစားမိသည်။ 


“ဒါဆို မင်းက ဒီလိုပုံစံမျိုး ကြိုက်တာပေါ့..."


သွမ့်ရှူးထုံ "...."


အပြစ်ရှိစိတ်ကြောင့် သူက ရှီသွမ်း၏ အင်္ကျီလက်ကို ဆွဲပြီး စတိုးဆိုင်အပြင်ဘက် လျှောက်သွားလိုက်သည်။


ရှီသွမ်းက တစ်ချိန်လုံး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သို့သော်လည်း သူက စတိုးဆိုင်အပြင်ဘက်သို့ ရောက်သောအခါ ထိုလူနှင့် အကြည့်ချင်းဆုံလိုက်သည်။ သူ့အကြည့်က နက်မှောင်ပြီး အေးစက်နေ၏။


မြူတူတူ အမျိုးသားက အသံထွက်ရယ်လိုက်မိသည်။


မနေ့ကလို လေပြင်းမုန်တိုင်းမရှိပဲ ယနေ့က နေသာပြီး နွေးနွေးထွေးထွေး ရှိနေသည်။


နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားလိုက်သည်။ သွမ့်ရှူးထုံလက်ထဲက အိတ်က လွှဲခါသွားတိုင်း မြေပြင်ပေါ်က အရိပ်ပါ လွှဲသွားလေသည်။


သွမ့်ရှူးထုံက ခေါင်းကို ငုံ့ထားမိသည်။ အချိန်တော်တော်ကြာမှ ပါးစပ်ဖွင့်လာသည်။


" ကျွန်တော် အဲ့ဒီလူကို မသိဘူး...ဒါကြောင့် သူ့စကားတွေကို စိတ်ထဲ မထားပါနဲ့..."  


ရှီသွမ်း မျက်မှောင်ကြုတ်မိသည် " ဘယ်စကားလဲ..."


သွမ့်ရှူးထုံက အလင်းလို အမြန်နှုန်းနှင့် သူ့ကို ကြည့်လိုက်မိသည်။ ဘယ်လိုလုပ်ပြီး သူက အကျယ်ကြီး ထုတ်ပြောနိုင်ရတာလဲ။ မည်သို့ဆိုစေ ထိုလူပြောသည်က မမှားပေ။ သွမ့်ရှူးထုံက ရှီသွမ်းလို စတိုင်မျိုးကို ကြိုက်သည်။ ထို့ကြောင့်လည်း စတွေ့ကတည်းက ရှီသွမ်းကို သတိထားမိနေခြင်းဖြစ်သည်။


နှစ်ယောက်သား အသံတိတ်သွားကြသည်။


သူတို့က ဟိုတယ်ဆီ ရောက်တော့မည့်အချိန် ရှီသွမ်းက ရုတ်တရက် တားလာပြီး သွမ့်ရှူးထုံကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။


 " ကိုယ် မင်းကို အရင်က ရှင်းပြပေးခဲ့မိလား..." 


“ဘာကိုလဲ..." လူငယ်လေးက မျက်လုံးပင့်မိသွားသည်။


ရှီသွမ်းပုံစံက တည်ငြိမ်နေသည် " ကိုယ် ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးဘူး....ဖိန်ရော့ဝိန်းကိုရောပဲ..."


သူက လူငယ်လေးနှင့် အတူတူရှိနိုင်နိုင် မနိုင်နိုင် ထိုအချက်ကိုတော့ သေချာအောင် လုပ်ထားရမည်။ အတိတ်တွင်မူ ကြောက်နေမိ၍ တွန့်ဆုတ်နေခဲ့မိသည်။ ယခု သူက တည်ငြိမ်သွားပြီဖြစ်သော်လည်း ဤသည်က နောက်ဆုံးကြိုးမျှင်ဟု ပြောနိုင်သေးသည်။


သွမ့်ရှူးထုံ၏ မျက်လုံးများက အံ့သြသွားဟန် ပြလာသည် " ဒါဆို အရင်တုန်းက ဘာလို့...." 


