Part 162
သူမသည် ချီကျန်းကျန်းဖြစ်သည်။
သူမသည် မူလချီကျန်းကျန်းမဖြစ်နိုင်သော်ငြား သူမ၏ခန္ဓာကိုယ်သည် အတုအယောင်ဖြစ်နေသော်ငြား သူမဤကမ္ဘာသို့လာရောက်ခဲ့ခြင်းကပင် အတုအယောင်ဖြစ်နေနိုင်သော်ငြားလည်း သူမ၏အမှတ်တရများသည် အစစ်အမှန်သာဖြစ်၏။ ဝမ်ယွီသည်လည်း အစစ်အမှန်သာဖြစ်သည်။
သူမသည် မူလဇာတ်ကြောင်းအားပြောင်းလဲနိုင်ပြီဟူ၍ထင်မိခဲ့သည်။ သူမဤကမ္ဘာသို့ရောက်ရှိလာခဲ့သည့်တိုင် တစ်နှစ်အကြာတွင် ချီကျန်းကျန်း၏အဆုံးသတ်နှင့် နှင့်ဝမ်ယွီ၏ အချစ်မပါသောကံကြမ္မာတို့မှာ မူလဇာတ်ကြောင်းဆီသို့သာ ဦးတည်နေခဲ့ကြသည်။
သို့သော်လည်း ထိုအရာမှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း…
ချီကျန်းကျန်းမှာ အလွန်စိုးရိမ်တကြီးဖြစ်နေခဲ့သည်။
သူမဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ…
သူမသာသေသွားခဲ့ပါက ဝမ်ယွီဘယ်လိုဖြစ်သွားမှာလဲ…
သူမ သူ့ကို ဘဝတစ်ခုလုံးအတွက်အဖော်ပြုပေးမည်ဟူ၍ကတိပေးထားခဲ့သည်။ ထို့အပြင် သူတို့သည် အမြဲတမ်းအတူတူရှိနေကြမည်သာဖြစ်သည်။
သူမဘယ်လိုလုပ်ပြီး သူမရဲ့ကတိကိုဖျက်နိုင်မှာလဲ…
မဖြစ်ဘူး…
အကယ်၍သူမသာတစ်နှစ်အကြာတွင်သေဆုံးရမည်ကိုကြိုတင်သိရှိခဲ့ပါလျှင် သူမဘယ်တော့မှဝမ်ယွီ့အနားကိုသွားခဲ့မည်မဟုတ်ပေ။ သူ့ကိုတစ်ကိုယ်တည်းနေစေပြီး သူမကိုမချစ်မိသွားအောင်ပြုလုပ်ခဲ့မည်ဖြစ်သည်။
သူသည် လွှမ်းမိုးနိုင်သောဝတ္ထု၏ချစ်ရေးချစ်ရာမပါဝင်သောလမ်းကြောင်းသာရှိသင့်ပေသည်။ သူမထွက်ပေါ်လာခြင်းမရှိခဲ့လျှင်လည်း ၎င်းမှာအထီးကျန်ဆန်နေရုံသာဖြစ်မည်ဖြစ်ပြီး ဇာတ်ကြောင်းတစ်ခုလုံးသည် အံ့မခန်းဖြစ်နေဦးမည်ဖြစ်သည်။
သူသည်သန်မာသည်။ အကြောက်အလန့်ကင်းမဲ့ပြီး ခွန်အားကြီးသည်။ သူ့ထံတွင် ဝမ်းနည်းခြင်း နာကျင်ခြင်းနှင့် ရှုံးနိမ့်ခြင်းများ လုံးဝဖြစ်ပေါ်လာတော့မည်မဟုတ်ပေ။
အကယ်၍ သူသာမချစ်မိခဲ့ပါက ခံစားရ.မည်မဟုတ်သလို ဝမ်းနည်းနေရမည်လည်းမဖြစ်တော့ချေ။
သူ့အားမည်သူ့ကမှအနိုင်မယူနိုင်သင့်ပေ။
ဝမ်ယွီသည်ယခုဘဝတွင်အလွန်ခံစားခဲ့ရသည်။ သူ့တွင်မိသားစုဟူ၍မရှိခဲ့ဘဲ အချစ်တစ်ခုသာရှိခဲ့၏။ သူမသည်သူတို့၏အနာဂတ်ပျော်ရွှင်မှုများဖြင့် သူ့အားပျော်ရွှင်စေချင်ခဲ့ရုံသာဖြစ်သည်။ သူ၏အတိတ်မှဒဏ်ရာနှင့်အထီးကျန်မှုများအား ကုသပေးချင်ရုံသာဖြစ်သည်။
