အပိုင်း ၁၅၆
Viewers 26k

Part 156


ချီကျန်းကျန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ရပ်ဆိုင်းလာသည်ဆိုလျှင်ပင်... ချီကျန်းကျန်းသေဆုံးရတော့မည်ဆိုလျှင်ပင်... ဆရာဝန်များအတွက် လမ်းဆုံးရောက်နေကာ ဖြေရှင်းရန်နည်းလမ်းပေါ်မလာနိုင်ပဲ ဖြစ်နေခဲ့သည်။


သူမ အစပိုင်းတွင် မေ့မြောသွားပြီးနောက် ယခုအချိန်၌ ကိုမာဝင်သွားခဲ့သည်။ ထိုအခြေအနေအား သူတို့သည် မည်သို့မျှသေသေချာချာ ရှင်းမပြနိုင်ခဲ့ပေ။


ဝမ်ယွီက သူမဘေးတွင်ထိုင်ကာ သူမ၏လက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။


" မင်းတစ်ခုခုတော့စားသင့်တယ် သုံးရက်တောင်ရှိနေပြီ မင်းကရေပဲသောက်နေတာ…အဲ့လိုဆက်သွားနေရင် မင်းကိုယ်ကခံ‌နိုင်တော့မဟုတ်ဘူး…" ကျန်းယဲ့သက်ပြင်းချကာ သူ၏မျက်လုံးများမှာ ခံစားချက်များပြည့်နှက်နေခဲ့သည်။


ချီကျန်းကျန်းဆေးရုံသို့ရောက်သည့်အချိန်မှစ၍ သူ သူ့‌သူဌေး၏ရူးသွပ်နေမှုကိုသာ မြင်တွေ့ခဲ့ရလေသည်။


သူမူလကထင်မှတ်ခဲ့သည်က ထိုလူသားသည် တိုင်တောင်၏ဝိတ်အားခံနိုင်ရည်ရှိပြီး အရာအားလုံးအား မျက်တောင်တစ်ချက်မခတ်ဘဲ ရင်ဆိုင်နိုင်မည်ဟူ၍ပင်။ သို့သော်လည်း ဤကမ္ဘာထဲတွင် ဝမ်ယွီတောင့်မခံနိုင်သည့်အရာရှိသေးသည်ဆိုသည်ကိုမူ သူလုံးဝမထင်ထားခဲ့ချေ။


[ တိုင်တောင်၏ဝိတ်ကိုခံနိုင်သည် - အလွန်ကြီးမားသောဖိအားများကို ခံနိုင်ရည်ရှိသည် ]


ချီကျန်းကျန်း၏အခြေအနေအား ဝမ်ယွီအလုံးစုံလက်မခံနိုင်ခဲ့ပေ။


သူမက နေမကောင်းဖြစ်နေသည်နှင့်မတူဘဲ အိပ်ပျော်နေသည့်ပုံသာပေါ်နေခဲ့သည်။ သူသည်သူမ၏ဘေးတွင်ထိုင်လျက် သူမနိုးထလာမည့်အချိန်ကိုသာ စောင့်မျှော်နေမိတော့သည်။


ဝမ်ယွီက မလှုပ်မရှားနေနေသောကြောင့် ကျန်းယဲ့ စိုးရိမ်တကြီးဖြစ်နေသော အမူအယာဖြင့် " မင်းလဲကျသွားရင် ချီကျန်းကျန်းနိုးလာတာကို မင်းဘယ်လိုစောင့်နိုင်တော့မှာလဲ…သူမဒီအတိုင်းပဲရှိနေသေးတာ ပြီးတော့ သူမမင်းရဲ့အားပေးမှုကိုလဲ လိုအပ်တယ်…"


ချီကျန်းကျန်း၏အခြေအနေအတွက် ယနေ့တွင် သူသည် ကျွမ်းကျင်ပညာရှင်များအား သီးသန့်မေးမြန်းခဲ့ရာ သူမ၏အခြေအနေမှာ မကောင်းလှချေ။


သက်ပြင်းအရှည်ကြီးသာချလိုက်မိပြီး သူ၏ဘေးတွင်တင်ထားသော စင်ပေါ်မှာ အစားအစာများအား လက်လှမ်းယူလိုက်တော့သည်။


ထိုအချိန်၌ ဝမ်ယွီက လက်အားဆန့်၍ အစားအစာများအားကောက်ယူကာ စက်ရုပ်ကဲ့သို့ဝါးစားနေခဲ့သည်။


