Part 155
.
ချီကျန်းကျန်းငိုနေသည်မှာ မရပ်တော့ပေ။
ဝမ်ယွီအထိတ်တလန့်ဖြစ်သွားပြီး " ကျန်းကျန်း မငိုပါနဲ့ မငိုနဲ့တော့နော်…"
" ဝမ်ယွီ…" ချီကျန်းကျန်းက သူ၏နာမည်အားခေါ်ကာ ငိုကြွေးနေခဲ့ပြီး ပြောလာလေသည် " ကျွန်မလည်း ရှင့်ကိုချစ်တယ် ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှင်တစ်ယောက်ပဲရှိတာ…"
" ကျန်းကျန်း…" ဝမ်ယွီမှာရပ်တန့်သွားခဲ့သည်။
သူမနောက်ထပ်ဆက်ပြောလာမည်အား ကြိုသိနေခဲ့သလိုပင် ဝမ်ယွီသည် သူမ၏မျက်လုံးများအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
" ကျွန်မဆန္ဒရှိပါတယ် ဝမ်ယွီ ကျွန်မရှင့်ကိုလက်ထပ်ဖို့ဆန္ဒရှိ…" အသံမှာ မမျှော်လင့်ဘဲရပ်တန့်သွားခဲ့သည်။
ချီကျန်းကျန်း၏မျက်လုံးများမှာ မည်းမှောင်သွားခဲ့၏။ ယခုတစ်ကြိမ်မှာ အရင်ကနှင့်မတူခဲ့ပေ။ အရင်တုန်းက အချိန်ခဏသာ မည်းမှောင်သွားခဲ့ခြင်းမျိုးဖြစ်သော်လည်း ယခုအချိန်မှာတော့ သူမအမှောင်ထုထဲသို့ အပြည့်အဝနစ်မြုပ်သွားခဲ့သည်။ သူမ၏ခန္ဓာကိုယ် လျော့ကျသွားသည်နှင့် တပြိုင်နက် သူမလည်းမြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ဝမ်ယွီ အလွန်ကြောက်လန့်သွားခဲ့ကာ သူမအားလှမ်းကာ ဖမ်းလိုက်ပြီး အော်ခေါ်နေခဲ့သည်။
" ကျန်းကျန်း "
ဤနှစ်သစ်ကူးသည် ပျော်ရွှင်ရသောအရာတစ်ခုဖြစ်၏။ ချီမိသားစု၏အိမ်သို့သွားခဲ့ရသည့်တိုင်အောင် ဝမ်ယွီအလွန်ပျော်ရွှင်နေသေးသည်။
သူနှင့်ချီကျန်းကျန်းတို့သည် အိမ်ကိုအတူတူအလှဆင်ကြပြီး အိမ်သုံးပစ္စည်းများလည်း အတူတကွဝယ်ယူကာ ဖက်ထုပ်များအတူလုပ်၍ ဆွေမျိူးများဆီသို့လည်း သွားရောက်လည်ပတ်ခဲ့ကြသည်။ ထို့အတူ နှစ်သစ်ကူးရန်အတွက်လည်း အတူတူစောင့်ခဲ့ကာ သူသည်သူမအားလက်ထပ်ခွင့်တောင်းခဲ့ပြီး သူမသည်လည်း သူ့ကိုလက်ထပ်ရန်ဆန္ဒရှိခဲ့သည်။
၎င်းမှာ သူပထမဆုံးအနေအဖြင့် စိတ်ရောကိုယ်ပါပျော်ရွှင်ခဲ့ရသော နှစ်သစ်ကူးဖြစ်ခဲ့သည်။
ထိုနေ့မှာ သူ၏ဘဝတွင် အရေးကြီးဆုံး အခိုက်အတန့်ဖြစ်ခဲ့လေသည်။ သူသည် သူအလွန်ချစ်ရသောသူအား တရားဝင်လက်ထပ်ခွင့်တောင်းခဲ့သောနေ့ဖြစ်သည်။