“ရှီယွိက မင်းကို ပြောခဲ့တယ်လေ..." ထိုလူက နွေးထွေးစွာ ရှင်းပြလာသည် " သူက စိတ်မလုံခြုံသလို ခံစားခဲ့ရလို့ ကိုယ့်ကို လပ်မထပ်စေချင်ခဲ့ဘူး..."


" ကျွန်တော် နားမလည်သေးဘူး..." သွမ့်ရှူးထုံက မျက်မှောင်ကြုတ်လိုက်မိသည်။


ရှီသွမ်းက သူ့ကိုယ်သူ ရယ်မိသည် " လူတော်တော်များများက ဒီအကြောင်း သိထားကြတယ်...ကိုယ်က ကိုယ့်တစ်ဘဝလုံး လက်မထပ်ဖို့ စီစဥ်ထားရင်တောင် ဒီကိစ္စက ရှီယွိဆီကို တိုက်ကိုတိုက်ခိုက်လာမှာပဲ...." 


သွမ့်ရှူးထုံက မျက်လုံးအပြူးသား ဖြစ်သွားရသည်။ နောက်ဆုံး သူ နားလည်သွားပြီ ဖြစ်သည်။


ရှီသွမ်းသာ အနာဂတ်တွင် လက်မထပ်တော့ဘူးဆိုပါက အခြားသူများက ထိုအကြောင်း အတင်းပြောကြလိမ့်မည်။ ရှီယွိကလည်း ရှီသွမ်း၏ သွေးသားက ရှီမိသားစုကို လုယူသွားမှာစိုး၍ ရှီသွမ်း လက်မထပ်ဖြစ်အောင် အမျိုးမျိုး နှောင့်ယှက်ခဲ့သည်။ ဤကိစ္စက ရှီယွိအတွက် အမည်းစက်ကြီး ဖြစ်လာပေလိမ့်မည်။


ရှီသွမ်းက ရှီမိသားစုကို ရှီယွိဆီ ပေးချင်သော်လည်း ရှီယွိကို ထိုအတင်းအဖျင်းမျိုး အပြောမခံရစေချင်ပေ။


" ဒါဆို ခင်ဗျားက ဘယ်တော့မှ လက်မထပ်တော့ဘူးဆိုတာ လူတွေကို ပြချင်လို့ ဖိန်ရော့ဝိန်းကို လိုက်ပိုးလို့ မရခဲ့ဘူးဆိုတဲ့ ဆင်ခြေကို သုံးလိုက်တာပေါ့..." 


သွမ့်ရှူးထုံက တစ်ဖက်လူကို အံ့သြသလို ကြည့်မိသည်။ ထို့နောက် ဖျတ်ခနဲဆိုသလို ရှီသွမ်းအတွက် တော်တော်လေး ဝမ်းနည်းသွားခဲ့သည်။


ရှီသွမ်းက ရှီယွိကို ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်လိုက်မာန်ပါ မလုပ်မိစေဖို့ အများကြီး ကူညီပေးခဲ့သည်။ သူက ရှီယွိက ရှီမိသားစုကို စိတ်သန့်သန့်နှင့် လက်လွှဲယူနိုင်ဖို့ တာဝန်အားလုံးခံပေးခဲ့သည်။


သွမ့်ရှူးထုံက တစ်ဖက်လူကြောင့် ရင်ဘတ်က နာကျင်လာပြီး မျက်လုံးထဲ မျက်ရည်တို့ ပြည့်လာသည်။


လူငယ်လေးက တော်တော်လေး စိတ်ထိခိုက်သွားမှန်း မြင်လိုက်ချိန် ရှီသွမ်းက ရင်ထဲ နွေးထွေးသွားသလို အပြစ်ရှိစိတ်လည်းဝင်မိလေသည်။ သူက လက်ဆန့်လိုက်ရင်း လူငယ်လေး၏ ခေါင်းလေးကို ပုတ်ပေးမိသည်။


 " ကိုယ့်အတွက်ကတော့ ဒါက ကိစ္စကြီး မဟုတ်ပါဘူး...ကိုယ့်အတွက် ဝမ်းနည်းမနေပါနဲ့...." 