သူမ သူ့ကို သူမအတွက်ကြောင့် ဝမ်းနည်းပူဆွေးနေရခြင်းမျိုးမဖြစ်စေချင်ခဲ့ပေ။
ကမ္ဘာကြီးတစ်ခုလုံးမှာ အဖြူရောင်ကွင်းပြင်ကျယ်ကြီးသာဖြစ်နေခဲ့ပြီး သူမ မလွတ်မြောက်နိုင်ခဲ့ပေ။
ခန္ဓာကိုယ်၏အားနည်းနေမှု၊ စွမ်းအားမရှိမှုများနှင့် သူမဝိဉာဉ်၏အသိစိတ်ကင်းမဲ့နေမှုများသည် ယခုလက်ရှိအခြေအနေအားသူမကိုပြောပြနေခဲ့ကြသည်။
သူမသေရတော့မည်ဖြစ်သည်။
မဖြစ်ရဘူး…
အကယ်၍သာ ဇာတ်သိမ်းမှာကြိုတင်ဆုံးဖြတ်ခဲ့ပြီးသာဆိုပါက အဘယ့်ကြောင့်သူမအားဤကမ္ဘာဆီသို့လာခွင့်ပြုခဲ့ပြီး ဝမ်ယွီ၏ငြိမ်းချမ်းနေသောနှလုံးသားအားမွှေနှောက်ခွင့်ပြုရသည်နည်း..
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..
.....
ဝမ်ယွီ သူမကို ကုတင်ပေါ်တွင်ချပြီး စောင်ခြုံပေးလိုက်သည်။
အိမ်၏အပူပေးစနစ်အားဖွင့်ထားခဲ့သောကြောင့် အပြင်ဘက်မှာကဲ့သို့အေးစိမ့်မနေခဲ့ပေ။
သူ သူမ၏ဘေးတွင်ထိုင်ကာ ဘောပင်တစ်ချောင်းအားကိုင်လျက် စာလုံးရေအများကြီးမပါဝင်သည့်တစ်စုံတစ်ခုအားရေးနေခဲ့သည်။
သူရေးပြီးသည့်နောက်တွင် ဘောပင်နှင့်စာရွက်အားစားပွဲပေါ်သို့တင်လိုက်ပြီး လမ်းလျောက်လာကာ သူမအားပွေ့ဖက်ထားလျက် သူမ၏ခေါင်းကိုသူ၏ဒူးခေါင်းပေါ်သို့တင်ထားလိုက်လေသည်။
ပြတင်းပေါက်မှာ ပွင့်နေခဲ့၏။ ဆောင်းရာသီဖြစ်သဖြင့်ရာသီဥတုမှာ ခပ်စောစောမှောင်လာတတ်သောကြောင့် အပြင်ဘက်တွင် အမှောင်ထုထဲသို့အပြည့်အဝကျဆင်းနေပြီဖြစ်သည်။ နှင်းများ၏ရောင်ပြန်ဟပ်မှုကြောင့် သူသည်ကုတင်ပေါ်၌ထိုင်နေခဲ့သော်လည်း အဖြူရောင်ကွင်းပြင်ကျယ်ကြီးနှင့်ကမ္ဘာကြီးအားမြင်နိုင်သေးသည်ဖြစ်၏။ မြင်ကွင်းတစ်ခုလုံးတွင် နှင်းများပြည့်နှက်နေကာ လမ်း၏ဘေးနှစ်ဘက်၍ နှင်းများထူထပ်နေခဲ့သည်။
" နှင်းကျပြန်ပြီ…" ဝမ်ယွီ. သူမ၏ဆံပင်အားငြင်သာစွာချည်ပေးခဲ့လေသည်။ သူမသည်လှလှပပနေရသည်အားအလွန်နှစ်သက်သောကြောင့် သူမမလှမပဖြစ်နေမည်အား သူခွင့်မပြုနိုင်ခဲ့ပေ။