သူ့အတွက် အပျော်ရွှင်ရဆုံး နှစ်သစ်ကူးဖြစ်မည်ဟု သူထင်မိခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ထိုနေ့သည် သူ့အတွက်အနာကျင်ရဆုံးသောနေ့တစ်နေ့လည်းဖြစ်သွားခဲ့သည်။ သူပြန်လည်တွေးတောမိသောအချိန်တိုင်းတွင် အလွန်ထိတ်လန့်ခဲ့ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သွားသည်အထိဖြစ်ခဲ့ရသည်။
နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင်ပင် သူသည်ထိုနေ့အကြောင်းအား တစ်လုံးတစ်လေမျှမဟခဲ့ပဲ သူ၏ပါးစပ်အားပိတ်ထားခဲ့လေသည်။
အချိန်တိုင်းပင် ထိုနေ့၌ မည်သည်တို့ဖြစ်ခဲ့သည်အား သူနားမလည်နိုင်ခဲ့ပေ။ ထို့အတူ သူသည် ချီကျန်းကျန်းအား မည်ကဲ့သို့သယ်ခဲ့ပြီး သူ၏ရင်ခွင်ထဲတွင်ထည့်ကာ မည်သို့ ဆေးရုံဆီ အမြန်ပို့ခဲ့သည်ကိုလည်း မမှတ်မိခဲ့ပါ။
သူ၏မျက်လုံးများမှိတ်လိုက်သည်နှင့် သူမှတ်မိနိုင်သောအရာတစ်ခုမှာ အဖြူရောင်များသာဖြစ်၏။
ထူထဲနေသော အဖြူရောင်နှင်းများနှင့် ချီကျန်းကျန်း၏ ဖျော့တော့နေသော မျက်နှာ…
သူမအားမည်မျှပင်ခေါ်နေခဲ့သော်လည်း သူဘာပြောပြော ဘာလုပ်လုပ် သူမသည်တုံ့ပြန်မလာခဲ့ပေ။
ဆေးရုံသို့ရောက်သည့်အချိန်၌ သူသည်အရုပ်ကဲ့သို့ဖြစ်နေခဲ့၏။ သူ၏စိတ်များမှာဗလာဖြစ်နေကာ အရေးပေါ်အခန်း၏အပြင်ဘက်တွင်တောင့်ခဲနေခဲ့လေသည်။
သူသည် ဆင်ခြင်ဉာဏ်အလွန်ကြီးမားကာ မည်သည့်ကိစ္စ၌မဆို တည်တည်ငြိမ်ငြိမ်တွေးတောကာ ပြုမူလုပ်ကိုင်နိုင်မည်ဟု သူတစ်ချိန်က ထင်ထားခဲ့ဖူးသည်။ သူ့ဘဝ၏အသက်အန္တရာယ်ရှိနေသောအချိန်၌ပင် သူသည် တည်တည်ငြိမ်ငြိမ်နေနိုင်ဆဲဖြစ်၏။
သို့သော်လည်း လက်တွေ့မှာတော့ ထိုအရာချီကျန်းကျန်းတွင် ဖြစ်လာခဲ့သောအခါ သူသည်သူ၏ဦးနှောက်အားဆုံးရှုံးလိုက်ရသကဲ့သို့ ဗလာဖြစ်နေမှုများသာ ကျန်ရစ်ခဲ့လေသည်။
သူမည်မျှပင်စောင့်ဆိုင်းခဲ့ရကြောင်းအား မသိတော့ချေ။ ၎င်းမှာ ခဏတာမျှသာကြာခဲ့သော်လည်း တစ်ဘဝစာလောက် ကြာညောင်းနေပုံပေါ်နေခဲ့သည်။ ထိုအရာကြောင့်သူ၏ခန္ဓာကိုယ်ထဲတွင် ဝိဉာဉ်မရှိတော့သကဲ့သို့ခံစားလိုက်ရသည်။ အရေးပေါ်ခန်း၏တံခါးပွင့်လာသည်အားမြင်သည်နှင့်တပြိုက်နက် သူသည် ဆရာဝန်အား အလန့်တကြားထဆွဲကာ သူ၏နှုတ်ခမ်းများမှာ တုန်ယင်နေပြီး စကားတလုံးမှမပြောနိုင်ခဲ့ပေ။
