Part 159
အတွင်းရေးမှုးနင်၏နှလုံးသားမှာ အနည်းငယ်ကွဲကြေသွားခဲ့ရသည်။ သူ ဝမ်ယွီ၏ထိုသို့သောပုံစံအားမမြင်ဖူးခဲ့ပေ။ သူတို့၏စိတ်ထဲ၌ သူသည် အလွန်အားကောင်းကာ အဆုံးမရှိသော ယွှတင်း၏သူဌေးသာဖြစ်ခဲ့သည်။ တကယ်တမ်းမှာတော့ သူသည်လည်း ကြေကွဲနိုင်သည်။ သူသည်လည်း နာကျင်နိုင်ခဲ့ပြီး ထိုးနှက်ချက်တစ်ခုတည်းကိုပင် ခံနိုင်ရည်မရှိတော့သည်အထိ အားနည်းနိုင်ခဲ့လေသည်။
" ဆရာဝန်ကိုပြန်ပို့လိုက်တော့…" ကျန်းယဲ့အမြန် စီစဉ်လိုက်ရတော့သည်။
အတွင်းရေးမှုးနင်က ခေါင်းငြိမ့်ကာ ချီကျန်းကျန်း၏ဦးခေါင်းအားဖွင့်ချင်နေသေးသောဆရာဝန်အား လေးလေးစားစားဖြင့် ပြန်ပို့လိုက်ရတော့သည်။
ကျန်းယဲ့ တံခါးရှေ့တွင် ခဏကြာရပ်လိုက်ပြီးနောက် သက်ပြင်းချကာ ထွက်ခွာသွားခဲ့လေသည်။
အခန်းတွင်၌…
ချီကျန်းကျန်းသည် ကုတင်ပေါ်တွင် တည်ငြိမ်စွာလဲလျောင်းနေခဲ့ပြီး ဝမ်ယွီသည်ပစ္စည်းများအား ထိုးကြိတ်နေလျက် အသံနိမ့်နိမ့်ဖြင့်ပြောလာခဲ့လေသည်
" ကိုယ်အခုပဲ ပစ္စည်းတွေကိုဖျက်ဆီးလိုက်တာ အရင်ကဆို မင်းတော့စိုက်ကြည့်နေတော့မှာပဲ ဘာလို့အခုပဲ မင်းမျက်လုံးတွေကိုဖွင့်ပြီး ကိုယ့်ကိုလာမဆူရတာလဲကွာ…"
ကုတင်ပေါ်ရှိလူမှာ အားနည်းစွာအသက်ရှူနေပြီး သူ၏တီးတိုးစကားများအား တုန့်ပြန်မလာခဲ့ပေ။
" မင်းအခုထိစိတ်ဆိုးနေတုန်းပဲလား…ကိုယ်မင်းကိုအလုပ်ထွက်မလုပ်ခိုင်းတာကိုစိတ်ဆိုးနေတာလား ကိုယ်မင်းကိုအရမ်းထိန်းချုပ်မိသွားလို့လား… အဲ့ဒါကြောင့် မင်းမျက်လုံးတွေကိုမဖွင့်ချင်တာမလား မင်းကိုယ့်ကိုမမြင်ချင်တော့တာမလား…" ဝမ်ယွီသည်သူမ၏ဘေးတွင်ထိုင်ချလိုက်ပြီး သူမ၏လက်အားကိုင်ကာ သူ၏မျက်နှာနှင့်ထိထားခဲ့လေသည်။
သူမ၏လက်မှာ အနည်းငယ်အေးစက်ကာ ဖျော့တော့နေခဲ့၏။
ဝမ်ယွီ၏အခြေအနေမှာအလွန်ဆိုးနေခဲ့သည်။ သူ၏နှုတ်ခမ်းမွှေးများမှာ ရက်အတော်အတန်ကြာ မရိတ်ရသေးဘဲရှိနေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေခဲ့သည်။ လူတစ်ကိုယ်လုံးတွင် ဝိတ်အတော်များများကျဆင်းသွားခဲ့ပြီး အချိန်နှင့်အမျှ အသည်းအသန်ဖြစ်နေခဲ့လေသည်။ ၎င်းမှာ သူသည် ချီကျန်းကျန်းလဲကျသွားသည့်နေ့မှစ၍ ကောင်းကောင်းမအိပ်ရသေးသည်အား သိသိသာသာဖော်ပြနေခဲ့လေသည်။
" ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်…မင်းကျန်းကျန်းမာမာနဲ့ကိုယ့်အနားမှာရှိနေမှာထက် ဘယ်အရာကမှအရေးမကြီးနေလို့ပါ…ကိုယ်မှားသွားပါတယ် ကိုယ့်ကိုခွင့်လွှတ်ပေးပါ…မြန်မြန်ထလာပါတော့နော်… လျို့ကျိုးကလည်း ကိုယ်တို့အိမ်ပြန်လာမှာကိုစောင့်နေတာလေကွာ..မင်းသူ့ကိုအရမ်းဂရုစိုက်တယ်မလား… မင်းသူ့ကိုထားခဲ့ရက်လို့လားဟင်…"
ချီကျန်းကျန်းသာ နိုးထနိုင်ခဲ့မည်ဆိုပါက သူသည် သူမအား မည်သည့်ကတိကိုမဆိုပေးနိုင်ပေသည်။ သူမအသက်ရှင်နေသရွေ့ သူမပျော်ရွှင်နေသရွေ့ သူအရာအားလုံးကိုသဘောတူမည်ဖြစ်သည်။
" သူတို့အားလုံးက မင်းကိုမကယ်နိုင်တော့ဘူးလို့ ပြောနေကြတယ်… အဲ့ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…သူတို့ဘာမှမသိပါဘူး သူတို့မင်းအရင်တုန်းကကျန်းကျန်းမာမာနဲ့အဆင်ပြေခဲ့တာကိုမသိကြဘူး…သူတို့တွေက ကိုယ်တို့အတူတူအိမ်အတွက်လိုတဲ့ပစ္စည်းတွေသွားဝယ်ခဲ့တာကိုလည်း မသိကြဘူး ပြီးတော့ ကိုယ်တို့အတူတူနှစ်သစ်ကူးညစာစားခဲ့ကြတာကိုလည်းမသိကြဘူး…" ဝမ်ယွီ၏ခြောက်သွေ့နေသော မျက်လုံးထောင့်မှ မျက်ရည်တစ်စက်သည် ချီကျန်းကျန်း၏လက်ဖမိုးပေါ်သို့ကျဆင်းသွားခဲ့လေသည်။
ယခုထိအသက်ရှိနေသေးသော ချီကျန်းကျန်းအား အဘယ့်ကြောင့် မကယ်တင်နိုင်ရမည်နည်း…
သူတို့အားလုံး သူ့ကိုလိမ်နေကြသည်သာဖြစ်ရမည်…
" သူတို့ကိုယ့်ကိုလိမ်ပြောကြတယ်… သူတို့ကမင်းရဲ့ခေါင်းကိုတောင်ဖွင့်ချင်နေကြတာ ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…မင်းကအမြဲလှလှနေရတာကိုသဘောကျပြီးတော့ မင်းဆံပင်တွေကို အမြတ်နိုးဆုံးလေ…မင်းသာ သူတို့ကြံစည်နေတာကိုသိသွားခဲ့ရင် သေချာပေါက်ကိုစိတ်ဆိုးသွားလိမ့်မယ်…" ဝမ်ယွီတီးတိုးပြောနေခဲ့သည်။
ခဏအကြာတွင် သူသည်မျက်လုံးများအား လုံးလုံးမှိတ်ချလိုက်ပြီး ပို၍များပြားသော မျက်ရည်များကျဆင်းလာခဲ့လေသည်။
" ကျန်းကျန်း… ချီကျန်းကျန်း…မင်းကိုယ်ပြောတာကြားမကြားတော့မသိဘူး… မင်းကကိုယ့်ကိုအမြဲစကားနည်းတယ်ဆိုပြီးပြောနေခဲ့တာလေ…ဒါပေမယ့် ကိုယ်မင်းကိုရက်တွေအများကြီး စကားပြောနေခဲ့တာတောင် မင်းဘာလို့ပြန်ပြောမလာခဲ့တာလဲကွာ…မင်းကမှတကယ်စကားနည်းတဲ့ကောင်မလေး… အခုကစပြီး ကိုယ်ကစကားတွေအများကြီးပြောနေတော့မှာ…"
ဝမ်ယွီထိုသို့ပြောလိုက်ပြီး သူမ၏လက်အားယူကာ သူ့နဖူးပေါ်သို့တင်ထားလိုက်တော့သည်။