" ကျန်းကျန်း မင်းကနှင်းတွေကိုအကြိုက်ဆုံးဆိုတာ ကိုယ်မှတ်မိသေးတယ် ဒီညအပြင်မှာနှင်းတွေအများကြီးကျနေတာ မင်းသာနိုးလာခဲ့ရင် မနက်ဖြန်အရုဏ်တက်ကျရင် ကိုယ်တို့နားခိုဆောင်ထဲဝင်ပြီးတော့ နှစ်တွေကြည့်ရင်း လက်ဖက်ရည်သောက်လို့ရမှာ…"
ယခင်တစ်ကြိမ်တုန်းကလည်း နှင်းများထူထပ်စွာကျဆင်းခဲ့ဖူးသည်။ သို့သော် သူက သူမအအေးမိသွားမည်အားစိုးရိမ်ခဲ့သောကြောင့် သူမအားအပြင်ထွက်ကစားခွင့်မပေးခဲ့ချေ။
ထိုအချိန်တုန်းက သူသည် သူမအားအလွန်ထိန်းချုပ်ထားမိခဲ့သည်။ သူမအအေးမိသွားမည် သို့မဟုတ် နေမကောင်းဖြစ်မည်အားအလွန်စိုးရိမ်ခဲ့ပြီး အလွန်သတိထားတာ သေးငယ်သောမတော်တဆမှုများပင်ဖြစ်ခွင့်မပြုခဲ့ချေ။ ထို့ကြောင့်သူသည် အလွန်သတိကြီးကြီးထားနေရခြင်းပင်ဖြစ်ပေသည်။
ထို့နေ့က သူမသည်ဆူပုတ်နေကာ သူ့အားအလွန်စိတ်ဆိုးနေခဲ့လေသည်။
သူမဆန္ဒပြရန်ပင်ပြင်လာခဲ့သော်လည်း ဝမ်ယွီသည် သူမအာရုံအား အလွယ်တကူ လွှဲသွားနိုင်ခဲ့သည်။
သူက အမြဲဆိုသလို သူမအားအာရုံလွှဲနိုင်ခဲ့လေသည်။ သူမ၏စိတ်ထဲတွင်အရင်ရှိနေသည့်အရာများအားမေ့လျော့သွားအောင်စွမ်းဆောင်နိုင်ခဲ့ကာ သူမအားလွယ်လွယ်ကူကူပင် ပျော်ရွှင်သွားအောင်လုပ်ပေးနိုင်ခဲ့သည်။
သို့သော်လည်း ယခုအချိန်၌ သူနောင်တရမိတော့သည်။
ဝမ်ယွီ ခေါင်းကိုငုံ့လျက် သူ၏နဖူးပြင်နှင့်သူမနဖူးအားထိကပ်လိုက်ပြီး သူ၏အသံမှာအက်ကွဲနေခဲ့သည်။
" ကျန်းကျန်း ကိုယ်နောင်တရပါပြီ ကိုယ်မင်းကိုမတားခဲ့သင့်ဘူး…တကယ်လို့မင်းနှင်းတွေကြည့်ရတာကြိုက်တယ်ဆိုရင် အပြင်ထွက်ပြီးနှင်းတွေသွားကြည့်သင့်တာပေါ့… ခေါင်းတွေကိုမကြောက်ခဲ့သင့်ဘူး အမြီးတွေကိုလည်း မလန့်ခဲ့သင့်ဘူး.. အရမ်းသတိကြီးပြီးတော့လည်းမနေခဲ့သင့်ဘူး…"
[ ခေါင်းကိုကြောက်ကာ အမြီးကိုလန့်သည်ဆိုသည်မှာ အလွယ်တကူကြောက်လန့်တတ်ပြီး စိတ်ပူနေတတ်ခြင်းကိုဆိုလိုသည် ]
သူသည်သူမနေမကောင်းဖြစ်သွားမည်အား အလွန်သတိထားခဲ့မိသည်။
ထိုကဲ့သို့အန္တရာယ်အားလုံးအားတားဆီးနိုင်ခဲ့သော်လည်း သူသည်သူမအားကာကွယ်ရန်ကျရှုံးဆဲပင်ဖြစ်၏။ သူမသည်လည်း လဲကျသွားခဲ့ရသည်။
ထိုသို့ပြန်လည်တွေးတောနေမှုထဲတွင် သူ၏လက်များမှာချည်နှောင်ထားခံရပြီး ၎င်းနှင့်ပတ်သက်၍သူမည်သည့်အရာမှမလုပ်နိုင်ခဲ့ပေ။
အကယ်၍သူသည်အရာအားလုံးကိုအစမှပြန်စနိုင်ခဲ့မည်ဆိုလျှင်….
