အပိုင်း ၁၆၅
Viewers 26k

Part 165


ချီကျန်းကျန်းသည် အားနည်းနေဆဲဖြစ်ပြီး သူမ၏မျက်နှာမှာဖြူဖျော့နေသေးကာ မျက်လုံးများသည်လည်းမှုန်ဝါးနေသေးသည်။ သို့သော်လည်း ဝမ်ယွီအားကြည့်နေသည့်သူမ၏မျက်လုံးများထဲရှိအလင်းရောင်မှာ သူမရူးမတတ်ပင်အသက်ရှင်သန်ချင်မိကြောင်းကိုဖော်ပြနေခဲ့လေသည်။


ဝမ်ယွီ၏တုန်ယင်နေသောလက်များသည် နောက်ဆုံးတွင်သူမ၏မျက်နှာအားထိတွေ့သွားနိုင်ခဲ့ပြီဖြစ်သည်။


ချီကျန်းကျန်းသည် သူမ၏ပါးစပ်အားအနည်းငယ်ဟလိုက်သော်လည်းစကားမပြောနိုင်နေသေးပေ။ သူမတိတ်ဆိတ်စွာဖြင့်သာ စကားလုံးအနည်းငယ်ရေရွတ်နိုင်ခဲ့သည်။


" အကြာကြီး… စောင့်ခိုင်းမိလို့… တောင်းပန်ပါတယ်…"


ထိုသို့စကားသံတိုးတိုးလေးနှင့်ပင် တုန်ယင်နေလျက်ရှိသောဝမ်ယွီသည် စကားမပြောနိုင်အောင်ငိုရှိုက်လာခဲ့တော့သည်။


သူပြောချင်မိသည်မှာ


ဘာမှမဖြစ်ပါဘူးဟူ၍ပင်…


သူမသာနိုးထလာနိုင်မည်ဆိုလျှင် သူမည်မျှပင်စောင့်ဆိုင်းခဲ့ရပါစေ ထိုအရာမှာထိုက်တန်သည်သာဖြစ်သည်။


သို့သော်လည်း အဆုံးမှာတော့ သူသည်မည်သည့်စကားမှမပြောနိုင်ခဲ့ချေ။ သူသည်တုန်ယင်နေလျက် သူမအားပွေ့ဖက်ထားကာ ငိုနေဆဲပင်ဖြစ်၏။


ကျန်းယဲ့သည်လည်း နံရံကိုမှီလျက်ရှိနေခဲ့ပြီး ဤသည်မှာဝမ်ယွီဤမျှသည်းထန်စွာငိုကြွေးနေသည်အား သူပထမဆုံးမြင်တွေ့ရခြင်းဖြစ်သည်။ ချီကျန်းကျန်းအားသေဆုံးတော့မည်ဟုပြောလိုက်ချိန်တွင် သူငိုကြွေးခဲ့သော်လည်း ယခုကဲ့သို့ ကလေးတစ်ယောက်လိုမျိုး ငိုကြွေးနေခဲ့ခြင်း မဟုတ်ခဲ့ပေ။


ထိုသို့ငိုကြွေးမှုများထဲတွင် ဖုံးကွယ်၍မရနိုင်သော ပျော်ရွင်နေသည့်အံ့သြစရာများနှင့် နာကျည်းမှုများ ရှိနေခဲ့သည်။


ဝမ်ယွီအားယခုကဲ့သို့မြင်လိုက်ချိန်၌ တုန်လှုပ်ခြောက်ခြားနေမှုများနှင့် ကြေကွဲနေမှုများပျောက်ကွယ်သွားပြီး ကျန်းယဲ့ပြုံးလိုက်မိတော့သည်။


ချီကျန်းကျန်းသည်နိုးထလာပြီး ဝမ်ယွီမှာအသက်ရှင်နေသေးသည်။၎င်းက .အကောင်းဆုံးပင်ဖြစ်သည်။