သူသည် အလွန်စိတ်လောနေခဲ့ပြီး ချီကျန်းကျန်းမည်သို့ရှိနေမည်အားသိချင်နေခဲ့ပြီး သူမမည်သည့်အချိန်၌ နိုးလာမည်ဆိုသည်ကို ဆရာဝန်အား မေးမြန်းချင်ခဲ့သည်။
သို့သော် သူသည်ဆရာဝန်အားဆွဲထားခဲ့သော်လည်း စကားမပြောနိုင်ပဲ နေရာတွင်သာ တောင့်တင်းနေခဲ့လေသည်။
ဆရာဝန်မှာပြောလာခဲ့သည် " ရောဂါရဲ့အကြောင်းရင်းကိုတော့မသိရသေးဘူး လူနာကတော့သတိမေ့နေတုန်းပဲ…"
ဝမ်ယွီသည် ချီကျန်းကျန်းအား ဖျော့တော့နေသည့်မျက်နှာဖြင့် ဆေးရုံကုတင်ပေါ်၌လဲလျောင်းနေသည်ကို မြင်လိုက်ရလေသည်။ သူမသည်အသက်မရှုတော့သကဲ့သို့ အိပ်ပျော်နေပြီး သူ၏စကားသံများအား တုံ့ပြန်မလာခဲ့ချေ။
သူမ၏နူးညံ့ပြီးလှပသော မျက်နှာပေါ်တွင် ဖျော့တော့နေမှုများသာ ရှိနေကာ သူ့အားဖမ်းစားနိုင်သော သူမ၏မျက်လုံးများမှာ တင်းတင်းပိတ်ထားခဲ့သည်။
ဝမ်ယွီသည် လဲကျတော့မလိုဖြစ်သွားခဲ့ရပြီး သူ့ကိုယ်သူနံရံတွင်မှီကာ ဖုန်းတစ်ကောပြီးတစ်ကောခေါ်နေချိန်၌ အလွန်တုန်ယင်နေခဲ့သည်။
မကြာမှီ ကျန်းယဲ့ရောက်ရှိလာပြီး အခြေအနေများအားဖြေရှင်းနိုင်ရန်အတွက် သူ၏နေရာအားယူလိုက်တော့သည်။
ထိုနေ့မှာ နှစ်သစ်ကူးနေ့၏ပထမဆုံးရက်ဖြစ်ပြီး နှစ်တစ်နှစ်၏အစပင်ဖြစ်လေသည်။
၎င်းမှာ ဝမ်ယွီမျှော်လင့်နေသော သူ့ဘဝ၏ပျော်ရွှင်ဖွယ်အစပျိုးခြင်းပင်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လက်ရှိမှာတော့ သူသည် ထိုနေ့မှစ၍ ပရမ်းပတာဖြစ်နေခဲ့ရသည်။ တစ်ခုတည်းသော သူသိသည့်အရာမှာ သူမ၏လက်အားတင်းတင်းဆုပ်ကိုင်၍ စစ်ဆေးမည့်အခန်းများအား တစ်ခန်းပြီး တစ်ခန်းလိုက်ပို့နေခြင်းသာဖြစ်သည်။
ဆရာဝန်များနှင့် သူနာပြုများသည် သူ့အားဝင်ခွင့်မပြုခဲ့သော်လည်း သူက ငြင်းပယ်ကာ ချီကျန်းကျန်း၏လက်အားဆုပ်ကိုင်ကာ သူမအားသွားခွင့်မပြုခဲ့ပေ။
နှစ်သစ်ကူး၏ပထမဆုံးနေ့တွင် သူသည် ကျွမ်းကျင်ပညာရှင်များနှင့် တစ်ဦးပြီး တစ်ဦးတွေ့ဆုံခဲ့လေသည်။
ရောဂါဖြစ်ရသည့်အကြောင်းအရင်းအား ရှာဖွေ၍မရနိုင်သေးဘဲ လူနာမှာမေ့မြောနေခဲ့သည်…
နှစ်သစ်ကူး၏ဒုတိယမြောက်နေ့တွင် ပညာရှင်များစွာနှင့် ဆွေးနွေးပြီးသည့်နောက် လူနာ၏ကိုမာအခြေအနေမှာ ဦးနှောက်၏အာရုံကြောဆိုင်ရာထိခိုက်မှုကြောင့် ဖြစ်ရသည်ဟူ၍ ဆုံးဖြတ်ခဲ့ကြသည်။