ကျန်းယဲ့ခမျာ နောက်ဆုံးမှ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရပြီး ဘေးသို့လှည့်ကာ ဆေးရုံခန်း၏အပြင်ဘက်သို့လျှောက်ထွက်လာခဲ့လေသည်။ ယွီတင်းသည်ကြီးမားလှပြီး ဝမ်ယွီက ယခုအချိန်၌ ဂရုမစိုက်နိုင်သောကြောင့် ၎င်းမှာ အတော်လေးဖရိုဖရဲဖြစ်နေခဲ့၏။


သူအပြင်ဘက်သို့လျှောက်လာခဲ့စဉ်တွင် ဝမ်ယွီ၏ဩရှရှအသံဖြင့် စကားတစ်ချို့ရေရွတ်နေသည်အား ခပ်တိုးတိုးကြားလိုက်ရတော့သည်။


" အိပ်ပုပ်မလေး ဘာလို့အခုထိအိပ်နေသေးတာလဲ မြန်မြန်ထပြီးတော့ တစ်ခုခုစားတော့လေကွာ…"


သူ၏အသံမှာ အလွန်နူးညံ့ကာ သူ့ဘေးရှိလူမှာ မကြာမှီတွင် မျက်လုံးဖွင့်ပြီး နှိုးထလာကာ သူ့နှင့်အတူတစ်ခုခုစားနိုင်လာသကဲ့သို့ အိပ်ပျော်နေသည့်ပုံဖြင့် ပြောဆိုနေခဲ့လေသည်။


ကျန်းယဲ့နားမလည်နိုင်စွာဖြင့် အသက်ရှုကြပ်လာမိတော့သည်။ အကယ်၍ချီကျန်းကျန်းသည်သာ အမှန်တကယ်…


နောက်ဆက်တွဲများအား သူရိုးရိုးရှင်းရှင်းပင်ဆက်၍မစဉ်းရဲတော့ပေ။


ဝမ်ယွီသည် အနှစ်နှစ်ဆယ်ကျော်သည့်အထိ မည်သည့်အချိန်ကမျှမပျော်ရွှင်ခဲ့ရဖူးပေ။ ဘုရားသခင်သည် ထိုမျှလောက် မရက်စက်ခဲ့သင့်ပေ။ သူသည် ဝမ်ယွီ၏ပျော်ရွှင်မှုများအား လုယူမသွားခဲ့သင့်သည်မှာ မဟုတ်ပါလော…


ကျန်းယဲ့မထွက်သွားခင် သုတ်သုတ်ပြာပြာဖြင့်ရောက်လာသည့် လူသုံးယောက်နှင့် မျက်နှာခြင်းဆိုင်ဆုံလိုက်ရလေသည်။ ထိုလူများမှာ အလျင်လိုနေခဲ့ပြီး သူ့အားသတိမပြုမိခဲ့ကြပေ။ သူတို့သည် အရှေ့သို့သာ ‌ဆက်လျောက်နေခဲ့ကြသည်။


ဒါကချီမိသားစုမဟုတ်ဘူးလား…


ထိုအချိန်တွင် ချီမိသားစုမှလူသုံး‌ဦးသည် အခန်းထဲသို့ဝင်ရောက်နေပြီဖြစ်၏။


" ကျန်းကျန်း…" တင်းရိကျွင်း အမြန်ပြေးလာကာ ငိုကြွေးနေခဲ့သည်။ သူမ၏လက်ကိုဆန့်ကာ ချီကျန်းကျန်းအားထိချင်ခဲ့သော်လည်း မလုပ်ရဲခဲ့ပေ။ သူမသည် ခြေ‌လက်များအားမည်သို့ထားရမည်မသိဖြစ်နေခဲ့သည်။


[ ဆုံးရှုံးမှုကြောင့် မည်သို့ပြုမူရမည်အားမသိတော့ခြင်း ]


" ကျန်းကျန်းဘာဖြစ်တာလဲ ဝမ်ယွီပြောပြပါ ကျန်းကျန်းဘာဖြစ်တာလဲ…" တင်းရိကျွင်းငိုကြွေးနေရင်းမှ သူမ၏နီမြန်း‌လျက်ရှိသောမျက်လုံးများဖြင့် ဝမ်ယွီအားစေ့စေ့ကြည့်ကာ မေးလာခဲ့သည်။


