အပိုင်း ၁၅၈
Viewers 26k

Part 158


" ဟားဟားဟားး " အခန်းထဲတွင် အန်းချင်ယု၏ကျယ်လောင်စွာရယ်မောနေသောအသံမှာထွက်ပေါ်နေခဲ့သည်။


ချက်ချင်း‌ဆိုသလိုပင် အလေးချိန်များစွာကျဆင်းသွားခဲ့ရပြီး ပူဖောင်းနေသည့်ဗိုက်သာကျန်ခဲ့သော အန်းချင်ယုသည် သူမ၏ဖုန်းအားကိုင်၍ အလျင်အမြန်ပြေးထွက်လာကာ " ချီကျန်းကျန်းသေတော့မယ်တဲ့ ချီကျန်းကျန်းသေတော့မှာ… သူမနဲ့ထိုက်တန်တယ်… သူမတန်တာရသွားတာ…နောက်ဆုံးတော့ ငါဒီနေ့ကိုစောင့်နေခဲ့ရတာပဲ…"


သူမဖြစ်စဉ်အားအသေအချာမသိခဲ့ရသော်လည်း သူမရခဲ့သော သတင်းများညွန်ပြနေသည်မှာ ချီကျန်းကျန်းသည် ဒဏ်ရာဟောင်းများပြန်ဖြစ်လာပြီး သေရတော့မည်ဆိုသည့်အကြောင်းပင်ဖြစ်သည်။


အန်းချင်ယု အလွန်ပျော်ရွှင်နေလေ၏။ သူမ၏အခြေအနေမှာဆိုးနေလျှင်ပင် အဝတ်ဟောင်းများအားဝတ်နေရလျင်ပင် လက်ဝတ်ရတနာဟူ၍တစ်ခုတလေတောင် မရှိနေခဲ့လျင်ပင် သူမ၏ဆံပင်များဖွာလန်ကြဲ၍ အရေးအကြောင်းများဖြစ်ပေါ်နေလျင်ပင် သူမအလွန်ပျော်ရွှင်နေခဲ့သည်။


သူမအလွန့် အလွန်ပင် ပျော်ရွှင်နေသေးသည်။


သူမထင်ခဲ့သည်မှာ သူမထွက်သွားရပြီးနောက် ချီကျန်းကျန်းသည် ပျော်ရွှင်သောဘဝတွင်နေထိုင်နိုင်မည်ဟူ၍ပင်ဖြစ်သည်။ သို့သော် ချီကျန်းကျန်း၏ဘဝမှာ အလွန်တိုပြီး မကြာမှီသေဆုံးရတော့မည်အား သူမလုံးဝမထင်ထားခဲ့မိပေ။


" ဟား ဟား ဟား ဟား " အန်းချင်ယုမှာ ဆက်လက်ရယ်မောနေခဲ့သည်။


သူမယခုလိုဖြစ်လေ သူမပို၍သနားဖွယ်ဖြစ်နေလေ သူမနှလုံးသားထဲတွင် ချီကျန်းကျန်းအားပို၍မုန်းလေဖြစ်သည်။


သူမ၏ကျိန်စာများသက်ရောက်သွားသည်မှာ ဖြစ်နိုင်ပေမည်လား…


ချီကျန်းကျန်း ဝမ်ယွီဆီမှ အပစ်မခံရသော်လည်း သူမသည်သေတော့မည်ဖြစ်သည်။ သူမ ကောင်းမွန်သောဘဝမရနိုင်တော့ချေ။


" ဖြန်းးး " ဝမ်ရိရန် အန်းချင်ယု၏မျက်နှာအား အလွန်ကြမ်းတမ်းစွာရိုက်ချလိုက်သည်။


အန်းချင်ယု၏ခန္ဓာကိုယ်မှာ စောင်းသွားခဲ့ရသည်။ ကံကောင်းစွာဖြင့် အခန်းမှာသေးငယ်သောကြောင့် သူမလက်လှမ်းကာ နံရံအားထောက်ထားနိုင်ခဲ့လေသည်။ သူမအလွန်အံ့ဩသွားရပြီး ဝမ်ရိရန်အားစိုက်ကြည့်‌မိလိုက်တော့သည်။