ထိုအချိန်၌ ကိုယ်ပိုင်လေယာဉ်တစ်စီးပြီးတစ်စီးဖြင့် နိုင်ငံရပ်ခြားမှ ကျွမ်းကျင်ပညာရှင်များအား တစ်ဦးပြီးတစ်ဦးခေါ်ယူထားခဲ့ခြင်းကြောင့် ဆေးရုံထဲတွင် ပညာရှင်များအပြည့်ဖြစ်နေခဲ့လေသည်။
ချီကျန်းကျန်း၏အခြေအနေမှာ အပင်အဖြစ်သို့ရောက်ရှိနေပြီး သူမ၏အရေးကြီးအစိတ်အပိုင်းများသည် ဦးနှောက်၏အာရုံကြောထိခိုက်မှုများကြောင့် စတင်ရပ်ဆိုင်းလာခဲ့သည်။
[ Vegetative - Coma ]
အမှန်တကယ်ကိုပင် အရင်အချိန်တုန်းက ကားမတော်တဆမှုသည် သူမ၏ဦးနှောက်အားထိခိုက်စေကာ သူမအား တစ်ဆယ့်တစ်လနှင့် ဆယ်ရက်ကိုမာဝင်သွားစေခဲ့သည်။ ထိုနောက်ပိုင်းတွင်တော့ သူမမည်သည့်ထိခိုက်မှုမျှမခံစားခဲ့ရချေ။
ပညာရှင်များပြောခဲ့ကြသည်မှာ ပုံမှန်ဖြစ်ရပ်များတွင် ကားမတော်တဆမှုပြီးသည့်နောက် သူမသည် ဦးခေါင်းပိုင်းထိခိုက်မှုများကြောင့် ကိုမာဝင်သွားရမည်သာဖြစ်၏။ ပြသနာများအား မဖြေရှင်းရသေးသရွေ့ သူမနိုးထလာနိုင်မည်မဟုတ်ပေ။
သို့သော်လည်း သူမသည်နိုးထလာခဲ့ပြီး မည်သည့်အချိန်ကမှပြသနာမဖြစ်ဖူးသကဲ့သို့ အလွန်ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့လေသည်။
ဦးနှောက်ဆိုသည်မှာ အလွန်ထူးခြားဆန်းကြယ်သောနေရာပင်ဖြစ်၏။ သေးငယ်သောထိခိုက်မှုတစ်ခုကပင် ဖြေရှင်းနိုင်ရန်ခက်ခဲသည့်ပြသနာကြီးများအား ဖြစ်ပေါ်စေနိုင်လေသည်။
ယနေ့ခေတ်များတွင် လူသားများ၏ရှာဖွေသုတေသနပြုချက်များမှာ အလုံးစုံ မလုံလောက်သေးသောကြောင့် သူမ၏နိုးထလာမှုအား ဆေးပညာ၏ဖြစ်ရပ်ဆန်းကြယ်ဟုမှတ်ယူခဲ့ကြသည်။ ၎င်းမှာ တစုံတစ်ခုမှားယွင်းနေသည်ဟု မတွေးခဲ့ကြပေ။
ယခုလက်ရှိကျွမ်းကျင်ပညာရှင်များသည်ပင် လွန်ခဲ့သည့်တစ်နှစ်က ချီကျန်းကျန်းမည်သို့နိုးထလာနိုင်အား အဖြေမရှာနိုင်ခဲ့ကြချေ။ တစ်နှစ်ကြာပြီးနောက် အဘယ်ကြောင့် သူမပြန်၍ကိုမာဝင်သွားခဲ့ရသည်အား မသိခဲ့ကြသလို သူမ၏အရေးကြီးအစိတ်အပိုင်းများရပ်ဆိုင်းလာရသည့် အကြောင်းအရင်းအားလည်း အဖြေမရှာနိုင်ဘဲဖြစ်နေခဲ့ကြသည်။
ဤသည်မှာ ဆန်းကြယ်သောဖြစ်ရပ်ပင်ဖြစ်၏။
သို့သော်လည်း သူတို့ဆုံးဖြတ်ချက်ချနိုင်ခဲ့ကြလေသည်…
အကယ်၍သာ ယခုလိုဆက်ဖြစ်နေမည်ဆိုပါက လူနာသည် တစ်လကျော်သည်အထိရှင်သန်နိုင်မည်မဟုတ်ချေ။
xxxxxx