သူသည်သူမအားပျော်ရွှင်အောင်ထားမည်ဖြစ်ပြီး သူမလုပ်ချင်သည့်အရာမှန်သမျှခွင့်ပြုပေးမည်သာဖြစ်သည်။
" ချီကျန်းကျန်း ကိုယ်မင်းကိုလက်ထပ်ခွင့်တောင်းတဲ့နေ့တုန်းက တကယ်တော့မင်းလဲလက်ခံတယ်ဆိုတဲ့အဖြေပြန်ပေးမလို့ဟုတ်တယ်မလား…ကိုယ်မင်းပြောလက်စတစ်ဝက်ကိုကြားလိုက်ရတယ်…" ဝမ်ယွီပြုံးလိုက်ကာ " အဲ့ဒါဆိုရင်တော့ မင်းကကိုယ့်ရဲ့လက်မထပ်ရသေးတဲ့ဇနီးလေးပဲ…"
ထိုနေ့တွင်မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ဆိုသည်ကို သူအမှန်တကယ်ပင် မမှတ်မိချင်တော့ပေ။
" ဇနီးလေး…" သူသည်သူမအားခေါ်လာခဲ့သည်။
ထို့နောက် သူ၏မျက်လုံးထောင့်မှမျက်ရည်များကျဆင်းလာခဲ့လေသည်။
" မင်းကိုယ်နဲ့အမြဲအတူရှိနေမယ်လို့ ကတိပေးထားတာလေ ပြီးတော့နောက်ကျရင်နွေဦးပွဲတော်တိုင်းကိုကိုယ်နဲ့အတူတူကုန်ဆုံးသွားမယ်လို့ကတိပေးထားတာ… မင်းကိုယ့်ကိုအရမ်းပျော်ရွှင်သွားရအောင်လုပ်ခဲ့တယ် အခုထိပဲ…"
ထို့နေ့သည် ပျော်ရွှင်ရမည့်နေ့လေးတစ်နေ့ဖြစ်ခဲ့သေည်လည်း သူမလဲကျသွားသည့်အချိန်မှစ၍ ၎င်းမှာဝမ်ယွီဘယ်သောအခါမှပြန်လည်မမှတ်မိချင်ခဲ့သောနေ့တစ်နေ့ဖြစ်သွားခဲ့လေသည်။
သူမ၏ကတိစကားမှာမပြောလိုက်ရချေ။ ထို့ပြင် သူမ၏ပါးစပ်အားထပ်မံ၍ပြန်လည်မဖွင့်နိုင်မည်လည်းဖြစ်နိုင်ပေမည်။
" ချီကျန်းကျန်းကိုယ်တော့မင်းကိုယ့်ရဲ့လက်ထပ်ခွင့်ကို လက်ခံတယ်ဆိုပြီးပြောလာမှာကိုမကြားနိုင်တော့ဘူး… မင်းကိုလည်းလက်ထပ်နိုင်မှာမဟုတ်တော့ဘူး… ကိုယ်တောင်းပန်ပါတယ်…" ဝမ်ယွီ၏ဦးခေါင်းသည် ချီကျန်းကျန်း၏နဖူးပေါ်၌ရှိနေဆဲပင်ဖြစ်ပြီး သူမ၏နဖူးပြင်လေးမှာ အနည်းငယ်အေးစက်နေခဲ့၏။
အက်ရှနေသောအသံဖြင့် သူပြောလာခဲ့လေသည် " မင်းအခုထိအဖြေပြန်ပေးဖို့အကြွေးရှိသေးတယ်နော် "
" ဒါပေမယ့်လည်း အဆင်ပြေပါတယ် ကိုယ်နောက်ကမ္ဘာထိလိုက်လာတဲ့အခါကျမှ မင်းဘာသာမင်းပြောပြပေါ့ ဟုတ်တယ်မလား…" ဝမ်ယွီမေးနေခဲ့သည်။
ချီကျန်းကျန်းသည် သဘာဝကျစွာပင် သဘောမတူနိုင်ခဲ့ချေ သူမသည်မည်သည့်အသံမှမပြုလုပ်နိုင်ခဲ့ပါ။