သို့ဖြစ်ရာ သူ၏ဖုန်းအားထုတ်ကာ လူနာတင်ကားခေါ်လိုက်ပြီး ယခုမှနိုးထလာသည့်အလွန်အမင်းနေမကောင်းဖြစ်ခဲ့သောလူနာနှင့် မိမိကိုယ်ကိုအပူလောင်အောင်လုပ်ထားသည့်လူနာတို့အားဆေးရုံသို့ပို့ဆောင်လိုက်ရတော့သည်။


" ဒါကကျိန်းသေပေါက်ကိုဆေးပညာရဲ့ဖြစ်ရပ်ဆန်းပဲ အဲ့ဒါကအရမ်းအံ့ဩဖို့ကောင်းတယ်…"


" အဲ့မှာဘာပြသနာမှမရှိတော့ဘူး… ဦးနှောက်ထိခိုက်တာကသူ့ဘာသာသူပြန်ကောင်းသွားတာလား…"


" ဒါကမယုံနိုင်စရာပဲ ဦးနှောက်ကတကယ်ကိုမှော်ဆန်လွန်းတယ်.."


" သူမခန္ဓာကိုယ်ကဘယ်လိုလုပ်ပြီး ပြန်ကောင်းလာတာလဲ…"


" အဲ့မှာပြသနာနည်းနည်းရှိသေပေမယ့် အရေးကြီးတာတွေ့တော့မဟုတ်ဘူး…"


" အဲ့ဒါကသေရာပြန်လာသလိုပဲ ဖြစ်ရပ်ဆန်းကြယ်ပဲ တကယ့်ကိုဆန်းကြယ်လွန်းတယ်…"


ဆရာဝန်များသည် ချီကျန်းကျန်းအား ပဟေဠိဖြစ်နေသည့်မျက်လုံးများဖြင့် ပန်ဒါဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဝိုင်းဝန်းကြည့်ရှူနေခဲ့ကြသည်။


သူတို့ပင်မကချေ။ ချီကျန်းကျန်းအားစစ်ဆေးပေးခဲ့ဖူးကြသော အထူးကုများသည်လည်း အနီးဆုံးလူများမှာအရင်လာခဲ့ကြပြီး အဝေးတွင်ရှိနေသူများမှာ လာနေသည့်လမ်းပေါ်တွင်ဖြစ်နေခဲ့ကြသည်။


ယခုအချိန်မှာတော့ ဝမ်ယွီ၏ဖိတ်ခေါ်မှုကြောင့်မဟုတ်ပဲ သူတို့၏ကိုယ်ပိုင်ရည်ရွယ်ချက်များဖြင့်ရောက်ရှိလာကြသည်သာဖြစ်ပေသည်။


ဆေးရုံဝန်းထဲ၌ ဆရာဝန်အသစ်များစွာသည်လည်း တိုင်ပင်ဆွေးနွေးမှုကို အကြောင်းပြ၍ ချီကျန်းကျန်းအား လာတွေ့ခဲ့ကြသည်။ သူတို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ချီကျန်းကျန်း၏ နောက်ဆုံးစစ်ဆေးထားသော ဆေးကုသမှုရလဒ်အားကောက်ယူလိုက်ကြပြီး သူတို့အားလုံးအံ့ဩသွားကြကာ ထိတ်လန့်တုန်လှုပ်သွားရ‌တော့သည်။


ဤသည်မှာအရင်အချိန်သာဖြစ်ပါက ဝမ်ယွီသည် သေချာပေါက်လူများအားမောင်းထုတ်မည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ခန္ဓာကိုယ်အားကုသမှုခံယူနေခဲ့သဖြင့်မလုပ်နိုင်ခဲ့ချေ။ ဝမ်ယွီသည် ချီကျန်းကျန်းနှင့် တူညီသောဆေးရုံကုတင်တစ်ခုထဲတွင်ရှိနေကာ သူတို့၏လက်ချောင်းများအားတွယ်ယှက်ထားကြပြီး မျက်လုံးများအချင်းချင်းစိုက်ကြည့်နေကြကာ အချိန်‌ခဏလေးတောင်မျှမစွန့်ခွာနိုင်သကဲ့သို့ဖြစ်နေခဲ့ကြသည်။