ဝမ်ယွီသည် သူမအားလျစ်လျူရှုထားခဲ့သည်။


" ဝမ်ယွီ…" ချီယန်သည်လည်း ဒေါသတကြီးဖြင့် သူ့အားကြည့်လာကာ " မင်းပြောတော့ ကျန်းကျန်းကိုကောင်းကောင်း စောင့်ရှောက်ပါ့မယ်ဆို… ဒါကသူမကိုစောင့်ရှောက်တဲ့ပုံလား…ကျန်းကျန်းက နှစ်သစ်ကူးမှာဆေးရုံရောက်လာတာတောင် မင်းကငါတို့ကိုအသိမပေးခဲ့ဘူး…"


" ဝမ်ယွီတစ်ခုခုပြောပါ ကျန်းကျန်းဘာဖြစ်တာလဲ…" တင်းရိကျွင်းမှာ ငိုကြွေးနေဆဲဖြစ်၏။


သူမချီကျန်းကျန်းအားထိရန်ကြိုးစားလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ယွီပုတ်ထုတ်လိုက်လေသည်။


" ဝမျယှီ…" 


" အနောက်ကိုဆုတ်ပေးပါ…" ကျန်းယဲ့ဝင်လာပြီးနောက် ချီယန်နှင့် တင်းရိကျွင်းတို့အားကြည့်ကာ " ဝမ်ယွီက ချီကျန်းကျန်းရဲ့ရောဂါအတွက်အပြစ်တင်ခံရမဲ့လူမဟုတ်ဘူး…ခင်ဗျားတို့အပြစ်ရှာချင်တယ်ဆိုရင်တော့ အဲ့ဒါကလွန်ခဲ့တဲ့တစ်နှစ်ကကားမတော်တဆမှုကြောင့်ပဲ…"


ချီကျိုးချန်သည် အလျင်အမြန်ရောက်လာခဲ့ပြီး သူ၏မျက်ရည်များအားသုတ်လျက် မထိန်းထားနိုင်တော့ဘဲ " ဘာဖြစ်တာလဲ… အဲ့ဒါကဘယ်လိုဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်ကကားမတော်တဆမှုနဲ့သက်ဆိုင်သွားတာလဲ…"


ကျန်းယဲ့ သူတို့အား ချီကျန်းကျန်း၏အခြေအနေကို အတိုချုံးကာ သေသေချာချာရှင်းပြလိုက်လေသည်။


" အဲ့ဒါဆို ကျန်းကျန်းဒီတစ်ခါမေ့လဲတာက လွန်ခဲ့တဲ့တစ်နှစ်ကကိစ္စကြောင့်ပေါ့… " ချီယန်ပြောလိုက်သော်လည်း သူ၏အသံမှအက်ရှနေပြီး မျက်လုံးများသည် နီရဲနေခဲ့၏။


" အဲ့ဒါကြောင့် ခင်ဗျားကဝမ်ယွီကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး… သူမကိုကားမတော်တဆမှုဖြစ်အောင်လုပ်တဲ့လူကိုပဲ အပြစ်တင်လိုက်သင့်တယ်… သူမပထမဆုံးနိုးထလာတုန်းက မင်းသူမကိုဂရုမစိုက်ခဲ့ဘူး သူမခန္ဓာကိုယ်ကိုသေသေချာချာမစစ်ဆေးပေးခဲ့လို့ အခုလိုဖြစ်ရတာ…" မျက်မှန်အောက်မှ ကျန်းယဲ့၏မျက်လုံးများသည် ထက်ရှနေပြီး တည့်တိုးဆန်စွာပြောလိုက်တော့သည်။


" ကျန်းကျန်း… နိုးလာနိုင်သေးလား.." တင်းရိကျွင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့၏။


ကျန်းယဲ့အံကြိတ်လိုက်ပြီး " မသေချာဘူး…"


တင်းရိကျွင်း၏ခြေထောက်များမှာ ပျော့ခွေသွားခဲ့ပြီး သူမမြေပြင်ပေါ်သို့တိုက်ရိုက်လဲကျသွားခဲ့လေသည်။


" ထွက်သွား…" ဝမ်ယွီနောက်ဆုံး၌ပြောလာခဲ့ပြီး သူ၏ဩရှနေသောအသံမှာ အလွန်နူး‌ညံ့နေကာ ပြောပြီးသည်နှင့် လေထဲတွင်ပျောက်‌ဆုံးသွားခဲ့သည်။


" ဟင့်အင်း ကျွန်မမသွားချင်ဘူး ကျွန်မကျန်းကျန်းကိုစောင့်ပေးချင်တယ်.." တင်းရိကျွင်းသည် လက်ဆန့်ကာ ချီကျန်းကျန်း၏တဖက်လက်အားကိုင်ရန်ကြိုးစားလိုက်လေသည်။