အရင်အချိန်တွေတုန်းက ဝမ်ယွီသည် ဝမ်မိသားစုမှ မည်မျှပင်ဆိုးရွားစွာဆက်ဆံခဲ့ပါစေ၊ မည်ကဲ့သို့သောမုန်တိုင်းများအားရင်ဆိုင်နေရပါစေ သူသည်လုံးဝမငိုခဲ့ပေ။
ယခုအချိန်မှာတော့ သူသည် အသံတိုးတိုးလေးဖြင့် ငိုကြွေးနေခဲ့ပြီး သူ၏အသံမှာဆို့နစ်နေကာ " အဲ့ဒါက ဆယ်ရာခိုင်နှုန်း… ဆယ်ရာခိုင်နှိုင်းပဲအောင်မြင်နိုင်ချေရှိတာတဲ့…ကိုးဆယ်ရာခိုင်နှုန်းက မင်းကိုခွဲစိတ်ကုတင်ပေါ်မှာဆုံးရှုံးလိုက်ရနိုင်တယ်…"
ထိုထက်ပိုခဲ့သည်မှာ ဤဆယ်ရာခိုင်နှုန်းသည် ဆရာဝန်၏ပြီးစလွယ်အပြောမျှသာဖြစ်သည်။ အမှန်စင်စစ်တွင် ထိုဆရာဝန်သည် သူမ၏ဦးခေါင်းခွံကိုသာဖွင့်ချင်နေခဲ့ဖြစ်ပြီး ဆယ်ရာခိုင်နှုန်းပင်အောင်မြင်နိုင်ချေမရှိပေ။
အကယ်၍ သူမကိုသာဆုံးရှုံးလိုက်ရလျှင်…
ဝမ်ယွီသည် ချီကျန်းကျန်းအားအေးစက်နေသည့် ဆေးရုံကုတင်ပေါ်၌ လက်လွှတ်လိုက်ရမည်ကို လက်မခံနိုင်ပေ။ သူမသည် အအေးအား အလွန်ကြောက်သူဖြစ်သည်။ ထိုနေရာ၌ သူမလေးမည်မျှပင်အေးနေလိုက်မည်နည်း…
ထို့အတူ သူအမြဲခံစားနေရသည်မှာ..
သူ ယခုဖြစ်ပျက်နေသမျှအခြေအနေအားလုံးအား အိမ်မက်ဆိုးဟုခံစားနေခဲ့ရသည်။ ၎င်းမှာ သူမလွတ်မြောက်နေသည့် အိမ်မက်ဆိုးတစ်ခုပမာပင်…
အကယ်၍ သူသာ ထိုအိမ်မက်ဆိုးမှ နိုးထနိုင်ခဲ့မည်ဆိုပါက သူမသည် မျက်လုံးများဖွင့်ကာ သူ့အားပြုံးကာကြည့်နေလျက် နူးညံ့စွာခေါ်ပေလိမ့်မည်။
" ယှီယှီ…"
ယခင်နေ့ရက်ဟောင်းများကဲ့သို့ သူမသည် စိတ်အားထက်သန်စွာဖြင့် ပွင့်လန်းနေသောပန်းတစ်ပွင့်ကဲ့သို့ပြုံးပြနေလိမ့်မည်။ ထိုအရာမှာ ဒီကမ္ဘာကြီးထဲတွင် အလှပဆုံးသောအရာသာဖြစ်၏။
ဝမ်ယွီ နေ့ပေါင်းများစွာ တောင့်ခံထားခဲ့ရပြီး သူသည်မစားမသောက်နေနေကာ သေသေချာချာအိပ်စက်ခြင်းလည်းမရှိခဲ့ပေ။ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးစွန်ထိ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။
သူ သူမ၏လက်အားကိုင်လျှက် အခန်းထဲတွင် မျက်ရည်များကျဆင်းနေခဲ့လေသည်။
သူ မငိုချင်ခဲ့သော်လည်း သူမသိလိုက်ခင်မှာပင် မျက်ရည်များကကျဆင်းလာခဲ့သည်။