ချီကျန်းကျန်းမှာမူအိပ်ပျော်နေပြီဖြစ်သည်။ သူမအားဆေးရုံသို့ပို့လိုက်သည်နှင့် စစ်ဆေးနေမှုများတစ်ဝက်တွင်သူမအိပ်ပျော်သွားခဲ့လေသည်။


သူမ၏ခန္ဓာကိုယ်မှာယခုနိုးထလာသည်ဖြစ်သော်ကြောင့် အားအင်များလျော့နည်းနေခဲ့ခြင်းပင်ဖြစ်၏။


ဝမ်ယွီ၏ဘေးတွင်တော့ ကျန်းယဲ့ရှိနေခဲ့သည်။


ဆရာဝန်များသည် ချီကျန်းကျန်းအားမေးခွန်းများမေးချင်ခဲ့ကြသော်လည်း သူမသည်အိပ်ပျော်နေခဲ့သောကြောင့် သူတို့သည်ဝမ်ယွီအားသူမအစားမေးမြန်းချင်ခဲ့ကြသည်။ သို့သော်လည်း သူ၏မျက်လုံးများမှာချီကျန်းကျန်းပေါ်၌သာရှိနေကာ သူတို့၏မေးမြန်းချက်များကိုမတုံ့ပြန်ခဲ့ပေ။


" အာာ ငါလည်းလူပိုပါပဲလေ အပြင်ထွက်ပြီးပြောကြရအောင်…အဲ့နှစ်ယောက်က တစ်ယောက်ကနေမကောင်းဖြစ်ပြီး တစ်ယောက်ကဒဏ်ရာရနေတာ သူတို့ကိုအနှောင့်အယှက်မပေးဘဲနားခိုင်းလိုက်ရအောင်…" ကျန်းယဲ့သည်သူ၏မျက်မှန်အားပင့်တင်ကာ ယဉ်ကျေးသောအပြုံးဖြင့် ပြောလိုက်ရာ အခန်းထဲတွင် ငြင်းခုံရန်နေရာမရှိတော့ချေ။


ရလဒ်အနေဖြင့် ဆရာဝန်များသည် ကျန်းယဲ့နှင့်အတူထွက်ခွာသွားရတော့သည်။


တံခါးမှာပိတ်သွားခဲ့သော်လည်း သူတို့၏စကားသံများမှာမူ ယောင်ဝါးဝါးကြားနေရဆဲပင်ဖြစ်သည်။


" သူတို့အိမ်ပြန်သွားပြီးတော့ လူနာရဲ့အခြေအနေကဘယ်လိုလဲ…"


" အဲ့ဒါကဆေးရုံကအခြေအနေနဲ့အတူတူပဲ ငါတိုလည်း သေချာမကြည့်လိုက်ရဘူး…"


" အဲ့ဒါဆိုသူမဘယ်လိုနိုးထလာနိုင်တာလဲ ‌ဆေးတွေဘာတွေသုံးခဲ့တာကောရှိ‌ခဲ့လား…"


" သေချာပေါက်မရှိဘူးပေါ့ ကျွန်တော်ထင်တာတော့ စိတ်ခွန်အားကြောင့်လို့ထင်တာပဲ… ဝမ်ယွီကသူမကိုတစ်ချိန်လုံးစောင့်ကြည့်နေပြီးတော့ စကားပြောနေခဲ့တာ…"


ဝမ်ယွီသည် သူမအားအိမ်သို့ပြန်ခေါ်သွားပြီးနောက် ကျန်းယဲ့မှာ တံခါးရှေ့၌သာရှိနေခဲ့ရသဖြင့် ချီကျန်းကျန်း၏အခြေအနေကို သူ၏မျက်လုံးများဖြင့်မမြင်ခဲ့ရချေ။