သူတို့မြို့တော်စီသို့ပြောင်းရပြီးသည့်နောက်တွင် နေ့ရက်များမှာ အလွန်ခက်ခဲလှပြီး ရှူဝေက အန်းချင်ယုအား အမြဲအနိုင်ကျင့်ခဲ့သည်။ ဝမ်ရိရန်သည် ဝင်မတားခဲ့သော်လည်း သူမကိုတော့မရိုက်နှက်ခဲချေ။


လက်ရှိနေ့ရက်များတွင် သူမ၏ဝမ်းဗိုက်မှာ ကြီးသည်ထက်ကြီးလာခဲ့သောကြောင့် ဝမ်ကျင်စန်းက ရှုဝေအား သူမကိုထပ်မံအနိုင်မကျင့်ဖို့ တားမြစ်ထားခဲ့သည်။ သို့သော်လည်း ဝမ်ရိရန်သည် အမှန်တကယ်ကိုပင် သူမအားကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်။


" ရှင်ကျွန်မကိုရိုက်လိုက်တာလား…" အန်းချင်ယု စိတ်လွတ်သလို တီးတိုးရေရွတ်နေခဲ့သည်။


" ချီကျန်းကျန်းဘာလို့မတော်တဆဖြစ်သွားလဲဆိုတာ မင်းသိလား…အဲ့ဒါမင်းကြောင့်ပဲ အရင်ကဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကြောင့် ဖြစ်သွားရတာ…မင်းသာ အစပိုင်းထဲကသူမကိုတမင်သက်သက်မနှောင့်ယှက်ခဲ့ရင် သူမဘယ်လိုလုပ်ပြီးကားမတော်တဆမှုဖြစ်သွားမှာလဲ…" ဝမ်ရိရန်သည် မျက်လုံးများနီရဲနေခဲ့ပြီး အန်းချင်ယုအားသေစေနိုင်လောက်သည့်အကြည့်ဖြင့်ကြည့်နေခဲ့သည်။


အစပိုင်းတွင် ဖြစ်ပျက်ခဲ့မှု၌ သူ၊ အန်းချင်ယုနှင့် ချီကျန်းကျန်းသာရှိနေခဲ့လေသည်။ သူတို့မှလွဲ၍ ဖြစ်ခဲ့သည်အရာများအား သူသာကောင်းကောင်းသိနေခဲ့သည်။


အန်းချင်ယုသည် သူမ၏ဗိုက်အားကိုင်လျက် မျက်နှာတွင် နာကျင်မှုများအပြည့်ဖြင့် " ဝမ်ရိရန် ရှင်ကကျွန်မကိုစွပ်စွဲနေတာလား…ရှင်ကအဲ့နေရာကိုအရင်ရောက်နေဖို့ အကြောင်းပြချက်ကော မရှိဘူးမို့လား… ရှင်သာ စေ့စပ်ပွဲကိုဖျက်ဖို့တချိန်လုံးပြောနေတာလေ ရှင်ပဲ သူမကစိတ်ရှုပ်ဖို့ကောင်းတယ်လို့ပြောနေခဲ့တာ ပြီးတော့ရှင်ပဲကျွန်မကိုချစ်နေခဲ့တာလေ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့မရဘူး ယင်ဆိုတာလဲ အညှီမရှိပဲမလာဘူး အရင်ထဲက ရှင်က သူမကားမတော်တဆမှုဖြစ်တဲ့ကိစ္စမှာ တဝက်ပါ‌ပြီးနေပြီ ရှင်ကလည်း တရားခံပဲ…"


ဤလအနည်းငယ်သည် သူမအား အမြဲဆူပူနေတတ်သည့်မိန်းမတစ်ယောက်အဖြစ်သို့အောင်အောင်မြင်မြင်ပြောင်းလဲပေးနိုင်ခဲ့ပြီး ယခင်ကရှိခဲ့သော နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချတတ်ခြင်းတို့မှ အရိပ်ပင်မမြင်ရတော့ပေ။


ဝမ်ရိရန်သည် ဆိုဖာပေါ်သို့ ထပ်မံလဲကျသွားရပြီး သူ၏မျက်လုံးများထဲမှ တစ်စုံတစ်ခုကျဆင်းလာကာ သူ၏နှလုံးသားမှာနာကျင်နေခဲ့လေသည်။