ဝမ်ယွီ လွန်ခဲ့သည့်တစ်နှစ်သို့ ပြန်လည်တွေးတောနေခဲ့မိ၏။ သူနှင့်ချီကျန်းကျန်းတို့သည် အခန်းတစ်ခုထဲတွင် အတူတူရှိနေခဲ့ကြပြီး သူမသည် ယခုမှသူ၏သတို့သမီးလောင်းဖြစ်လာခဲ့ခြင်းပင်ဖြစ်ရာ သူသည်သူမအပေါ်၌မည်သည့်ခံစားချက်မှရှိမနေခဲ့ပေ။ သူသည် အခန်းထဲတွင်ရပ်နေကာ အတွင်းရေးမှုးနင်နှင့်ဖုန်းပြောနေခဲ့သည်။
ထိုစဉ် မည်သို့မျှ နိုးထလာနိုင်ချေမရှိသောကိုမာဝင်နေခဲ့သည် ချီကျန်းကျန်းသည် ရုတ်တရက်ထထိုင်လိုက်ပြီး သူတို့၏မျက်လုံးများဆုံတွေ့သွားခဲ့ကြသည်။
ထိုအချိန်တုန်းက သူမဘာပြောခဲ့ပါလိမ့်…
အာ ဟုတ်တယ် သူမပြောခဲ့တာက လောင်ကုန်း တဲ့…
သူ၏ရှော့ရနေသော မျက်လုံးထဲတွင် သူမသည် သူ့အား သူမကြားခဲ့သည်များကိုမည့်သူ့ကိုမှပြန်မပြောပြဘဲ သူမသည်လည်း သူ့ဘက်တွင်သာနေပါမည်ဟူ၍ အရိပ်အမြွတ်ပြနေခဲ့၏။ ထိုအချိန်တုန်းက သူမသည် သူ့အား ကြောက်လန့်နေပုံပင်…
ထိုအချိန်တုန်းက ချီကျန်းကျန်းသည် အနည်းငယ်တုံးအနေသည်ဟူ၍ ဝမ်ယွီထင်ခဲ့မိလေသည်။
သူသည် အမှန်တကယ်ကိုပင် သူမကြားမိသည့်အရာအား အရေးမစိုက်နေခဲ့ပေ။ ဝမ်မိသားစုထိုအကြောင်းအားသိသွားမည့်အချိန်သည် သူတို့ဒေဝါလီခံရမည့်အချိန်သာ ဖြစ်သွားလေမည်။
သူမသည် ယခုမှနိုးထလာခဲ့ပြီး သူမမည်သည့်အရာမှမသိခဲ့ပါဟူ၍ သိသိသာသာကို ဟန်ဆောင်နေနိုင်ခဲ့သော်လည်း သူ့အား လောင်ကုန်းဟုခေါ်၍ သူမသူတို့စကားများကြားခဲ့သည်ကို ထုတ်ဖော်ခဲ့လေသည်။
ထိုမိန်းကလေးမှာ အမှန်တကယ်ကို တုံးအလှချေသည်။
ထိုအချိန်တွင် သူသည် သူမအား သတို့သမီးလောင်းတစ်ယောက်အနေနှင့်မဆက်ဆံခဲ့ပေ ထို့အတူ သူမသည်လည်း သူ့အား သတို့သားလောင်းတစ်ယောက်အနေနဲ့ မဆက်ခဲ့ချေ။ သူမသည် သူ့အားအလွန်ပင်ကြောက်လန့်နေခဲ့လေသည်။
သူမသူ့အား ပထမဦးဆုံးအရာမှာ ယောင်္ကျားဟူ၍သာ ဖြစ်ခဲ့သည်။ သူမထံ၌ လျို့ဝှက်ချက်များရှိနေသည်အား သူ သိနေခဲ့ပြီး သူမသည် ဝမ်ယွီ၏သတို့သမီးလောင်းနှင့်ယှဉ်လျှင် လုံးဝကိုမတူညီသည့်လူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သိရှိနေခဲ့သည်။ အကယ်၍ သူမသာချီမိသားစုအိမ်တွင်နေခဲ့ရမည်ဆိုပါက သူတို့သည်လည်း သူမအားရှာတွေ့သွားကြမည်ပင်။
ခေါင်းမှခြေဖျားအထိ ကိုယ်ရည်ကိုယ်သွေးများ အလေ့အကျင့်များ စိတ်နေစိတ်ထားများ နှင့် နေပုံထိုင်ပုံကစ၍ အလုံးစုံပြောင်းလဲသွားခဲ့လေသည်။
သူသည် မည်မျှပင် ဆင်ခြင်ဆုံးဖြတ်နိုင်နေပါစေ သူ့တွင်သံသယများရှိနေခဲ့မည်သာဖြစ်သည်။
xxxxxx