ထို့ကြောင့် သူသည်ထိုအချိန်၌ဖြစ်ပျက်ခဲ့သည်များအား အမှန်စစ်စစ်ပင် မသိရှိ‌နိုင်ခဲ့ပေ။


သို့သော်လည်း၎င်းမှာအရေးမပါတော့ချေ။ထိုအရာသည် သူ့အားယခုအဖြစ်အပျက်၏ အကျိုးသက်ရောက်မှုကို လျှော့ချခြင်းမှ မရပ်တန့်ခဲ့ပေ။ ထို့အတူ ချီကျန်းကျန်းအား လူအများ၏ အလွန်အကျူးအာရုံစိုက်နေကြမှုကိုလည်း ခွင့်ပြုပေးနိုင်မည်မဟုတ်ချေ။


ကျန်းယဲ့ကိုယ်တိုင်သည်လည်း ချီကျန်းကျန်းသည် သေခြင်းတရားအားစိတ်ခွန်အားဖြင့်ကျော်ဖြတ်ခဲ့သည်ဟူ၍ယုံကြည်နေခဲ့မိသည်။ 


ဝမ်ယွီမှလွဲ၍ ချီကျန်းကျန်းသည် အသက်ရှူရပ်တန့်သွားကာ သူမ၏ခန္ဓာကိုယ်အပူချိန်မှာပျောက်ကွယ်သွားသည်အား တိတိကျကျမပြောနိုင်ခဲ့ကြချေ။


သူတို့ထွက်သွားပြီးနောက်တွင် ဝမ်ယွီနှင့်ချီကျန်းကျန်းသည်သာ အခန်းထဲတွင်လဲလျောင်းလျက်ကျန်ရှိခဲ့ကြသည်။


သူသည်သူမလက်များအားဆုပ်ကိုင်ထားလျက်ရှိနေခဲ့သည်။ ၎င်းတို့သည်အေးစက်နေဆဲဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်အနွေးဓာတ်နှင့် နှလုံးခုန်သံတို့အား ခံစားနေရသေးသည်။


သူမသည် ဒီအတိုင်းအိပ်ပျော်နေရုံသာဖြစ်၏။


ဝမ်ယွီထိုသို့တွေးမိလိုက်ချိန်၌ မနေနိုင်တော့ဘဲ သူမ၏ပါးပြင်လေးအားထိတွေ့လိုက်ကာ အပူချိန်အားစစ်ဆေးပြီးသည့်နောက် သက်ပြင်းရှည်ကြီးတစ်ချက်သာချလိုက်မိတော့သည်။


သူ သူမအားမနှိုးခဲ့ချေ။ သူမကိုစောင့်ကြည့်နေရုံသာဖြစ်ပြီး နှစ်မိနစ်ပင်မကြာလိုက်ခင်တွင် သူမ၏အသက်ရှူနေခြင်း၊ နှလုံးနေသည်နှင့် အပူချိန်အားသေချာအောင်လုပ်လိုက်ပြီးမှ သူနောက်ထပ် သက်ပြင်းရှည်ကြီး တစ်ကြိမ်ထပ်မံ၍ချလိုက်မိတော့သည်။


မိုးကုပ်စက်ဝိုင်းသည်လင်းလက်လာပြီး နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်။


ကျန်းယဲ့သည်ဆေးရုံခန်းထဲသို့ မနက်စာများသယ်ဆောင်ကာရောက်လာခဲ့၏။


" အားယွီ မင်းမနေ့ညကအားမအိပ်ဘူးမလား မြန်မြန်ခဏနားလိုက်… ငါမင်းကိုစောင့်ပေးမယ်…" ကျန်းယဲ့သည်ဆန်ပြုတ်များအား သယ်ဆောင်လာခဲ့ပြီး သူ၏အသံမှာ ဖြတ်လတ်တက်ကြွနေခဲ့သည်။