သွမ့်ရှူးထုံက ခေါင်းငုံ့ထားပြီး ပြန်မဖြေချေ။


ရှီသွမ်းက ထိုသို့ပြောလာသော်လည်း သွမ့်ရှူးထုံက အသက်ငယ်ငယ်လေးနှင့် ရှီသွမ်းမှာ ရှီမိသားစုကို ထောက်ပံ့ပေးရင်း ရှီယွိကို အရာအားလုံး လက်လွှဲပေးနိုင်ဖို့ ဇာတ်လမ်းလည်း ဆင်ခဲ့ရသေးသည်။


" ကျွန်တော့်ကို ဘာလို့ ဒါတွေ ရှင်းပြနေရတာလဲ..." သွမ့်ရှူးထုံက ရှီသွမ်းလက်ကနေ ခေါင်းရှောင်လိုက်သည်။


ရှီသွမ်း၏ လက်က လေထဲမှာပဲ ရှိနေသေးသည်။ သူက မြင့်တက်လာသော ခါးသီးမှုတို့ကို ဖိနှိပ်ထားလိုက်ရင်း အပြုံးလေးနှင့် ပြောလိုက်သည် ။


" ကိုယ်က ပြောပြချင်ရုံပါ...ကိုယ် သဘောကျတဲ့သူကို မတွေ့ဘူးဆိုရင် လက်မထပ်တော့ဘူးဆိုတာကိုလေ..."


သွမ့်ရှူးထုံက သူ့ကို ကြည့်လာသည်။ ဒါ ခင်ဗျား ဘာတွေပြောနေတာလဲ။


" ဒါကြောင့်..." ရှီသွမ်း၏ အကြည့်က နူးညံ့ပြီး အပြစ်တင်လိုသည့် အရိပ်ရောင်တို့ နည်းနည်းမှ ရှိမနေချေ။


 " အနာဂတ်မှာ ရှီယွိကိုကူပြီး ဘလိုင်းဒိတ်တွေ ပြင်ပေးဖို့ မလိုပါဘူး..." 


သွမ့်ရှူးထုံ "...." ဒါကြီးက ကြာလှပြီကို။


" နားလည်ပါပြီ..."


သူ့စိတ်ထဲ ထိန်းမရအောင် ပျော်နေမိသည်။ ဒါဆို အဲ့ဒီနေ့က မီးဖိုချောင်ထဲမှာ သူမူးနေတုန်း ဖိန်ရော့ဝိန်းကို မကြိုက်ဘူး ပြောခဲ့တာက လိမ်တာ မဟုတ်ဘူးပေါ့။


ယိမ်းခါနေသော skincareအိတ်လေးက ပိုပြီးတော့တောင် လှုပ်ယမ်းလာလေသည်။


ရှီသွမ်းက တက်တက်ကြွကြွ လျှောက်သွားသော သွမ့်ရှူးထုံကို ကြည့်လိုက်မိသည်။ သူ့အကြည့်က လေးနက်ပြီး မစဥ်းစားတတ်သလို ဖြစ်သွား၏။ သူက လူငယ်လေးကို ကြိုတင်သတိပေးချက် အနေနှင့် ပြောပြခဲ့ခြင်းပင်။ 


သူ သတိမထားမိပဲ သွမ့်ရှူးထုံကို မကောင်းတာ တစ်ခုခု လုပ်မိမှာ စိုးရိမ်မိလှသည်။



***


စာရေးသူမှာ ပြောစရာ ရှိပါတယ်။


ဥက္ကဌရှီ : မဟုတ်ဘူး...ငါ ထိန်းထားရမယ်...


စာဖတ်သူများ : မထိန်းထားနဲ့.....


👨‍❤️‍👨