" ငါပြောနေတယ် အကုန်ထွက်သွား…" ဝမ်ယွီ၏မျက်လုံးများမှာ သူတို့ဆီသို့ရောက်ရှိလာခဲ့သည်။


သူ၏မျက်လုံးများနှင့်ဆုံလိုက်ရချိန်၌ လူတိုင်းမှာ ထိတ်လန့်သွားပြီး တင်းရိကျွင်းသည်ပင် ကြောက်ရွံ့သွားခဲ့ရသည်။


သူ၏မျက်လုံးထဲတွင် သွေးများပြည့်နေသကဲ့သို့ဖြစ်နေကာ လူတစ်ကိုယ်လုံးမှာလည်း ရက်အနည်းငယ်အတွင်း အများကြီးပြောင်းလဲသွားခဲ့ပြီး မရိတ်ရသေးသော အမွှေးအမျှင်များဖြင့် စုတ်ပြတ်သတ်နေခဲ့၏။


သူ၏မျက်နှာမှာ သိသိသာသာပင် အမူအယာကင်းမဲ့နေသော်လည်း သူတို့အားကျောချမ်းစေနိုင်ခဲ့သည်။ သူသည်သားရဲတစ်ကောင်လွတ်မြောက်လာသကဲ့သို့ဖြစ်နေပြီး သူတို့သတိမမူလျှင် တစ်စုံတစ်ဦးအားနာကျင်အောင်လုပ်တော့မည့်ပုံပေါ်နေခဲ့လေသည်။


သူရူးသွားလေပြီ…


" ကျန်းကျန်းကအိပ်ပျော်နေတာ… မင်းတို့ကမဟုတ်တာတွေပြောနေတာပဲ မင်းတို့ကိုဒီမှာမလိုအပ်ဘူး အကုန်လုံးထွက်သွားကြ…" သူ၏အသံမှာ ပုံမှန်စကားပြောနေသကဲ့သို့ ငြင်သာနေခဲ့၏။


ထိုသို့ပြောလိုက်ပြီးနောက် ဆေးရုံကုတင်ပေါ်ရှိလူဘက်သို့လှည့်လိုက်ကာ သူမ၏ရှုပ်ပွနေသော ဆံပင်များအား ရှင်းလင်းပေးနေတော့သည်။


တင်းရိကျွင်းစကားပြောရန်ပြင်လိုက်သော်လည်း ဝမ်ယွီ၏အကြည့်ဖြင့်ကြောက်လန့်သွားရကာ မည်သည့်စကားမျှမပြောနိုင်တော့ပေ။


" အပြင်ထွက်ကြတာပေါ့ ခင်ဗျားတို့ဆရာဝန်နဲ့စကားပြောရမဲ့အချိန်ရောက်ပြီ…" ကျန်းယဲ့သည် အခန်းအားရှင်းလင်းလိုက်လေသည်။


ချီကျိုးချန် အံဖိကြိတ်ကာ တင်းရိကျွင်းထနိုင်ရန်အတွက် အရှေ့သို့တိုး၍ကူပေးလိုက်ပြီး အခန်းထဲမှ ‌ဖြည်းဖြည်းချင်းထွက်လာခဲ့‌သည်။


ကျန်းယဲ့တံခါးအားပိတ်ထားပေးလိုက်ပြီး  ချီယန်နှင့် တင်းရိကျွင်းအားကြည့်ကာ " ကျွန်တော် ခင်ဗျားတို့သမီးအတွက်အရမ်းစိတ်ပူနေတာကို နားလည်ပါတယ်…ဒါပေမယ့် အခုချိန်မှာ အခက်ခဲဆုံးဖြစ်နေရတာက ဝမ်ယွီဖြစ်နေတာကိုတော့ သိထားသင့်တယ်… ချီကျန်းကျန်းအပေါ်ထားတဲ့ သူ့ခံစားချက်တွေက ခင်ဗျားတို့ထက်တောင်မှပိုနေသေးတာ… တကယ်လို့ စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့ပဲစကားသွားပြောလိုက်ပါ အထဲကိုဝင်ပြီး သူတို့ကိုမနှောင့်ယှက်ပါနဲ့…"