ဝမ်ယွီခေါင်းယမ်းလိုက်ပြီး သူ၏ပါးစပ်များဖွင့်လိုက်ရာ သူ၏အသက်မှာအလွန်ကွဲအက်နေကာ ချောင်းနှစ်ကြိမ်ဆိုး‌လိုက်ပြီးနောက် ပြောလာခဲ့သည် " ငါနောက်မှစားမယ် သူမကိုစောင့်ကြည့်ရဦးမှာမလို့…"


" မင်းစောင့်ဖို့မလိုတော့ဘူးလေ သူမလည်းနိုးလာခဲ့ပြီပဲဟာ ဆရာဝန်တွေလည်း သူမရဲ့ထိခိုက်မှူကသူ့ဘာသူပျောက်သွားပြီး ဘာမှထပ်မဖြစ်တော့ဘူးလို့ပြောခဲ့တယ်လေ… မင်းအရင်ဆုံးစားပြီးနားသင့်တယ် ပြီးကျဆေးကုသမှုခံယူရမှာကို…" ကျန်းယဲ့အော်ပြောလာခဲ့သည်။


ဆေးကုသမှုအကြောင်းပြောရင်းမှ သူမနေနိုင်ပဲထပ်မံပြောလာတော့သည် " ငါပြောမယ် မင်းကအရူးလား ကံကောင်းလို့ရေကအခုမှဆူတဲ့ဟာမဟုတ်လို့ပေါ့ မင်းကမင်းကိုယ်ပေါ်ကိုတောင် လောင်းချရဲသေးတယ် အဲ့အချိန်တုန်းကငါမင်းကိုဆူပွက်ခါစရေတွေပေးလိုက်ရင်ကော မင်းလောင်းချမှာပဲလား…"


ဝမ်ယွီဘာမှမပြောခဲ့သော်လည်း သူသေချာပေါက်ကိုလုပ်လိမ့်မည်ဟု သိသိသာသာညွှန်ပြနေခဲ့လေသည်


ကျန်းယဲ့ နှာမှုတ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး " မင်းရေနွေးဘူးတွေဘယ်လိုသုံးရလဲဆိုတာမသိဘူးလား ဘာလို့မင်းကိုယ်မင်းလောင်းချရတာလဲ မင်းကနှေးကွေးလွန်းတယ် ပြောရရင် မင်းခေါင်းထဲဘာမှမရှိတော့လို့လား ငါ့ကိုလာနောက်နေတာလားကွ…"


သူခေါင်းကလွတ်များနေသလား…


ဆရာဝန်များလာရောက်ကာ ဝမ်ယွီအားဆေးကုသပေးနေကြချိန်တွင် ကျန်းယဲ့မှာမငြီးတွားဘဲမနေနိုင်ခဲ့ချေ။ အထူးသဖြင့် ထိုအရေကြည်ဖုများအားကြည့်လိုက်မိချိန်၌ သူ့တွင်ပြောစရာစကားမရှိတော့ပေ။


ဝမ်ယွီသည် ထိုအချိန်တုန်းကအရူးအမူးဖြစ်နေခဲ့သည်ဟု သူခံစားမိခဲ့သည်။ သူ့ကိုယ်သူပင်ရေနွေးများလောင်းချရဲခဲ့ရာ အကယ်၍ချီကျန်းကျန်းသာ အမှန်တကယ်သေဆုံးသွားမည်ဆိုပါ သူမလုပ်နိုင်သည့်အရာကော ရှိပါဦးမည်လား…


" အရူးကောင်…" ကုတင်ပေါ်မှ ချီကျန်းကျန်းသည်ပြောလာခဲ့လေသည်။


သူမ၏အသံမှာ အားနည်းနေမှုကြောင့် အလွန်နူးညံ့ကာ တိုးလျနေသည်။


xxxxx