" ဟုတ်တယ် ငါလဲအပြစ်သားပဲ…" သူရေရွတ်နေ၏။


သူ ယခင်က အဘယ်ကြောင့်မှားယွင်းနေသည့်အရာများအား လုပ်ခဲ့ရသည်နည်း။ အဘယ့်ကြောင့် သူ၏သတို့သမီးလောင်းအား ထိခိုက်စေခဲ့ရသည်နည်း…


ချီကျန်းကျန်းသည် သူ၏သတို့သမီးလောင်းဖြစ်ခဲ့သည်။ သို့သော် ထိုအရာမှာ သူမ၏အမှားမဟုတ်ချေ။ ၎င်းမှာ မိသားစုနှစ်ခုမှ သူတို့အားစေ့စပ်ထားပေးခြင်းသာဖြစ်၏။ သူခေါင်းငြိမ့်ကာ လက်ခံပြီးမှ နောက်ပိုင်းတွင် သူမည်သည့်အရာများလုပ်ခဲ့မိသည်နည်း…


သူသည်အန်းချင်ယုထံမှမြူဆွယ်ခံရပြီး ချီကျန်းကျန်းအား အနည်းငယ်မျှတုံ့ဆိုင်းနေခြင်းပင်မရှိဘဲ အန္တရာယ်ဖြစ်စေခဲ့သည်။


ဝမ်ရိရန် နောင်တများအပြည့်ဖြင့် သူ၏ဆံပင်ကိုသာ ဆုပ်ကိုင်မိလိုက်တော့သည်။


" အဲ့ဒါကသူမရဲ့ကံဆိုးမှုပဲ သူမကအစထဲက ငတုံးမဖြစ်ခဲ့တာ ကားမတော်တဆမှုပြီးတော့ နည်းနည်းထက်မြက်လာခဲ့ပေမယ့် ဘုရားကသူ့ဘက်မှာရှိမနေဘူးပဲ… ဘဝသက်တမ်းတိုတိုလေးပဲရှင်ခွင့်ပေးလိုက်တယ် ဟား ဟား ဟား ဟား…" အန်းချင်ယုသည် ရယ်မောလျက် လှောင်ပြောင်နေခဲ့လေသည်။


ဝမ်ရိရန်သည် ကော်ဖီတင်စားပွဲပေါ်မှအရာများအား ဒေါသတကြီးဖြင့်တိုက်ချလိုက်ပြီး သူမအားစိုက်ကြည့်ကာ " ပါးစပ်ပိတ်ထား မင်းထပ်ပြောနေလို့ ထရိုက်မိရင် င့ါအဆိုးမဆိုနဲ့…"


သူ၏မျက်လုံးများထဲတွင် မုန်းတီးနေမှုများပြည့်နှက်နေခဲ့သည်။


အန်းချင်ယု ထိတ်လန့်သွားပြီး အနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရကာ သူမ၏ပါးစပ်မှာပွင့်ဟနေပြီး မည်သည့်စကားမှ ထပ်မံမပြောဆိုရဲတော့ပေ။


ချီကျန်းကျန်း၏အခြေအနေမှာ အပြင်လူများခန့်မှန်းနိုင်သည်ထက်ပင် ပို၍ဆိုးနေခဲ့၏။


သူမလွန်ခဲ့သည့်တစ်နှစ်က ကိုမာဝင်သွားခဲ့စဉ်ကပင် ယခုအချိန်လောက် ကြောက်လန့်စရာမကောင်းခဲ့ချေ။ လွန်ခဲ့သည့် ဆယ်ရက်က သူမသည်ကျန်းကျန်းမာမာရှိနေခဲ့သော်လည်း ယခုအချိန်၌ ဆေးရုံသို့ရောက်နေကော ဆယ်ရက်အတွင်း ထင်ထင်ရှားရှားအားနည်းလာပြီး အချိန်ခဏအတွင်းအသက်ရှူရပ်သွားနိုင်သည့် အခြေအနေသို့ရောက်သည်အထိဖြစ်လာခဲ့ရသည်။


၎င်းမှာ ကံကြမ္မာ၏လက်ကြီးမှ သူမအားလမ်းဆုံးရောက်သည်အထိ လှည့်စားနေသည်နှင့်ပင်တူနေခဲ့သည်။