ထိုသို့ပြောပြီးနောက် ကျန်းယဲ့လှည့်ထွက်သွားခဲ့လေသည်။


ချီကျိုးချန်နှင့် ချီယန်သည် တင်းရိကျွင်းအားခေါ်ကာ ဆရာဝန်ဆီသို့ သွားတွေ့ခဲ့ကြသည်။


သူတို့ပြန်ထွက်လာပြီးသည့်နောက်တွင် သုံးဦးစလုံးမှာ မျက်လုံးများနီရဲနေပြီး ချီကျိုးချန်သည် တင်းရိကျွင်းအား နံရံတွင်မှီ၍ လျှောက်လမ်းပေါ်ရှိ ခုံ၌ထိုင်နိုင်ရန်ကူညီပေးနေခဲ့သော်လည်း သူ၏အကြည့်များမှာမူ အားအင်များပျောက်ဆုံးနေခဲ့၏။


ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…


အတိအကျပင် သူတို့သည် ချီကျန်းကျန်းနှင့် နှစ်သစ်ကူးအကြိုနေ့တွင် တွေ့‌ဆုံခဲ့ကြသည်။ သူမသည် အလွန်ကျန်းမာနေခဲ့ပြီး ဖျားနာနေသည့်ပုံပေါ်နေသည်အား မမြင်ခဲ့ကြပေ။ သူမအဘယ့်ကြောင့်ယခုကဲ့သို့ မေ့လဲကျသွားရသည်နည်း…


မျှော်လင့်ချက်မရှိဘူး… တစ်လထက်နည်းမယ်…


ဒါကဘာကိုဆိုလိုတာလဲ…


ချီကျန်းကျန်းအသက်ရှင်နိုင်ဖို့က တစ်လတောင်မကျန်တော့ဘူးလား…


မဟုတ်ဘူး… မဖြစ်နိုင်တာ


ချီကျိုးချန်မျက်တောင်ခတ်လိုက်သည်နှင့် သူ၏မျက်ရည်များကျဆင်းလာခဲ့ပြီး လက်သီးဆုပ်ထားကာ လက်မခံနိုင်ဖြစ်နေခဲ့၏။


ချီယန်သည်လည်း ဘာမှမပြောခဲ့ချေ။ အဖြစ်အပျက်များမှာအလွန်မြန်ဆန်လွန်းလှသဖြင့် သူ၏ပထမဆုံးတုံ့ပြန်မှုမှာ မဖြစ်နိုင်ဘူး ဟူ၍သာဖြစ်သည်။


တင်းရိကျွင်းငိုကြွေးလိုက်ပြီး " မဟုတ်ဘူး ကျန်းကျန်းက သေချာပေါက်ကျန်းမာရေးကောင်းခဲ့တာလေ သူမကဘယ်လိုလုပ်ပြီးသေရမှာလဲ…သူမကအရမ်းကျန်းမာတာ ငယ်လဲငယ်သေးတယ် အခုခေတ်မှာ ဆေးပညာတွေကတိုးတက်နေတာကို သူမဘာလို့တစ်ခုခုဖြစ်သွားရမှာလဲ…ကျွန်မမယုံဘူး… ကျွန်မမယုံနိုင်ဘူး… ကျွန်မ…" 


သူမ၏လက်ဖြင့် ရင်ဘတ်အားဖိကာ ဝမ်းနည်းတကြီးပြောနေခဲ့လေသည် " အကုန်ကျွန်မအမှားကြီးပဲ အကုန်ကျွန်မမှားတာ ဘာလို့သူမကိုအရင်ဂရုမစိုက်ပေးခဲ့မိတာလဲ…ဘာလို့ကျန်းကျန်းကို ဆေးရုံမှာ မကြာခဏသွားစစ်ကြည့်ဖို့ မလုပ်ပေးခဲ့မိတာလဲ…"


" အမေ စိတ်လျော့ပါ…" ချီကျိုးချန်သည် အားအင်များကုန်ဆုံးနေသည့်ပုံဖြင့် သူ၏လက်အား ဆန့်ကာ သူ့အမေ၏မိမိကိုယ်ကိုထိခိုက်စေနေသော အပြုအမူများကိုတားဆီးလိုက်လေသည်။


" အမေစိတ်မလျော့နိုင်ဘူး…" တင်းရိကျွင်းသည် မြေပြင်ပေါ်သို့ဆင်းကာ ထိုင်ခုံအားမှီလျက် အက်ရှနေသည့်အသံဖြင့်ပြောလာခဲ့သည် " အဲ့ဒါအကုန်အမေ့အပြစ်တွေကြီးပဲ အန်းချင်ယုကိုယုံခဲ့မိတဲ့အမေ့အပြစ်တွေ… အဲ့ဒီဝံပုလွေကိုအိမ်ထဲသွင်းခဲ့မိတဲ့ အမေ့အပြစ်တွေကြီးပဲ…"


မဟုတ်ရင် အခုလို နာကျင်ရမှာမဟုတ်ဘူး…


xxxxxx