သူ၏လက်ဖြင့်သူမမျက်နှာပေါ်သို့ထိလိုက်ချိန်တွင် တိုးမြင့်လာသည့်အအေးဓာတ်ကြောင့် သူခဏတာတုန့်ဆိုင်းသွားခဲ့ရသည်။
ထို့နောက် သူသည်သတိမထားမိသကဲ့သို့ ဆက်လက်၍ပြောလာခဲ့သည် " ကိုယ်အခုပဲကိုယ့်ရဲ့သေတမ်းစာကိုရေးခဲ့တာ ကိုယ်တို့အတူတူမြုပ်နှံဖို့ပေါ့…မင်းကနှင်းတွေနဲ့ပင်လယ်ကိုသဘောကျတယ်လေ ဒါပေမယ့်လည်းနှင်းတွေကအေးလွန်းတော့ ကိုယ်မင်းအအေးမိသွားမှာကိုစိုးရိမ်မိတယ်လေ… အဲ့တော့ပင်လယ်ဆီကိုပဲ အတူတူသွားကြတာပေါ့…"
" တကယ်လို့ပင်လယ်တွေသာပြောင်းလဲသွားပြီး ကိုယ်တို့ရဲ့အုတ်ဂူတွေမရှိကြတော့ရင် ကိုယ်တို့အတူတူပင်လယ်ထဲထိသွားကြတာပေါ့ ဟုတ်ပြီလား… ဒီလိုကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ မင်းကြိုက်တဲ့နေရာကိုသွားလို့ရတယ်..ဒါပေမယ့် အဲ့အချိန်တွေအထိတော့မင်းကိုယ့်ကိုအဖော်ပြုပေးရမှာနော်…ကိုယ်တို့အတူတူပြာကျသည်အထိရှိနေပေးပြီးတော့ အတူတူရောနှောထားကြမယ်…ကိုယ်တို့ကိုပင်လယ်ထဲကိုပို့လိုက်ရင်တောင် ခွဲလို့မရစေရဘူး…"
" ဒီဘဝရဲ့ကတိတွေကိုတော့ ကိုယ်ပဲမင်းအတွက်စိတ်ထဲမှာသိမ်းထားလိုက်ပ့ါမယ်လေ… နောက်ဘဝကျရင်တော့ မင်းလာဖြည့်ပေးရမယ်…"
သူမ၏ခန္ဓာကိုယ်အပူချိန်မှာပို၍ပင်အေးစက်လာခဲ့သည်။ ဝမ်ယွီသည်ထပ်မံမငိုကြွေးပဲ တည်ငြိမ်စွာပြောလိုက်တော့သည်
" မင်းအသက်ရှင်နေတုန်းမလုပ်နိုင်တဲ့အရာတွေက သေသွားတဲ့အချိန်မှာတော့နောက်ဆုတ်လို့မရတော့ဘူး…"
သူ၏ချီကျန်းကျန်းသည် အမြဲဆိုသလိုသက်ဝင်လှုပ်ရှားနေခဲ့သည်။ သို့သော် သူသည်သူမလဲကျသွားသည်အား ကြည့်နေခဲ့ရပြီး သူမအေးစက်သည်ထက်အေးစက်လာသည်ကိုကြည့်နေခဲ့ရသည်။ သူမ၏အပူချိန်ပို၍ပို၍နိမ့်လာသည်ကိုလည်းစောင့်ကြည့်ခဲ့ရသည်။ သူမ၏အသက်မှာတဖြည်းဖြည်းကုန်ဆုံးနေပြီး သူမည်မျှပင်ကြိုးစားစေကာမူ သူမအားဆွဲမထားနိုင်ခဲ့ချေ။
ချီကျန်းကျန်းမရှိသည့်ဘဝတွင်နေထိုင်ရမည်လား…
သူမလုပ်နိုင်ပေ။
ထိုအရာမှာမဖြစ်နိုင်ချေ။
xxxxxxx