ကျွမ်းကျင်ပညာရှင်များသည်ပင် လက်ရှိအခြေအနေအား မည်သို့မှမတတ်နိုင်ခဲ့ကြချေ။


သူတို့ပြောခဲ့သည်မှာ လူနာ၏အခြေအနေသည် အချိန်ထပ်ဆွဲရန်မဖြစ်နိုင်တော့ဘဲ ရက်အနည်းသာကျန်ရှိနိုင်တော့သည် ဟူ၍ဖြစ်သည်။


ထို့နောက် အမြဲတည်ငြိမ်နေပြီး ချီကျန်းကျန်းအိပ်ပျော်နေသည်ဟုသာ ယုံကြည်နေခဲ့သော ဝမ်ယွီမှာရူးသွပ်သွားရတော့သည်။


သူခေါ်သွင်းလာသော အထူးကုများမှာ သူ၏ရူးသွပ်နေမှုကြောင့် ပြန်လည်မောင်းထုတ်ခြင်းကိုခံလိုက်ရလေ၏။


ကျန်းယဲ့ အတွင်းရေးမှုးနင်နှင့် အထူးလက်ထောက်ကောင်းတို့မှာ အခြေအနေအားအစီအစဉ်တကျလုပ်ရန်နှင့် ဆရာဝန်များအားပြန်ပို့နိုင်ရန်အတွက် အလုပ်များနေခဲ့ကြသည်။


အခန်းတွင်း၌ ဆရာဝန်တစ်ဦးသာကျန်ရစ်ခဲ့လေသည်။


ထိုသူအား နိုင်ငံရပ်ခြားမှဖိတ်ခေါ်လာရခြင်းဖြစ်၏။


သူသည်ချီကျန်းကျန်းအား ရှားပါးပစ္စည်းတစ်ခုကဲ့သို့ကြည့်ကာ သူ၏အသံတွင် သိချင်စိတ်နှင့်စိတ်လှုပ်ရှားမှုများ တစ်ချိန်ထဲတွင်ဖြစ်ပေါ်နေပြီး " ကျွန်တော်ဒီလိုအခြေအနေမျိူး တစ်ခါမှမမြင်ခဲ့ဖူးဘူး…ကျွန်တော် သူမရဲ့အရင်ကဆေးမှတ်တမ်းတွေကိုစစ်ကြည့်ခဲ့ပြီးပြီ သူမခေါင်းထဲမှာ ပျက်စီးနေတဲ့အာရုံကြောတွေအခြေအနေက အရင်ကအတိုင်းတပုံစံထဲပဲ…သူမဘယ်လိုတောင် တစ်နှစ်ကျော်က နိုးထလာနိုင်တာလဲ ပြီးတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အခုသူမကတူညီတဲ့အခြေအနေအတိုင်းပဲထပ်မံလဲကျသွားခဲ့တာ…အဲ့ဒါက ချက်ချင်းသေနိုင်တာမျိုးမဟုတ်ပေမယ့် အံ့ဩဖို့ကောင်းတဲ့ တစ်ဆင့်ပြီးတစ်ဆင့် သေခြင်းနဲ့နီးလာတဲ့ပုံစံမျိုးပဲ…"


ကျန်းယဲ့ တစ်ခုခုမှားယွင်းနေသည်အား ခံစားမိသွားသော်လည်း သူ၏သံသယများအားဖိနှိပ်ကာမေးလိုက်တော့သည် " အဲ့ဒါဆို ဒေါက်တာ သူမကိုကယ်နိုင်မဲ့အရာတစ်ခုခုများရှိနိုင်သေးလား…"


ဆရာဝန်မှာပြောလာခဲ့၏ " အခုနည်းတစ်ခုပဲရှိတယ် သူမရဲ့ခေါင်းကိုဖွင့်ပြီးကြည့်တာပဲ အထဲမှာဘာတွေဖြစ်နေတယ်ဆိုတာ ငါ့မျက်လုံးနဲ့ကြည့်ချင်တယ် အဲ့ဒါကအရမ်းအံ့ဩဖို့ကောင်းတာပဲ…"


" အဲ့ဒါကဘယ်လိုလုပ်ပြီးသူမကိုကယ်တင်နိုင်မှာလဲ…" ကျန်းယဲ့မေးလိုက်သည်။


ဆရာဝန် : " ကျွန်တော်တို့ခေါင်းခွံကိုဖွင့်မကြည့်မချင်းတော့မသိဘူး‌ပေါ့ ဆယ်ရာခိုင်နှုန်းလောက်တော့ဖြစ်နိုင်ချေရှိပါသေးတယ်…"


" ထွက်သွား " ဝမ်ယွီထရပ်လိုက်ကာ ဆရာဝန်အား တစ်စုံတစ်ယောက်ကိုအစိမ်းလိုက်ဝါးစားနိုင်သည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။


သူ့အားမြင်ရသည်မှာ အရူးနှင့်ပင်တူနေခဲ့၏။


တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော အတွင်းရေးမှုးနင်သည် တုံ့ဆိုင်းသွားပြီး ခဏရပ်လိုက်ကာ ပြောလာခဲ့သည် " ဘော့စ် ဆယ်ရာခိုင်နှုန်းဆိုတာလဲ မျှော်လင့်ချက်ပဲလေ အခုလိုနေတာထက်တော့ပိုကောင်းမှာပဲ…"


ကျန်းယဲ့ သူ့အားဆွဲခေါ်ကာ အခန်းထဲမှမထွက်နိုင်ဖြစ်နေသည့် ဆရာဝန်အားအပြင်သို့တွန်းထုတ်လိုက်ရတော့သည်။


အတွင်းရေးမှုးနင်သည် တရုတ်ဘာသာဖြင့်ပြောလာခဲ့၏ " ခေါင်းဆောင်ကျန်း…"


ကျန်းယဲ့သည်လည်း တရုတ်ဘာသာဖြင့် ပြန်ဖြေလာခဲ့သည် " မင်းသူတို့ကိုစိတ်ပူနေပြီးတော့ မျှော်လင့်ချက်သေးသေးလေးဖြစ်ဖြစ်ရအောင်ဆုပ်ကိုင်ထားချင်တာကို ငါသိပါတယ် ဒါပေမယ့် အဲ့ဆရာဝန်ကမှီခိုလို့မရဘူး သူကသိသိသာသာကို ချီကျန်းကျန်းကို လေ့လာချင်နေတာ… အဲ့ဆယ်ရာခိုင်နှုန်းဆိုတာလဲ ခွဲစိတ်ခန်းကကုတင်ပေါ်မှာပဲသေသွားရလိမ့်မယ်…"


အတွင်းရေးမှုး၏ပါးစပ်မှာပွင့်ဟသွားခဲ့ရပြီး သူ၏နီမြန်းနေသောမျက်လုံးများဖြင့်မျက်တောင်သာခတ်လိုက်မိတော့သည်။


ခဏအကြာတွင် " ဒါပေမယ့် မစ်ချီက တကယ်… ဘော့စ်.. ဘော့စ်ကအဲ့လိုအသက်မရှင်နိုင်ဘူးလေ…"


အခန်းအတွင်း၌ ရုတ်တရက်အသံတစ်ခုထွက်ပေါ်လာခဲ့လေသည်။


" ဘမ်း ဘမ်း ဘမ်း ဘမ်း " 


ဝမ်ယွီသည် ပစ္စည်းများအားထိုးကြိတ်နေခြင်းပင်ဖြစ်၏။


သို့သော်လည်း ခဏအကြာ၌ သူ၏နူးညံ့ပြီးဂရုစိုက်မှုများပြည့်နေသည့်အသံအားကြားလိုက်ရတော့သည်။


" ကျန်းကျန်း ကိုယ်တောင်းပန်ပါတယ် ကိုယ်မရည်ရွယ်ပါဘူး ကိုယ်မှားတာပါ မင်းကြောက်သွားလားဟင်.." 


အသံမှာ အနည်းငယ်တုန်ယင်နေပြီး ချိုသာသောအမျိုးသားတစ်ဦးက သူ၏ချစ်ရသူသာချော့မော့နေသည့်ပုံနှင့်တူနေခဲ့သည်။


သို့သော် သိသိသာသာပင် ထိုအမျိုးသမီးမှာ ယခုအချိန်၌ မည်သည့်အရာကိုမျှသိနိုင်စွမ်းရှိမနေခဲ့ပါ…


xxxxxx